Pages

Monday, July 18, 2011

သာသနာရေးရှုထောင့်နဲ့သာ ဆည်းကပ်သင့်သော ဆရာတော်ကြီး (ဆောင်းပါးရှင် သီတလ)

 ဗန်းမော်ဆရာတော်ဘုရားကြီး ဂျပန်နိုင်ငံသို့ ရောက်ရှိစဉ် တိုကျိုမြို့ နီပိုရီသုဿန်သို့ 
မေတ္တာပို့ အမျှပေးဝေရန် ကြွရောက်လာစဉ်... (ဓာတ်ပုံ ဝိမုတ္တိသုခ)
သာသနာရေးရှုထောင့်နဲ့သာ ဆည်းကပ်သင့်သော ဆရာတော်ကြီး
(ဆောင်းပါးရှင် သီတလ)
သာသနာရေးရှုထောင့်နဲ့သာ ဆည်းကပ်သင့်သော ဆရာတော်ကြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး အမေရိကားကို ရောက်တုန်း ရောက်ခိုက်မှာ ၀ါရှင်တန် မက်ထရို မြန်မာမိသားစုများက ဆရာတော်ဘုရားကြီးကို အိတ်ဖွင့်ပေးစာ ပေးပို့ဆက်ကပ်တယ် ဆိုတဲ့အကြောင်း
မိုးမခ မီဒီယာမှာ ဖတ်ရပါတယ်။
http://moemaka.com/index.php?option=com_content&task=view&id=9425&Itemid=1

စာထဲမှာ ရေးထားတာကတော့ နိုင်ငံရေးအကျဉ်းကျ သံဃာတော်များနဲ့ သီလရှင်ဆရာလေးများ လွတ်မြောက်ရေးအတွက် ဆရာတော်ဘုရားကြီးက အကူအညီပေးဖို့ လျှောက်ကြတာပါ။ ဒီမတိုင်မီ ရက်အနည်းငယ်ကလဲ အဲဒီမှာ သီတင်းသုံးနေကြတဲ့ ဆရာတော်အချို့က ဆရာတော်ဘုရားကြီးကို အလားတူ စာမျိုးပေးပို့ ဆက်ကပ်ကြကြောင်း ဖတ်ရပါသေးတယ်။

ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာမြန်မာ့လူ့အဆောက်အအုံကြီးကို ကြည့်လိုက်ရင် ဆရာတော်ကြီးတွေကို အလွန်ကို မြတ်မြတ်နိုးနိုးနဲ့ တလေးတစား အလေးထားကြတာ ကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရှေးအခါကဆိုရင် ရပ်ထဲရွာထဲမှာ ကိုယ့်အချင်းချင်း ဖြေရှင်းလို့ မရတဲ့ ကိစ္စမျိုးပေါ်ပေါက်လာရင် ရွာဦးကျောင်းဆရာတော်ရဲ့ အဆုံးအဖြတ် ကိုပဲ ရယူခဲ့ကြပါတယ်။ ဆရာတော်ရဲ့ အဆုံးအဖြတ်ကိုပဲ တစ်ရပ်လုံး တစ်ရွာလုံးက လေးလေးစားစားနဲ့ လိုက်နာခဲ့ကြပါတယ်။ ဒါကြောင့်လည်း မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး အရှင်ဇနကာဘိဝံသ က “ဘာသာသွေး”ဆိုတဲ့ စာအုပ်ကလေးထဲမှာ “ တို့ မြေဌာနီ၊ ရှေးခါဆီဝယ်၊ မထေရ်အပေါင်း၊ စံရာကျောင်းမှာ၊ ငြိမ့်ငြောင်း သာယာ၊ မိန့်အာဏာကို၊ ရပ်ရွာလူများ၊ လွန်လေးစားခဲ့” လို့ ရေးသားခဲ့တာ မဟုတ်ပါလား။ အခုအချိန်ထိအောင် ကျွန်တော်တို့တွေဟာ ကိုယ့်မိသားစုထဲက တစ်ယောက်ယောက်က ပြောမရ ဆိုမရ ဖြစ်လာရင် ကိုယ်နဲ့ ဆရာ ဒကာလိုရော မိသားစုလိုပါ ရင်းနှီးနေတဲ့ ဘုန်းဘုန်းတွေနဲ့ တွေ့တဲ့အခါ “ဘုန်းဘုန်းဘုရား၊ ဘယ်သူတော့ဖြင့် ပြောမရ ဆိုမရနဲ့၊ ဘုန်းဘုန်း ဆုံးမပေးပါအုံး” ဆိုပြီး ကျွန်တော်တို့ နှုတ်က အလိုလို လျှောက်မိတတ်ကြပါတယ်။


