Pages

Friday, November 26, 2010

မိဘနဲ့တူသောအစိုးရ အပိုင်း ( ၁ ) ( ရေးသားသူ- မောင်မောင်ဝမ်း)

မိဘနဲ့တူသောအစိုးရ
အပိုင်း ( ၁ ) ( ရေးသားသူ- မောင်မောင်ဝမ်း)

မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။
ကျနော်တို့ငယ်ငယ်ကသင်ခဲ့ရတဲ့ ဆောင်ပိုဒ်လေးပါ။ တော်တော်များများ ရင်းနှီးနေကြလိမ့်မယ်လို့ ထင်ပါတယ်။ မိဘတွေက သားသမီးတို့အပေါ်ထားအပ်သော ၀တ္တရားများပေါ့၊ လောကမှာ မိဘတော်တော်များများဟာ သားသမီးအပေါ်မှာ မေတ္တာကြီးမားတတ်တယ်ဆိုတာ စာဖွဲ့အထူးပြောဘို့လိုမယ်မထင်တော့ပါဘူး၊ ဒါပေမဲ့လည်း တချို့သော ချွင်းချက်များတော့ ရှိတာပေါ့လေ၊ ဒါကလည်းဖြစ်တောင့်ဖြစ်ခဲပါ၊ မိဘတွေက သားသမီးကို သတ်ပစ်တာတို့၊ ပြည့်တန်စာလုပ်ငန်းအတွက် ရောင်းချခဲ့တာတို့ ဆိုတာတွေက ကြုံရခဲတဲ့ကိစ္စပါ၊ ကြုံခဲ့ရင်တောင်မှ ရှားပါးတဲ့ ဖြစ်ရပ်ဖြစ်ပါလိမ့်မယ်၊ ဒီလိုအဖြစ်မျိုးရှိလာခဲ့ရင်တောင်မှ ဘယ်သူကမှ အားပေးအားမြှောက်နဲ့ ဂုဏ်ယူနေမှာ မဟုတ်သလို ၀ိုင်းဝန်းပြစ်တင် ရှုတ်ချကြမှာ အမှန်ပါပဲ။

လူတိုင်းမှာ ကိုယ့်ကို မွေးထုတ်ခဲ့သူတွေဟာ မိဘတွေဖြစ်သလို ၊ တိုင်းပြည်တပြည်မှာ အစိုးရဆိုတာကလည်း တကယ်တော့မိဘပါ ၊ မိဘအစစ်တွေ မဟုတ်သည့်တိုင်အောင် ပြည်သူလူထုတရပ်လုံးရဲ့ မိဘနေရာမှာ ရှိနေရတဲ့သူတွေလို့ ကျနော်ယုံကြည်ပါတယ်။ သားသမီးများရဲ့ကောင်းမွေ၊ ဆိုးမွေများကိုမိဘများက ခံကြရသလို သားသမီးများအပေါ် တာဝန်ကျေကြဘို့ကိုလည်း မိဘတိုင်းနီးပါး ကြိုးစားအားထုတ် တတ်ကြပါတယ်။ ထို့နည်းတူစွာ အစိုးရဆိုတာကလည်း ပြည်သူများရဲ့ကောင်းမွေဆိုးမွေများကို ခံကြရပါမယ်။ ပြည်သူလူထုအပေါ်တာဝန်ကျေဘို့လိုပါလိမ့်မယ်။ ဒါမှ မိဘနဲ့တူသောအစိုးရဖြစ်နေမှာပါ။ ဘယ်ပြည်သူလူထုမဆို မိဘနဲ့တူသောအစိုးရကို အလိုရှိကြမှာအမှန်ပါ။

တနေ့ .. ကျနော်အင်တာနက်ပေါ်မှာ G- talk ဖွင့်ထားတုန်း ၂ ပတ်ကျော်လောက် လိုင်းပေါ်မှာ ပျောက်နေတဲ့ မြန်မာပြည်က ကျနော့်တူတစ်ယောက်နဲ့ အဆက်သွယ်ပြန်ရပါတယ်။ သူက အခုမှ ၁၆ နှစ်သား ဆယ်တန်းတက်နေတယ် ကျနော်က အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊ ဘတ်ဖဲလိုးမြို့မှာနေတာပါ၊

