Pages

Wednesday, September 21, 2011

ရန်ကုန်မြို့ တရုတ်သံရုံးရှေ့  တစ်ကိုယ်တော်ဆန္ဒပြသမားနဲ့ နောက်ဆက်တွဲများ...

 ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းက တရုတ်သံရုံး..ရန်ကုန်မြို့ တရုတ်သံရုံးရှေ့ 

တစ်ကိုယ်တော်ဆန္ဒပြသမားနဲ့ နောက်ဆက်တွဲများ...
(သတင်းရေးသားသူ ကိုအောင်မျိုးထွန်း)

ရန်ကုန်တရုတ်သံရုံးရှေ့မှာ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းပေးဖို့ ဆန္ဒပြကြမယ် ဆိုတဲ့သတင်းဟာ ကောလဟာလ မဟုတ်ဘဲ အမှန်တကယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။ မနေ့က(၂၀- ၉- ၂၀၁၁)၊ နေ့လည် ၁း ၃၀ နာရီ ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ် (၉၄)၊ ခရေပင်လမ်းမှာ ရုံးစိုက်ထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြန်ကြားရေးရုံးရှေ့မှာ တစ်ကိုယ်တော် ဆန္ဒပြမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။

ဆန္ဒပြသူဟာ ရိုးရိုးသာမန်ရှပ်အင်္ကျီ ၀တ်ဆင်ထားပြီး လက်ထဲမှာ ၂ ပေ ပတ်လည်ခန့် ရှိတဲ့ ဆိုင်းဘုတ်ကို
ကိုင်ဆောင်ပြီး နိုင်ငံသားတစ်ယောက်ရဲ့ ဆန္ဒကို ဖော်ထုတ်ခဲ့ပါတယ်။ STOP IRRAWADDY ELECTRONIC PROJECT ဆိုတဲ့ စာနဲ့  မြန်မာလို “ဧရာဝတီလျှပ်စစ်စီမံကိန်းရပ်ဆိုင်းပေးပါ” စာသားပါတဲ့ သူ့ ရင်ထဲက ဆန္ဒကို ပွင့်ပွင့်လင်းလင်း ရေးသားပြီး တရုတ်ကုမ္မဏီတစ်ခုရဲ့ ပါဝင်ပတ်သက် နေမှုအပေါ် မကျေမနပ်ဖြစ်ရာက တရုတ်ပြန်ကြားရေးရုံးရှေ့ကို လာရောက်ပြီး နှစ်နိုင်ငံတာဝန်ရှိသူတို့ အပြင်မြန်မာပြည်သူတွေ သိရှိရန် ရိုးသားစွာ ဆန္ဒပြခြင်း ဖြစ်ပါတယ်။ အဆိုပါ တစ်ကိုယ်တော်ဆန္ဒပြသူဟာ အသက် (၄၆) နှစ်ခန့် ရှိပြီး မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ တစ်ဆင့် ရန်ကုန်မြို့ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ပြန်လည်ရောက်ရှိခဲ့သူပါ။ မလေးရှားနိုင်ငံမှာ နိုင်ငံရေးဒုက္ခသည် အဖြစ် ရပ်တည်နေထိုင်လာခဲ့ပြီး အမေရိကန်နိုင်ငံသို့ သွားရောက်ရန် ဗီဇာရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အမေရိကန်သို့ သွားရောက်ရေးဟာ အကြောင်း မညီညွတ်မှုများကြောင့် ပျက်ပြားသွားခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ဆန္ဒပြသမား ကိုအောင်သိန်းလှ (ခေါ်) ကိုကျော်ဝင်းဟာ ကွာလာလမ်ပူမြို့မှ ရန်ကုန်သို့ ပြန်ရောက်ပြီးနောက်ပိုင်းမှာ တောင်ဥက္ကလာပမှာရှိတဲ့ မိသားစုနဲ့  သိပ်စကားမပြောတော့ဘဲ တစ်စုံတစ်ခုကို အမြဲတွေးတော စဉ်းစားနေတတ်သူလို့ စုံစမ်းသိရှိရပါတယ်။ သူဆန္ဒပြပြီး မကြာခင် တိုင်းရဲ အနောက်ပိုင်းခရိုင်ရုံးက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လိုအပ်တဲ့ စစ်ဆေးမှု များကို ဆောင်ရွက်တဲ့အခါ ကိုအောင်သိန်းလှအနေနဲ့  သူ့ ရဲ့  ကိုယ်ရေးရာဇ၀င်ကိုသာ ထုတ်ဖော်ပြောဆိုပြီး မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့ သူတောင်းဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့  ဘာကိုမှ ထုတ်ဖော်မပြောဘဲ ၀စီပိတ် နေတယ်လို့  သိရပါတယ်။