အခုလည်းပဲ အမေရိကားက ဆရာတော်များနဲ့ မြန်မာမိသားစုများက ဗန်းမော် ဆရာတော်ကြီးကို အားကိုးတကြီးနဲ့ မိမိတို့ဆန္ဒကို ဖွင့်ဟလျှောက်ထားကြတာဟာ မြန်မာ့ စိတ်ရင်းကို ဖော်ပြကြတာဖြစ်လို့ အပြစ်ဆိုစရာတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ တစ်ခု သတိပြုစေချင်တာက ဗန်းမော်ဆရာတော်ဘုရားကြီးဆိုတာဟာ ငယ်စဉ်ကာလ ကတည်းက စာပေပညာဘက်ကိုပဲ တစိုက်မတ်မတ်နဲ့ ကြိုးစားအားထုတ်ပြီး ပရိယတ် ပဋိပတ်တွေထဲမှာပဲ စိတ်ကို နှစ်မြုပ်ထားတဲ့ ဆရာတော်ကြီး ဖြစ်တယ်ဆိုတာပါ။ အခြား ထွေလီကာလီ ကိစ္စတွေမှာ စိတ်ပါဝင်စားခြင်း ရှိတော်မူတယ် လို့တော့ ကျွန်တော် မကြားမိပါဘူး။ ဒါကြောင့်လည်း ဆရာတော်ကြီးဟာ စာပေပရိယတ်အရာမှာ ထူးချွန်ပြောင်မြောက်တော်မူပြီး ပရိယတ် သာသနာတော်ဆိုင်ရာ ထိပ်တန်းတာဝန်ကြီးတွေကို ထမ်းဆောင်တော်မူနိုင်တာ ဖြစ်ပါတယ်။

ကျွန်တော်သိရသလောက် နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆိုတဲ့, စစ်အာဏာရှင်တွေနဲ့ ကင်းကင်း ရှင်းရှင်း နေလို့ မဖြစ်နိုင်တဲ့ တာဝန်ကို ဆရာတော်ကြီးက ယူတော်မမူချင်ပါဘူး။ အခြားဆရာတော်ကြီးတွေ အများစုက ၀ိုင်းဝန်းတိုက်တွန်းကြ လို့သာ “သံဃာအား ဘုရားမဆန်သာ” ဆိုတာလို မလွှဲသာမရှောင်သာ တာဝန်ယူတော်မူရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပရိယတ် ပဋိပတ်အပေါ်မှာပဲ စိတ်ကို နှစ်မြုပ်ထားပြီး စာပေပရိယတ်အရာမှာ ထူးချွန်ပြောင်မြောက်တဲ့ ဆရာတော်မျိုး ဆိုတာဟာ သာသနာရေး ရှုထောင့်အရ ကြည့်မယ်ဆိုရင် သာသနာတော်မှာ ရတောင့်ရခဲ ဆရာတော်မျိုး ဖြစ်ပါတယ်။ ဒီလိုဆရာတော်ကြီးမျိုးကို နိုင်ငံရေးရှုထောင့်အရ ချဉ်းကပ်ပြီး အကူအညီတောင်းခံကြတာဟာ သင့်တော်ပါ့မလား တွေးစရာ ဖြစ်ရပါတယ်။

