အာဇာနည်နေ့ ရန်ကုန်မြို့ မနက်ခင်းလေး ကြည်ကြည်သာသာ ရှိပါစေလို့ ကျွန်တော့်ဆုတောင်း အမှန် ပြည့်ဝခဲ့ပါတယ်။ မိုးမရွာ နေမပူ နိုင်ငံရေးသမားများအကြိုက် ရာသီဥတုလေးမှာ ရပ်ကွက်ထဲက သူငယ်ချင်း နှစ်ယောက်နဲ့ အတူ နံနက် ၁၀း ၃၀နာရီခန့်၊ လင့်ခ်လမ်းမှတ်တိုင်ကို ဘတ်စ်ကားစီးပြီး ရောက်ခဲ့ပါတယ်။ ကားပေါ်မှာထဲက ဂျင်းဘောင်းဘီရှည်ဝတ် လူငယ်လေးနှစ်ယောက်နဲ့ စကားပြောဖြစ်ပြီး သူတို့လည်း ဗိုလ်ချုပ်ကို အလေးသွားပြုမယ်ပြောလို့ ကျွန်တော် သူတို့နှစ်ယောက်ကို စိတ်ထဲက ချီးကျူးလိုက်လိုက်မိတယ်။ “တို့လူငယ်တို့ ဗိုလ်ချုပ်” မဟုတ်ပါလား။
အာဇာနည်ကုန်းဘက်ကို ကျွန်တော်တို့ ဦးတည်လိုက်တဲ့အခါ လုံခြုံရေးမြောက်မြားစွာကို ရုတ်တရက် တွေ့ လိုက်ရပါတယ်။ ရဲ၊ မီးသတ်၊ ကြက်ခြေနီ၊ အရပ်ဝတ်စုံထောက် ထောင်ဂဏန်းမျှဟာဗိုလ်ချုပ်ကို လာရောက် ဂါရ၀ပြုမယ့် ပြည်သူတွေကို တရံမလပ်ညွှန်ကြားနေပြီး ဝေါ်ကီတော်ကီ၊ မိုဘိုင်းဖုန်း၊ ကင်မရာ အကြီးအသေး မျိုးစုံ၊ စာအုပ်ဘောပင်တွေအသီသီးနဲ့  စောင့်ကြပ်နေပါတယ်။ ပထမအဆင့်မှာ ပါလာတဲ့ ဖုန်း၊ ကင်မရာ၊ အိတ်တွေကို မှတ်တမ်းသွင်းပြီး ထားရစ်ခဲ့ရပါတယ်။ ကျွန်တော်တို့မှာ အဲဒါတွေ ဘာမှပါမလာလို့ နောက်တစ်ဆင့်အနေနဲ့ ကန်လန့်ကာအပြာကြီး ချထားတဲ့အလုံပိတ် တဲရုံလေးထဲ ၀င်ရောက်ပြီး ခန္ဓာကိုယ်ကို စိမ်ပြေနပြေစစ်ပါတယ်။ ကျွန်တော့်ရဲ့ စီးကရက်ဘူးနဲ့ ထီးရှည်ကြီးကို ယူဆောင် သွားခွင့်ပြုတဲ့အခါ အာဇာနည်ကုန်းဝင်းထဲကို သူတို့ သတ်မှတ်ထားတဲ့ ဂိတ်ဝကနေ ၀င်ရောက်ခဲ့ပါတယ်။
ဟိုကြည့်ဒီကြည့်လုပ်၊ နည်းနည်းမတ်တပ်ရပ်လိုက်ရင် ရှေ့ကို မြန်မြန်ဆက်သွားဖို့ လုံခြုံရေးပုဂ္ဂိုလ်များက အမိန့်ပေးနေပါတယ်။ ၀င်လာတဲ့လူမှန်သမျှကို ဗီဒီယိုရိုက်၊ ဓာတ်ပုံရိုက်၊ စာနဲ့ရေးလို့ ၀ိုင်းပြီး ပြူးတူးပြဲတဲ မှတ်တမ်း တင်နေကြတာကို တွေ့ရပါတယ်။ အာဇာနည်ကုန်းပေါ်အတက်မှာ နောက်ထပ် အပြာရောင်မိုးလုံလေလုံ ရုံလေးတစ်ခုထဲ ၀င်ခိုင်းပါတယ်။ စက်ကလေးအောက်ကို ၀င်တော့ တတီတီ အသံလည်း ကြားရပါသေးတယ်။ အတံအပြားကြီးတစ်ခုနဲ့လည်း ကိုယ်ကို အထက်အောက်ဆွဲပြီး အရှာခံရပါတယ်။ ခန္ဓာကိုယ်ကို လက်နဲ့လည်း ကိုင်တွယ်ရှာဖွေပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်သိပ်တွေ့ ချင်တဲ့ အာဇာနည်ဗိမ္မာန်ကြီးကို တွေ့မြင်ခွင့်ရခဲ့ပါတယ်။