ယခုအခါ သူ့ကို ဘယ်ပုံဘယ်နည်း ဆက်လက် ကိုင်တွယ်ရမယ်ဆိုတာ အထက်အဆင့်ဆင့်ကို တင်ပြတာဝန်ခံ ခိုင်းထားတယ်လို့သိရပါတယ်။ ကိုအောင်သိန်းလှဟာ မိမိဆန္ဒကို ရိုးသားစွာ ထုတ်ဖော်ဆန္ဒပြသူဖြစ်ပြီး သူ့ရဲ့နောက်ကွယ်မှာ နိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်ခြင်း ရှိနိုင်ချေ နည်းပါးတယ်လို့  သိရပါတယ်။

သူဟာ မြန်မာပြည်မှာ စီးပွားလာရှာတဲ့ တရုတ်နိုင်ငံ ကုမ္မဏီကြီးတစ်ခုကို မကျေနပ်ကြောင်း ထင်ထင်ရှားရှား ဆန္ဒပြတဲ့ ပထမဆုံး တစ်ကိုယ်တော်ဆန္ဒပြသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပြည်တွင်းက နိုင်ငံရေးအကဲခတ်များနဲ့ ပြည်ပအခြေစိုက်သတင်းသမားများအပါအ၀င် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများ၊ မြစ်ဆုံစီမံကိန်း ရပ်တန့်စေလိုသူများက ကိုအောင်သိန်းလှရဲ့ တစ်ကိုယ်တော်ဆန္ဒပြမှု အပေါ် လက်ရှိ အစိုးရဘက်က ဘယ်လို ကိုင်တွယ် ဆောင်ရွက်မလဲဆိုတာ အနီးကပ် စောင့်ကြည့်နေကြပါတယ်။

ဒီမိုကရေစီရေး၊ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိစေမယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအရ အာမခံချက်ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီအစိုးရအနေနဲ့ ကိုအောင်သိန်းလှကို ပြန်လွှတ်ပေးမလား၊ ဆက်လက် ဖမ်းဆီးထားပြီး ဥပဒေတစ်ခုခု အကြောင်းပြပြီး တရားစွဲ ထောင်ချပစ်မလားဆိုတာ မြန်မာပြည်သူအားလုံးက စိတ်ဝင်တစား ရှိနေကြ ပြီး နေပြည်တော်လွှတ်တော်တွင်းက ဦးဌေးဦး ခေါင်းဆောင်တဲ့ “ဒီမိုကရေစီရေးကော်မတီ” နဲ့မကြာမီကမှ ဖွဲ့စည်းလိုက်တဲ့ အငြိမ်းစား ၀န်ထမ်းကြီးများပါဝင်တဲ့ “လူ့အခွင့်အရေးကော်မရှင်” တို့ရဲ့ လုပ်ပိုင်ခွင့်နဲ့ ဆောင်ရွက်ချက် အလားအလာတွေကို “ကိုအောင်သိန်းလှအရေး”က ကြီးစွာသော စမ်းသပ်စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်တယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

လွန်ခဲ့တဲ့ လပိုင်းများကလည်း ကိုနေမျိုးဝေ အပါအ၀င် လူ ၄ ဦး တို့ရဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ လမ်းညွှန်ချက်တောင်းခံခဲ့မှုရှိခဲ့ပြီး ၂၀၀၈ ဖွဲ့ စည်းပုံအရ
လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ပါရှိသော်ငြား ဥပဒေ၊ နည်းဥပဒေများ နောက်ဆက်တွဲ ထုတ်ပြန်ရန် ရှိသေး၍ ထိုဆန္ဒပြလိုခြင်းကို နောက်ဆုတ် ရွှေ့ဆိုင်းထားပေးရန် တာဝန်ရှိအာဏာပိုင်များက မေတ္တာရပ်ခံခဲ့ကြောင်း သိရှိရပါတယ်။