ဆရာတော်ကြီးကိုယ်တော်တိုင်က ကိုယ်ကျက်စားရာနယ်ပယ် မဟုတ်သော်လည်း အိပ်ဖွင့်ပေးစာ ဆက်ကပ်ကြတဲ့ ဆရာတော်တွေ၊ တပည့်ဒကာ ဒကာမတွေကို ငဲ့ညှာထောက်ထား, ထောင်ထဲမှာ နှစ်ရှည်လများ ဒုက္ခတွေကို ဆိုးဆိုးဝါးဝါး ခံစားနေကြရတဲ့ သံဃာတော်တွေ သီလရှင်ဆရာလေးတွေကို သနားလို့ စစ်အာဏာရှင်တွေကို လွှတ်ပေးဖို့ ပြောတယ် ဆိုလျှင်တောင် စစ်အာဏာရှင်တွေက လွှတ်ပေးပါ့မလား။ ကျွန်တော်တော့ နည်းနည်းလေးမှ မထင်ဘူးဗျာ။ ပြောနေကြအတိုင်း လိမ်နေကြ ညာနေကြအတိုင်း “နိုင်ငံရေးကြောင့် အကျဉ်းကျနေတာ မရှိပါဘူးဘုရား၊ ပြစ်မှု ကျူးလွန်လို့ ကျတာပါဘုရား”ဆိုပြီး ပလီပလာ ပြောမှာကိုပဲ မြင်နေမိပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ စစ်အာဏာရှင်ဆိုတာက သူတို့ရဲ့ အာဏာကို ထိခိုက်လာမယ်ထင်ရင် ဗန်းမော်ဆရာတော်ဘုရားကြီး မပြောနဲ့ ၊ သက်တော်ထင်ရှား မြတ်စွာဘုရား ကိုယ်တော်တိုင် ကြွပြီး ပြောရင်တောင် ရမှာ မဟုတ်ပါဘူး။ လက်နက်ကို အင်အားအဖြစ်နဲ့ ကိုးကွယ်ဆည်းကပ်နေသူတွေအတွက် သူတော်ကောင်း ပုဂ္ဂိုလ်တွေရဲ့ မေတ္တာ ကရုဏာစကားတွေဟာ သဲထဲရေသွန် ဖြစ်နေမှာပါ။ ဒီလိုအခြေအနေမျိုးမှာ သက်တော်အရ ကြီးရင့်တော်မူပြီဖြစ်တဲ့, ကျန်မာရေးကောင်းလို့, ခရီးကြွနိုင်လို့သာ အမေရိကမှာ ရောက်နေကြတဲ့ ဒကာဒကာမတွေ ဖူးတွေ့ခွင့်ရတဲ့, သာသနာတော်မှာ ရတောင့်ရခဲ ဆရာတော်ဘုရားကြီးကို ဖူးတွေ့ရတုန်းမှာ နိုင်ငံရေးအရ အပူမကပ်ဘဲ သာသနာရေး ရှုထောင့် တစ်ခုတည်းကပဲ ချဉ်းကပ်ပြီး ကုသိုလ်ယူကြ စေချင်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ စစ်တပ်က စစ်တပ်နေရာ မနေဘဲ နိုင်ငံရေးထဲ ၀င်ရှုပ်ပြီး တစ်နိုင်ငံလုံးကို ဂုတ်သွေးစုပ်နေသမျှ သာသနာရေးကိစ္စကိုသာ ဆောင်ရွက်ကြ ရမယ့်ဆရာတော် သံဃာတော်တွေရော, ပညာရေးကိုသာ တစိုက်မတ်မတ် လုပ်ကြရမယ့် ကျောင်းသား ကျောင်းသူတွေရော,ပြည်သူတစ်ရပ်လုံးကပါ စစ်တပ်ကို နိုင်ငံရေး နယ်ပယ်က မောင်းထုတ်ပြီး စစ်အာဏာရှင် စနစ်ကို အမြစ်ပါပြုတ်အောင် လုပ်နေကြရဦးမှာပါ။ ဒီလို စစ်အာဏာရှင်စနစ် အမြစ်ပြုတ်အောင် လုပ်ဆောင် ကြတဲ့နေရာမှာ နိုင်ငံအတွက် ရင်မအေးနိုင်လို့ ကိုယ်တတ်နိုင်ရာက ပါဝင်လှုပ်ရှား တော်မူကြတဲ့ ဆရာတော် သံဃာတော်တွေကို ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ လေးစားကြည်ညိုကြရမှာ ဖြစ်သလို အလားတူ သာသနာရေး သက်သက်ကိုသာ စူးစူးစိုက်စိုက် ဆောင်ရွက်တော်မူကြတဲ့ ဆရာတော်ဘုရားကြီးများ ကိုလဲ သာသနာရေး ရှုထောင့်အရ လေးစားကြည်ညိုကြရမှာ ဖြစ်ကြောင်းပါခင်ဗျား။

သီတလ

13 comments:

  1. မဟနဥက္ကဌအနေနဲ.နိုင်ငံရေးသမားတွေအတွက်မဟုတ်တောင်မတရားနှိပ်စက်အကျဉ်ချခံနေကြရရှာတဲ.သာသနာ.ဝန်ထမ်းရှင်ရဟန်းများနှင်.သီလရှင်ဆရာလေးများအတွက်အထူးကိုတာဝန်ရှိနေပါတယ်ဆိုတာကိုတော..သာသနာရှုထောင်.ကပဲကြည်.ကြည်.သာသနာ.ဥသျှောင်ကြီးတွေရဲ.သာသနာအဓွန်.ရှည်တည်တန်.ရေးအတွက်ကာကွယ်စောင်.ရှောက်ပေးရမဲ.အထူးတာဝန်ကြီးတစ်ရပ်ဆိုတာကို...ဆရာသီတလ သဘောပေါက်လိမ္မယ်ထင်ပါတယ်။

    ReplyDelete
  2. လုံးဝ သဘောမတူပါ။ သာသနာ့ အရေးသည် နိုင်ငံအရေးနှင့် ဆက်စပ်ပတ်သက်နေပါသည်။ သာ့သနာကို ဖျက်ဆီးနေသူများအား ပြောရသည် မရသည်ထား.... ပြောသင့်တာကို ပြောရမည်မှာ မှန်ကန်သော ဘုရားဟောနှင့် ကိုက်ညီသော လုပ်ရပ်ဖြစ်ပါသည်။ မြတ်စွာဘုရားသည် ရေငုံနှုတ်ပိတ်နေခဲ့သော ဘုရားမဟုတ်ခဲ့ပါ။ ၄၅ ၀ါကာလပတ်လုံး ဟောသင့်ဟောထိုက်သော တရားများကို ဟောခဲ့သူဖြစ်ပါသည်။ တခု သာသည်မှာ မြတ်စွာဘုရားသည် ဘုရားဖြစ်သည့်အတွက် မည်သည့်အချိန်တွင် မည်သည့် နည်းလမ်းဖြင့် ဟောပြောခြင်းသည် အကျိုးရှိမည်ကို သိခဲ့ပါသည်။ သဗ္ဗညုတ ဥာဏ်တော် မရသေးသည့်အတွက် မည်သည့်အချိန်တွင်မည်သည့်နည်း ဖြင့် ဟောရမည်ကို မသိသော်လည်း ဟောသင့် ပြောသင့်သည်ကိုမူ ဟောရပြောရမည်မှာ သက်ဆိုင်သူ အားလုံး၏တာဝန်သာ ဖြစ်သတည်း။

    ReplyDelete
  3. That's right above two comments.

    ReplyDelete
  4. I don't agree the stand of the author. As a leader of the Sanga community in Burma, Sayadaw has duties to fulfill. Even the Lord Buddha tried to intervene the imminent war between the two states for the water dispute of "Ah Naw Mar" river. So, the burmese community in USA has done a great job by letting Sayadaw know about the current situation regarding the imprisoned sangas.

    ReplyDelete
  5. သီတလ ဟာ သံဃာတော်တွေ နိုင်ငံရေးမလုပ်ရ --ဆိုတဲ့ လေသံ လွှမ်းနေတယ် လို့ ယူဆမိပါတယ်။
    ပြည်တွင်းမှာ ဆရာတော်ကြီး အပြည့် အစုံ မသိနိုင်တာတွေ အသိပေးလျှောက်ထားခြင်းသာ ဖြစ်ပါတယ်။
    စစ်အုပ်စု ကတော့ မဟန ဥက္ကဋ္ဌ ဆရာတော်မပြောနဲ့ ၊ သက်တော်ထင်ရှား မြတ်စွာဘုရား ဆင်းဟောရင်တောင်မှ နားထောင်မဲ့ပုံမပေါ်။

    ReplyDelete
  6. ၈၈၈၈ ကာလအစပိုင်း ဆန္ဒပြသူတွေကို တရကြမ်းနှိမ်နင်းတဲ့ အချိန်၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ မေတ္တာရပ်ခံချက် ဆိုပြီး အပစ်အခတ်ရပ်ဘို့အစိုးရကိုမေတ္တာရပ်ခံလွှာ ကို
    မြန်မာ့အသံက ညနေနဲ့ ညပိုင်းတွေမှာ လွှင့်ထုတ်တယ်။ နောက်တနေ့ သားသတ်သမားလို့ နာမည်ကြီးခဲ့တဲ့ သမ္မတဦးစိန်လွင် ရာထူးကနုတ်ထွက်သွားခဲ့ပါတယ်။ ပစ်တာခတ်တာတွေလဲ (အာဏာသိမ်းတဲ့အချိန်ထိ) ရပ်သွားခဲ့ပါတယ်။

