Pages

Friday, June 4, 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ခွဲထွက်သွားတဲ့ NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မည်သို့မျှ မပတ်သတ်တော့ကြောင်း ပြောဆို...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..မှ အဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ယခင် အဖွဲ့ချုပ် စီအီးစီ အဖွဲ့ဝင်များဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ တည်ထောင်ထားတဲ့NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဘာမှ မပတ်သတ်ကြောင်း.. NLD အဖွဲ့ရဲ့ ညီနောင်လည်းမဟုတ်ကြောင်း ပြောဆိုတယ်လို့ ယနေ့ ကြာသာပတေးနေ့ နေ့လည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရတဲ့ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ အန်ကယ်တို့ နေလည်၁၂နာရီခွဲက ဦကြည်ဝင်းရယ်၊ အန်ကယ်ရယ်၊ ဒေါ်ခင်ဋ္ဌေးကြွယ်ရယ် သုံးယောက်ပေါ့.. ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပါတယ်။ အဓိကကတော့ ဦးအောင်ဆန်းဦးက တရားရုံးချုပ်မှာ အယူခံတင်တဲ့ ကိစ္စပေါ့ ..အိမ်ပြင်တဲ့ ကိစ္စသူလျှောက်တာကို တရားရုံးက ပယ်တဲ့ အတွက်ကြောင့် သူကအယူခံထပ်တင်တာ..... လျှောက်လဲချက်ပေးဖို့ သွားတွေ့တာပေါ့ ... ကျန်တာကတော့ ဒီပြင့် အမှုကိစ္စတွေလည်းပြောတယ်... နိုင်ငံရေးလည်း ပြောဖြစ်တာပေါ့... ပြောတဲ့ထဲမှာ အခုNDF ပေါ့.. ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က အခုအဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဘာမှ မသက်ပတ်ဘူး. NLD ရဲ့ ညီနောင်လည်းမဟုတ်ဘူးလို့ ပြောဆိုတယ်။ နောက်ဒီအဖွဲ့ကိုလည်း အခုရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ ပါတီ ၄၀ထဲက တစ်ခုအဖြစ်ပဲ မြင်တယ်။ ပါတီ ၄၀ အပေါ်မှာကတော့ အခုအချိန်မှာ သူ့အနေနဲ့ ဘာမှ ကောက်ချက် မပေးနိုင်ကြောင်း ပြောဆိုပါတယ်။

နောက်တစ်ခုက အဖွဲ့ချုပ်က အခုလို မှတ်ပုံမတင်ပဲနဲ့ နေလိုက်တဲ့အခါမှာ ဒေါ်စုက ဒီ့နောက်ပိုင်းမှာ ပြည်သူလူထုထောက်ခံမှု၊ တိုင်းရင်းသားတွေထောက်ခံမှု၊ ပါတီတွင်းထောက်ခံမှု ပိုမိုရရှိတယ်လို့ သူခံစားရတယ်။ နောက်တိုင်းရင်းသားတွေနဲ့ ပတ်သတ်ပြီး ဒေါ်စု တစ်ခုပြောတယ် ... တိုင်းရင်းသားတွေ မပါပဲနဲ့ အမျိုးသားရင်ကြားစေ့ရေး မဖြစ်နိုင်ဘူး.. အဲဒီတော့ တိုင်းရင်သား အရေးကို အလေးအနက်ထားရမယ်။ တစ်ချို့သော တိုင်းရင်းသား အဖွဲ့စည်းတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံတယ် ဆိုတဲ့ အသံတွေ ကြားရတယ်။ ဒါဟာ ဝမ်းသာစရာပဲ တိုင်းရင်းသားနဲ့ ပြည်မနဲ့ဟာ ဒီလို အပြန်အလှန် နားလည်နိုင်ကြမှ အမျိုးသားရင်ကြားစေ့ရေး ဖြစ်မယ်လို့ အဲ့ဒါတွေ ပြောပါတယ်။

တစ်ခုထပ်ပြောတာက အမေရိကန် ကွန်ကရက်မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပါတီနှစ်ခုပေါင်းက ဆီးနိတ်အမတ် ၆ယောက်က Statement တစ်ခုထုတ်တယ် ကြားရတယ်။ အဲ့ဒီ Statement မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်တာကို ထောက်ခံတယ် .... လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကိုလည်း အသိအမှတ်ပြုတယ်.. အဲ့လိုပါတယ်။ ဒါကြောင့် ဒီဆီနိတ်တာ များကိုလည်း ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းပါတယ်။ အန်ကယ်တို့ထွက်လာတဲ့ ညနေ ၃နာရီလောက်မှာ.. ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန်ဒေါက်တာတင်မျိုးဝင်း တွေဖို့ စောင့်နေတာ တွေ့ပါတယ် "ဟု အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့က စစ်အစိုးရရဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတဲ့ အတွက် ပါတီမှတ်ပုံတင်ခြင်း မပြုရန် အများသဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ မေလ ၆ရက်နေ့ ပါတီမှတ်ပုံတင်ရက် ကုန်ဆုံးပြီးတဲ့ နောက်ပိုင်းမှာတော့ အဖွဲ့ချုပ် စီအီးစီ အဖွဲ့ဝင်ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း အပါအဝင်တစ်ချို့ လူနည်းစုမှ NDF ပါတီကို တည်ထောင်ပြီး ရွေးကောက်ပွဲဝင်မယ်လို့ ကြေငြာခဲ့ပါတယ်။ ယခင်အဖွဲ့ချုပ်ဗဟို စီအီးစီ ၂၀ဦးအနက် လက်ရှိ ကြံကြံခံရပ်တည်နေသည့် ဗဟို စီအီးစီအဖွဲ့ဝင် ၁၅ဦးရှိပြီး ပြီးခဲတဲ့ လက စီအီးစီအဖွဲ့ဝင် သခင်စိုးမြင့် ကွယ်လွန်သွားခဲ့ပါတယ်။ ဒီကနေ့မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..မှ ခွဲထွက် NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မည်သို့မျှ မပတ်သတ်တော့ကြောင်း ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။

သတင်း...ဒီမိုဝေယံ

7 comments:

  1. ဒေါ်အောင်ဆန်းစုကြည်က ဦးဉာဏ်ဝင်းက တဆင့် NDF ဟာ NLD ရဲ့ အခွဲမဟုတ်ဘူး၊ ညီနောင်ပါတီလည်း မဟုတ်ဘူး လို့ပြောခဲ့ပြန်ပါပြီ။ မေလတုန်းကလဲ NDF ဖွဲ့စည်းတာဟာ ဒီမိုကရေစီနည်းလမ်းမကျဘူးလို့ ဦးဉာဏ်ဝင်းကတဆင့် ပြောခဲ့ပါသေးတယ်၊
    ဒေါ်အောင်ဆန်းစုကြည်ဟာ ကျမရဲ့ကျမဖခင်ပြီးလျှင်အလေးစားရဆုံးသူဖြစ်ပါတယ်။
    သူမရဲ့ ရိုးသားဖြူစင်မှူ ရဲစွမ်းသတ္တိရှိမှူ စွန့်လွှတ်အနစ်နာခံမှူ တိုင်းပြည်ကိုချစ်ခင်မှူ တွေကြောင့် ၁၉၈၈ခုနစ် အရေးအခင်းကာလကစပြီး ကျမ ယုံကြည် လေးစား အားထားခဲ့ရတဲ့ ခေါင်းဆောင်တဦး ဖြစ်ခဲ့ပါတယ်။
    ဒါပေမဲ့ နိုင်ငံရေးလုပ်တဲ့နေရာမှာ ရိုးသားမှူရှိရန်လိုသလို ပရိယာယ်ကြွယ်ဝဖို့လဲလိုအပ်ပါတယ်။
    တရိစ္ဆာန်ထက် ရိုင်းစိုင်းတဲ့ အသိဥာဏ်နည်းပါးတဲ့ စစ်အစိုးရနဲ့ ထိတ်တိုက်တွေ့ခြင်းကိုရှောင်သင့်သလို သူတို့ရဲ့ကောက်ကျစ်စွာ အကွက်ဆင်မှူတွေကိုလဲ ကြိုတင်တွက်ဆထားသင့်ပါတယ်။
    ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ် နှောက်ယှက်ခံရမှူ ဒီပဲရင်းလုပ်ကြံမှူတွေမှာ စစ်အစိုးရရဲ့ရိုင်းစိုင်းမှူကို တွေ့နိုင်သလို ယက်တော သူမရဲ့နေအိမ်အတွင်းဝင်ရောက်မှူဟာလဲ ကောက်ကျစ်စွာ အကွက်ဆင်မှူ ဖြစ်ပါတယ်။
    ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ် နှောက်ယှက်ခံရမှူ ဒီပဲရင်းလုပ်ကြံမှူတွေမှာ သူမတခုခုသာဖြစ်ခဲ့လျှင် တန်ဖိုးရှိလှတဲ့သူမရဲ့ဘ၀ဆုံးရှူံးသွားမှာဖြစ်ပြီး ကျမတို့တိုင်းပြည်လဲ အစားထိုးမရနိုင်တဲ့ခေါင်းဆောင်တယောက် ဆုံးရှူံးရဦးမှာပါ။ ဒီလို ခေါင်းဆောင်တယောက်ရဖို့ ကျမတို့ နှစ်၄၀စောင့်ခဲ့ရတာပါ။
    ယက်တော ကိစ္စမှာလဲ အကျယ်ချူပ်ကလွတ်ဖို့ရက်အနည်းငယ်မှာဖြစ်ခဲ့ရတာပါ။ ပထမအကြိမ်ဝင်ထားတာကို သိတဲ့ စစ်အစိုးရက နောက်တကြိမ်အ၀င်ခံပြီး ကောက်ကျစ်စွာ အကွက်ဆင်လိုက်တာပါ။ သူမရဲ့ သနား ကြင်နာ စာနာမှူတွေကို စစ်အစိုးရက အသုံးချလိုက်တာပါ။ ဒီနေရာမှာ ယက်တောကိုစာနာသနားပေမဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအရေးကိုလဲ ကြည့်သင့်တယ်လို့ ကျမယူဆပါတယ်။ အဲဒီအချိန်ကသာ သူမလွတ်ခဲ့မယ်ဆိုရင် NLD ဟာဒီလို အကျပ်အတည်းနဲ့ရင်ဆိုင်ရမှာမဟုတ်သလို တိုင်းပြည်ရဲ့ အခြေအနေဟာလဲဒီလောက်အထိ ဆိုးသွားနိုင်စရာ မရှိပါဘူး။
