Pages

Saturday, July 10, 2010

ဗိုလ်ချုပ်သားသမီးတွေ နိုင်ငံခြားမှာ ပညာသင်ခွင့် ပြုသင့် မပြုသင့်...

ဗိုလ်ချုပ်သားသမီးတွေကို နိုင်ငံခြားမှာ ပညာသင်ခွင့် ပြုသင့်သလား... ဆိုတဲ့ ခေါင်းစဉ်နဲ့ VOA မှာ စိတ်ဝင်စားဖွယ် အမြင်အမျိုးမျိုးနဲ့ ဆွေးနွေးထားတာကို နားထောင်လိုက်ရပါတယ်။
Get this widget | Track details | eSnips Social DNA
ဗိုလ်ချုပ်သားသမီးတွေကို နိုင်ငံခြားမှာ ပညာသင်ခွင့် ပြုသင့်သလား VOA အသံဖိုင်...
ဗိုလ်ချုပ်သားသမီးတွေ နိုင်ငံခြားမှာ ပညာသင်ခွင့် ပြုသင့်သလားဆိုတာ နဲ့ပတ်သတ်ပြီး ကျွန်တော့် အမြင်ကိုတော့ ရေးသားလိုက်ပါတယ်။ ဗိုလ်ချုပ်သားသမီးတွေ နိုင်ငံခြားမှာ ပညာသင်ပြီးရင် ပထမအချက်က ဒီပညာသင်ပြီးတဲ့ ဗိုလ်ချုပ်သားသမီးတွေဟာ မြန်မာပြည်မှာ မိမိတတ်တဲ့ အတတ်ပညာနဲ့ တိုင်းပြည်အကျိုးအတွက် ပြည်တွင်းက ဝန်ကြီးဋ္ဌာနတွေမှာ နိမ့်ကျတဲ့ လုပ်ခလစာတွေနဲ့ ဝင်ရောက်လုပ်ကိုင် မယ်လို့ ထင်ပါသလား။ စဉ်းစားကြည့်ကြပါ... အဓိကအချက်ကတော့ ငွေဂုဏ်ရှိတဲ့ သူကပညာဂုဏ်ကို လိုချင်သလို.... ပညာဂုဏ်ရှိတဲ့သူကလည်း ငွေဂုဏ်ကို လိုချင်ကြပါတယ်။ မြန်မာပြည်က ဗိုလ်ချုပ်သားသမီးတွေ ပညာသင်တာကတော့ အဓိကဂုဏ်ရှိဖို့ပါပဲ.. ငါ့မှာရှိတဲ့ပညာ တတ်တဲ့ပညာနဲ့ တိုင်းပြည်အကျိုးကို ဆောင်ရွက်မယ် ဆိုတာအထူးနည်းပါတယ်..။ မြန်မာပြည်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်သားသမီးတွေ အဓိက ဝင်ရောက် အလုပ်လုပ်ကိုင်လိုတဲ့ ဝန်ကြီးဋ္ဌာနကတော့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှာပါ....။ သေချာစုံစမ်းကြည့်ရင် သိနိုင်ပါတယ်... ။ နောက်တစ်ခုက သင်ယူခဲ့တဲ့ ပညာတွေဟာ အဓိကကတော့ မိဘတွေဂုဏ်ရှိဖို့နဲ့ မိမိအတွက်ဂုဏ်ရှိဖို့ပါပဲ.. နောက်လက်ထပ် မင်္ဂလာဖိတ်စာတွေမှာ နောက်က နိုင်ငံခြားပြန်ဆိုတဲ့ စာကြောင်းလေး တစ်ကြောင်း နှစ်ကြောင်းအတွက်ပါ။