    အာဏာသိမ်းပြီးနောက် စစ်အစိုးရက အရေးအခင်းကာလအတွင်း ရာဇောဝါဒ အပါအဝင် တရားတော်တွေနဲ့ အာဏာပိုင်တွေကို ထိထိမိမိ ရဲရဲဝန့်ဝန့် ဝေဖန် ထောက်ပြခဲ့တဲ့ သီတဂူဆရာတော်ကို လူဝတ်လဲစေဘို့ ချဉ်းကပ်လျှောက်ထားတဲ့အခါ အကျိုးတော်ဆောင်ချုပ်ဆရာတော် မင်းကွန်းဆရာတော် အရှင်ဦးဝိစိတ္တသာရာဘိဝံသက “သီတဂူဆရာတော် ကို လူဝတ်လဲစေချင်ရင် ဘုန်းကြီးအတွက်ပါ အဝတ်တစုံပိုယူခဲ့” ပြောလို့ မကြိုးစားရဲတော့ဘူး လို့ကြားခဲ့ဘူးပါတယ်။ ဒါဘယ်လောက်မှန်တယ် အထောက်အထားမရှိလို့မပြောနိုင်ပေမယ့် ဆရာတော်ကြီး မင်းကွန်းပြန်ကြွ သွားတော်မူခဲ့တာ၊ နောက်ပိုင်း အတွင်းရေးမှူး(၁)ဗိုလ်မှူးချုပ် ခင်ညွန့် (ယ္ခုအခါ ဗိုလ်ချုပ်ကြီးဟောင်းဘဝဖြင့် ဝတ်ကြွေးများပေးဆပ်နေသူ) မင်းကွန်းတောင်ရိုး ဆရာတော်ကြီးသီတင်းသုံးရာ ကျောင်းတိုက်သို့ သွားရောက်ဖူးမျှော် (လျှောက်ထား? တောင်းပန်?) သည့်အခါတွင် ဒိသာဖရဏမေတ္တာပို့နည်းဟု ထင်ရှားလာမည့် အရပ်ဆယ်မျက်နှာ မေတ္တာ ဘာဝနာ ပွားနည်းတရားတော်ကို ဟောကြားခဲ့တာ စသည်တို့မှာ အထင်အရှား ဖြစ်ပါတယ်။ ရာဇဝင်မှာလည်း မင်းနှင့်ပြည်သူ ပဋိပက္ခအသွင်ဆာင်သည့်အခါများ၌ (ဂတိမတိမ်းမယိမ်းမယိုင် ကြံ့ခိုင်သော) မေတ္တာဖြင့် မှန်စွာရပ်တည် ညီညွတ်စေခဲ့ သည်များ အထင်ရှား ရှိခဲ့ကြပါတယ်။

    (ဦး)သီတလ ဆိုတာ ရဟန်းလား လူလား မသိ။ ပြည်သူလူထုပေါ် ထားရှိသောသူ့ စေတနာသို့ ဝေဝါးဝါး။ ကြိုးကြားကြိုးကြား တွေ့ရတတ်သော သူ့စာများကမူ sugar coated ဝမ်းနုတ်ဆေး ကဲပုံရသဖြင့် ဝမ်းဖေါဖေါ သွားလိုသူများ အတွက်သာဟု ဆိုသင့်သည် ထင်ပါကြောင်း။