    အခု NDF ကိစ္စမှာလဲ သူမပရိယာယ်ကြွယ်ဖို့လိုပါတယ်၊ ပြည်သူတွေအရေးကိုလဲ ကြည့်သင့်တယ်လို့ ကျမယူဆပါတယ်။ NLD ခေါင်းဆောင်ထဲမှာ ၂မျိုးရှိပါတယ်။ ၁မျိုးက hard-liners တွေပါ၊ သူတို့က တွေ့ဆုံဆွေးနွေးရေး အမျိုးသားသင့်မြတ်ရေးတွေတွင်တွင်အော်နေပေမဲ့ ပြေပြေလည်လည် လုပ်ဖို့အမြဲငြင်းဆန်ပါတယ်။ တယောက်ဆိုရင် ရွှေဂုံတိုင်ကြေညာချက်ကိုပြင်းပြင်းထန်ထန် ပထမကန့်ကွက်ခဲ့ပါသေးတယ်။
    NDF အဖွဲ့ခေါင်းဆောင်ဆောင်တွေကတော့ တွေ့ဆုံဆွေးနွေးဖို့ ၂ဖက်စလုံး လျော့သင့်တာလျော့ရမယ်လို့ ယုံကြည်သူတွေပါ၊ ပြည်သူတွေ ဒီမိုကရေစီရဖို့အတွက် ကြိုးစားပေးတာကို တိုက်ခိုက်ချင်တဲ့သူတွေ တိုက်ခိုက်ကြပါစေ။ အတင်းပြောချင်သူတွေပြောကြပါစေ။ ပြည်သူတွေအတွက်ကြိုးစားပေးမယ်လို့ သံဓိဌါန် ချထားသူတွေပါ။ နှစ်ပေါင်း ၂၀ ဘာမှဖြစ်မလာတဲ့နိုင်ငံရေးကို အားမရသူတွေပါ။
    သူမ NDF ကို တခုခုမပြောခင် အမြဲတမ်းတွေ့ခွင့်ရနေတာက hard-liners တွေနဲ့ပါ၊ NDF အဖွဲ့ခေါင်းဆောင်ဆောင်တွေဟာ သူတို့ရဲ့သဘောထားတွေအမြင်တွေကိုတင်ပြဆွေးနွေးဖို့ အခွင်အရေးမရခဲ့ပါဘူး။
    ကျမနားလည်တာက NDF က သူတို့ဟာ NLD ရဲ့အခွဲလို့ဘယ်တုန်းကမှမပြောခဲ့သလို၊ ညီနောင်ပါတီလို့လည်း မပြောခဲ့ပါဘူး။ တနေ့မှာ ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီး သူတို့ပါတီကို ခေါင်းဆောင်မယ်ဆိုရင် ၀မ်းမြောက်ဝမ်းသာကြိုဆိုမယ်။ NLD ဟာ လူမှူရေးပါတီအဖြစ်ဆက်လက်ရှိနေရင် မဟာမိတ်ပါတီအဖြစ် NLDကသာ လိုလားရင် အဆင်သင့်ပါပဲလို့ပြောခဲ့ပါတယ်။
    NDF ဟာ NLDက နိုင်ငံရေးမလုပ်တော့ဘူး လူမှူရေးပဲလုပ်တော့မယ်လို့ပြောတဲ့အချိန်မှာပြည်သူတွေ ဒီမိုကရေစီရဖို့အတွက်လူမှူရေးပဲလုပ်လို့မရဘူး။ ပါတီနိုင်ငံရေးလုပ်မှသာရမယ်လို့ ယုံကြည်လို့ NDF ကို ဖွဲ့စည်းခဲ့တာပါ၊ စစ်အစိုးရဟာ ဒီအတိုင်းဆိုရင် အာဏာကို ပြိုင်ဖက်မရှိ တရားဝင်ယူသွားတော့မှာပါ။ NDF က ကြံ့ဖွတ်ကို တခြားပါတီတွေနဲ့မဟာမိတ်ဖွဲ့ပြီးတိုက်ဖို့ကြိုးစားတာပါ။ ဒီအချိန်မှာ NDF ဟာ ကြံ့ဖွတ်ကိုခွက်ခွက်လန်အောင် မရှူံးစေချင်လျှင် သူမ နိုင်ငံရေး ပရိယာယ်ကြွယ်ဝဖို့ လိုအပ်ပါတယ်။

    ReplyDelete
  2. အမြင်ရေးသားပေးပို့လာတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်အမြင်လေး ပြန်ရေးပါရစေ...