အခုဗိုလ်မှုးချုပ်ဇင်ယော် သမီးသြစတြေးလျား မှာ ပညာသင်ခွင့်မရတဲ့ အတွက်ကြောင့် သူတို့မိသားစု ဘဝပျက်မသွားပါဘူး... ပညာဆက်မသင်နိုင်တာလည်း မဟုတ်ပါဘူး။ ဆင်ပိန် ကျွဲလောက်ပါ.. ပါးပါးလေးပါ.. တခြားလက်ခံတဲ့ နိုင်ငံတွေမှာ (ဥပမာ စင်ကာပူလိုနိုင်ငံတွေမှာ) ကျောင်းပြန် တက်နိုင်ပါသေးတယ်...။ အဓိက ကျွန်တော်တို့ ပြည်တွင်းက ပညာရေးစံနစ်ကို တစ်ချက်လောက် လေ့လာကြည့်ပါ... အရင်ကအာရှရဲ့ ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ဟာအခုဘယ်အခြေအနေ ရောက်သွားပါပြီလဲ ပညာရေးအဆင့်အတန်းရဲ့ အခြေအနေကို အားလုံးအသိပါပဲ...။

ဒီဗိုလ်ချုပ်သမီး ပညာဆက်မသင်နိုင်တဲ့ အတွက်စာနာ သနားကြတယ်ဆိုရင် ကျွန်တော်တို့ ပြည်တွင်းမှာ ဖြစ်ပေါ်လာတဲ့ ကျောင်းသားအရေးအခင်းတွေ လူထုဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့လို့ သေဆုံး ပျောက်ဆုံးသွားတဲ့ ကျောင်းသားတွေ ၊ ကျောင်းထုတ်ခံလိုက်ရတဲ့ ကျောင်းသားတွေ ... ဘဝတွေပျက်သွားရတဲ့ ကျောင်းသားတွေ တော်လှန်ရေးနယ်မြေတွေမှာ ပညာတစ်ပိုင်းတစ်စနဲ့ လက်နက်ကိုင်နေရတဲ့ ဘဝတွေပေးဆပ်နိုင် နေရတဲ့ ကျောင်းသားတွေ အတွက်ကော ဂရုဏာ မသက်မိတော့ဘူးလားဗျာ...။ ကျွန်တော်တို့တွေကို မွေးထုတ်လိုက်တဲ့ မိဘတိုင်း မိဘတိုင်း ကိုယ့်သားသမီးတွေကို ပညာတတ်တွေ ဖြစ်စေချင်ကြတာပါပဲ...။

ဗိုလ်ချုပ်သားသမီးတွေ ပြည်တွင်းမှာ ပညာမသင်ပဲ ပြည်ပမှာ ကျောင်းတက်နေပါတယ် ဆိုကတည်းက ဒီတိုင်းပြည်ရဲ့ ခေါင်းဆောင်ပါဆိုတဲ့ ဒီဗိုလ်ချုပ်တွေဟာ သူတို့အုပ်ချုပ်ဆောင်ရွက်နေတဲ့ ပညာရေးစံနစ်ကို သူတို့ကိုယ်တိုင် ယုံကြည်မှုမရှိလို့ပါပဲ...။ တိုင်းပြည်ရဲ့ အနာဂတ် မျိုးဆက်သစ် လူငယ်တွေရဲ့ ပညာရေးစံနစ်ကို မိမိအာဏာတည်မြဲရေးအတွက် စံနစ်တကျ ဖျက်ဆီးပြစ်လိုက်တာလည်း အားလုံးအသိပါပဲ..။ တက္ကသိုလ်ကျောင်းတွေကို လူသူမနီး မြို့စွန်မြို့ဖျားတွေ ပို့ပြစ်တာတစ်ခုတည်းနဲ့တင် စဉ်းစားကြည့်လို့ရပါတယ်။ ဒီလိုရည်ရွယ်ချက် ရှိရှိနဲ့ ဖျက်ဆီးထားတဲ့ တက္ကသိုလ်.. ကောလိပ်တွေမှာ ဗိုလ်ချုပ်တွေက သူတို့ရဲ့ သားသမီးတွေကို ပညာသင်စေချင်မလားဗျာ..။ အဲ့ဒီတော့ မသမာနည်းနဲ့ ရတဲ့ဥစ္စာ ပစ္စည်းတွေနဲ့ မိမိတို့ရဲ့ သားသမီးတွေကို နိုင်ငံခြားမှာ ငွေကုန်ခံပြီး ကျောင်းတက်စေတာပါပဲ။

