Pages

Tuesday, August 16, 2011

ဒေါ်စုကို ဆက်ချစ်ပါရစေ.... ဆောင်းပါးရှင် (အောင်မျိုးထွန်း)

 ဒေါ်စုကို ဆက်ချစ်ပါရစေ.... 
ဆောင်းပါးရှင် (အောင်မျိုးထွန်း)
ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို မျက်စေ့စုံမှိတ် တောက်လျှောက် ထောက်ခံလာတဲ့သူဆိုတော့ အခုတလော မေးခွန်းတစ်ခု လာလာမေးတာ ခံနေရပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့  ပေါင်းလိုက်ပြီလား”
သူတို့အမေးကို ဌာန်ကရိုဏ်းကျကျ နိုင်ငံရေးစကားကြီး စကားကျယ်တွေ ရေလဲသုံးပြီး ပြန်ဖြေလိုက်တဲ့အခါ...

“သြော်.. တူတာတွဲလုပ် မတူတာ ဘေးဖယ်ထား” ဆိုပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ သူတို့ စဉ်းစားသွားကြပါတယ်။ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းလိုက်ပြီလား လို့မေးတဲ့သူ တစ်ယောက်မှ ထွက်မလာပါဘူး။ အဲဒီလို အပေါက်မျိုးကို မတွေးကြတာလည်း NLD နဲ့ဒေါ်စုတို့ကို စစ်အစိုးရက နှစ်၂၀ ကျော် တရကြမ်း ဖိနှိပ်ချေမှုန်းခဲ့လို့ ဘီလူးဟာ မင်းသား မလုပ်တတ်ဘူး ဆိုတဲ့ အမြင်ကြောင့် ဖြစ်ပါတယ်။

တူတဲ့ကိစ္စရပ်တွေထက် မတူညီတဲ့ ကိစ္စရပ်တွေကို ကျွန်တော်တို့ ပိုစိတ်ဝင်စားပါတယ်။ အတိုက်အခံဆိုတာ သဘောကွဲလွဲမှုတွေကို ရှာဖွေမွှေနှောက်ပြီး ပြည်သူတွေထံ ချပြပြီး အာဏာရအစိုးရကို ဝေဖန် တိုက်ခိုက်နေရတာလေ။ မဟုတ်ရင်တော့ အာဏာရပါတီထဲဝင်ပြီး နိုင်ငံရေးလုပ်ရုံပါဘဲ။ အရိပ်ပါတီ၊ အရိပ်နိုင်ငံရေးဆိုတာ အင်မတန် ရွံရှာစရာပါ။ ကြံ့ဖွံ့အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ နိုင်ငံရေး လုပ်ကွက်တွေဟာ ခြေလှမ်းသွက်ပြီး တိုင်ပင်ကိုက် လှုပ်ရှားနေတာကို တွေ့ရတော့ ကျွန်တော်တို့တွေ ငထူငအ လုပ်နေရင် ကားကနဲ ကျန်ရစ်တော့မယ့် အခြေအနေတချို့ကို မြင်လာရပါပြီ။

ဒေါ်စုကို အစိုးရက အခုလို ဆက်ဆံနေတာကို အမေရိကန်အစိုးရရဲ့ ကြိုဆိုတယ်ဆိုတဲ့ စကားတစ်ခွန်းဟာလည်း ကျွန်တော်တို့ ထည့်တွက်ရမယ့် ကိစ္စပါ။ ဒေါ်စုနဲ့ အစိုးရတာဝန်ရှိသူ တစ်ဦးတွေ့ဆုံ နေတာကို ဂွမ်းဆီထိ ပီတိဖြစ်နေတာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ကို တက်အုပ်ချုပ်ပြီး အစိုးရလုပ်နေတာ ကျွန်တော်တို့ မြင်ချင်နေတာပါ။ ဘယ်စစ်ထွက်ပုဂ္ဂိုလ်မှန်သမျှ ဌာနအသီသီးရဲ့ ၀န်ကြီးနေရာ ယူထားကြတဲ့ အစိုးရအဖွဲ့မျိုးကိုမြင်ဖို့  ကျွန်တော်တို့ ဆန္ဒမရှိပါဘူး။