    ReplyDelete
  7. အေးဗျာ... ဘာမှတော့ မပြောလိုပါဘူး။ ဒါပေမဲ့ တကယ်တရားသက်သက် အမှန် လုပ်တယ်ဆိုတဲ့ ဆရာတော်ကြီးများဆိုတာ အာဏာပါဝါ ဂုဏ် ပစ္စည်း များနဲ့ ပရိသတ်များတဲ့ လူကြားထဲတောင် မသွားကြတော့ပါဘူး။ လူမှုကိစ္စ တွေနဲ့ ပူပင်မှုများနဲ့ ရှုပ်မှာစိုးလို့လေ။ ဒါတောင်မှ သတ္တဝါတွေ သေကြေပျက် စီး ဒုက္ခရောက်ကြရပြီဆိုရင် ဝင်ကယ်တာ ကူညီတာတွေဟာ ဟိုး ရှေးရှေးထဲ က ရှိခဲ့ပါတယ်။ ရှေးဘုရင် များ လက်ထက်တုန်းကဆိုရင် အခုလို ဆရာတော် များဆိုတာ မင်းတိုင်ပင် ဆရာတွေပါ။ မင်းတွေ တိုင်းပြည် အုပ်ချုပ်သူတွေ မမှန်တာ မတရားတာ လုပ်ရင်၊ ပြည်သူများ ဒုက္ခနဲ့ ရင်ဆိုင်ရရင် မနေနိုင်ကြပဲ ဝင်ပြီး အုပ်ချုပ်သူများကို သတိပေးရ၊ ပြုပြင် ပေးကြရ။ ဆုံးမသြဝါဒ ပေးကြ တယ်။ သာသနာကို ထိပါး ထိခိုက်တာတွေ ဖျက်ဆီးတာတွေ ဖြစ်လာရင် ဝင် ရောက် ဖြေရှင်း ပေးကြတယ်။ သြဝါဒါစရိယ ဆိုတာလဲ ဒီလိုလုပ်ဆောင်ရ မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါဟာ သာသနာကို ကာကွယ်စောင့်ရှောက်တာပါ။ အဲဒီလိုမှ မကာကွယ် မကူညီပဲ မသိဟန်ဆောင်နေတာမျိုးဆိုရင်တော့ သာသနာ့တာဝန် မကျေရာ ရောက်တယ်လို့ပဲ မြင်တယ်လေ...။ အရှင်မဟာကဿပ၊ အရှင်ပိလိန္ဒဝစ္ဆ၊ အရှင်အာနန္ဒာ စတဲ့ လူသူကြားထဲမှာ မနေကြတဲ့ ရဟန္တာစစ်စစ်ကြီး များတောင် လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းများလဲ ဖြစ်တယ်ဆိုတာ စာအုပ်တွေ ဖတ်ရင်းလဲ သိရပါတယ်ဗျာ... ကျန်တဲ့ သံဃာတွေ အားလုံးလဲ ဒီလိုသာ မသိဟန်ပြု နေလိုက်ကြရင် အိန္ဒိယမှာလို သာသနာက ကြာရင် အရိပ်လေးနဲ့ အသံလေးပဲ ကျန်တော့မယ်ထင်ပါတယ်ဗျာ....။

    ReplyDelete
  8. ဝေဖန်သူတွေအနေနဲ့ စာရေးတဲ့သူအပေါ်မှာ ဝေဖန်တာကို တော့ ဘာမှ မပြောလိုပါဘူး။ အဒီ စာေ၇းတဲ့သူက ဘယ်အဆင့်အတန်းရှိတယ်ဆိုတာ မသိလို့ပါ။ ဒါပေမဲ့ ဗန်မော်ဆရာတော်ကြီးအပေါ်မှာ တာဝန်ရှိတယ်လေး ဘာလေးနဲ့ ဝေဖန်ကြတာတော့ မသင့်တော်ပါဘူး။ ခင်ဗျားတို့ ဗုဒ္ဓဘာသာဝင်တွေ ဆိုရင် ဒီလို ဆရာတော်ကြီးကို ဒီအပြောမျိုး မပြောထိုက်ပါဘူး။ ခင်ဗျားတို့အထဲက ဆရာတော်ကြီးလို စာပေတတ်မြောက်ပြီး ဆရာတော်ကြီးလောက် အကျင့်သီလကောင်းတဲ့သူ ဘယ်နှစ်ယောက်လောက်များ ရှိနေပြီ၊ ပြောပြစမ်းပါဗျာ။ ကြည်ညိုချင်လို့။ ခင်ဗျားတို့ဟာ နိုင်ငံရေးအဆိပ်မွှန်ပြီး သာသနာ့ထိပ်ခေါင်တင်ဆရာတော်ကြီးကိုပါ ဝေဖန်လာတာကတော့ တော်တော် မတရားဘူးဗျာ။

