Pages

Saturday, November 27, 2010

ဗိုလ်ချုပ်ခင်ညွန့်ကို ဧည့်ဂေဟာတခုသို့ ခေါ်ဆောင်သွားတဲ့ ဗီဒီယို ဖေ့စ်ဘွတ်မှာ ပြန့်နေ (ဘားမားတူးဒေး ရုပ်သံ)


ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ ဆက်သွယ်မေးမြန်းခန်းပါ ပါရှိပါတယ်..
ဗိုလ်ချုပ်ခင်ညွန့်ကို ဧည့်ဂေဟာတခုသို့ ခေါ်ဆောင်သွားတဲ့ ဗီဒီယို ဖေ့စ်ဘွတ်မှာ ပြန့်နေ

မြင့်လှိုင်။ နိုဝင်ဘာ ၂၆ ရက်၊ ၂၀၁၀

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ဟောင်း၊ နိုင်ငံတော် ၀န်ကြီးချုပ် ဟောင်း၊ တပ်မတော် ထောက်လှမ်းရေးအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ နေအိမ်ကို ရဲချုပ်ခင်ရီ၊ ရဲသတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်သိန်းတို့ ညအချိန်မှာ ရောက်ရှိလာပြီး တပ်မတော်ဧည့်ဂေဟာတခုကို ခေါ်ဆောင်သွားတဲ့ မှတ်တမ်း ဗီဒီယိုတခု ဖေ့စ်ဘွတ် (Facebook) စာမျက်နှာတွင် ဖော်ပြထားတာကို ၂၀၁၀ နိုဝင်ဘာ ၂၆ ရက်နေ့က တွေ့လိုက်ရပါတယ်။

၁၆ မိနစ် ၉ စက္ကန့်ကြာ အသံမဲ့ ဗီဒီယိုမှတ်တမ်းဟာ ရဲသတင်းတပ်ဖွဲ့က ရိုက်ကူးထားတဲ့ မှတ်တမ်းလို့ ယူဆရပြီး ဘယ်လိုအကြောင်းကြောင့် ဖေ့စ်ဘွတ် (Facebook) စာမျက်နှာပေါ်မှာ ဖော်ပြသလဲဆိုတာကိုတော့ သေချာစွာ မသိကြရသေးပါဘူး။ ၂၀၁၀ ခုနှစ်အတွင်း လွန်ခဲ့တဲ့လပိုင်းအတွင်းက ဗိုလ်ချုပ်ခင်ညွန့်နဲ့ လက်ရှိအာဏာရ စစ်ခေါင်းဆောင်ပိုင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့တာမို့ အခု ကြည့်ကြရတဲ့ မှတ်တမ်းဟာ အဲဒီအချိန်က မှတ်တမ်းလား၊ သို့တည်းမဟုတ် အခု လပိုင်း ရက်ပိုင်းအတွင်း ရိုက်ကူးထားတဲ့မှတ်တမ်းလား ဆိုတာကိုလည်း အတည်ပြုလို့ မရသေးပါဘူး။