ဦးဝမ်း… မြန်မာပြည်က ..အင်တာနက်တွေ..ရွေးကောက်ပွဲနီးလို့လားမသိဘူးဖြတ်ထားတယ်
ဟုတ်လား……….”
နောက်ပြီး လိုင်းတွေကလည်း.. အရမ်းနှေးတယ်ဗျာ.. အင်တာနက်သုံးရတာ အဆင်ကိုမပြေဘူး မီးကလည်းလာလိုက်မလာလိုက်နဲ့ ဦးတို့ဆီမှာရော အဲဒါမျိုး လိုင်းဖြတ်တာတွေ.. လိုင်းတွေ နှေးတာတွေဖြစ်လား”……ကျနော်တချက်ပြုံးမိလိုက်တယ်.. ဒါပေမဲ့ ကျနော့်ရင်ထဲမှာတော့ တော်တော်လေးကိုထိခိုက်သွားပါတယ်။ သူက သူအမြင်နဲ့ကြုံနေရတဲ့ အခက်ခဲကို လှမ်းငြီးကြည့်လိုက်တာပါ…..

---- ဘယ်ရှိမလည်း သားရဲ့.. ဦးတို့ဆီမှာ မီးပျက်တယ်ဆိုတာ.. လည်းမရှိဘူး.. အင်တာနက်လိုင်းတွေ ဖြတ်ထားတာတို့.. နှေးတာတို့ဆိုတာမရှိဘူး……ကျနော့်တူလေးရဲ့ သက်ပြင်းချသံကို တချက်ကြားလိုက်ရအပြီး သူ့ဘက်က အင်တာနက်လိုင်းက ပြတ်သွားပြန်ပါတယ်။ နောက်တခါ တတူတူနဲ့ လှမ်းခေါ်ပြီး စကားဆက်ပြောမယ်ကြံတော့ စကားသံက ပြောရလိုက် မရလိုက်နဲ့…… ကျနော်တော်စိတ်မကောင်းဖြစ်သွားတယ်။ သူငြီးမယ်ဆိုလည်းငြီးလောက်ပါတယ်။ မြန်မာပြည်မှာ အခု အင်တာနက် ၀န်ဆောင်မှု့လုပ်ပေးတဲ့ ကုမ္ပဏီ ဘယ် နှစ်ခုရှိလည်းမသိဘူး ဒီမှာတော့ ကျနော်တို့မြို့သေးလေးမှာတောင်မှ .. ကုမ္ပဏီ ၅ ခုအပြိုင်ရှိပါတယ်။ သုံးစွဲရာမှာလည်း စာအုပ်တအုပ်က စာရွှက်တွေကို လှန်ဖတ်နေသလိုမျိုး မြန်ဆန်ပါတယ်။ လွတ်လပ်တဲ့ဒီမိုကရေစီ (Liberal Democracy ) ကျင့်သုံးနေတဲ့နိုင်ငံရဲ့ အနှစ်သာရဟာ ဒါမျိုးပါ့လားစဉ်းစားနေတုန်း.. တခါ တူလေးဆီက လှမ်းခေါ်သံကြားလို့ လက်ခံနားထောင်လိုက်တော့ စကားနည်းနည်းပြောရပြန်တယ်……

