Pages

Monday, October 10, 2011

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအပေါ် ဝေဖန်နေသူများနှင့် ကြီးမားလာသည့် အရှေ့ဘက်မှ ပြည်ပအန္တရာယ်... (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအပေါ် ဝေဖန်နေသူများနှင့်
ကြီးမားလာသည့် အရှေ့ဘက်မှ ပြည်ပအန္တရာယ် 
 (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
အခုတလော ဒေါ်အောင်ဆန်းစုကြည် ကို ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုတွေက ဘက်ပေါင်းစုံ စွပ်စွဲမှု ပုံစံအမျိုးမျိုးနဲ့ ထိုးနှက်လာကြပါတယ်။ ဒီလိုထိုးနှက်တာကတော့ သေသေချာချာ ပြန်ဆန်းစစ်ကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်လုပ်လို့ မအောင်မြင်တာဖြစ်ရင် ၀ိုင်းထိုးနှက်ကြတာ မဟုတ်ဘဲ အပေါင်းလက္ခဏာ ပြလာတာမြင်ရရင် မဲမဲမြင်တာနဲ့ ကျီးကန်းအော်သလို ၀ိုင်းအော်နေတာ သိသာ ထင်ရှားနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံ နေရရင် ငြိမ်နေကြပြီး လွတ်လာတာနဲ့  အာဃာတကြီးကြီးနဲ့ ငါ့စကားနွားရ ပြောဆိုစွပ်ဆွဲ နေကြတာ ထူးဆန်းနေပါတယ်။

တခါအဲဒီလိုအော်နေတာ အများစုက မိန်းမလို မိန်းမရ နံမည်တောင် မထုတ်ဖေါ်ရဲကြသူတွေက ခပ်များများပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နာမည်နဲ့ တစ်တစ်ခွခွ ဟုတ်တာရော မဟုတ်တာရောစွပ်စွဲပြီး ကိုယ်တိုင်ကတော့ ခေါင်းမှီးခြုံ အော်တော်တော်သတ္တိရှိတဲ့ လူတွေပါလား။ မိန်းမသား တစ်ယောက်ကိုတောင် သတ္တိရှိရှိ ရင်မဆိုင်ရဲကြဘူး။ ဒီပဲယင်းမှာ မှောင်ရိပ်ခို မိန်းမတွေကိုမှ သတ်ရဲတဲ့ သန်းရွှေ အဖွဲ့တွေရဲ့ လက်ထောက်တွေလို့ ပြောလို့ရနေတယ်။ မဟုတ်ဘူးဆိုရင်တောင် ဒီပဲယင်း မှောင်ရိပ်ခို မိန်းမယာဉ်တန်းကို သတ်တဲ့ စိတ်ဓါတ်နဲ့ တထေရာတည်းပါဘဲ။ ဒီလိုအောက်တန်းကျတဲ့ သူတွေဟာ လုပ်ပိုင်ခွင့်ရှိရင် အင်တာနက်ပေါ်က အော်နေတာ အားမရဘဲ လုပ်ကြံကြမယ့် လူတွေ ဆိုတာ ၀န်ခံနေတာဘဲ ။

ဒေါ်အောင်ဆန်းစုကြည်ကိုမဝေဖန်ရဘူး မဟုတ်ပါဘူး။ လူဘဲ အမှားမရှိသူမှ မဟုတ်တာ။ အမှားမလုပ်ဘူး ဆိုတောင် လုပ်ရပ်တိုင်း အပေါင်းလက္ခဏာ အိုကေတွေ အမှန်တွေချည်းဘယ် ရနိုင်ပါ့မလဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူပါဘဲ မှားနိုင်တယ် အရှုံးတွေရှိနိုင်တယ်။ ရှိခဲ့ပါတယ်။ ဒါအပြစ် မဟုတ်ပါဘူး။ လူတစ်ယောက်ကို product (ရလာဒ်) ကိုဘဲကြည့်တာထက် process volition@motive (စေတနာ/ရည်ရွယ်ချက်)ကို အခြေခံ သုံးသပ်ရပါမယ်။ ဒါကအခု အနောက်နိုင်ငံက ကျောင်းတွေက ကလေးတစ်ယောက်ရဲ့ မှတ်တမ်းတွေမှာ ကလေးအပေါ် သုံးသပ်ချက်ရေးရာမှာ ပြောင်းလျဲင့်သုံးလာတဲ့ သုံးသပ်နည်းဖြစ်ပါတယ်။ ရလဒ်ကိုသာ သုံးသပ်သူဟာ ပစ္စည်းတစ်ခုရဲ့ ဈေးနုန်း (price) ကိုသာ သိပြီး အဲဒီပစ္စည်းရဲ့ တန်ဖိုး (အရည်အသွေးတန်ဖိုး -value)ကို နားမလည်တဲ့သူဘဲ။ (know the price but not the value)  တနည်းပန်းချီကား တစ်ချပ်ကို ဘယ်လောက်တန်သလဲ သာကြည့်တဲ့ ပန်းချီကားကို ငွေ အကျိုးအမြတ်အတွက် ၀ယ်ယူတဲ့ အနုပညာဝယ်/ ရောင်းပွဲစား စိတ်ဓါတ်နဲ့ အနုပညာရှင်လက်ရာကို မြတ်နိုးလို့ ပန်းချီရဲ့ အနှစ်သာရကို ခံစားချက်နဲ့ တန်ဖိုးဖြတ်သူရဲ့ ၀ယ်ယူမှုဟာ မနိုင်းယှဉ်ကောင်းတဲ့ ကိစ္စနှစ်ခုလိုပါဘဲ အင်မတန်ကွာခြားပါတယ်။