    သူမရဲ့ သနား ကြင်နာ စာနာမှူတွေကို စစ်အစိုးရက အသုံးချလိုက်တာပါ။ ဒီနေရာမှာ ယက်တောကိုစာနာသနားပေမဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအရေးကိုလဲ ကြည့်သင့်တယ်လို့ ကျမယူဆပါတယ်။ ဆိုတဲ့နေရာမှာတော့.. စစ်အစိုးရဟာ ယက်တော ကိစ္စမဖြစ်ခဲ့ရင်တောင် တခြားကိစ္စနဲ့ အကောက်ကြံဖို့ ကြံစည်ပြီးသားပါ..... ဒီကိစ္စမဖြစ်ခဲ့ရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်မယ်လို့ မယုံကြည်ပါ။ ပြောတဲ့ အထဲမှာပါသလို NLD ဟာ head linerတွေ NDF ကတော့ NDF အဖွဲ့ခေါင်းဆောင်ဆောင်တွေကတော့ တွေ့ဆုံဆွေးနွေးဖို့ ၂ဖက်စလုံး လျော့သင့်တာလျော့ရမယ်လို့ ယုံကြည်သူတွေပါ၊ လို့ ရေးထားတဲ့ အပေါ်မှာ ပြောချင်တာကတော့.. ဘယ်အချက်တွေကို ကြည့်ပြီးပြောတာလည်းတော့ မသိပါ။ ဒီလို NLD နဲ့ နအဖ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ဖို့ အခွင့်အလမ်း နအဖဘက်က ဖန်တီးပေးခဲ့သလား ဆိုတာပါပဲ...။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအမြော်အမြင်ရှိသူ တစ်ယောက်ဖြစ်ပြီး လူထုလက်ခံတဲ့ ခေါင်းဆောင် တစ်ယောက်ပါ... ရေဒီယို အသံ နိုင်ငံတကာ အသံတွေနဲ့ အမြဲထိတွေ့ခွင့်ရနေတာပါ... ဒီလိုလူထုနိုင်ငံတကာ သိ ခေါင်းဆောင်တစ်ယောက်က ဆိုခဲ့သလို Head Liners တွေ ပြောတဲ့စကားကိုပဲ ယုံကြည်လိမ့်မယ် ကျွန်တော် မယူဆပါ။
    နောက်တစ်ခုက အခုလိုအခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တယ်.. လေးစားတယ် ထောက်ခံတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက်အပေါ်မှာ အားလုံး အသံ တညီတညွှတ်တည်း ထွက်သင့်ပါတယ်။ နအဖဟာ အလုံးစုံသော အကြံအစည်တွေနဲ့ ဒီရွေးကောက်ပွဲ ကို လုပ်တာပါ..။ ၂၀၀၈တုန်းကလည်း သိသိကြီးနဲ့ အားလုံးခံလိုက်ရပြီးပါပြီ။ NLD ဝင်ပြိုင်ရင်လည်း အကောက်ကြံဖို့ အစီအစဉ်တွေ အကုန်ရှိပြီးသားပါ။ နိုင်လည်းနိုင် ရှုံးလည်းနိုင်ဖို့ပါ။ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ စီမံကိန်းတွေပဲကြည့်ပါ... ရေရှည်စီမံကိန်းတွေ နှစ်ရှည်စီမံကိန်းတွေပါ...နအဖမပိုင်ပဲနဲ့တော့ ဒီစီမံကိန်းတွေ လုပ်မှာ မဟုတ်ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် အဖြေပေါ်နေပြီးသားပါ.. အကောက်ကြံဖို့ နည်းမျိုးစုံရှိပြီးသားပါ။ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ပြောဆိုချက် မှန်မမှန် .. NLD ရဲ့ဆုံးဖြတ်ချက် မှန်မမှန်ဆိုတာ တစ်ချိန်မှာ သမိုင်းက အဖြေပေးလာပါလိမ့်မယ်။

    ReplyDelete
  3. ကောင်းတယ် ကိုဒီမိုရေ...