ဦးဝမ်း.. အလုပ်နားနေရတယ်ဆို.
အေးကွ.. ငါအလုပ်ကနားနေရတယ်
ဟင်.. ဒါဆို ဦးဝမ်း ၀င်ငွေမရှိတော့.. ဘယ်လိုလုပ်မလည်း.. ဘာနဲ့စားကြမလည်း
အစိုးရကကြွေးတယ်.. အစိုးရကပေးတယ်ကွ
ဟာ.. ဦးဝမ်းကလည်း.. သားက အတည်ပြောနေတဲ့ ဥစ္စာ.. နောက်နေတယ်
ဘယ်ကလားနောက်ရမှာလည်း.. ဦးအလုပ်ကနားနေရတော့.. အစိုးရက စားဘို့ဆိုပြီး တလ.. မိသားစု ၃ ဦးကို ဒေါ်လာ ငါးရာကျော်ပေးတယ် .. နောက်ပြီး တပတ်ကို ဒေါ်လာ ၂၅၀ ပေးတယ်ကွာ.. တလ ၁၀၀၀ ပေါ့ .. ငါမနောက်ပါဘူးကွာ.. တကယ်ပြောနေတာပါ ”
တကယ်….”
တကယ်ပေါ့သားရဲ့.. ဦးဝမ်း.. သားကိုဘယ်တုန်းကလိမ်ပြောဘူးလို့လည်း
အစိုးရက.. တလကို ဒေါ်လာ ၁၅၀၀ ကျော် အလကားထောက်ပံ့ထားတယ်ဆိုတာ မြန်မာငွေနဲ့ဆို ၁၃သိန်းလောက်ရှိတယ်.. သားဖြင့် ဦးဝမ်းပြောလို့သာယုံရတယ်.. ကြားတောင်မကြားဘူးဘူး.. သားသူငယ်ချင်းတယောက် အဖေဆို.. စစ်တပ်ထဲကနေ ပင်စင်နဲ့ ထွက်လာတာတောင်မှ.. တလတလ.. စားဘို့ အလျှဉ်မမှီဘူးဗျာ.. သနားပါတယ်..
သူရဲ့အသံတွေထဲမှာ ကရုဏာနဲ့ ရောစွက်နေတဲ့ မကျေနပ်သံတချို့ကိုလှမ်းမြင်လိုက်သလို ခံစားလိုက်ရတယ်။ အမေရိကားမှာ အလုပ်လုပ်နေတဲ့ လူတယောက်ဟာ သက်ဆိုင်ရာ ကုမဏ္ဍီက အကြောင်းအမျိုးမျိုးကြောင့်ရပ်နားလိုက်ရတယ်ဆို.. အဲဒီကုမ္ပဏီနဲ့ အစိုးရပေါင်းပြီး ၀န်ထမ်းတွေကိုထောက်ပံ့ရပါတယ်။ တပတ်ကို ဘယ်လောက်ဆိုတာတော့ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး (သူ အလုပ်လုပ်လို့ရလာတဲ့ ၀င်ငွေအပေါ်တည်မှီပြီးဆုံးဖြတ်တယ်) ၊ ပြီးတော့ အစားအသောက်အတွက် မိသားစုဦးရေ အပေါ်တည်မှီပြီးပေးတယ်..အလုပ်လက်မဲ့ေ ထာက်ပံ့ကြေးကို ပျမ်းမျှအားဖြင့် ၂ နှစ်လောက်အထိပေးပါတယ်။ ဒီအတောအတွင်း အလုပ်တခုရအောင်ရှာပေါ့။ မရခဲ့ရင်ရောဆိုရင် အစိုးရကနေ တခါ လူမှု့ထောက်ပံ့ရေးအသွင် သဏ္ဍန်တမျိုးနဲ့ ထပ်ပေးပြန်တယ်။ ဒါကတော့ အမေရိကားမှာရှိတဲ့ ဘယ်သူမဆို.. လ ၆၀ ( ၅ နှစ် ) ခံစားခွင့်ရှိတယ်၊