တနည်းထပ်ဥပမာပေးရရင် တော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားနဲ့ သူတော်လှန်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အဆင့်အတန်းမှာ စစ်ဗိုလ်ချုပ်ကြီးတွေက အများကြီး ရာထူးကြီး စည်းစိမ်ကြွယ်ဝကြပြီး ဒီချေဂွေဗားရားနင့် တိုက်ခဲ့တဲ့ စစ်ဗိုလ်ကြီးတွေဘယ်သူတွေဆိုတာ ကနေ့ခေတ်လူတွေ သိသူခပ်ရှားရှား ချေဂွေဗားရားကတော့ ကျနော်တို့ နှလုံးသားထဲမပြောပါနဲ့ ကျေးလက်က လယ်သမားတွေတောင် ပုံလေးပြလိုက်တာနဲ့ ဒါစံပြသူရဲကောင်း။

ကနေ့ ဗိုလ်ချုပ်အောင်ဆန်းပုံ မြန်မာနိုင်ငံသားတွေကို အသာထားပါဦး နိုင်ငံခြားတိုင်းပြည်တွေမှာ လူအတော်များများက သိကြပါတယ်။ သန်းရွှေပုံကိုလဲ သိကြပါတယ် သိကြတာချင်းကတော့ မတူဘူးပေါ့။  သန်းရွှေလက်ထောက် ဗိုလ်ချုပ်ကြီးတွေပါဘဲ။ သူတို့ပုံတွေပြလို့က ဒီအကောင်က ဘာကောင်လဲ အမေးခံရပါမယ်။ တန်ဖိုး(value) ဆိုတာ ဒါပါဘဲ။ ရာထူးဆိုတာက price ပါ။ အဲဒီလိုကွာခြားပါတယ်။  အခု ဝေဖန်နေသူတွေဟာ productကို အချောင်ခို လိုက်လိုကြတဲ့သူတွေ ဖြစ်နေပါတယ်။ နာမည် မထုတ်ဖေါ်ရဲတာကလဲ တရက် ဒေါ်စု လုပ်ရပ်တွေ အောင်မြင်ရပ်တည်လာရင် ပြေးဖါးဖို့ စိတ်နဲ့ နာမည် မထုတ်ဖေါ်ဘဲ အချောင်နှိုက်ဖို့ စောင့်နေတဲ့ စိတ်ဓါတ်တွေပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်က ဇွတ်မှိတ် ထောက်ခံနေတာတော့ မဟုတ်ပါဘူး။  ဒေါ်အောင်ဆန်းစုကြည်နဲ့က ၈၈၈၈- လုံးစစဖြစ်ပြီး သြဂုတ်လ-၁၄ / ၁၅- ရက်နေ့မှာ ကျနော်သူ့ဆီ စတင်ဝင်ရောက် ဆက်သွယ်ပါတယ်။  စတင် ဆက်သွယ်စကထဲက ကျနော်ကလဲ ဝေဖန်စရာရှိရင် နည်းနည်း တဲ့ဒိုးဘဲ ပြောတတ်သူ အရေးအခင်းကာလ ကတော့ တကယ့်ကို တဲ့ဒိုး ပြောဖြစ်နေတဲ့ ကာလဆိုတော့ ကျနော်အမြင်မတွေ့တာ ပြောထဲ့တာပေါ့။ လူကနဂိုလ်ကတည်းက သံတမန်ရေး diplomacyကို သိရင်တောင် အဲဒီလို လှလှပပလေးတွေ ပြောရတာကို မလုပ်ချင်တဲ့သူဆိုတော့ ပြောပြီဆိုရင် တဲ့ဒိုးဘဲ။  ပထမဆုံးတည်ရတာက ဦးတင်မြ၊ ရုပ်ရှင်မင်းသားကြီးထွန်းဝေနဲ့ သူတို့နဲ့ပါလာတဲ့ ရုပ်ရှင်မင်းသမီး ခင်သီတာထွန်း တို့ကိုစတင် ကန့်ကွက်တော့တာပါဘဲ။ သူတို့ကလည်း ကျနော်ကို ပြန်ညစ်ပတ်ပေါ့။

နောက်ဒုတိယ ကန့်ကွက်ရတာက ဒေါ်အောင်ဆန်းစုကြည်  မိန့်ခွန်းပြောဖို့ နေရာ ရွေးတဲ့ကိစ္စ။ သူတို့က သိမ်ဖြူကွင်းရွေးတယ်။ ကျနော်က ရွှေတိဂုံအနောက်မုခ်။ ကျနော်က တစ်ယောက်ထဲ။ စကားများကြရတာပေါ့။ နောက် တစ်ခုကတော့ ဒေါက်တာမောင်မောင်က ကျောင်းသား ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက်ကိစ္စနဲ့  ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ဆွေးနွေးဖို့ တိုက်တွန်းတော့ နှစ်ဖက် အမြင်ကွဲလွဲတော့ စကားပြော အဆင်မပြေခဲ့ပါဘူး။