ဗီဒီယိုမှတ်တမ်းအတွင်းမှာ သွားရောက် ခေါ်ဆောင်တဲ့ အရာရှိများက ဗိုလ်ချုပ်ခင်ညွန့်ကို အလေးပြု နှုတ်ဆက်တာ တွေ့ရသလို တလေးတစား ဆက်ဆံတာကိုလည်း မြင်ရပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အိမ်အတွင်းမှာ ခေတ္တကြာ စကားပြောကြပြီးနောက် ဗိုလ်ချုပ်ခင်ညွန့်ဟာ လွယ်အိပ်တလုံးကို လွယ်ပြီး အိမ်သားများကို နှုတ်ဆက်ကာ သူ့ဇနီး ခေါ်ခင်ဝင်းရွှေနဲ့အတူ လာရောက် ခေါ်ဆောင်သူများနဲ့အတူ လိုက်သွားခဲ့ပါတယ်။ နေအိမ်တလုံးကို ရောက်တဲ့အခါမှာတော့ အကျဉ်းဦးစီး အဆင့်မြင့် အရာရှိနဲ့ တာဝန်ရှိသူများဟာ အဖွဲ့ဝင်များနဲ့အတူ ဗိုလ်ချုပ်ခင်ညွန့်ကို ကြိုဆိုခဲ့ကြကာ ခဏကြာ စကားပြောကြပါတယ်။ အဲဒီနောက် စစ်အစိုးရ အရာရှိများက ဗိုလ်ချုပ်ခင်ညွန့်တို့ ဇနီးမောင်နှံအား အပေါ်ထပ်အိပ်ခန်းကို လိုက်လံပြသပုံ၊ ဗိုလ်ချုပ်ခင်ညွန့်က ဘုရားဝတ်ပြုနေပုံများ ပါဝင်ပါတယ်။

ဗိုလ်ချုပ်ခင်ညွန့်အား မြန်မာအာဏာပိုင်များက ခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး တပ်မတော်ထောက်လှမ်းရေးတွင် အဆင့်မြင့် ရာထူးတာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ကို ယနေ့မြန်မာက ဆက်သွယ် မေးမြန်းရာ “ကျွန်တော့်ယူဆချက်ကတော့ သိပ်မကြာသေးဘူးလို့ပဲ ထင်ပါတယ် ခင်ဗျ။ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို သားတွေသမီးတွေနဲ့ အိမ်အကျယ်ချုပ်ထားတဲ့ နေရာကနေပြီးတော့မှ တပ်မတော် ဧည့်ရိပ်သာတခုခုကို ပြောင်းရွှေ့ထားတယ်လို့ ယူဆပါတယ်။ လုပ်လေ့လုပ်ထရှိတဲ့ အနေအထားအရ ဘယ်သူ့မှ မသိတဲ့ မမြင်တဲ့နေရာမှာ ထားထားပြီးတော့ လူကြီးတွေ လာပြီး စကားပြောတဲ့အခါမှာ လွတ်လွတ်လပ်လပ်နဲ့ ဘယ်သူမှ မသိအောင် ရည်ရွယ်ချက်မျိုးနဲ့များ ပြောင်းရွှေ့ပြီး ထားသလားလို့ ကျွန်တော် ထင်ပါတယ် ခင်ဗျ။“ လို့ သုံးသပ်ပါတယ်။

အဲဒီလို ပြောင်းရွှေ့ထားပြီးတဲ့အခါ ဘယ်လိုအရာများ ဆွေးနွေးနိုင်ပါသလဲဆိုတဲ့ သုံးသပ်ချက်ကိုတော့ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့က ဦးဘိုလှတင့်က “ရွေးကောက်ပွဲပြီးသွားတဲ့အခါ ဘယ်သူက ဘယ်နေရာကို ယူပြီး ဘယ်လိုကိုင်တွယ်မယ်ဆိုတဲ့ကိစ္စကို သန်းရွှေကလည်း ဘာမှ နားလည်ပုံမရဘူး။ အဲဒီကိစ္စတွေမှာ ခင်ညွန့်ရဲ့ အကြံဉာဏ်ကိုလည်း သုံးချင်ပုံရတယ်။ နောက်တခုက နယ်ခြားစောင့်တပ် ပြဿနာတွေကို သူတို့ မရှင်းနိုင်ဘူး။ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုက သန်းရွှေအပေါ်မှာလည်း မရှိဘူး။ တခြားသူအပေါ်မှာလည်း မရှိဘူး။ အဲဒီနေရာမှာလည်း ခင်ညွန့်ကို ပြန် သုံးနိုင်တယ်။ နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဖို့။ ဒါကတော့ ဖြစ်နိုင်ခြေအနည်းဆုံးပေါ့ လေ။ ဒီ သုံးနေရာမှာ ပြန်သုံးဖို့ ဆွေးနွေးနိုင်တယ်ဆိုတာမျိုး သုံးသပ်မိတယ် လေ။“ လို့ သုံးသပ်ပါတယ်။