အစားအသောက် အတွက်ကတော့ တော်တော်ကြာကြာထိကို ထောက်ပံ့ပါတယ်။ အစိုးရဟာ လူထုကို ဘယ်တော့မှ အငတ်မခံဘူး။ ဒါဆို နအဖပြောသလိုမျိုး အိုးမဲ့ အိမ်မဲ့တွေအ များကြီးဆိုတာကို ကျနော်နည်းနည်းလေး ရှင်းပြချင်ပါတယ်။ အမေရိကားမှာ လူတွေကို ခရက်တစ် ( credit ) ဆိုတာနဲ့ ချုပ်ထားတယ် ခရက်တစ်ဆိုတာ အကြွေးဝယ်စနစ်နဲ့ ပေးထားတဲ့ ကဒ်ကလေးတွေကို တင်ပြောတာ မဟုတ်ပါဘူး.. လူတစ်ယောက်ရဲ့ ရာဇ၀င်ဆို ပိုမှန်မလားမသိဘူး၊ လူတယောက်ရိုးသားတာ၊ အပြစ်မရှိတာ၊ အလုပ်ကြိုးစားလုပ်တာ၊ ပစ္စည်းတွေကိုအကြွေးစနစ်နဲ့ ၀ယ်ရင်မှန်မှန်ပြန်ပေးတာ၊ ရာဇ၀တ်မှု့ကင်းတာ၊ စသဖြင့် ကျန်တာတွေလည်း အများကြီးရှိသေးတာပေါ့ အဲဒါတွေကို အမှတ်ပေးစနစ်နဲ့ ပေးတယ်။ မေးစရာတစ်ခုရှိမယ်.. ခင်ဗျားက လိုခြင်တဲ့ ပစ္စည်းတခုကို အကြွေးနဲ့ဝယ်ပြီး ပြန်မဆပ်ဘူးဆိုရင်ရော ( ဗမာပြည်မှာဆို အကြွေးရရင်ဆင်တောင်ဝယ်စီးမဲ့သူများအတွက်)၊ ရတယ်။ မဆပ်နဲ့ ၊ အချိန်တန်လို့ လစဉ်ပေးရမဲ့ အကြွေးကို မပေးတော့ဘူးဆိုရင်.. အဲဒီပစ္စည်းကို ပိုင်ရှင် ကုမဏ္ဍီတွေက လာသိမ်းမှာပဲ မပူနဲ့ ၊ မော်တော်ကားဆို ကြိုက်တဲ့နေရာမှာဖွက်ထား သူတို့ကသိတယ်.. ရေဒါစနစ်တွေနဲ့လုပ်ထားတာ။ ပြီးရင် ခင်ဗျား ခရက်တစ်ကဆိုးသွားပြီ ၊ ခရက်တစ်ဆိုးတော့ဘာဖြစ်မလည်း၊ ခင်ဗျားဘာမှအကြွေးဝယ်လို့မရတော့ဘူး၊ ဘဏ်တွေကလည်း ပိုက်ဆံချေးလို့မရတော့ဘူး၊ အနိမ့်ဆုံး အိမ်တောင်ဌားနေလို့မရတော့ဘူး၊အလုပ်တွေက လက်မခံဘူး၊ ခရက်တစ်ကောင်းရင်ရော ဘာဖြစ်မလည်း အိမ်ဝယ်ခြင်တယ် ဒေါ်လာတသိန်းတန်လောက်အိမ်တောင်မှ အရစ်ကျဝယ်လို့ရတယ် တလချင်း နည်းနည်းဆပ်သွားရတယ် ခင်ဗျားပေးတာမှန်လေ ခရက်တစ် အမှတ်ကတက်လေပဲ။ စ၀ယ်ဝယ်ခြင်း တစ်ပြားမှမကုန်ဘူး ကျနော်နေတဲ့ နယူးယောက်ပြည်နယ်မှာဆို ပထမဆုံးအိမ်ဝယ်မဲ့သူအတွက် အစိုးရက ဒေါ်လာ ၈၀၀၀ လောက်အထိ အလကားပေးတယ် ။ ခင်ဗျား အလုပ်သာရှိ ( အနည်းဆုံး ၂ နှစ်လောက်ပေါ့ ) နောက်တခါ ခရက်တစ်လည်းကောင်းဆို အိမ်တလုံးတပြားမှ မကုန်ပဲဝယ်လို့ရတယ်။ ပြီးမှ တစ်လချင်း နည်းနည်းပြန်ဆပ်ပေါ့၊