ဖြိုးတိုးဖြောက်တောက်လောက်ဘဲ လူတွေလာရောက် အလေးပြုဦးညွှတ်တာ တွေ့ရပြီး လုံခြုံရေးက အဆမတန် များပြားနေတာကို သတိထားမိခဲ့ပါတယ်။ အယောက် ၃၀ လောက် တစ်စု စုပြီး လော်စပီကာကနေ “ကျဆုံး လေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြု” ဆိုပြီး တိုင်ပင် ခေါ်ပေးပါတယ်။ တစ်မိနစ်တောင် မပြည့်လိုက်ဘူး၊ “အလေးမြဲ” လုပ်ခိုင်းပါတယ်။ ပြီးတော့ နောက်လူများ ဂါရ၀ပြုနိုင်ဖို့ဆိုပြီး ထွက်ခွာပေးပါရန် ထပ်လုပ်ပြန်ပါတယ်။ ကျွန်တော်ကတော့လာချ ထားတဲ့ ပန်းခွေတွေကို လျှောက်ကြည့်ပါသေးတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေမိသားစုရဲ့ လွမ်းသူ့ပန်းခွေတွေ နဲ့အတူ ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီ ၄ ပါတီရဲ့ ပန်းခွေတချို့ကို တွေ့ ရပါတယ်။ ဗိုလ်ချုပ်မိသားစုကိုယ်စား သား ဦးအောင်ဆန်းဦးရဲ့ ပန်းခွေကို တွေ့ရပါတယ်။ ပန်းခွေတိုင်းမှာ ကိုယ်စားပြုသူ တွေရဲ့နာမည်၊ အဖွဲ့အစည်းကိုတွေ့ရပြီး ပန်းခြင်း ၂ ခြင်းမှာတော့ ရေးထားတာ မတွေ့ရပါဘူး။ သူတို့ညွှန်ကြားထားတဲ့ လမ်းအတိုင်း ကျွန်တော်တို့ ပြန်ထွက်ခဲ့ပါတယ်။
ရွှေတိဂုံဘုရား ဆောင်းတန်းကနေဆင်းပြီး အုတ်လမ်းမှတ်တိုင်ဘက် လမ်းလျှောက်လာခဲ့ကြပြီး N L D ရုံးချုပ်ဘက် ထွက်ခဲ့ကြပါတယ်။ ရေဒီယိုတွေထဲကနေ ဒေါ်အောင်ဆန်းစုကြည်က နေ့လည်ပိုင်းမှာ အဖွဲ့ချုပ် လူငယ်တွေနဲ့ အတူ အာဇာနည်ကုန်းကို သွားရောက်ဂါရ၀ပြုမယ်လို့ ကြိုသိထားတဲ့အတွက် ကျွန်တော်တို့ ၃ ယောက် စိတ်တူကိုယ်တူနဲ့ ရုံးချုပ်ရှေ့ကို ရောက်လာခဲ့ကြပါတယ်။ ရုံးချုပ်ရှေ့မှာရော၊ ဒီဘက် ကားလမ်း ပလက်ဖောင်းပေါ်မှာပါ လူတွေ တအုပ်တမကြီးကို ဘွားကနဲ မြင်လိုက်ရတော့ ကြက်သီးတောင် ထမိပါတယ်။
အဖွဲ့ ချုပ်မှာ အာဇာနည်နေ့ အခမ်းအနားကျင်းပနေတာကို စိတ်ဝင်တစား လာရောက် နားထောင်နေကြတာ ဖြစ်ပြီး ကျွန်တော့်အထင် အဖွဲ့ ချုပ်ဝင်မဟုတ်တဲ့ ရိုးရိုးပြည်သူတွေရဲ့ အင်အားလည်း မသေးလှဘူး... လို့ ယူဆမိပါတယ်။ ဦးတင်ဦးရဲ့ နိဂုံးချုပ်စကားကို ကြားလိုက်ရပြီး ကား ၃ စီးနဲ့ သတ်မှတ်စာရင်းပေးထား တဲ့ လူတွေ အာဇာနည်ကုန်းကို သွားကြမယ့်အစီအစဉ်ဖြစ်ပါတယ်။ ပန်းခရမ်းပြာ ကိုရဲလွင်ကြီးကိုလည်း ဖြတ်ကနဲတွေ့ လိုက်ရပါသေးတယ်။