တကယ်တော့ ဦးထွန်းဝေ ပြောဘူးထားတာ ရှိတယ်။  မြန်မာပြည် အမြန်ဆုံး တိုးတက်ချင်ရင် တရုတ် အမျိုးသားတွေကိုသာ စီးပွားရေး ဖွင့်ပေးလိုက်ပါ။ ဆယ်နှစ်အတွင်း ထိုင်းကို ကျော်သွားစေရမယ် ဆိုတာ ကြားဖူးထားတော့ ဒီလူတွေဟာ ဘယ်လိုလူတွေလဲဆိုတာသာ စဉ်းစားကြည့်ကြပါတော့။ သူ့အိမ်က ဘောက်ထောက် ပြည်သာယာဘက်မှာပါ... သွားကြည့်ကြပါ။ တရုတ်ရုပ်ရှင်ကားထဲကလို အိမ်အတွင်းမှာ တစ်ခန်းနဲ့ တစ်ခန်းကူးတဲ့နေရာဟာ တံခါးမဟုတ်ဘဲ အ၀ိုင်းကြီးတွေပါ။ နောက်သူ့အိမ်ကို တရုတ်တွေချည်း ဆုံမိကြရင် ဗမာစကားမပြောကြေး လုပ်တတ်တယ်ကြားဖူးတယ်။ ဟုတ်မဟုတ်တော့မသိဘူး။ ပီကင်းရေဒီယိုကနေ နေ၀င်း-စန်းယု စစ်အစိုးရ အော်နေတာက သူ့ညီမလို့ပြောကြတယ်။ တရုတ်က ၁၉၉၀ ရွေးကောက်ပွဲမှာမှ မဟုတ်ပါဘူး။ ရှစ်လေးလုံးကတည်းက  ဗိုလ်တင်မြ(သခင်တင်မြ)တို့ ဦးထွန်းဝေတို့နဲ့ ကြံစည်ခဲ့တာပါ။

နောက်ပါတီထောင်ပြီးတော့လဲ ဧပြီလ မြစ်ကြီးနားခရီးစဉ်မှာ ပြောခဲ့တဲ့ကိစ္စတစ်ခုနဲ့  အဲ့ဒီအချိန်က လူအဝင်၊ အထွက်များတော့ အဖွဲ့ချုပ်ရုံးမှာ ဆေးလိပ်တို၊ ကွမ်းတံတွေးတွေ ဗလပွ ညစ်ပတ်နေတဲ့ကိစ္စ ကအစ  ညီဖြစ်သူကနေ တဆင့် သူ့လက်ထဲကို ဝေဖန်တဲ့ စာထည့်ခဲ့ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်က တခါထဲဖတ်ပြီး သူလည်း မြစ်ကြီးနားခရီးစဉ်မှာ ပြောခဲ့တဲ့စကားတခုကို သူလည်း စကားပြော လောသွားပါတယ်နဲ့ ရုံးမှာ ဆေးလိပ်၊ ကွမ်းယာကိစ္စ ပြုပြင်ပါမယ်လို့ ပြောပါတယ်။ သူက ၀န်ခံစရာရှိရင် ချက်ချင်းဝန်ခံပါတယ်။ အဲဒါကတော့ ချီးမွမ်းရပါတယ်။ ငါက လူထုတရပ်လုံး ထောက်ခံထားသူဆိုပြီး မာန မထားပါဘူး။

ဒီပဲယင်းခရီးစဉ် မထွက်ခင် ကလည်း သူနဲ့တွေ့ဆုံခွင့် တောင်းပါသေးတယ်။ တခြားလူတစိမ်း လေးဦးနဲ့ တစ်ပြိုင်တည်း တွေ့ခွင့်ပေးမယ်ဆိုလို့ မတွေ့ခဲ့ပါဘူး။ အခုလဲ သူသွားနေတဲ့ တွေ့ ဆုံဆွေးနွေးရေး ဆိုတာကို ကျွန်နော်မကန့်ကွက်ပါဘူး။ လက်ခံပါတယ်။ ဒါပေမယ့် သူလိုတော့ အချိန်ဘောင်မပါဘဲ ရိုက်ဖို့ ဒုတ်ထုတ်မပြဘဲ ပါးစပ်လေးနဲ့ တောင်းဆိုနေတာကိုတော့ လုံးဝသဘောမတူပါဘူး။ ကျနော်က ၀န်ထမ်းလစာ စစ်သည်တော်လစာ၊ နေ့စားအလုပ်သမား၊ လစာတိုးရေး လိုင်းတင်မယ်သာ အသံထုတ်လိုက်ပါ တွေ့ဆုံဆွေးနွေးရေးမှ အပလီအပလာ မပါတဲ့ တကယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး အစစ်အမှန်ရစေရမယ် တင်ပြနေသူပါ။ အမေရိကန်သမ္မတကြီး ရော်နယ်ရီဂင် စကားကိုကိုးကားပြီး TO HAVE A NICE TALK , MOVE THE WHOLE COUNTRY စကားဝိုင်း ကောင်းကောင်းဖြစ်လာဖို့ တတိုင်းတပြည်လုံးကို လှုပ်နှိုးလိုက်ပါ တင်ပြနေသူပါ။

ဆိုလိုတာကတော့ ကျနော်အမြင်နဲ့ ဒေါ်အောင်ဆန်းစုကြည်အမြင်၊ ဒေါ်အောင်ဆန်းစုကြည် အလုပ်တွေ  ကွဲလွဲတာတွေတော့ ရှိပါတယ်။ ခံယူချက် ကွဲလွဲမှုလည်း ရှိပါတယ်။ ဒါဒီမိုကရေစီဘဲ။ နောက်သူက တာဝန်ခံရတာက လူထုတစ်ရပ်လုံး။ အကြီးဆုံးပါတီ။ ကျနော်က တာဝန်ခံရတာ မရှိဘူး။ ရှိတာကလဲ အဖွဲ့သေးသေးလေး။ ထစ်ဆို ချထဲ့လိုက်ပြီးသား အဖွဲ့။ သေးပေမယ့်လည်း ဦးသိန်းစိန်ကို ခေါင်းခဲစေတဲ့အဖွဲ့။ ဒီလိုပြောတော့ ကြွားတယ်ပြောကြမယ်။ နေပြည်တော် အတွင်းစည်းဝန်းထဲ ၀င်ဆန့်ရင် စုံစမ်းကြည့်ပါ။ သန်းရွှေလက်ထက်က အလွန်အရေးပါတဲ့ လ/၀ကို စီမံကွပ်ကဲရသူ ဗိုလ်ချုပ်တစ်ယောက် အပါအ၀င် ဗိုလ်မှုးကြီးတွေ၊ ဗိုလ်မှုး၊ ဗိုလ်ကြီးတွေ ကျနော့်အဖွဲ့နဲ့ ဆက်နွယ်ပြီး ဖမ်းထားတာ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းကပါ။ လူနှစ်ဆယ်ကျော်ပါတယ်။ နာမည်တွေတော့ မထုတ်ပြန်ချင်ပါဘူး။ သူတို့အမှုကို အခုလောလောဆယ် ဒု-သမ္မတ ကိုင်တွယ်နေပါတယ်။ အထဲထဲအထိ ၀င်ဆန့်သူဆိုရင် သိကြပါတယ်။