    ReplyDelete
  4. အစိုးရကိုဆန့်ကျင်တဲ့နည်းလမ်းကတော့ အဓိကအားဖြင့် နှစ်ခုဘဲရှိတာ လူကြီးမင်းတို့အသိပါ။ ''မြေပေါ်လမ်း'' နဲ့ ''မြေအောက်လမ်း'' ပေါ့၊ ရှင်းရှင်းလေးမို့ထပ်မရှင်းတော့ပါဘူး၊ မြေပေါ်လမ်းမှာ ''ပေါ်လွင်နည်း'' နဲ့ ''ငုတ်လျှိုးနည်း'' ရှိသလို မြေအောက်လမ်းမှာလည်း ''ပေါ်လွင်နည်း'' နဲ့ ''ငုတ်လျှိုးနည်း'' ရှိပါတယ် ။
    မြန်မာနိုင်ငံမှာ နှစ်ပေါင်း(၂ဝ)ကျော်ကြာအောင် နိုင်ငံရေးပါတီတစ်ခုအဖြစ်နဲ့ ရပ်တည်လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ နိုင်ငံရေးလုပ်ငန်းတွေ ဒီကနေ့မှာ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း၊ NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းကျနေတဲ့ NLD ပါတီဝင်တွေဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိတဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေတွေကြောင့် NLD က ရွေးကောက်ပွဲမဝင်ဘူးလို့ ဆုံးဖြတ်ပြီးတော့ ပါတီကိုလဲ ပြန်ပြီးမှတ်ပုံမတင်ခဲ့ပါဘူး၊ ဒါကြောင့် ဒီကနေ့ကစပြီးတော့ တရားဝင်ပါတီအဖြစ်နဲ့ ရပ်တည်ခွင့်မရှိတော့တာဖြစ်ကြောင်း မေလ(၆)ရက် ညနေပိုင်း VOA (မြန်မာပိုင်း)က ထုတ်လွှင့်သွားခဲ့တယ် ။
    မေလ(၇)ရက်မနက်ပိုင်း VOA (မြန်မာပိုင်း)မှာတော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေး ပါတီအဖြစ် တရားဝင်ဆက်လက်မရပ်တည်နိုင်တော့တဲ့နောက် NLD CEC ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း အချို့ဟာ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် သီးခြားနိုင်ငံရေးပါတီတစ်ခုအဖြစ် မနေ့ကဘဲ(မေလ ၆ ရက်) ဖွဲ့စည်းလိုက်တယ် လို့ ထုတ်လွှင့်သွားခဲ့တယ် ။ တစ်ရက်ထဲမှာ NLD ပါတီကို ရပ်ဆိုင်းပြီး NLD ပါတီ CEC အချို့နဲ့ ပါတီသစ်ဖွဲ့တာပေါ့ဗျာ၊ အဲဒီပါတီသစ်က အမျိုးသားဒီမိုကရေစီအင်အားစု ပေါ့ ။

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. ဇာတ်ကြောင်းကို ပြန်ကောက်ရရင် ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေ၊ နည်းဥပဒေတွေထွက်ပြီးတော့ လာမဲ့ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ NLD ပါတီက မှတ်ပုံတင်ရေးလုပ်မယ်ဆိုရင် သူမအနေနဲ့ ကန့်ကွက်တယ်၊ ဒါပေမယ့် ဒီကိစ္စကို ပါတီကိုယ်တိုင်က