ဒီလိုမျိုး ဒေါ်အောင်ဆန်းစုကြည် အပေါ် အားမလိုအားမရနဲ့ စိတ်ပျက်ငြီးငြူသံ၊ ရှေ့မှာ ပေါ်တင် ဆန့်ကျင်သံမျိုး တွေ ဒီ့ထက်ပိုပြီး ထွက်လာနိုင်စရာရှိပါတယ်။ ရေဒီယိုမီဒီယာတစ်ခုမှာ မွန်လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တစ်ဦးက ဒေါ်စုကို “ငြိမ်းချမ်းရေးကိစ္စ လက်တွေ့ လုပ်ကြည့်ပါ၊ အဲဒီအခါ မလွယ်မှန်းသိလိမ့်မယ်၊ မရရင် ပြန်လှည့်ခဲ့ပေါ့”လို့ သုံးသပ်လိုက်သံကို ကြားရတဲ့အပြင် တချို့ နိုင်ငံရေးဆောင်းပါးနဲ့ ဝေဖန်သူတွေရဲ့  အမြင်မှာလည်း “အပိုတွေ၊ မယုံနဲ့ စစ်အစိုးရက ရုပ်ရှင်ရိုက်နေတာ၊ ဒေါ်စု ခံသွားရလိမ့်မယ်” ဆိုပြီး မှတ်ချက်ပေးနေကြပါတယ်။

ဒါ..ဒေါ်စုနဲ့ ဦးအောင်ကြည် ၂ ခါဘဲ တွေ့ရသေးလို့၊ သုံးလေးငါးခါများ တွေ့ပြီးလို့ သောင်တင်ရေမကျ၊ ၀ါးတားတား ဆက်ဖြစ်နေဦးမယ်ဆိုရင် ဒီ့ထက် ဆူညံတဲ့အသံတွေကို ကြားလာရဖို့ ရှိပါတယ်။

နောက်တစ်ပတ်မှာ နေပြည်တော်လွှတ်တော်ကို အချိန်ကိုက် ပြန်စတာဟာ အစိုးရမှာ ရည်ရွယ်ချက် တစ်ပုံတစ်ပင်နဲ့ပါ။ ပြည်တွင်းပြည်ပက တောင်းဆိုနေကြတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် လွှတ်ပေးရေး၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံစကားပြောရေး၊ မြစ်ဆုံရေကာတာ ဆက်မလုပ်ဖို့နဲ့ ဧရာဝတီမြစ်ထိန်းသိမ်းရေး စတဲ့ လူပြောသူပြောများလွန်းနေတဲ့ အရေးတကြီး ကိစ္စရပ်တွေကို တစ်ဘက်မှာ ဒေါ်စုကို ကြေညာချက်ထုတ် ချွေးသိပ်ထားပြီး ကြံ့ဖွံ့အစိုးရရဲ့ နိုင်ငံရေးမောင်းနှင်ရာ နေပြည်တော်လွှတ်တော်ကနေ ဟော့ရှော့ခ်ဖြစ်နေတဲ့ ဒီကိစ္စ ၃ ခုကို မဲဆန္ဒရှင်များ အကြိုက်ဆိုပြီး တဖောင်းဖောင်း တဒိန်းဒိန်း ပစ်လွှတ်ဖို့ အလားအလာတွေ့ ရပါတယ်။