အခုဝေဖန်သူတွေထဲမှာ နာမည်ဝှက်နဲ့ လူကဆိုရင် ဒီနှစ်အစပိုင်းတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမ၀င်လို့ တစ်တစ်ခွခွ သုံးစားမရအောင် ဝေဖန်တယ်။ တနည်း ရွေးကောက်ပွဲမ၀င်ခင် ၂၀၀၈-နာဂစ်ဥပဒေကြီးကို ဒူးထောက်ခိုင်းပြီး ကာကွယ်ပါ့မယ်။ ကျိန်ဆိုခိုင်းတာကြီးကို မလုပ်ရကောင်းလား ဝေဖန်တယ်။ အဲဒီလို ပါတီမှတ်ပုံမတင်လို့ အခုဘေးရောက်နေပြီ ဘာညာ အော်တယ်။ ပြည်သူတစ်ရပ်လုံး အားထားရတဲ့ပါတီဟာဒေါ်အောင်ဆန်းစုကြည်ကြောင့် မြောင်းထဲရောက်ရပါပြီ တတွင်တွင်အော်တယ်။ သွားပြီ၊ ဘာညာပေါ့... သူ့စေတနာကို ဖေါ်ပြလိုက်ရတာ အမောသား။

အခုဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီးနဲ့ တွေ့ဆုံဆွေးနွေးတယ်။ အခုဆွေးနွေးရတာဟာ ဒေါ်အောင်ဆန်းစုကြည် တစ်လျှောက်လုံး တောင်းဆိုခဲ့တဲ့ တောင်းဆိုချက်။ ပြီးအခုဖြစ်လာတဲ့ တွေ့ဆုံရမှုကလည်း ဘယ်ဘက်က အလျှော့ပေးရတာလဲဆိုတာ ရှစ်တန်း ကျောင်းသားတွေကတောင် သိပါတယ်။ ဒီလိုတွေ့ဆုံတာဟာ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို တသက်လုံး ငြင်းပယ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဘက်က ဒါပထမဆုံး လိုက်လျောလာခဲ့တာ။ ဒါဟာ ကျနော်တို့အတွက် အောင်ပွဲ။ ပြည်သူအများစုကလဲ ဆန့်ကျင်ဘက် နှစ်ဖွဲ့ပြေပြေလည်လည် ဖြစ်တာကိုဘဲ လိုချင်ကြတာပါ။ ချကြကွာ သတ်ကြကွာ ဘယ်မြင်ချင်ကြပါ့မလဲ။ ရွှေဝါရောင်တော်လှန်ရေးမှာ အခုအော်နေသူတွေ ဘယ်နေရာက ပါခဲ့ဖူးလို့လဲ။ သူများကိုတော့ သတ်ကွင်းထဲ ပို့နေတယ်။ အခုဒေါ်စုကို ထိပ်တိုက်သွားရေး အော်နေတဲ့သူတွေ ၂၀၀၇-ရွှေဝါရောင် တော်လှန်ရေးမှာ ပါခဲ့ကြသလား။ ပါမပါတော့မသိဘူး သံဃာတော်တွေ အဖမ်းခံရတော့ ဆွမ်းကပ်မဲ့သူတောင် မရှိလို့ ဒေါ်ရှုဆိုတာ ပေါ်လာရတာက သက်သေခံနေပါပြီ။


ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလူကဘဲ ဒီလိုတွေ့ဆုံတာဟာ လူထုကို သစ္စာဖေါက်တာပါဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို တစ်လျှောက်လုံး အသေကိုင်လာတာ။ အဲဒီတုန်းကတော့တမျိုး၊ အခုတစ်မျိုး ထပ်ရေးလာတယ်။ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရေး တစ်လျှောက်လုံး တောင်းလာတာ မှားပါတယ်တော့ မပြောဘူး။ အရင်ကမပြောခဲ့ဘူး။ သူ့စကားက ခုတစ်မျိုး တော်ကြာတစ်မျိုး။ ခုစာကလေးကျော် ခုဆီထမင်း။ ဒီလိုဘဲ တစ်ခြားသူအချို့လဲ ပူညံပူညံ။ တွေ့ဆုံရေးကနေ ဘာမှဖြစ်မလာနိုင်ဘူး မြင်တာ မြင်ကြပါ။ အမြင်ဆိုတာ တူရမယ် မဆိုလိုပါဘူး။ ဒေါ်စုလုပ်တာ လက်ခံရမယ် မှန်ပါတယ် လက်မခံခိုင်းပါဘူး။ တွေ့ဆုံဆွေးနွေးတာဟာ ဒါဟာ ဒေါ်စုက သစ္စာဖေါက်သွားတယ် ဆိုတာကတော့ ယောက်ျားတန်မဲ့ သစ္စာမဲ့တဲ့စကားပါ။ ဒေါ်စုက သစ္စာမဲ့တာ မဟုတ်ဘူး ဝေဖန်သူရဲ့ စကားကသစ္စာမဲ့တာ။ ဒေါ်စုက သူ တချိန်လုံး ရပ်တည်လာတာကို အခုတွေ့ဆုံခွင့် ရတော့တွေ့တယ်။ ရှင်းရှင်းလေး။