ဒေါ်စု ထွက်လာတော့ ရုံးချုပ်ရှေ့က လူအုပ်ကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”လို့ အော်ဟစ်ဆုတောင်းကြပါတယ်။ အဖွဲ့ချုပ်ရဲ့ ၆၄ နှစ်မြောက် အာဇာနည်နေ့ ကြေညာချက်နဲ့ သဘာပတိမိန့်ခွန်း စာရွက်ကို ၅၀၀ ကျပ်နဲ့ ၀ယ်ယူခဲ့ပါတယ်။ ကျွန်တော်အိမ်က ထည့်လာတဲ့ ရှိစုမဲ့စု ငွေ ၅၀၀ ကျပ်လည်း ကိစ္စချောသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကားပေါ်တက်သွားပြီး ရုံးချုပ်အစီအစဉ်နဲ့ ဆလွန်းတစ်စီး၊ မှန်လုံတောင်းအေ့တစ်စီး၊ ပစ်ကပ် တစ်စီး အဖွဲ့ ချုပ်ရှေ့ က ထွက်ခွာသွားခဲ့ပါတယ်။ ဒေါ်စုက ရှေ့ဆုံး ဆလွန်းကားအဖြူလေးထဲမှာ တက်ရောက် လိုက်ပါသွားတဲ့အခါ အဲဒီမှာ ရှိနေတဲ့ လူအုပ်ကြီးလည်း ကား ၃ စီး နောက်ကနေ အာဇာနည် ကုန်းဘက် ကို ၅ ယောက်တစ်တန်း တန်းပြီး စီစီရီရီ သပ်သပ်ရပ်ရပ် လိုက်ပါသွားခဲ့ကြပါတယ်။ တချို့ မိသားစုအလိုက်၊ တချို့ မိန်းကလေးတွေ တစ်အုပ်၊ တချို့ ဦးဇင်းတွေတစ်စု၊ တချို့အဘိုးကြီးတွေတစ်ဖွဲ့ကြားမှာ ကျွန်တော်တို့ ၃ ယောက်လည်း ဒုတိယမြောက် ရောယှက် လိုက်ပါခဲ့ပြန်ပါတယ်။
ကျွန်တော် ဒီတစ်ခါ သတိထားမိတာက “အင်အား” ကိစ္စဘဲဖြစ်ပါတယ်။ ပထမတစ်ခေါက် အာဇာနည်ကုန်းကို သွားရောက်တဲ့အခါ လုံခြုံရေးတွေရဲ့ ဆက်ဆံပုံနဲ့ ဒေါ်စု နောက်က လူအင်အားများများနဲ့ လိုက်သွားတဲ့အခါ လုံခြုံရေးတွေရဲ့ ဆက်ဆံပုံ အနည်းငယ်ကွာခြားတာကို ပက်ပင်းကြုံလိုက်ရပါတယ်။ ဒုတိယမြောက်ရောက်တဲ့ အခါ ပါသွားတဲ့ပစ္စည်းတွေကို အပ်ထားခဲ့လို့ မရတော့ဘဲ ပြန်လှည့်ထွက်ခိုင်းပြီး ဂိတ်ဝမှာလုံခြုံရေး ဦးရေ နည်းသွားတာ တွေ့ရတဲ့အပြင် ကင်မရာမန်း သတင်းထောက်တွေ ပြည့်နှက်နေပြီး စစ်ဆေး တာကိုလည်း သိပ်ကြပ်ကြပ်မတ်မတ် မလုပ်တော့ပါဘူး။ အာဇာနည်ကုန်းဝင်း ပေါ်မှာတော့ ပုံမှန်အတိုင်း စစ်တယ်ဆိုပေမယ့် မြန်မြန်ဆန်ဆန်နဲ့ လွှတ်ပေးတာတွေ့ ရပါတယ်။
ဗိုလ်ချုပ်အုတ်ဂူရှေ့ မှာ ဒေါ်စုတို့  ကား ၃စီး ဂါရ၀ပြုနေလို့ ဗိမာန်အတက်လှေခါးမှာ ကျွန်တော်တို့ နဲ့ အတူ လူ တစ်ရာလောက် စောင့်နေရပါတယ်။ ဒေါ်စုတို့ကားတွေ ထွက်သွားမှ အပေါ်ကို တက်ခွင့်ရပါတယ်။ ဒီတစ်ခါတော့ အင်အားက များလှပြီး အာဇာနည်ကြီးတွေကို အလေးပြုတဲ့အပြင် ထိုင်ကန်တော့ ခဲ့ပါသေးတယ်။ ကျွန်တော်က ချက်ချင်း ပြန်မဆင်းသေးဘဲ လွမ်းသူ့ပန်းခွေတွေ ထပ် တိုးလာသလားလို့ သိချင်တာနဲ့ ချထားတဲ့ ပန်းခွေတွေ အစအဆုံးကို တစ်ခေါက် ပြန်စစ်လိုက်ပါတယ်။ ထူးထူးခြားခြား တွေ့လိုက်ရတဲ့ မြင်ကွင်းက ကျွန်တော့်ကို ကြက်သေသေ စေခဲ့ပါတယ်။ ပန်းခွေလှလှကြီး ၂ ခု အသစ် ရောက်လာတာ ထပ်တွေ့ ရပြီး လွမ်းသူ့ ပန်းခွေကြီးရဲ့ အလယ်မှာ ဘာစာမှ ရေးမထားဘဲ အဖြူရောင်တိပ်နဲ့ ကြက်ခြေခတ် ဖုံးအုပ်ထားတာ တွေ့လိုက်ရလို့ပါ။ ကျွန်တော်ကြည့်နေတုန်း အနားက အဒေါ်ကြီးတစ်ဦးကလည်း “ ဟဲ့.. N L D ရဲ့ ပန်းခွေလည်း မတွေ့ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းခွေလည်း မတွေ့ရဘူးနော်” လို့သူ့မိတ်ဆွေကို လှမ်းပြောသံ ကြားလိုက်ရပါတယ်။ ထုံးစံအတိုင်း သူတို့ ထွက်ခိုင်းတဲ့ အပေါက်က ကျွန်တော်တို့ ပြန်ထွက်လာခဲ့ပြီး ဘတ်စ်ကားစီးလို့ မြေနီကုန်းဘက် ပြန်ခဲ့ပါတော့တယ်။
၆၄ နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးတွေကို နှစ်ခါနှစ်ခေါက် အလေးပြုဖြစ်ခဲ့တာ ကျွန်တော့်အတွက် အမှတ်တရပါ။ ပိုပြီး အထူးတလှယ် အမှတ်ရနေတာက ဘာမှရေးမထားတဲ့ လွမ်းသူ့ ပန်းခွေကြီး နှစ်ခုပါဘဲ။
ကျွန်တော့်အမြင်ကို ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်နဲ့ လွမ်းသူ့ပန်းခွေကို မတွေ့ရတာ အင်မတန် ထူးခြားပါတယ်။ ဒေါ်စုအနေနဲ့ သူ့ဖခင်အတွက် လွမ်းသူ့ပန်းခွေချ ချင်ပါလိမ့်မယ်။ တလောက ဆရာပါရဂူရဲ့ နာရေးမှာတောင် ဒေါ်စုရဲ့ ပန်းခြင်းကို ကျွန်တော် တွေ့လိုက် ရပါသေးတယ်။ ဗိုလ်ချုပ်ရဲ့ နှစ်ပတ်လည်မှာ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့အဖေအတွက် လွမ်းသူ့ပန်းခွေချ၊ ဂါရ၀ပြုချင်မှာ မြေကြီးလက်ခတ် မလွဲပါဘဲ။
နာမည်ရေးထိုး မထားတဲ့ အင်မတန် လှပတဲ့ လွမ်းသူ့ပန်းခွေကြီး နှစ်ခုကို ဘယ်သူ ပို့ထားတာပါလဲ။ ပန်းခွေကြီး နှစ်ခုရဲ့  နောက်ကြောင်းကိုလည်း သိချင်ပါသေးတယ်။
ကျွန်တော့်မှာလည်း အဖြေတစ်ခု အဆင်သင့်ရှိထားပါတယ်။
အောင်မျိုးထွန်း
၁၉- ၇- ၂၀၁၁

စစ်အစိုးရနောက်လိုက်ခွေးတွေရေ..
ReplyDeleteမင်တို့အဖေတွေခိုင်းတိုင်းအကုန်လုပ်နေကြ..တချိန်ကြမင်းတို့လဲဘာဖြစစ်မလဲဆိုတာတွေးထား.ခင်ညွန့်ဘဝမျိုးဘဲမင်းတို့လဲသွားကြရမဲ့ကောင်တွေဘဲ..မင်းတို့နမူနာယူသင့်တယ်နော..
If you ravel all this, I would like to remind could you please try again on next year event!!! They will ask and record all citizen identity and create more necessity delay.I know what is missing and what's really happen. But we have to think for long run. That's why every attempt was failed to delivered.
ReplyDeleteI'm sorry, I'm mean unwanted delay for everyone.we should express our concern but we should not ravel all what we've done. keep it for our self and for the sake of our people.
ReplyDelete