ပြည်သူ့ဆန္ဒကို လွှတ်တော်ကြီးက အကောင်အထည် ဖော်လေသတည်း ဆိုပြီး လွှတ်တော်ထဲက တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရက်တစ်ပါတီတွေနဲ့ အာဏာရပါတီတို့ ရောကြိတ်သမမွှေကြမယ့် သဘောပါ။ ကြံ့ဖွံ့ပါတီမဟုတ်တဲ့ လွှတ်တော်ထဲက ကျန်အင်အားစုတွေရဲ့ စွမ်းဆောင်ချက်က ဟောဒီလို အားရစရာပါဆိုပြီး လုပ်ပြပါလိမ့်မယ်။ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနဲ့ စခန်းသွားတဲ့ နေပြည်တော် လွှတ်တော်နိုင်ငံရေးရဲ့ အလုပ်ဖြစ်နေပုံ၊ ရွေးကောက်ပွဲ နိုင်ငံရေးရဲ့ အကျိုးဆက်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီ၊ စစ်ပွဲတွေ ရပ်ပြီ၊ မြစ်ဆုံဆည် တည်ဆောက်ရေး ဆက်မလုပ်ဖြစ်တော့ဘူး.. ဆိုတာကို စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို No လုပ်ခဲ့ကြတဲ့ အင်အားစု အားလုံးအပြင် နိုင်ငံတကာကိုပါ မြှူဆွယ်ဖြားယောင်းမယ့် သဘောပါ။ ဒေါ်စုအနေနဲ့ ရွေးကောက်ပွဲ အ၀န်းအ၀ိုင်းထဲ ၀င်ရောက်ဖို့  စဉ်းစားတဲ့အခါ အနည်းငယ်အဖုအထစ်ဖြစ်နေတဲ့ NLD ထဲက သဘောထား တင်းမာတဲ့အုပ်စုနဲ့ လူထုအုံကြွမှုနည်းနဲ့ အစိုးရကို ဖြုတ်ချရမယ်လို့ စဉ်းစားထားကြတဲ့သူတွေကို ဒေါ်စုကိုယ်စား နေပြည်တော်ကဖွဲ့ ဆို တင်ဆက်ပေးမယ့် ပုံမျိုးလုပ်တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ဘာစကားတွေပြောကြသလဲ ကျွန်တော်တို့ မသိရပါဘူး။ ဒေါ်စုက NLD ဗဟိုအစည်းအဝေးမှာ ပြောပြခဲ့တယ်လို့ ကြားရပေမယ့် ဦးဥာဏ်ဝင်းက ဒါကိုလည်း ထုတ်ဖော်မပြောနိုင်ပါလို့ အင်တာဗျူးတစ်ခုမှာ ပြောသွားတာကြောင့် လောလောဆယ်သိဖို့ လမ်းစမရှိတော့ပါဘူး။ အားလုံးဟာ ထိပ်တန်းလျို့ဝှက်ချက်တွေ ဖြစ်နေပါတယ်။ အဖြေတိတိကျကျ မရသေးလို့ ကျွန်မပြောလို့ မရသေးဘူးလို့ ဒေါ်စု ပဲခူးခရီးစဉ်မှာ ပြောသွားတဲ့အတွက် အစိုးရသတင်းစာက ထုတ်ပြန်သလောက်ဘဲ သိကြရဦးမှာပါ။ ဒီလိုမျိုး အထိမ်မ၀ှက်တွေနဲ့ ဆက်သွားးနေမယ်ဆိုရင် အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှု အခန်းဆက်ကို လူထုအနေနဲ့ စိတ်အချဉ်ပေါက်လာဖို့ ရှိပါတယ်။ လက်ခုပ်သံတွေ တိုးတိတ်သွားဖို့  ရှိပါတယ်။

ဒေါ်စုနဲ့ NLDကို အချိုသတ်ထားပြီး အစိုးရအနေနဲ့ တစ်ဘက်မှာ သူတို့အဓိကထားတဲ့ လွှတ်တော်နိုင်ငံရေးကို အနှောက်အယှက် ကင်းကင်းနဲ့ ရုပ်လုံးကြွလာအောင် အခုအချိန်မှာ ထုဆစ်ပုံဖော်ပါတော့မယ်။ ကျွန်တော်တို့က ဟိုဘက်ကို ငေးမော၊ ဒီဘက်ကို ထောက်ခံနဲ့ ကျွန်တော်တို့ မကြိုက်တဲ့ ကြံ့ဖွံ့အစိုးရရဲ့ နူးညံ့တဲ့ လက်သီးထိုးချက်တွေကို ထုံပေပေခံရတော့မယ့် ပုံပါဘဲ။ အခုတောင် ကျွန်တော့်ကို မေးနေကြပြီလေ။

ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ဆက်ပြီးထောက်ခံနေဦးမှာပါ။ ကျွန်တော့် နိုင်ငံရေးဖီလင်က ဒေါ်စုဆီမှာဘဲ ကိန်းဝပ်လျက်ပါ။ ဒီခေတ်နိုင်ငံရေးမှာ ဒေါ်စုက လွဲရင် ထောက်ခံဖို့ ကောင်းတဲ့သူ မတွေ့သေးလို့ ဒေါ်စုကို ဆက်ချစ်ပါရစေ။

အောင်မျိုးထွန်း

၁၆- ၈- ၂၀၁၁

4 comments:

  1. ထုံးစံအတိုင်းအခြေအနေတခုအထိအသုံ့းချသွားမှာပါ။
    ကိုအောင်မျိုးထွန်းသုံ့သပ်တာသေချာတာထက်တောင်လွန်နေပါသေးတယ်။
    ဒေါ်စုကိုချစ်ဆဲဆိုပေမဲ့၊မယုံတော့ဘူး၊
    အနီးကပ်ဆုံး၇န်သူကို၇န်သူကို၇ှာတိုက်ကြဆိုတဲ့၊ဗိုလ်ချုပ်၇ဲ့မိန့်ခွန်းဒေါ်စုအမှတ်၇ဘို့ကောင်းတယ်။ဒေါ်စုကိုအဓိကတိုက်သွားတာအနီးကပ်ဆုံးသူတွေပါ။
    တိုက်နေဆဲပါ။NLD ၇ဲ့လူကောင်းတွေဘယ်လောက်ဆုံး၇ုံးသွားပြီလဲ၊
    ဘယ်သူတွေ၊ဘာလုပ်နေလဲ။လူတိုင်းသိကြပါတယ်။
    ကြံဖွတ်မှာနှစ်ငါးဆယ်စီမံကိန်း၇ှိပါတယ်။အောင်မြင်သွားမှာပါ။
    ပြော၇၇င်အများကြီးပါ။