ကျနော်ဆီကို ကြပ်ပြေးကနေ အရာရှိကြီးတွေ (ဒီပဲယင်းမှာပါခဲ့တဲ့) အရာရှိကြီးတွေ ပို့ထားတဲ့မေးလ်တွေမှာ တွေ့ဆုံရေးက ဟန်ပြလုပ်နေတာ အချိန်တန်ရင် အပြတ်ကိုင်မယ်လို့တောင် ဆိုထားပါတယ်။ ပြီးကြားကနေ မနာလိုတဲ့ တစ်ဖွဲ့က ကိုင်ထဲ့တာဆိုပြီး လုပ်မယ်လို့ ဆိုထားတော့ အခုလို မနာလိုပြနေသူတွေနဲ့ ဆက်နွယ်နေမလား စဉ်းစားလာရပါပြီ။ အဲဒီလိုလုပ်ဖို့ ဂျိုသွေးပြနေကြတာလား။ အဲဒီအတွက် အဲဒီမေးလ်ကို တစ်ရက် အဲဒီအရာရှိတွေ လုံခြုံရေးကို စိတ်ချရတဲ့ တစ်နေ့ ထုတ်ပြန်ပေးပါမယ်။ သိမ်းထားပါတယ်။ အဲဒီအရာရှိကို အခုမေးလ်နဲ့ ဆက်နွယ်တဲ့ နာမည်နဲ့မေးကြည့်ပါတယ်။ အချိန်တန်ရင် ဘာဆိုတာပြောပြပါမယ်တဲ့။ မေးတာမဖြေဘူး။ ပတ်သက်နေတယ် ဆိုတာတော့ မှန်းလို့ရတယ်။

အတိုက်အခံထဲက လူတချို့ ဘယ်သူက ဘာဆိုတာ နည်းနည်းပါးပါး ပြောထားတာ ရှိပါတယ်။ သိမ်းထားပါတယ်။ အဲဒီအရာရှိကို အခုဒေါ်စုကိုဝေဖန်နေသူ ဘယ်သူဆိုတာသိချင်လို့ မေးကြည့်ပါတယ်။ အချိန်တန်ရင် ဘယ်သူဆိုတာ ပြောပြပါမယ်တဲ့.... မေးတာမဖြေဘူး။ ပတ်သက်နေတယ်ဆိုတာတော့ မှန်းလို့ရတယ်။ အတိုက်အခံထဲက လူတချို့ ဘယ်သူက ဘာဆိုတာ နည်းနည်းပါးပါးတော့ ပြောပြထားတာရှိပါတယ်။ မဲဆောက်ကဘယ်သူကို သတိထား သြစတေးလျကဘယ်သူကို မယုံနဲ့  အမေရိကားက ဘယ်ဆရာဝန် (ကျနော်မကြားဖူးသူ)က တကယ်လုပ်နေသူ စသည်တချို့ကိုတော့ ပြောပြထားပါတယ်။

ကျနော်က တွေ့ဆုံတာကို သိပ်မယုံစားဘူး။ ကျနော်နဲ့သိကျွမ်းတဲ့ လူတစ်ချို့ကိုတောင် ဒီကောင်တွေတစ်ရက် ဒေါ်အောင်ဆန်းစုကြည် ကိုအသေကိုင်မယ်လို့ သတင်းရထားတယ်ဆိုတာတွေ ပြောပြထားပါတယ်။ အခုဆိုတွေ့ဆုံရေးနဲ့ ဆက်နွယ်ပြီး သမ္မတကြီးဟာ လူထုဆန္ဒကိုမထင်မှတ်ဘဲ ဗွီတိုဆန်ဆန် သုံးပြပြီး မြစ်ဆုံရေကာတာကြီးကို တစ်ချက်လွှတ်အမိန့်နဲ့ တရုတ်တွေကိုတောင် ဆက်သွယ် တိုင်ပင်မနေတော့ သံတော်ဦး တင်မနေတော့ဘဲ ပြည်သူတွေအလိုကျ လုပ်ပေးလာတာ အင်မတန်ကို မင်္ဂလာရှိသော ခြေလှမ်းပါ။ ပြည်သူတစ်ရပ်လုံး ၀မ်းသာနေကြရတဲ့ အရေးကိစ္စပါ။ ဒါကို ဒီလူတွေက ဒေါ်အောင်ဆန်းစုကြည် မုန်းတီးရေး လုပ်လာကြတာကတော့ အထက်ကလို အသေကိုင်ဖို့ ပြင်ဆင်နေတဲ့ ခြေလှမ်းတွေဆိုတာ နဲနဲလေး စကုတ်ချဲ့ ကြည့်ဖို့ လိုလာပါပြီ။