အခု ဗီဒီယိုမှတ်တမ်း ပေါ်ထွက်လာတဲ့အချိန်မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့လက်ထောက် မစ္စတာ ဗီဂျေ နန်ဗီယာ (Vijay Nambiar) မြန်မာပြည်ကို ခရီးသွားနေချိန် ဖြစ်ပါတယ်။ မစ္စတာ နန်ဗီယာဟာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ရန်ကုန်ကို ဆိုက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒါ့ကြောင့် ဒီ ဗီဒီယိုဟာ အခုရက်ပိုင်းအတွင်း ရိုက်ကူးထားတာဖြစ်ပြီး ဗိုလ်ချုပ်ခင်ညွန့်ကို နေအိမ်အကျယ်ချုပ်ကနေ တပ်မတော်ဧည့်ဂေဟာကို ပြောင်းရွှေ့လိုက်တာဖြစ်တယ်ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေးလမ်းစဉ်နဲ့ ပတ်သက်တဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ သဘောထားကို ပြန်လည် တောင်းခံတာလား ဆိုတာလည်း စဉ်းစားစရာတချက် ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးဘိုလှတင့်ရဲ့အမြင်ကို မေးကြည့်ရာ “ခင်ညွန့်မှာက တွေ့ဆုံဆွေးနွေးရေးကို သွားဖို့ အစီအစဉ် ရှိတာကိုး။ စစ်တပ်အနေအထားနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဘယ်လို ဆွေးနွေးမယ်ဆိုတာ သူ့မှာ ပြင်ဆင်မှု ရှိတယ်။ ဒါတွေကို သူက အလကားတော့ ပေးမှာ မဟုတ်ဘူး။ သူ့အနေအထားကို ဘယ်နေရာမှာ ပေးမယ်ဆိုတာမျိုး စဉ်းစားတာ ရှိမှာပေါ့။ ရှင်းရှင်း ပြောရရင် အပစ်အခတ် ရပ်စဲရေး၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ လမ်းပြမြေပုံ၊ တွေ့ဆုံဆွေးနွေးရေးက ခင်ညွန့်ရဲ့ အစီအစဉ်တွေ ပဲ။ သူလည်းပဲ သူ့ခံစားချက်တော့ ရှိမှာပေါ့။ သူတို့အချင်းချင်း လွယ်လွယ်ကူကူတော့ အပေးအယူ ဖြစ်မှာ မဟုတ်ဘူး ထင်တယ်။ အဲဒါက သူတို့အတွင်း ကိစ္စအတွက်ပဲဆိုရင် ဗမာပြည်အပြောင်းအလဲနဲ့ ဘာမှ မပတ်သက်နိုင်ဘူး။ ဒါ ခင်ညွန့်ကို နောက်ထပ် ဦးဏှောက်ဖောက်စားဖို့ ကြံတဲ့ ကိစ္စပဲ လေ။“ လို့ ပြောပါတယ်။