    ReplyDelete
  9. ဆရာတော်ကြီးကိုပဲ တိုက်ရိုက်ဝေဖန်ပါ့မယ်။ (အသက်၊ဂုဏ်၊ဝါတွေကိုထောက်ထားပြီး မဝေဖန်ခဲ့လို့ ဒီနိုင်ငံ ဒီခြေအနေရောက်နေတာပါ)။ တကယ့်ပညာတတ်၊ ပညာရှိပုဂ္ဂိုလ်ဟာ တခြားသူဘယ်လောက်တိုက်တွန်းတွန်း လူ့လောကအတွက် ဆိုးကျိုးကိုဖြစ်စေတဲ့၊ လူတွေမလိုလားတဲ့ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်နဲ့မှ မပေါင်းသင်းပါဘူး။ သူတို့ရဲ့ ဂုဏ်သိက္ခာအတွက် အသက်ပေးဖို့ကိုလဲ ဝန်မလေးပါဘူး။ လူသာမန်ပညာရှိ၊ ပညာတတ်တွေတောင် ဒီစစ်အာဏာရှင်နဲ့ မပေါင်းချင်လို့၊ သူတို့ခိုင်းတာ မလုပ်ချင်လို့ ရရှိထားတဲ့ ရာထူးတွေကိုစွန့်ပြီး သာမန်ဘဝနဲ့ ခတ်အေးအေးနေသလို၊ တချို့လဲ အဝေးတစ်နေရာ နိုင်ငံခြားတွေကို ကိုယ်ချစ်တဲ့ မိသာားစုဆွေမျိုးတွေကို စွန့်ခွါပြီး သွားနေကြပါတယ်။ ရဟန်းတစ်ပါးဖြစ်တဲ့ ဆရာတော်ကြီးက ဘာဖြစ်လို့ ဒီလူသာမန်တွေလောက်တောင် စိတ်ဓာတ်မခိုင်မာရတာလဲ။ အသေဝနာစ ဗာလာနံ မင်္ဂလာလောက်ကိုတောင် မလိုက်နာနိုင်ပဲ ဒီနေရာကိုယူရင် နေရာနဲ့တန်တဲ့ အလုပ်ကိုတော့ လုပ်ရတာဝန်ယူရပါမယ်။ တကယ့်သူတော်ကောင်းက ဒီလိုလူမိုက်တွေနဲ့ မပေါင်းပါဘူး။ သူတို့အသက်ကို အသေခံပါတယ်။

    ReplyDelete
  10. ကြားဖူးတာလေး ဝင်ပြောကြည့်ဦးမယ်။ နဝတ၊ နအဖ စစ်အာဏာရူးတွေ အာဏာလုပြီး တက်လာတော့ တဖြေးဖြေးနှင့် မဟန အဖွဲ့ကို သူတို့ဖက် ပါအောင် နည်းမျိုးစုံ သုံပြီး ဖျက်ဆီးလိုက်တာ ပျက်စီးကုန်ပါရော။ သံလျှင်က ဦးဝဏ္ဏသီရိဆို နာမည် အပျက်ဆုံးပေါ့။ နောက် ဘယ်သံဃာကမှ မဟနအဖွဲ့ကို မလေးစားတော့တဲ့ အထိ ဖြစ်လာတယ်။ တချို့သံဃာငယ်တွေက မဟန အဖွဲ့ကို “ကိုရင်ကြီးတွေ အဖွဲ့”လို့ ပြောင်လှောင်ကြတယ်။ အဲဒါကို သိလို့ မကြာသေးမီက သံဃာလေးစားတဲ့ ဗန်းမော်ဆရာတော်ကြီးကို အတင်း ဆွဲပြီး ဥက္ကဌတင်တယ်တဲ့။
    သူလဲ မတရား ထောင်ကျခံနေရသူတွေ အားလုံးကို လွတ်စေချင်မှာ သေချာပါတယ်။ ကိုယ့်အနေနှင့်တော့ ဆုံးမ သြဝါးပေးသင့်တယ်၊ မေတ္တာရပ်ခံတာတွေ လုပ်သင့်တယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ အဲဒါတွေ မလုပ်နိုင်ရင်တောင် အရင် မဟန အချို့လို အစိုးရနှင့် ပေါင်းပြီး ဖောက်ပြန်မသွားရင် ဝမ်းသာနေရမှာပါ။
    ခု အမေရိကရောက် မြန်မာတွေရဲ့ဆက်ကပ်စာ လက်ခံလိုက်လို့ ကမ္ဘာအေး မရောက်ခင်များ မဟနဥက္ကဋ္ဌ အဖြစ်က ပြုတ်နေပြီလား ဆိုတာလဲ စောင့်ကြည့်ရမယ်။ အရင် အရူးကြီးလက်ထက်က ဆိုရင်တော့ ပြုတ်နေနှင့်တာ သေချာလှပေါ့။