ကျနော်ပြောခဲ့တဲ့အတိုင်း ခရက်တစ်ဆိုးတဲ့သူတွေအတွက် အိမ်ဌားနိုင်တဲ့ပိုက်ဆံရှိလည်း အိမ်ရှင်တော်တော်များများက ခရက်တစ် စစ်ဆေးကြည့်လို့ဆိုးတယ်ဆိုရင်.. မဌားဘူး။ အဲဒီတော့ အိုးမဲ့ အိမ်မဲ့တွေဖြစ်ကုန်ရော၊ နောက်မေးစရာရှိနိုင်တာက.. အစိုးရက အမြဲထောက်ပံ့နေတော့.. ဗမာအတွေးနဲ့ဆို အလုပ်မလုပ်ပဲ ထိုင်စားနေမယ်ဆိုရင်ရော… ဖြစ်တယ် ထိုင်စား။ ခင်ဗျား ခရက်တစ်ဆိုးနေမှာပဲ။ ခင်ဗျား အခွင့်ရေးတွေ အကုန်ဆုံးရှုံးမယ်.. ဒါပေမဲ့ ဘယ်တော့မှမငတ်ဘူး၊ အစိုးရကခင်ဗျားကို ကြွေးထားမယ်။ ခရက်တစ်ကောင်းရင် ခင်ဗျားလုပ်ငန်းတခု ထူထောင်ချင်တယ်ဆိုပါဆို့ . ဘဏ်တွေက ခင်ဗျားကို ပိုက်ဆံချေးချင်ကြမှာ အလုအယက်ပဲ.. ဘာလုပ်ချင်လုပ်ချင်. သူတို့ထုတ်ချေးမယ်။ အမေရိကားမှာ အလုပ်လုပ်ခြင်းဟာလည်း ကောင်းမွန်သော ခရက်တစ်ကိုဖြစ်စေတယ်။ ပျင်းလို့မရဘူး၊

ကျန်းမာရေးနဲ့ပတ်သက်လို့ကလည်း ၀င်ငွေနည်းမိသားစုများကို အစိုးရကထောက်ပံ့တယ် နေထိုင်မကောင်း ကျန်းမာရေးချို့တဲ့ရင် အစိုးရကကူတယ် ( ကုန်ခြင်သလောက်ကုန်ပါစေ ) ကျနော်တို့ မြန်မာနိုင်ငံသားတွေထဲမှာ ဆေးကုလိုက်ရတာ ဒေါ်လာ သိန်းနဲ့ချီကုန်တဲ့သူတွေရှိတယ်။ အစိုးရက ကူတယ်။ ဒီမှာ ဆေးခန်း၊ ဆေးရုံတွေဆိုတာ ပုဂ္ဂလိကပိုင်တွေချည်းပဲ ဆေးကုသစရိတ်ကလည်းဈေးကြီးတယ်။ (ဒါပေမဲ့ ခင်ဗျားမှာ ၀င်ငွေကောင်းတယ်ဆိုရင်တော့ အခမဲ့ဆေးကုသခွင့်မရဘူး၊) ကိုယ်ပိုက်ဆံနဲ့ကိုယ်ကုရတယ်။ အဲဒီ ကုမ္ပဏီတွေကို ခင်ဗျားဆေးကုလို့ ကုန်ကျစရိတ်အတွက် အစိုးရကပေးတယ်။ ဘာမှပူစရာမလိုဘူး၊ အလကား ဆေးသွားကုရတာဆို သိမ်ငယ်စရာမလိုဘူး ၊ တကယ်တော့ အလကားကုတာမဟုတ်ဘူး ၊ ခင်ဗျားကုန်ကျမဲ့ငွေကို အစိုးရကပေးတာ။

