ဒီနေရာမှာ ကျွန်တော်တို့က သင်္ကန်းကျွန်းအမတ် ကော့ကရိတ်ဦးသိန်းညွန့်ကို ပြုံးပြရမှာဘဲ။ ” ကျွန်တော်လည်း လွှတ်တော်က အပြန် သင်္ကန်းကျွန်း ပြည်သူ့ဆေးရုံကြီးကို သွားကြည့်ဦးမှဘဲ...” ဦးသိန်းညွန့် စကားပါ။ နိုင်ငံရေးမှာ လူထုခံစားမှုက သွေဖည်သွားရင် စီပွားရေးသမား ဖြစ်သွားလိမ့်မယ်။ အဲဒီလို ရိုးရိုးလေးဘဲ မြင်မိပါတယ်။
သိပ်မကြာပါဘူး။ အွန်လိုင်း မိတ်ဆွေ တစ်ယောက်ဆီက ဖုန်းလာပြန်တယ်။ အစ်ကိုရေ..." ကျန်းမာရေးဝန်ကြီး ညာနေပြီ...” တဲ့။ “ ပုံပြင်တွေ ပြောနေတာ သည်းခံပြီး နားထောင်လိုက်ဦး... အမှန်တွေကို ဖော်ထုတ်ကြတာပေါ့...” လို့  ပြောလိုက်ပါတယ်။
ဘယ်လိုရှုထောင့်မျိုးက၊ ဘယ်နေရာက၊ ဘယ်လိုနည်းနာတွေနဲ့ ကျွန်တော်တို့ ပြည်သူကဘ၀င်ကျ ရမှာတုန်း။ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးထားတယ်...။ ဆေးပဒေသာပင်တွေ ထူထောင်ပေးထားတယ်...။ ငွေကြေး မတတ်နိုင်သူတွေကို ဆေးဝါးတွေ အလကားပေး၊ ကုသမှုတွေ အတွက် စရိတ်ပေးစရာ မလိုဘူး... ဒါတွေကို ကျန်းမာရေးဝန်ကြီးက လွှတ်တော်ထဲမှာ ပြန်ချေပ သွားတော့ ထကွိုင်တဲ့ အမတ်က သူ့ဟာသူ ပြန် ရုပ်သိမ်းသွားသတဲ့လေ။ အားလုံးအတွက် ရယ်စရာကြီး ဖြစ်နေပါတယ်။
“ စရိတ်မျှပေး ကျန်းမာရေး ” အတွက် ပြည်သူတွေက တကယ်မငြိုငြင်ပါဘူး။ ကျန်းမာရေး ၀န်ထမ်းတွေရဲ့ မိသားစုချို့တဲ့မှုတွေ၊ လူမှုရေး မပြည့်စုံမှုတွေကို ဆေးရုံလာတက်တဲ့သူတွေက စာနာ သဘောပေါက်ပြီးသားပါ။ လာဘ်ယူကြတယ်၊ လာဘ်ပေးရတယ်လို့ စိတ်ထဲ လုံးဝမထားပါဘူး။ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးရုံဝန်ထမ်းတွေဆိုတာ တကယ်တော့ ပြည်သူထဲက ပြည်သူတွေ မဟုတ်လား။ အတူတူနဲ့ အနူနူ စနစ်ဆိုးရဲ့ ဒဏ်ရာတွေကို ဘုန်းဘုန်းလဲအောင် ခံနေကြရသူတွေဘဲလေ။
မနှစ်ကပေါ့။ ကျွန်တော့်သမီးနဲ့ သား မူလတန်းကျောင်းသား နှစ်ယောက်ကို စမ်ချောင်းဒေသန္တရ ဆေးခန်း (ဗားကရာလမ်းနဲ့ ပန်းခြံလမ်းထောင့်မှာ ရှိတယ်) မှာ ကိုယ်အလေးချိန် ချိန်ဖို့၊ အရပ်တိုင်းဖို့ ရောက်သွားတော့ ဒု- ၀န်ကြီးလာလိမ့်မယ်၊ နောက်နေ့ မှ လာခဲ့ ဆိုတာနဲ့ တပ်ခေါက်ခဲ့ရပြီး နောက်နေ့  သွားတော့ လက်ဘက်ရည်ဘိုး ပေးခဲ့ရပါတယ်။ ကလေးတွေ ကျောင်းက သွေးအမျိုးအစား စစ်ဆေးပေးဖို့  တစ်ယောက်ကို ( ၅၀၀ ) ကျပ်စီ ပေးလိုက်ရပါတယ်။
ပေးရတာကို မကျေမနပ် မဖြစ်မိပါဘူး။ ဒါ... မိဘတိုင်းရဲ့  ဖီလင်ပါ။ နားလည်နိုင်တယ်၊ မြိုချလို့ ရပါတယ်။ အောက်ခြေမှာ ဖြစ်နေတာက “ ဂ ” ငယ်တွေပါ...“ ပ ” မဟုတ်ပါဘူး။ ဒါတွေ ဖြစ်နေတယ်...။ တီဗီကနေပြီး တလွဲတွေ လျှောက်ပြောနေတာကို ပြည်သူတွေက အမြင်ကတ်နေကြတယ်၊ မပြောရင်လည်း မပြောနဲ့ ရှော့ခ် မရှိဘူး... ပြောရင်တော့ ပြည်သူတွေရဲ့ခံစားမှုနဲ့ မဝေးစေနဲ့ ..မဟုတ်ရင် တိုင်းပြည် အနာဂတ်အတွက် မှောင်မည်းနေဦးမှာဘဲ...။ ဒီနေ့ အစိုးရသတင်းကို နားထောင်ပြီး ပြည်သူတွေရဲ့ တုန့်ပြန်ချက်တွေက လွှတ်တော်ထဲရောက် ၀န်ကြီးတချို့ အတွက် နံမည်ပျက်စေပါတယ်။