    ReplyDelete
  11. ဘာပဲပြောပြောပေါ့ဗျာ၊ ခင်များတို့အားလုံးဆရာတော်ကြိးကိုတော့ မဝေဖန်ကြပါနဲ့ဗျာ နိုင်ငံရေးတွေခဏဘေးဖယ်ထားလို့ပြောရင်တော့ ရိုင်းတယ်မထင်ပါနဲ့။ ဆရာတော်ကြိးဟာ ဒီအလုပ်ကိုသူလုပ်ချင်လို့လုပ်နေတာမဟုတ်ပါဘူး ဆိုတာလည်း ကျနော်ပြော၇ဲပါတယ် ဆရာတော်ကြိးဟာ တကယ်ရိုးသားပါတယ်၊ တသက်လုံးစာပေနယ်ပယ်မှာ ကြီးပျင်းလာတော့ နိုင်ငံရေးဆိုတာလဲ သိမယ်မထင်ပါဘူး သိအောင်လဲဇွတ် မတိုက်တွန်း သင့်ပါဘူး။ သီတလပြောသလို ဟိုလူတွေက ဘုရားလာဟောတောင် နိုင်ငံရေးနဲ့ထောင်ချထားတဲ့သံဃာမရှိပါဘူးဘုရားပဲပြောမှာပါပဲ၊ နိုင်ငံတကာတောင်လိမ်မှတော့ ဆရာတော်ကြီးလဲ လိမ်တော့တော့မှာပေါ့ဗျာ။ ပြောတာတော့ပြောပေးလို့ ရပါလိမ့်မယ်။ နားမထောင်မှာကတော့မပူပါနဲ့။ တခုတော့ပြောပါရစေ ဆရာတော်ကြီးကိုတော့ လုံးဝမဝေဖန်လိုက်ပါနဲ့ ခိုက်သွားမှာစိုးလို့စေတနာနဲ့ပြောတာပါ။ ဆရာတော်ကြီးဟာ မေတ္တာသမား စစ်စစ်ကြီးပါ။

    ReplyDelete
  12. အပေါ်က မိတ်ဆွေခင်ဗျား၊ ဒီနေ့ဘဲ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရက ဖိတ်ကြားတဲ့ အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခဲ့ပြီနော်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တွေ့ဆုံးဆွေးနွေးမယ်ဆိုပြီး တဖွဖွ ပြောနေတာဟာ လူမိုက်တွေနဲ့ စကားပြောဖို့ ၊ ပူးပေါင်းပြီး အဖြေရှာဖို့ တောင်းဆိုနေတာ မဟုတ်ပါလားဗျာ။ ခင်ဗျားပြောသလို သာဆိုရင် ဒီနေ့လို အခမ်းအနားမျိုးလဲ တက်စရာမလို၊ တွေ့ဆုံ ဆွေးနွေးမယ်လို့လဲ ကမ်းလှမ်းစရာ မလိုဘူး ထင်ပါတယ်ဗျာ။

    ReplyDelete
  13. ဆရာတော်ကြီးရဲ့သီလ၊သမာဓိ၊ပညာအကြောင်းကလူတွေထက်ရဟန်းသံဃာများကပိုသိပါတယ်။လူတို့ရဲ့အတ္တနှဲ့ဆရာတော်ကြီးကို ဝေဖန်တာဟာ အတော့ကိုသဘော်ထားသေးသိမ်တာဘဲ ဦးစွာဆရာတော်ကြီးဟာဘယ်လိုပုဂ္ဂိုလ်လဲဆိုတာလေ့လာသင့်တယ် ဝေဖန်တာဟာ လွတ်လပ်ခွင့်မို့ဘာမှာ့မပြောလိုပေမဲ့ ကံကံ၏အကျိုးကတော့ခံစားရမှာဘဲ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။