တပ်မတော်သားတွေ ကဏ္ဍပြောပြဦးမယ်၊ ဒီမှာ နိုင်ငံရပ်ခြားကနေ ရောက်လာပြီး နေထိုင်ခွင့် တရားဝင်ရှိတဲ့သူတွေဆို စစ်ထဲဝင်ချင်ကြတာ အများကြီး ဘာလို့လည်းဆိုတော့ ဘ၀အာမခံချက်အပြည့်ရှိတယ်။ ရပိုင်ခွင့်တွေအများကြီးပဲ။ တိုက်ပွဲမှာ ကျဆုံးသွားမယ် ဆိုရင်တောင်မှ ဒေါ်လာ သိန်းချီ (မြန်မာငွေ သိန်းထောင်ချီပြီး ) ပေးတယ်။ မိဘ၊ သားသမီး၊ မိန်းမ၊ လင်ယောကျာင်္း သူတို့အတွက်တောင်မှ အားလုံးနေဘို့ ထိုင်ဘို့က အစအားလုံး အစိုးရက တာဝန်ယူပေးတယ်၊ သူတို့တတွေ အလုပ်လုပ်ချင်တယ် ဆိုရင်တောင်မှ အလုပ်လုပ်ခွင့် အခွင့်ရေး သူများထက်သာတယ် (ဒါ စစ်သားမဟုတ်သေးဘူး စစ်သားဆွေမျိုးပဲရှိသေးတယ်)။ စစ်သားတွေပင်စင်ယူမယ်ဆို ထမ်းဆောင်ခဲ့တဲ့ နှစ်အလိုက်ကြည့်ပြီးလစာရကြတယ် ( အနည်းဆုံး ဒေါ်လာ ၂၀၀၀ နဲ့ အထက်မှာရှိတယ် ) ဒါသာမန်စစ်သားအဆင့် အရာရှိတွေဆို အများကြီး ပင်စင်လစာရတယ်။သူတို့ အလုပ်လုပ်လိုသေးတယ်ဆိုရင် ချက်ခြင်း အလုပ်သမားရှာဖွေရေးဌာနတွေက အလုပ်ရှာပေးတယ်။ စစ်သားဘ၀မှာလည်း အလုပ်ချိန် ဒါမှမဟုတ် တာဝန်ထမ်းဆောင်ချိန်မဟုတ်ပဲ အထက်အရာရှိက အောက်လက်ငယ်သားကို အမိန့်ပေးပိုင်ခွင့်၊ အာဏာပြပိုင်ခွင့်မရှိဘူး၊ သွားပြလို့ကတော့ ပြသနာတက်ပြီသာပြင်ပေတော့ အဲဒီလို၊ စစ်သားက စစ်သားအလုပ်ပဲလုပ်တယ် တခြားအလုပ်မှာဝင်မပါဘူး ၀င်မရှုတ်ဘူး၊ အဓိကထူးခြားတာက စစ်သားတွေ၊ ရဲတွေကိုလူထုကချစ်တယ် လေးစားကြတယ်။ ဗမာပြည်နဲ့ မကွာလားဗျာ၊

အပိုင်း ၂ ဆက်ပါဦးမည်

ပေးပို့ပေးတဲ့ ကိုမောင်မောင်ဝမ်းအား ကျေးဇူးတင်ပါသည်...။

3 comments:

  1. In Burma,not only soldier but also his wife have to work at their officer's house as a slave.
    Officer and his wife have to report their senior and senior wife whether they want to go some where or they want to do somethings, even for their own-business they have to get permission from their senior such as deliver child in hospital and children education. You want to send your children to Yangon for study then you need permission. What is this?
    Also they have to do anythings for their senior, just like a slave.

    But remember, all senior army officer's children are studying oversea. So they don't want their slave's children to study and to get good education. They don't want to see these children to become educated person.
    But still most of young generation want to be army officer and to be a part of their group.I don't know why? May be their brain have been washed.
    So I should say most of army officers and their wives do not have brain. They think that they have power and when they see the ordinary people like us they use their full power to screw us. They never think the black shadow is following them in every minutes and every seconds.

    ReplyDelete
  2. ဆရာဝမ်း...ကျန်းမာပါစ .။ကျွန်တော်ကစခန်းထဲမှာနေတုန်း
    ဆရာဝမ်းရဲ့တဲကုပ်အင်္ဂလိပ်ကျောင်းပေါ်မှာတပည့်လုပ်ခဲ့ဖူးသူတစ်ယောက်ပါ..ဆရာဆောင်းပါးအတွက်ကျေးဇူးတင်ပါတယ်..။
    ဆရာ..စိတ်ချမ်းသာလို့ကိုယ်ကျန်းမာပါစေ

    ReplyDelete
  3. ဒကာတော်ရေ မြန်မာနိုင်ငံနဲ့ ခြားနားချက်တွေက များပါတယ်
    နအဖ ရဲ့ တဇောက်ကန်း လုပ်ရပ်တွေကြောင့် ကမ္ဘာမှာ မြန်မာလူ
    မျိုးတွေမျက် နှာမပြရဲရုးံမဟုတ်ပါဘူး မြန်မာလူမျိုးလို့ပြောရမှာကို
    ကြောက်နေကြပြီး အဲဒါတွေအကုန်လုးံသိသားမြင်သာအောင် ဒကာတော် အနေနဲ့တင်ပြစေချင်တယ်
    စက်တင်ဘာဦးနေမိန္ဒ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။