နိုင်ငံသားတိုင်း တန်းတူတူညီမျှတဲ့ အခွင့်အရေးကို ရသင့်ပါတယ်။ ကျွန်တော်ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံမှာဆိုလည်း စစ်တပ်ကလွှတ်လိုက်တဲ့ ပညာတော်သင်တွေ အများအပြားပါ လွန်ခဲ့တဲ့ နှစ်များက စစ်တပ်က စစ်ဆရာဝန်တစ်ယောက်ဆိုရင် သူကိုယ်တိုင် ဖွင့်ဟပြောဆို သွားတာကတော့ သူဒီကိုရောက်ရှိလာတာ ရိုးရိုးအရပ်သား ဆရာဝန်ပုံစံနဲ့ ကိုယ်ရေးရာဇဝင်ကို ဖြည့်ပြီး မြန်မာအစိုးရမှ ဂျပန်အစိုးရရဲ့ ပညာတော်သင်အဖြစ် ရောက်ရှိလာတာဖြစ်ကြောင်း ပြောဆိုတာ နားနဲဆတ်ဆတ် ကြားသိခဲ့ဘူးပါတယ်။ အခုလည်း ဒီဗိုလ်မှုးချုပ်ဇင်ယော်ရဲ့ သမီးဖြစ်သူဟာလည်း.. အချက်အလက်အတုတွေနဲ့ ရောက်ရှိလာတာပါ။

ကျွန်တော်တို့ ပြည်တွင်းက သာမာန်ပြည်သူတွေရဲ့ သားသမီးတွေရဲ့ ပညာသင်ကြားနေရတဲ့ အခြေအနေနဲ့ ပညာရေးအဆင့်အတန်းကတော့ အားလုံးသိပြီးတဲ့ အတိုင်းပါပဲ....။ ဒီအထဲကမှ နိုင်ငံရေးနိုးကြားတက်ကြွတဲ့ ကျောင်သားလူငယ်တွေ မိမိရဲ့ နိုင်ငံရေးယုံကြည်ချက်ကြောင့် ကျောင်းတွေက အထုတ်ခံရ... နှစ်ရှည်ထောင်တွေ အကျခံနေရတာ မရေမတွက်နိုင်အောင်ပါပဲ....။ ဒီလိုပိတ်ပင်ခံရ အဖမ်းအဆီးခံရတဲ့ သာမာန်ပြည်သူတွေရဲ့ ကျောင်းသားမိဘတွေ နေရာကနေ ကိုယ်ချင်းစာကြည့်ကြပါ။
သားသမီး ပညာရေးအတွက် ရှိစုမယ့်စု ငွေလေးတွေနဲ့ ကျောင်းထားရတာပါ... အဲ့လိုအခြေအနေမှာ ကျောင်းထုတ်ခံရ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရရင် သားသမီးတွေ အပေါ်မှာ ရည်မှန်းချက်ထားတဲ့ မိဘတွေ ရင်မှာ ဘယ်လိုရှိမလဲဗျာ..။ အခုသြစတြေးလျက ပြည်နှင်ဒဏ်ခံရတဲ့ ဗိုလ်ချုပ်သမီးနဲ့ နှိုင်းယှဉ်ကြည့်ပါ... သြစတြေးလျအစိုးရက ထောင်ထဲထည့်ထားတာ မဟုတ်ပါဘူး .... သူတစ်ပါးပိုက်ဆံ ချေးငှားပြီး.. ကျောင်းလာတက်ရတဲ့ သူလည်းမဟုတ်.. သြစတြေးလျ ပြန်သွားရင်လည်း ကျောင်းပြန် မတက်နိုင်.... မိဘတွေကလည်း ဘဝပျက်ရတဲ့ အခြေအနေ မဟုတ်ပါဘူး... ။