ဒါဟာ တဖက်ကကြည့်ပြန်တော့ သန်းရွှေလုပ်ခဲ့တာဟာ သူတို့မိသားစု ကော်မရှင်ရရှိရေးက ပထမ တိုင်းပြည်ပျက်တာ ငါတို့ကိုထိတာ မဟုတ်ဆိုတဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်ဟာ အမှားတွေလို့ သမ္မတကြီးက အလုပ်နဲ့ ပြလိုက်တာပါဘဲ။ မေးစရာရှိပါတယ်.. ဟာဒါဆိုရင် သမ္မတကြီးက အချိန်တန်ရင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမယ်ပေါ့...။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်း အကြမ်းဖက် လုပ်ကြံတာမှာ သမ္မတကြီး မပါခဲ့ပါဘူး။ အခုလဲ အကောက်ကြံနေတဲ့ အထဲမှာ သမ္မတကြီး မသိနိုင်ပါဘူး။ ဒါက (လ/၀) ကိုကိုင်နေတဲ့ ဒု-သမ္မတကြီးနဲ့ ဗိုလ်ချုပ်သန်းဟန်၊ ဗိုလ်ချုပ်စိုးရှိန်(ယခု-ထောက်လှမ်း)တို့အဖွဲ့ တွေရဲ့ လက်ထောက်ဆီက ရလာတဲ့သတင်းပါ။

တစ်ခါ လွတ်လပ်ရေးရခါစ ကာလတွေကို ပြန်ကြည့်ရင် ဗိုလ်ချုပ်တို့ အသက်ပေးပြီး ရလာတဲ့ လွတ်လပ်ရေးကို ကွန်မြူနစ်တွေက အယုံအကြည်မရှိ ဒါသူတောင်းစား လွတ်လပ်ရေးအော်ပြီး အာဏာရရှိရေး အတွက် ဦးတည်လှုပ်ရှားလာပြီး ဆန့်ကျင်ရေးတွေလုပ်ခဲ့တာနဲ့ ခပ်ဆင်ဆင် အခင်းအကျင်း ဖြစ်နေပါတယ်။ ကွန်မြူနစ်တွေက သူတို့အာဏာရရှိရေး အဓိကထားပြီး စွပ်စွဲမှုတွေထုတ် ပြည်တွင်းစစ် ခင်းခဲ့ပါတယ်။ ၁၉၇၀-နောက်ပိုင်း တရုတ်တပ်တွေ တပ်မကြီးတွေလိုက် မြန်မာပြည်ထဲဝင်ပြီး မြန်မာ့တပ်မတော်ကို အကြီးအကျယ် တိုက်ခိုက်တော့တာပါဘဲ။ တရုတ်လက်တံတွေ ဆိုတာ သမိုင်းက ပြခဲ့ပါပြီ။

အခုလဲ ဆရာကြီးများက စစ်တပ်က အာဏာဖြေလျှော့လာရင် သမ္မတကြီးတွေ ၀န်ကြီးချုပ်တွေ မျှော်မှန်း ထားလေသလားတော့မသိ ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချနိုင်မှ သူတို့နေရာရနိုင်မှာဆိုတော့ ဆရာတော်ဦးဇောတိက စာအုပ်ထဲကလို ကိုယ်တက်လမ်းက သူများပုခုံးပေါ် တက်နင်းရမှ ရမဲ့ဘ၀ဆိုတာ ဘာပြနေသလဲဆိုတော့ သူများဂုဏ်ကို ဖျက်နိုင်မှ ဂုဏ်က သူ့ကိုယှဉ်လို့ရမှာဆိုတာ သက်သေပြနေပြီတဲ့။ ကိုယ်ဘယ်လောက် နှိမ်တယ်ဆိုတာ ကိုယ်ဟာကို သိနေကြတာပါ။

နောက်တစ်ချို့ကလဲ ရှိသေးတယ် ငါက ဒေါ်အောင်ဆန်းစုကြည်တောင် အမြင်မတော်ရင် ဝေဖန်တာ ဘာညာပေါ့။ အာဂသူရဲကောင်းကြီး ပုံဖေါ်ချင်ကြတာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်တန်းတစ်စားထဲ ဖြစ်အောင် ကိုယ့်ဟာကို ထွင်နေကြတာသူလဲ ရှိသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကဘဲ သူ့စကားကို လန့်နေရသလိုလို သူ့ကို သိပ်အလေးထား နေရသူအဖြစ် ပုံဖေါ်သူချင်ကလဲ မရှားပါ။ တစ်ခါတစ်ခါ ဒေါ်အောင်ဆန်းစုကြည် နေရာမှာ နေကြည့်တယ်။ တိုင်းပြည်အတွက်သူ့ရဲ့ ပေးဆပ်မှုတွေဟာ လူအများ ထင်သာ၊ မြင်သာတာတွေထက် တစ်ခြား အများကြီး ရှိနေပါသေးတယ်။ ထပ်ပြောပါမယ်။ ကျနော်ဟာ ဒေါ်အောင်ဆန်းစုကြည် ချီးမွှမ်းခန်းကိုလည်း တစ်ခါမှ မရေးဘူးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အပေါ်ဝေဖန်တာတွေ အင်တာနက်တွေပေါ် မတင်ပေမဲ့ တခါတလေ  အားမလို အားမရဖြစ်ရတာတွေကို မိတ်ဆွေတွေနဲ့ ဝေဖန်ပါတယ်။ ကိုဒီမိုဆီကိုတောင် ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဒါ ဒါ လုပ်နေတာ မကြိုက်ဘူး၊ အားမရဘူး ဝေဖန်ပါတယ်။ နောက် ၀က်ဆိုဒ်တွေ ဘလောက်တွေကို ဖွင့်လိုက်လို့ ဒေါ်အောင်ဆန်းစုကြည် ပုံဗန်းပြ (လိုသည်ထက် ပိုတယ်ထင်ရင်) အဲဒီဝက်ဆိုဒ် ဆိုမဖွင့်တော့ဘူး။ ၀က်ဆိုဒ်ဝင်တာ သတင်းအမှန် အဖြစ်အပျက်အမှန်တွေ သိချင်လို့ဝင်တာ။