ကျွန်တော့်ဇနီးရဲ့ အစ်ကိုဆို F.R.C.S. ဘွဲ့ ရထားတဲ့ ခွဲစိပ်အထူးကု တစ်ယောက်ပါ။ ဆရာဝန်ကြီးတွေလည်း သူတို့ရတဲ့ ပိုက်ဆံထဲက မရှိဆင်းရဲသား လူနာတွေအတွက် တတ်နိုင်သမျှ လှူဒါန်းကူညီပေးကြပါတယ်။ ဒါပေမယ့်...ဆင့်ပါးစပ် နှမ်းပက်သလိုဘဲ၊ တောင်မင်း မြောက်မင်း မကယ်နိုင် ဖြစ်နေပြီ လို့  ကျွန်တော့်ကို ညည်းတွားဖူးပါတယ်။ ဆေးရုံတွေမှာ ဘာတွေ ဖြစ်နေသလဲ၊ ဘာတွေ လိုအပ်နေသလဲ...သူတို့ အသိဆုံးပါ။ ကျွန်တော်တို့ ဆိုတာ ခပ်လှမ်းလှမ်းက ငချွတ် တွေပါ။
” ဦးမျိုးရေ...အခြေအနေ မကောင်းဘူး ” ဆိုတာ ယောက်ဖတော်ရဲ့ စကားပါ။
လွှတ်တော်ထဲက အမတ်မင်းတွေရဲ့ အမေးတွေ၊ အဆိုတွေကို စိတ်ဝင်တစားကြီး မဟုတ်တောင် မယုံတယုံနဲ့တော့ လူထုကြီးက နားစွင့်နေပါတယ်။ အမတ်မင်းတွေလည်း ကျေနပ်လောက်ဖွယ် အဖြေကို မရလို့ ပက်လက်လန် နေကြပါတယ်။ ၀န်ကြီးတွေ ပြန်လည် ချေပသွားတာတွေက နအဖအစိုးရရဲ့ ကောင်းကွက် တွေကို ဟိုင်းလိုက် လုပ်ပြီး ၀ါဒဖြန့် နေသလို ဖြစ်နေတယ်လို့  တချို့က သုံးသပ်ကြတယ်။ မေးခွန်းတွေ၊ အဆိုတွေ ဆိုတာ လွှတ်တော်ဆီ ပို့ ထားတာ ကြာလှပြီ မဟုတ်လား။
ပြည်သူတွေထဲမှာ နိုင်ငံရေးပါး ၀ တဲ့သူတွေ ရိုက်သတ်လို့ မကုန်ပါဘူး...။
လွှတ်တော်က နိုင်ငံရေးပါး မ၀တာ ခက်တယ်...။
အောင်မျိုးထွန်း
၁၀- ၃- ၂၀၁၁
ပေးပို့ပေးတဲ့ ကိုအောင်မျိုးထွန်းအား ကျေးဇူးတင်ပါသည်..။

လွှတ်တော်တက်နေတဲ့ ပြည်သူ့ဆန္ဒရှင် အမတ်များခင်ဗျာ . . အမတ်မင်းများဟား နေ့စဉ်လူမှုဘ၀တွေနဲ့ ပုံမှန်ထိတွေနေကြတာပါ။ ကျန်းမာရေးဝန်ကြီးက ဆင်းရဲသားများအတွက် ဆေးရုံတွေမှာ အခမဲ့ ဆေးကုပေးတယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ ထူထောင်ထားတယ်လိုဘဲပြောတာပါနော်။ သူ့တို့က ဆိုင်းဘုတ်ဘဲ ထူထောင်တားတာပါ။ တကယ်တော့ ဆေးစာအုပ်က အစ ပေးလိုက်ရတဲ့ ပိုက်ဆံပါ။ ကျန်တာတွေကတော့ ပတ်တီးမှအစ ရောဂါအခြေအနေပေါ်မှာ မူတည်ပါတယ်။ ဒါတွေကို အမတ်မင်းတွေ မသိတာလား။ ဒါမှ မဟုတ် လွှတ်တော်မှာ ၀ဇိပိတ်ကျင့်နေရလို့လား။ အမတ်မင်းတွေဟာ ပြည်သူ့ ကိုယ်စားလှယ်တွေပါဗျာ။ ပြည်သူ့တွေ အတွက် အသံတွေ ထွက်ပေးကြပါ။ ပြည်သူ့တွေအတွက် တောင်းဆိုပေးကြပါ။ ပြည်သူတွေ နစ်နာချက်တွေကို တင်ပြပေးကြပါ။ ခင်ဗျားတို့ကို အသဲကြားက မဲတပြားပေးခဲ့တဲ့ ပြည်သူ့တွေကို ခင်ဗျားတို့ ဘယ်လို ပြန်ပေးဆပ်မှာလဲ။ ဘယ်လို တုံပြန်မှာလဲ။ စစ်အသုံးစရိတ်ကို ဘတ်ဂျက်ရဲ့ လေးပုံတပုံသုံးမယ်တဲ့။ ခင်ဗျားတို့ မကန့်ကွက်တော့ဘူးလား။ လွှတ်တော် အမတ်မင်းတို့ အိပ်ပျော်နေကြတာလား . . . .ပြည်သူ့တွေက ခင်ဗျားတို့ကို စောင့်ကြည့်နေတယ်နော် . . . ခင်ဗျားတို့ ပြည်သူ့တွေကိုတော့ အားနာကြပါဗျာ . . ကျုပ်တို့ နိုင်ငံ လူစဉ် မမီတာ အနှစ် (၂၀) ကျော်ပြီဗျ။
ReplyDelete