    ReplyDelete
  2. “ရွေးကောက်ပွဲ နိုင်ငံရေးရဲ့ အကျိုးဆက်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီ၊ စစ်ပွဲတွေ ရပ်ပြီ၊ မြစ်ဆုံဆည် တည်ဆောက်ရေး ဆက်မလုပ်ဖြစ်တော့ဘူး”

    ကျွန်တော်တော့ အဲသည် အချက် (၃) ချက်တကယ်ရခဲ့ရင် ကို လက်ရှိ အစိုးရနဲ့ ယာယီမဟာမိတ် ဖွဲ့ကျိုးနပ်ပြီထင်တာပါဘဲ။ အဲသည်အဆင့်ရောက်ပြီး “ ပြည်သူတွေဆက်လက် ညီညွတ်သေးတယ်ဆိုရင်” (နာဂစ်ဖွဲ့စည်းပုံကိစ္စအပါအဝင်) ကျန်တာတွေပြည်သူအလိုကျ ဆက်တိုက် မလွဲမသွေ ဖြစ်လာမှာပါ။ အဲသည်အချက်သုံးချက်နဲ့တွင်ဘဲ တိုင်းပြည်ကျက်သရေ ဘယ်လောက်ရှိသွားပြီလဲ စိတ်ကူးနဲ့ ခံစားကြည့်စမ်းပါဗျာ။

    “ဒီခေတ်နိုင်ငံရေးမှာ ဒေါ်စုက လွဲရင် ထောက်ခံဖို့ ကောင်းတဲ့သူ မတွေ့သေးလို့ ဒေါ်စုကို ဆက်ချစ်ပါရစေ။”

    ချစ်သလို တာဝန်သိဘို့လဲ လိုပါလိမ့်မယ်။ ဒါဟာ အနည်းဆုံးတော့ ဒေါ်စုထက် ပိုပြီးထောက်ခံ ဘို့ ကောင်းတဲ့သူ မမြင်မခြင်းအထိပေါ့။ ကျွန်တော့အမြင် ပြောရရင် ဒေါ်စုဟာ သူ့သမိုင်းသူ ဘယ်တော့မှ အကျည့်တန်စေမှာ မဟုတ်ပါဘူး။ သူ့သမိုင်း အကျည့်တန်အောင်လဲ (အကြောင်းအမျိုးမျိုးပြပြီး လုပ်သူတွေလုပ်နေကြသည့်တိုင်) ဘယ်သူကမှ လုပ်နှိုင်မှာ မဟုတ်ပါဘူး။

    ReplyDelete
  3. (အနီးကပ်ဆုံး၇န်သူကို၇န်သူကို၇ှာတိုက်ကြဆိုတဲ့၊ဗိုလ်ချုပ်၇ဲ့မိန့်ခွန်းဒေါ်စုအမှတ်၇ဘို့ကောင်းတယ်။ဒေါ်စုကိုအဓိကတိုက်သွားတာအနီးကပ်ဆုံးသူတွေပါ။)

    အနီးကပ်ဆုံး၇န်သူ ဆိုတာဟာ ဒေါ်စုအနားမှာရော အဝေးမှာရော ရှိနေပြီး ဒေါ်စုကို သူတို့ လိုတဲ့ အတိုင်း ခိုင်းချင်တဲ့ ဒီမိုဟန်ဆောင် ဗကပများသာ ဖြစ်တော့သည်။

    ReplyDelete
  4. ??????????? ????????????????????????..? ??????? ???????????????? ?????????????????? ????? ???????????? ??????? ???????????????????????????? ???????????????????????????? ..(??????????) ??????????? ..?
    ?????? ???????????????????..? ???????? ?????????..? ??????????????????? ??????????? ?????????????????????? .. ??????????? ????????? .. ??? ?????????????????????? ????????????? ??????????????? ????????????????????????????? ?????????? ???????????? ????????????????????????? ?????????? ??????? ???????????? ??????????????? ..? ???????? ?????????? ????????????????? ????????? ???????????????????? ?????????? ?????? ????????????????? ???????? ?????????????????????????????????????..? ???????? ?????????????????? ????????? ??????????? ..?????????? ???????????????? ?????? ??????????????????????????..?
    ????????????? ????? ... ??????? ???????????..?

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။