ဒီမိုကရေစီနိုင်ငံနှင့် ဒီမိုကရေစီစနစ်သို့ ဦးတည်အကောင်အထည်ဖော်ရာမှာ နိုင်ငံသားတစ်ဦးချင်းစီရဲ့ ဆန္ဒပြဆို ထုတ်ဖော်နိုင်ခွင့်ဟာ မဖြစ်မနေ ပေးအပ်ခွင့်ပြုရမယ့် အခြေခံလူ့ အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်
သုံးသပ်ကြပြီး လက်ရှိအုပ်ချုပ်သူ အစိုးရအနေနဲ့ မြန်မာနိုင်ငံသားတို့ရဲ့ လူသားဘ၀ အခြေခံရပိုင်ခွင့် တစ်ခုကို ဥပဒေ၊ နည်းဥပဒေများ ချမှတ်ရေးဆွဲပြီး တုန့်ဆိုင်းဖင့်နှေးခြင်းမရှိ အမြန်ဆုံး ထုတ်ပြန်ဆောင်ရွက်ပေးရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း ဒီမိုကရေစီဘက်တော်သားများမှ တညီတညွတ်တည်း မှတ်ချက်ပေးကြကြောင်း သိရှိရပါတယ်။

အောင်မျိုးထွန်း

၂၁- ၉- ၂၀၁၁

10 comments:

  1. သူ့လက်ပါတ်နာရီထဲမှာ ဓာတ်ခဲပါနေလို့၊
    လျှပ်စစ်ပစ္စည်း ဥပဒေပုဒ်မ၊(electronic act)
    အဝေးထိန်း ကရိယာဖြင့် တို့ပါပါးChineseများကို
    ဖောက်ခွဲအကြမ်းဖက်သတ်ဖြတ်ရန်ကြိုးစားမှု
    တို့ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း

    ReplyDelete
  2. အေးချမ်းSeptember 21, 2011 at 10:07 PM

    ဘယ်လိုဘဲဖြစ်ဖြစ်လေးစားပါတယ်ခင်ဗျား။ဧရာဝတီကိုမြတ်နိုးသူ၊တန်ဖိုးထားသူညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား....မိမိတို့စိတ်အတွင်းမှာဖြစ်ပေါ်နေတဲ့ ဧရာဝတီအတွက်စိတ်ခံစားမှုမှန်သမျှကိုမိမိတို့ရုန်းကန်နေထိုင်ရာဒေသတိုင်းမှာရှိတဲ့ မြန်မာသံရုံး နဲ့ တရုတ်သံရုံးတွေရှေ့မှာ ပဲ့တင်သံအဖြစ်ဖေါ်ထုတ်ပေးကြပါ။

    ReplyDelete
  3. "တိုင်းရဲ အနောက်ပိုင်းခရိုင်ရုံး"
    ပြည်သူ့ရဲတပ်ဖွဲ့ဝင်များမှာလဲ.ပြည်သူထဲကသူတွေပဲမို့ ဧရာဝတီအတွက်တာဝန်အပြည့်ရှိပါတယ်.တဆိတ်ရှိဖမ်းဖို့ဘဲ.ခင်ဖျားတို့သေခါနီး
    သန်းရွှေကိုဘဲ.ဂရုစိုက်နေကြတာလား.ပြည်သူဖက်ကရပ်တည်ဖို့လိုနေပါပီ..
    လွတ်တော်ကပေါက်သင်ညိုတွေလဲ.ပြည်သူဖက်ကရပ်တည်ဖို့လိုနေပါပီ..

    ReplyDelete
  4. ဦးဇင်းတို့ နိုင်ငံမယ် သူများ နိုင်ငံတွေနဲ့ မတူညီတဲ့ အချက်တစ်ချက်ရှိတယ် အဲဒါကတော့ တစ်စုံတစ်ယောက်က ရှေ့ထွက် ဆန္ဒ ပြတဲ့ အခါတိုင်းမယ် ဘေး က လူတွေ အများစုက လိုက်မလာတာအတော် ထူးခြားတယ်..။
    စက်တင်ဘာဦးနေ( အမှန်တရားကိုဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete
  5. (ဦးဇင်းတို့ နိုင်ငံမယ် သူများ နိုင်ငံတွေနဲ့ မတူညီတဲ့ အချက်တစ်ချက်ရှိတယ် အဲဒါကတော့ တစ်စုံတစ်ယောက်က ရှေ့ထွက် ဆန္ဒ ပြတဲ့ အခါတိုင်းမယ် ဘေး က လူတွေ အများစုက လိုက်မလာတာအတော် ထူးခြားတယ်..။)