ကျောင်းပြီးရင် သြစတြေးလျမှာ အလုပ်လုပ်မယ် ဆိုတဲ့ရည်မှန်းချက် ပျက်သွားတဲ့ အခြေအနေပဲ ရှိချင်ရှိမှာပါ။ ဗိုလ်ချုပ်သမီး နိုင်ငံခြားမှာ ကျောင်းဆက်တက်ခွင့် မရတာကို မဖြစ်သင့် မလုပ်သင့်ဘူးလို့ ပြောဆိုနေတာထက် ပြည်တွင်းက ကျောင်းစာသင်ရမယ့်အချိန်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ .. စီးပွားရေးအခက်အခဲကြောင့် ကျောင်းဆက်မတက်နိုင်တဲ့ ကျောင်းသားတွေ.. ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရ၊ သေဆုံးရတဲ့ ကျောင်းသားတွေရဲ့ အဖြစ်အပျက်တွေ ရပ်တန့်သွားအောင် ဘယ်လိုလုပ်ဆောင်ဖို့ လိုတယ် ဆိုတာက ပိုအရေးကြီးပါတယ်။ ဘ၀င်မကျတဲ့ သူတွေအတွက် မေးချင်တာကတော့ ဒီဗိုလ်ချုပ်သားသမီးတွေ တတ်လာတဲ့ ပညာနဲ့ တကယ်ကော တိုင်းပြည်အကျိုးကို ဆောင်ရွက်ပါ့မလား ဆိုတာပါပဲ..

ဆိုလိုတာက ကျွန်တော်တို့တိုင်းပြည်မှာ စစ်မှန်တဲ့ စံနစ်တစ်ခုအောက်မှာ ပညာရေးကို အထူးအားပေးတဲ့ အစိုးရတစ်ရပ် မပေါ်ပေါက်သရွေ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်အတွက်ရင်လေးစရာပါ။ နိုင်ငံခြားမှာ ပညာသွားသင်တဲ့ သူတွေလည်း တတ်ထားတဲ့ ပညာနဲ့ မိမိတိုင်းပြည်မှာ ရတဲ့လစာနဲ့က အင်မတန်မှ အလှမ်းဝေးနေပါတယ်။ အဲဒီအတွက် ပညာကိုအသိအမှတ်ပြုတဲ့ ပညာတတ်ကို အသိအမှတ်ပြုတဲ့ စံနစ်တစ်ခုနဲ့ အစိုးရတစ်ရပ် အမြန်ပေါ်ပေါက်ဖို့ အရေးတကြီးလိုအပ်နေပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

DMWY

5 comments:

  1. Very good . They should not attempt to study at abroad country.

    ReplyDelete
  2. ဒီအကြောင်းကို ဒီလောက်ဆေးနွေးနေကြဖို့ တောင်မလိုပါဘူးဗျာ။
    ပြီးတော့ ရိုးရိုးသားသားနဲ့  အမေအဖေနာမည်အမှန်တွေသုံးပြီးကျောင်းဝင်ခွင့် လျှောက်၊ ကျောင်းကလည်းစိတ်လိုလက်ရ ကျောင်းဝင်ခွင့်ပြုတယ်ဆိုရင်တော့ လည်းပြီးရောပေါ့၊ အခုဟာက ခိုးကြောင်ခိုးဝှက်နဲ့ ကလိန်ကကျစ်လုပ်ပြီး မိဘနာမည်တွေလွှဲပြီး ကျောင်းဝင်ခွင့်ရအောင်လုပ်တယ်ဆိုကတည်းကိုက မရိုးသားဘူးဆိုတာပေါ်လွင်နေတာပဲ။
    ပြီးတော့ အဲဒီလိုကျောင်းသားကျောင်းသူတစ်ယောက် ပညာတတ်ဖြစ်လာလို့ လည်းတိုင်းပြည်နဲ့ လူမျိုးအတွက်ဘာတစ်ခုမှ အကျိုးဖြစ်ထွန်းလာမှာမဟုတ်တာသေချာပါတယ်။
    စစ်ဗိုလ်ချုပ်သားသမီးတွေ ပညာတတ်ပြီး အသိအမြင်ရလာတာမျိုးကိုလည်း ကျနော်တို့ မတွေ့ ရသေးပါဘူး။
    VOA အသံဖိုင်ထဲဆွေးနွေးထားတဲ့ ဆရာတစ်ယောက်ပြောသလို ကျနော်တို့ ဘက်ကသဘောထားကြီးပေးကြရမယ်ဆိုတဲ့ စကားကတော့ တကယ့်ကို အဆီအငေါ်မတည့်ဆုံး နဲ့ ဘယ်လိုမှခံစားလို့ မရတဲ့စကားတစ်ခွန်းပါပဲ။

    ReplyDelete
  3. ရန်နိုင်July 11, 2010 at 7:21 PM

    ကျောင်းတွေမှာ စာသင်ပြီးတော့သာ အမြင်မှန်ရမယ်ဆိုရင် ရုရှားပြန်တွေအကုန်လုံးက ဗိုလ်မှုးစိုင်းသိန်းဝင်းလမ်းစဉ် လိုက်မှာပေါ့ ... ရှင်းနေတာပဲ ...

    အဖေ ဒါးပြတိုက်ရာပါ ပစ်ည်းကို သားသမီးက မသိလို့ စားမိတာက ကိတ်စမရှိပါ ... ဒါးပြပြီး တပြည်လုံးကို အဲဒီ ဓါးပြတယောက်တည်းက မတိုက်နိုင်ပါဘူး ... ... အခုဟာက အုံနဲ့ ကျင်းနဲ့  တူညီဝတ်စုံဝတ်ပြီး တပြည်လုံးကို ဖျက်စီးနေတဲ့ အကြမ်းဖက်သမားတွေရဲ့  သားသမီးတွေ မလို့ ပါ ...

    ဒုတ်ခပဲ ... အမှန်တကယ် ဒိုင်ယာလော့လုပ်ချင်ကြောင်း ပြဖို့ ကို ဒါကိုပါ လျှော့ပေးရဦးမယ် ... အခုလောက်လျှော့ထားတာ မလုံလောက်လို့ လား ပညာရှင်ကြီးရှင်ရယ် ...

    ReplyDelete
  4. Agreed with Anonymous and Thiha Kyaw's comments. Your article is good too. I can't digest the request to understand their children's education to be left as a stand-alone issue to do the Dialogue. Why do people, even so called Burmese experts/teachers, think so shallow? Eyery issue is interconnected to sort out the major problem, the military dictatorship.

    ReplyDelete
  5. If the regime genuinely don't take good care of the nation's education system,
    if they are believed to be intentionally made public education level lower whereas they build high education fascilities only for military community and used to take advantage of foreign scholarship offers for that community and their supporters,
    if they don't loot public money, making the people very poor to have, even normal education,
    I feel that it is fair the third party to punish them not to let them take advantage on their land. But it is still sorrowful for Ma Zin Mon Aye to lose her destination. She may understand that she is one of the victims like us, though we stand on opposie sites, because we all have to sacrifice in one way in order to topple such stubborn, cruel regime. So everyone who loves the truth, even you are a child of a privileged member of that community, should join in this revolution to lead our nation to achieve human rights and democracy as you understand the value of good education and standard living condition of the democratic countries which can be built only under the good government who respects human rights and democratic practice.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။