အခု ထွက်ပေါ်လာတဲ့ ဗီဒီယိုမှတ်တမ်းဟာ လွန်ခဲ့တဲ့လများအတွင်း ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဗိုလ်ချုပ်မောင်အေးနဲ့ တွေ့ဆုံစဉ်ကာလက ရိုက်ကူးထားတဲ့ ဗီဒီယိုဖြစ်လို့ရှိရင် ဘာ့ကြောင့် အခုမှ ဒီ ဗီဒီယိုကို ဖြန့်တာလဲလို့ စဉ်းစားစရာ ရှိသလို အခုရက်ပိုင်းအတွင်း ရိုက်ကူးထားတဲ့ ဗီဒီယိုဆိုရင်လည်း ဘာ့ကြောင့် အများကြည့်နိုင်တဲ့နေရာကို ရောက်လာသလဲဆိုတာကတော့ စိတ်ဝင်စားစရာအချက်များ ဖြစ်ပါတယ်။ အရင်တခါကတော့ သူ့ထောက်လှမ်းရေးများကို လွှတ်ပေးဖို့ ဗိုလ်ချုပ်ခင်ညွန့်က တောင်းဆိုခဲ့ရာ အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။ တကယ်လို့ အခု ရက်ပိုင်းအတွင်း ဗိုလ်ချုပ်ခင်ညွန့်ကို ထပ်မံ ခေါ်ဆောင် ဆွေးနွေးတာဆိုရင်တော့ ဗိုလ်ချုပ်ခင်ညွန့်ဘက်က ဘာတွေ တောင်းဆိုမလဲ ဆိုတာကလည်း စဉ်းစားစရာပါ။

ဗိုလ်မှူးအောင်လင်းထွဋ် အင်တာဗျူး အပြည့်အစုံ နားဆင်ရန် - http://burmatoday.net/audio/101126_maj_aung_lynn_htut.html

ပေးပို့ပေးတဲ့ ကိုမြင့်လှိုင် ဘားမားတူဒေးအား ကျေးဇူးတင်ပါသည်..။

4 comments:

  1. Comment-
    When you watch video, Dr Daw Win Shwe is crying! I think Gen Khin Nyunt will meet UN representative and discuss about second Pin Lon Peace Conference. And all minority groups (eg. KNU, DKBA, SSA ect) believe Gen Khin Nyunt only. So Junta wants Gen Khin Nyunt to bring into Myanmar's politics. Or why Daw Khin Win Shwe is crying?

    ReplyDelete
  2. those of you who are saying Than Shwe wants to use Khin Nyunt, i think you are insane or mentally. Do you think Khin Nyunt will willing to do that? As so far he has been treated as a betrayer. Will he trust Than Shwe again? You are just insane.

    ReplyDelete
  3. အင်း.......... ဘာပြောတဲ့ဆိုတဲ့အသံဖျောက်ထားတာရယ်၊ အနီးကပ်ရိုက်ထားတာရယ်ကိုကြည့်ပြီး နည်းနည်းတော့သံသယ၀င်မိတယ်။ ဘယ်သူကရိုက်ပီး ဘယ်သူကဘာကြောင့်တင်လိုက်တာလဲပေါ့။ ဖြစ်နိုင်ချေရှိတာကတော့ ဘယ်လိုကောင်မျိုးပဲဖြစ်ဖြစ် ငါတို့ကိုအာခံရင် ဒီလိုမျိုးဖြစ်မယ်ဆို...တဲ့ အကြောင်းကိုသိစေချင်လို့ ဟိုဖက်ကလိုလို ဒီဖက်ကလိုလိုနဲ့ ရောထွေးပြီးတင်ပေးလိုက်တာပဲလို့ မှတ်ချက်ချရမယ်ထင်တယ်။ ခုလိုပြန့်သွားတာကတော့ ရည်ရွယ်ချက်တမျိုးအတွက် အရမ်းကောင်းပါတယ်။ ဘယ်လောက်ပဲ အာဏာရှင်ကို အလုပ်အကျွေးပြုပြု သူတို့စိတ်နဲ့အခန့်မသင့်ရင် ဒီလိုဘ၀မျိုးရောက်ရမယ်ဆိုတာ အာဏာရှင်ကို လက်ရှိကိုးကွယ်နေတဲ့ကောင်တွေ၊ တပ်မတော်သားတွေအတွက် သင်ခန်းစာယူသင့်ပါတယ်။

    ReplyDelete
  4. Spreading in facebook is not surprise. Because people want to share this interesting news to friends.
    But orginal distributor is Apk Cartoonist. It is very interesting. Why and how Saya APk get this video?

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။