ဆုံးဖြတ်ရလိမ့်မယ်လို့ ဒေါ်စုက ဦးဥာဏ်ဝင်း နဲ့ တွေ့ဆုံစဉ်မှာ ပြောကြောင်း၊ NLD က မတ်လ(၂၄)ရက်နေ့မနက်ပိုင်းမှာ ထုတ်လွှင့်သွားခဲ့တယ် ။ အဲဒီနောက်တော့ ဒေါ်စုအလိုကျ NLD ပါတီမှတ်ပုံမတင်ရေးကို ဆုံးဖြတ်ခဲ့ကြတယ်။ မှတ်ပုံမတင်ဖို့ မဆုံးဖြတ်ခင်မှာရော ဆုံးဖြတ်အပြီးမှာရော NLD မှတ်ပုံတင်ရန် သင့်/မသင့်၊ မှတ်ပုံမတင်လို့ NLD ပျက်ပြယ်သွားရင် ဘာလုပ်မလဲတို့ စသည်ဖြင့် VOA ၊ BBC ၊ RFA ၊ DVB စတဲ့မီဒီယာများနဲ့ တွေ့ဆုံခန်းတွေမှာ NLD ခေါင်းဆောင်ပိုင်းတွေက ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေအပေါ်မှာ အပြစ်ဖွဲ့လက်ညှိုးထိုးပြ။ NLD ပါတီအနေနဲ့ ပြည်သူတွေအပေါ် တာဝန်မကျေတာကို တောင်းပန်။ အမျိုးသားနိုင်ငံရေး လုပ်မယ်လို့ပြော။ လူမှုရေးလုပ်ငန်းတွေ လုပ်မယ်လို့ပြော။ NLD အနေနဲ့ ရွေးကောက်ပွဲမဝင်သော်လဲ အပြောအသံ၊ အလုပ်အကိုင်ကို ကြည့်ရင် ဘယ်အရင်းအမြစ်ကဆိုတာ ပြည်သူက သိပါတယ်လို့ ပြော၊ စုံတကာစေ့နေတာဘဲ။
    ပါတီသစ်ကို ဖွဲ့ပြီးပြန်တော့လဲ NLD ခေါင်းဆောင်ဟောင်း ဦးဝင်းတင်က ဒါဟာသူတို့ရဲ့ အခွင့်အရေး တစ်ရပ်ဖြစ်လို့ ဒီအပေါ်မှာ ကန့်ကွက်စရာမရှိဘူး၊ ဒါပေမယ့် ရွေးကောက်ပွဲမှာ NLD မှတ်ပုံမတင်ရေး သဘောထား ဆုံးဖြတ်ချက်ကို လိုက်နာရန်သင့်တယ်လို့ပြောကြောင်း ပါတီသစ်ဖွဲ့ပြီးနောက်တစ်ရက် မေလ(၇)ရက်မှာ VOA က အသံလွှင့်ခဲ့တယ်။ မေလ(၁၄)ရက်နေ့နံနက်ပိုင်း VOA သတင်းမှာတော့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အချို့ရွေးကောက်ပွဲဝင်ဖို့ ပါတီခွဲထောင်တာဟာ ဒီမိုကရေစီနည်းလမ်းမကျဘူးလို့ ဒေါ်စုက ပြောကြောင်း ထုတ်လွှင့် သွားပြန်တယ်။
    NLD ပါတီသစ်ဖြစ်တဲ့အမျိုးသားဒီမိုကရေစီအင်အားစုမှာပါသူတွေက NLD ရဲ့ CEC ဝင်ဟောင်းတွေ ဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဒေါက်တာဝင်းနိုင်နဲ့ ဦးစိန်လှဦးအပါအဝင် ပုဂ္ဂိုလ် အချို့ပါ။ ဒီပုဂ္ဂိုလ်တွေကတော့ နှစ်(၂ဝ)ကျော်လုပ်ခဲ့ပြီးမှ လွှတ်တော်မှာ တရားဝင်ပြောဆိုလုပ်ကိုင်ဖို့ ပါတီသစ် ထောင်တာ၊ NLD အနေနဲ့ မှတ်ပုံပြန်မတင်ဖို့ NLD ပါတီရဲ့ဆုံးဖြတ်ချက်ကို လိုက်နာခဲ့ပြီး ပါတီသစ်အနေနဲ့ မှတ်ပုံတင်တာလို့ ဆိုပါတယ်။ ထူးထူးခြားခြားမှတ်သားမိတာကတော့ ဒေါ်စုကိုလဲ ပါတီသစ်က လမ်းဖွင့်ထား ကြောင်း ပြောကြားချက်ပါ။