    တရုတ်ကွန်မြူနစ်ကြီးကို အမေရိကန်က မကြိုက်လို့  မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းပေးဖို့ ဆိုတာကို အကြောင်းပြု ဦးတည်ချက်ထားပြီး လှုပ်ရှားကျလို့  သူပိုက်ဆံထောက်ထားတဲ့ သူတွေကို လမ်းကြောင်း ပေးလိုက်တယ်။ အဲဒီမှာ အကုန်ထ အော်ကျတော့တာဘဲ။ ဒါပေမဲ့ အမေရိကန်က ပိုက်ဆံထောက်ထားတဲ့ သူတွေကိုယ်တိုင်က ကွန်မြူနစ် တွေလေ။ ဗကပရဲ့ ရရာနေရာ ၀င်ယူရေးနဲ့  ရေရှည်တိုက်ပွဲမူကို အမေရိကန်က ပိုက်ဆံ နဲ့ အကောင်အထည်ဖေါ် နေသူတွေလေ။ ကြုံဖန်များတော့ သိလာတော့ ပြည်သူက ရိုးရိုးလေးဘဲ မြင်ပါတယ်။
    ဗကပရဲ့  လက်နက်က လူထုကို အသုံးချပြီး အာဏာယူဖို့ ။ တရုတ်ကွန်မြူနစ်ကြီး အလံ လဲ အနီနဲ့ အ၀ါဘဲ၊ ကျောင်းသား အလံလဲ အနီနဲ့ အ၀ါဘဲ၊ ဗကပရဲ့  အလံ လဲ အနီနဲ့ အ၀ါဘဲ၊ ပါတီအလံလဲ အနီနဲ့ အ၀ါ ဘဲ၊ အဲဒီတော့ လူထုက အသုံးချခံ မဖြစ်ဖို့  ဦးနှောက်သုံးပြီး ရှောင်တော့ တာပေါ့။

    ReplyDelete
  6. မောင်ဘချစ်(နေပြည်တော်)September 23, 2011 at 12:09 AM

    အပေါ်ကငပေါလေး. ရူးကြောင်မူးကြောင်. ဘာတွေလျှောက်ရေး
    နေတာလဲ. ရှစ်တန်းအဆင့်. ကမ္ဘာ့သမိုင်းလောက်တော့လေ့လာ
    အုံး။. အလံမှာပါတဲ့အရောင်တူတာနဲ့. အားလုံးဗကပဖြစ်ရောလား?
    ဟိုတလောတုံးကဗိုလ်ချုပ်တယောက်က. ဝန်ခံသွားတာမှတ်မိလား?
    မုဒိန်းမှုကျူးလွန်ခဲ့တဲ့. ရှေ့တန်းပြန်ရဲဘော်ကို. အရေးယူပြီးပြီဆိုတာ
    လေ. အကျင့်ခံရတဲ့မိန်းကလေးဘက်ကနေကြည့်ရင်. အင်္ကျီအရောင်
    တူတဲ့. တပ်မတော်သားအားလုံးဟာ. ခင်ဗျားပြောသလိုဆို. မုဒိန်း
    သမားတွေကြီး. ဖြစ်ကုန်တော့မှာပေါ့။ရှေ့တန်းမထွက်ခင်. ဗျူဟာမှူးတွေ
    ကမိန့်ခွန်းချွေ. တဲ့အခါ. ရှေ့တန်းမှာတွေ့သမျှမိန်းမ. အကုန်-ျလို့တော့
    မမှာဘူးထင်ပါရဲ့။. ။

    ReplyDelete
  7. ကိုကို(တိုကျို)September 23, 2011 at 2:31 AM

    ဆန္ဒပြတိုင်း. လိုက်မပါတာ. သေချာပေါက်. အောင်မြင်မဲ့အကျိုး
    ရဘို့မသေချာခင်. အကျိုးယုတ်မခံနိုင်. တော့လို့ပါ။. ။ဒါကြောင့်
    လဲ. ပြည်သူတွေထပ်ပြီး. သေကြေပျက်စီး. ဖမ်းဆီးချုပ်နှောင်
    ဒုက္ခမခံစား. ရလေအောင်. ဒေါ်အောင်ဆန်းစုကြည်က. အခြေအနေ
    ကိုလိုက်ပြီး. ပြောင်းလဲရမယ်လို့. သံတမန်စကားနဲ့အသိပေး
    ခဲ့တာပေါ့။. ။

    ReplyDelete
  8. မောင်ဘချစ်(နေပြည်တော်) ရေ ထိတော့နာတယ်ပေါ့။ ရူးကြောင် မူးကြောင်. ဘာတွေလျှောက်ရေး နေတာလဲ. ရှစ်တန်းအဆင့်. ကမ္ဘာ့သမိုင်းလောက်တော့လေ့လာ ပြီးပြီလို့  ယူဆတဲ့ အတွက် ခင်ဗျားတို့  အနီ နဲ့ အ၀ါ အလံကြီး ဘယ်လိုပေါ်ပေါက်လာတယ် ဆိုတာ နောင်လာနောက်သားတွေ သိအောင် ရှင်းပြခဲ့ပါအုံး။

    ReplyDelete
  9. ကိုဒီမိုရေ
    ကျေးဇူးပြု၍
    ဦးဇင်းတို့ နိုင်ငံမယ် သူများ နိုင်ငံတွေနဲ့ မတူညီတဲ့ အချက်တစ်ချက်ရှိတယ် အဲဒါကတော့ တစ်စုံတစ်ယောက်က ရှေ့ထွက် ဆန္ဒ ပြတဲ့ အခါတိုင်းမယ် ဘေး က လူတွေ အများစုက လိုက်မလာတာအတော် ထူးခြားတယ်..။
    စက်တင်ဘာဦးနေ( အမှန်တရားကိုဘယ်သူ အနိုင်ရဖူးလဲ) ဆိုတဲ့စာသားနဲ့စထားတဲ့ကွန့်မက်ကို ပြန်ရေးထားတဲ့ကွန်မက် တက်မလာသေးပါဘူး။ ဗိုင်းရပ်တွေ ပါတယ်လို့ ပြောမလား မသိဘူး။ အဆင်ပြေရင် တင်ပေးပါ။

    ReplyDelete
  10. လူတိုင်းဝေဖန်ေ၇းကို စိတ်ဝင်ကြတယ် . လူတိုင်းဝေဖန်နိုင်ပါတယ် အချက်အလက် မှန်ကန်စွာစုဆောင်းနိုင်မှုနဲ့ ထိထိရောက်ရောက်ရှိဖို့က အဓိက ပစ်မှတ်ပေါ့..ဝေလေလေ လူများအော် ကိုယ်လိုက်အော်တာတော့ မလုပ်စေချင်ဘူး..တကယ်ရင်ထဲကပါမှ လိုက်ပါကြပါ.ဧရာဝတီအရေးဟာ အရေးကြီးပါတယ်..ကိုယ့်ဒေသက ဧရာဝတီမြစ်ကြောင်းနဲ့မဆိုင်ဘူးဆိုတိုင်း ရှောင်နေသင့်တာမဟုတ်ဘူး ..ကိုလိုနီစနစ်နဲ့သိမ်းပိုက်တယ်ဆိုတာ အဲလိုတဆင့်ဆင့်လာပီးမှ တနိုင်ငံလုံးသိမ်းတာ ..ငါတို့မြန်မာတွေ ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေလည်း ရှိခဲ့ပါပီ..သမိုင်းတွေလည်းကျောင်းမှာသင်ခဲ့ဖူးသလို လက်တွေ့တွေလည်း ကြုံသလိုလေ့လာကြခဲ့ပီ.. နောင်လာတဲ့ကလေးတွေ သမိုင်းဖတ်ပီး ငါတို့ကို ရှုတ်ချနေမှာ ရှာက်စရာကြီး ...ဧရာဝတီအရေးကို ငါတို့ ထိထိရောက်ရောက်ကာကွယ်ခဲ့တယ်ဆိုတာ ဂုဏ်ယူစွာနဲ့မြေးမြစ်တွေကို ပြောပြရအောင်..
    တချို့ရှိသေးတယ်..တရုတ်မျိုးစပ်ချင်တဲ့ကောင်တွေ..တရုတ်နှစ်ကူးဆို သူများရှိခိုး ကိုယ်ပါလိုက်ရှစ်ခိုးတာ .. အလောင်းမင်းတရားကြီးဦးအောင်ဖေယျလို ပြောခဲ့လိုက်မယ် ငါမရှိ ငါ-ီးရှစ်ခိုးဆိုတာ ..အဲဒီတော့ ကိုယ်ကြိုက်တာ ကိုယ်ရှစ်ခိုးကြပေါ့..
    ....ကေတီတီ....

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။