    အထက်မှာဖော်ပြခဲ့တဲ့ မတ်လ(၂၄)ရက် VOA အသံလွှင့်ချက်နောက်ပိုင်း စကားအသွားအလာတွေကို နားထောင်ရင်း ဝရဇိန်မိုးကြိုးက အတွေးတစ်ခုဝင်မိသဗျ။ ရိုးရိုးလေးပါ။ NLD ပါတီမှတ်ပုံပြန်မတင်ဘူး၊ အမျိုးသားနိုင်ငံရေးလုပ်မယ်၊ လူမှုရေးကိစ္စတွေလုပ်မယ်ဆိုပြီး လျှောလျှောရှုရှုနှုတ်ဆက်သွားချက်၊ ပါတီဟောင်း ဖျက်ပြီးတာနဲ့ ပါတီသစ်ထူထောင်ချက်၊ ပါတီသစ်ကိုလဲ ပါတီခွဲထောင်တာဟာ ဒီမိုကရေစီနည်းလမ်းမကျဘူးဆိုပြီး လေလှိုင်း ကြားက ဝေဖန်လေကန်ပြီးတော့ ပါတီဟောင်းနဲ့ လုံးဝမသက်ဆိုင်သယောင်လုပ်ဆောင်နေချက်တွေဟာ ရိုးမှ ရိုးရဲ့လားလို့။
    ရှင်းရှင်းပြောရရင်တော့ နောင်တက်လာမဲ့အစိုးရဟာ သူတို့အလိုကျ အစိုးရမဟုတ်ရင် ဒီဆောင်းပါးအစမှာ တင်ပြခဲ့သလို မြေပေါ်နည်းလမ်းထဲက ပါတီသစ်က လွှတ်တော်ထဲအရောက်ဝင်၊ အလိုမကျတာတွေအတွက် ဖိအားပေးတိုက်ခိုက်မဲ့ ''ပေါ်လွင်နည်း'' ။ ပါတီဟောင်းကအမျိုးသားနိုင်ငံရေးအကြောင်းပြလုပ်ရပ်တွေနဲ့ ဖိအားပေးတိုက်ခိုက်မဲ့ ''ငုတ်လျှိုးနည်း'' တွေနဲ့ ညှပ်ပူးညှပ်ပိတ် လုပ်မဲ့မဟာဗျူဟာလားလို့ တွေးမိတာပါဘဲ။ ဒါက NLD ဟောင်းရဲ့ အနာဂတ်မှာသုံးမယ်လို့ တွေ့မြင်ရတဲ့ မြေပေါ်နည်းကိုဘဲ ပြောသေးတာနော်။ ဒါဖြင့် မြေအောက်နည်းတွေကကော ဘာလဲလို့မေးရင်တော့ အချက်အလက်စုနေတုန်းပါခင်ဗျလို့ ဖြေပါရစေ ။
    ဝရဇိန်မိုးကြိုးရဲ့ သမ္ဘာရနည်း (Synthesis) နဲ့ ပေါင်းစပ်တင်ပြထားတဲ့ NLD ဟောင်းရဲ့ မဟာဗျူဟာ ကိုသဘောမတူသူများလဲရှိမှာပါ။ မှန်၏၊ မမှန်၏အဖြေကတော့ ချက်ခြင်းမသိနိုင်သေးပါဘူး၊ အချိန်ယူရမှာပေါ့။This is called Daw Su' high politics

    ReplyDelete
  7. ပါတီအဟောင်းကို မတရားအသင်း နဲ့  ဆက်သွယ်လို့  ဖြစ်စေ၊ နိုင်ငံခြားက အကူအညီကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သော နည်းနဲ့ ဖြစ်စေ ယူခဲ့ရင် ပါတီပျက်မဲ့ အတူတူ ရွေးကောက်ပွဲ မဝင်ဘူး။ ဒေါ်စုလည်း မလွတ် သေး ချိန်မှာ လူမူရေး ခေါင်းစဉ် တပ်ပြီး နိုင်ငံတကာ ကပေးမဲ့ အကူအညီ တွေကို ယူမယ်။ ပြီးရင် ငါတို့ ကူညီတာကွ ဆိုပြီး လူထုကြားမှာ နာမယ်ယူမယ်။ ဒေါ်စုလည်း လွတ်ပြီ လူမူရေးကြောင့် လည်း လူသိပြီး နာမယ်ရပြီးရင် ဒေါ်စု ထောက်ခံမူနဲ့  ပါတီ တစ်ခုခုကနေ ဝင်အရွေးခံမယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။