ဒီလိုပြောလို့ ကျနော်ဟာ ကိုယ်ကိုကို အထင်ကြီးမှု လွန်နေတယ် မထင်ပါနဲ့။ ဒီလိုဒေါ်အောင်ဆန်းစုကြည် ပုံတင်နေသူတွေဟာ ကိုယ်တိုင် စစ်ဗိုလ်ချုပ်တွေကို ဘယ်လိုတိုက်ရမယ် ကိုယ်တိုင် မကြံဆကြတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဆီက ဘာညွန်ကြားမလဲဘဲ မျှော်နေတတ်ကြတယ်။ ဘောင်ထဲက ထိုင်စောင့်နေတဲ့လူတွေ ဖြစ်နေတော့တယ်။ ဒေါ်စုက ဒါဆိုရင်လဲ ဟုတ်ဟုတ် မဟုတ်ဟုတ် အသေလိုက် လုပ်ချင်ကြတယ်။  ဒီလိုလူတွေဟာ နောက်လူတစ်ဦးရဲ့ နိုင်ငံရေးကိုလဲ ဒေါ်စုနဲ့ အမြင်တူသလားဆိုတာနဲ့ တိုင်းဆလာချင်ကြတယ်။ ဒေါ်စု နောက်ဘယ်လောက် လိုက်မလဲဆိုတာနဲ့  တိုင်းဆချင်ကြတယ်။ နောက်ဆုံး ဒေါ်စုနဲ့ ဘယ်အတိုင်းအတာာအထိ ခင်မင်မှုရှိသလဲက နိုင်ငံရေး ပေတံလေးလိုလုပ် တိုင်းတာချင်တာလေး လုပ်လာချင်ကြတယ် ။

ဒါဘာဖြစ်သလဲဆိုတော့ ရန်သူက ဒေါ်အောင်ဆန်းစုကြည်ကို မဆော်ဆော်အောင် ရေလာမြောင်းပေး လုပ်နေကြမိမှန်းမသိ လုပ်မိလျှက်သား ဖြစ်နေကြတာတော့ မစဉ်းစားကြမိကြဘူး။ ကျနော်တို့ကဘာမှ မကြံဆတတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် က ဒိလိုလုပ်ဆိုမှ လုပ်တတ်တာ လုပ်ပြနေတော့ စစ်ဗိုလ်တွေကို မျက်စပစ်ပြလိုက်တာဘဲ။ ကျနော်တို့ လှုပ်ရှားမှုကို ငြိမ်အောင်တားချင်ရင် ဒေါ်စုကိုသာ ထိန်းထားလိုက် ခါးကျိုးနေတဲ့မြွှေလို၊ လေဖြတ်နေတဲ့လူလို ဖြစ်ပြီလို့ ပြနေတာဘဲ။ တကယ်က အဖွဲ့ချုပ်ဝင်တိုင်းရော အဖွဲ့ချုပ်မဟုတ်သူ နိုင်ငံရေးလှုပ်ရှားသူ အားလုံး နီးနီးဟာ ကိုယ်ပိုင် ခြေသွေးခြေစရှိနေရပါမယ်။ ဘောလုံးအသင်း တစ်သင်းဟာ အားကစားသမား ၁၁-ယောက်တင် မကဘူး ကျန် အရံလူတွေပါ ခြေစခြေန ထက်နေမှ အဲဒီဘောလုံးအသင်းဟာ ဖလားဆုကို လှမ်းနိုင်ပါမယ်။ ပီလီ တစ်ယောက်ထဲ မက်ဆီ တစ်ယောက်ထဲကိုသာ အားထားနေရင် မက်ဆီ ကိုအသေ၀ိုင်းဆော်အောင် လုပ်ပေးသလိုဖြစ်နေမှာပေါ့။ ၁၉၆၆- ကမ္ဘာ့ဖလားပွဲ (အင်္ဂလန်မှာ) အင်္ဂလန်အသင်းက နောက်ခံလူက ကမ္ဘာကျော် ဘောလုံးသမားကြီးပီလီရဲ့ ဒူးဂေါင်းကို အသားလွတ် ကန်ထဲ့လိုက်တယ်။ ထွက်သွားရရှာတယ်။  ဘရာဇီးအသင်း တစ်ပြေးနေပေမဲ့ ကွာတားဖိုင်နယ်ကနေ ထွက်သွားရပါတယ်။ ဘောလုံးသမားတိုင်းဟာ သူ့နည်းသူ့ဟန်နဲ့ ထက်နေရင် မက်ဆီကိုချည်း ၀ိုင်းကပ်ထားလို့ မရတော့ဘူး။ မက်ဆီကို ပိုလှုပ်ရှားနိုင်အောင် ဘောလုံးသမားတိုင်း အရည်အသွေးရှိနေဖို့ လိုပါတယ်။

အခုဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံပေးရုံ တင်မကတော့ဘူး သမ္မတကြီးဦးသိန်းစိန်ကိုပါ ၀န်းရံပေးဖို့လိုလာပါပြီ။ သမ္မတကြီးဟာ စစ်ဗိုလ်ချုပ်ဟောင်းဆိုတာကို ခေတ္တဖျောက်ထားပြီး အတိုက်အခံ နိုင်ငံရေးအဖွဲ့တွေကို တလေးတစား အရေးတယူလုပ်တာကို လက်ငင်း လုပ်ရပ်ကို အခြေခံသုံးသပ်ရပါမယ်။ သူဟာ မြစ်ဆုံရေကာတာကြီးကို သန်းရွှေလက်အောက်မှာတုံးကတော့ ထုံးစံအတိုင်း ဘယ်တုပ်တုပ် လှုပ်ရဲပါ့မလဲ။  လှုပ်မယ်တောင် မကြံရဲပါဘူး။ အခုတရုတ်ကို သောက်ရေးတောင် မလုပ်တော့ဘဲ တစ်ဖက်သတ် ရပ်ပစ်လိုက်ပါတယ် (စကားရိုင်းတာ ခွင့်လွှတ်ပါ။ ဒီအကောင်တွေကို စကားယဉ်ယဉ်ပြောလို့ မရလို့ပါ)။ ဒါကျနော်တို့ ပြည်သူတွေအတွက် ဧရာမအောင်ပွဲကြီးပါ။ တရုတ်ဘက်ပါ သဘောတူလို့ လုပ်ပေးရတာထက် တရုတ်ကို သောက်ရေးကိုမလုပ်ဘဲ တဖက်သတ် ဆော်ထဲ့လိုက်တယ်။ သိပ်ကြိုက်သွားတယ်။ ဒီ တစ်ဘို့ထဲ ကြည့်တတ်တဲ့ အကောင်တွေကို မတိုင်ပင်တာကိုက သိပ်အရသာရှိလှတဲ့ အောင်ပွဲဘဲ။ ဘာမှစားရတာ မဟုတ်ဘဲ တစိမ်စိမ့် အရသာရှိလှတဲ့ အောင်ပွဲ။

လျော်ဖို့ပြောလာရင် လျော်လိုက်။ ကျုပ်တို့လဲ နိုင်သလောက် ထဲ့ဝင်မယ်။ တစ်ပြားတချပ် မဟုတ်ပါဘူး။  တခုဘဲရှိတယ်။ လျှော်ကြေး စကားပြောလာရင် နောင်တရုတ်နဲ့ ရွှေမဟုတ်ဘူး စိန်ထွက်မယ်ဆိုရင်တောင် ဘာလုပ်ငန်းမှ အသစ် မလုပ်ဘူးသာ အစိုးရက ကတိပြုပါ။ ကတိပေးပါ။ သမ္မတကြီး ဒီငါးနှစ်သက်တမ်းပြီးတောင် နောက်ထပ်ငါးနှစ် ထပ်လုပ်ဖို့ ထောက်ခံမဲထဲ့ပါဦးမယ်။ ကျုပ်က တရုတ် မုန်းတီးရေးသမားတော့ မဟုတ်ဘူး။ ဒါပေမဲ့ အတ္တသိပ်လွန်ကဲရင် ဘယ်လူမျိုးမဆို မုန်းတယ်။ လူမျိုးနဲ့မဆိုင်ဘူး။ သူတို့ လျော်ကြေး စကားပြောလာရင် ကျုပ်တို့ကလည်း ပါးရိုက်ရင် နားကိုက်ပြပါမယ် နားအုံကြီးပါ ပြုတ်ကျလာအောင် ကိုက်ပြရပါမယ်။

အခုတရုတ်က သန်းရွှေလို ပြည်သူ မထောက်ခံတဲ့ အာဏာရှင်ကို တစ်ချိန်လုံး ကျောထောက်နောက်ခံတွေ လုပ်ပေးပြီး မြန်မာအစိုးရကို သူတို့ တရုတ်အမျိုးသားတွေရဲ့ အသက်အိုးအိမ် အကျိုးစီးပွားကို အာမခံရမယ်လို့ လူပါးဝတဲ့အထိ လုပ်ထားပါတယ်။ ဒါဟာ သန်းရွှေဟာ သူ့နောက်မှာ ပြည်သူရဲ့ ထောက်ခံမှုနဲ့ ရပ်တည်နေရသူမဟုတ်တော့ သူကိုကျောထောက် နောက်ခံပြုပေးတဲ့ တရုတ်အစိုးရကို ကျေးဇူးဆပ်မှုအနေနဲ့ ဗမာပြည်သူတွေနဲ့ နောက်ပိုင်းဝင်လာတဲ့ မြန်မာစကားမတတ်တဲ့ တရုတ်လူမျိုးတွေ အထိကရုဏ်းဖြစ်ရင် မြန်မာပြည်သူတွေကို ထိထိရောက်ရောက် သတ်ပေးပါမယ် ကတိပြု ပေးလိုက်ရတာပါ။

ပြည်သူလူထုနဲ့ ရန်သူဖြစ်နေရမှုရဲ့ အကျိုးဆက်အဖြစ် တရုတ်ကို ဒူးထောက်ထား ခဲ့ရတာတွေပါ။ တရုတ်ကို ဒူးထောက်ပေးပြီး တိုင်းပြည်ရဲ့ လည်မြိုကို တရုတ်က ကြိုးကွင်းစွပ်တာကို လက်ခံခဲ့တာပါ။ တိုင်းပြည်ကို လက်ညှိုးထိုး ရောင်းစားခဲ့တာထက် ဆိုးသွားပြီ။ သမ္မတကြီး လက်ထက်မှာ အဲဒီလို တရုတ်အမျိုးသားတွေရဲ့ အသက်အိုးအိမ် အကျိုးစီးပွားကို အာမခံရမယ် ဆက်တောင်းဆိုနေရင် ဒါဟာ ဒီသဘောတူညီချက်ကို အကြောင်းပြုပြီး တရုတ်က ကျနော်တို့နိုင်ငံကို ကျူးကျော်လို့ ရအောင် ဒီယုံမြင်လို့ ထက် ဒီိယုံကိုမရ ရအောင်ဖမ်းဖို့ ခြုံထွင်တာလို့ဘဲ မြင်ပါတယ်။ အဲဒီ့ သဘောတူညီချက်တွေကို ပြန်ဖျက်သိမ်း ပေးရပါမယ်။

ထပ်ပြောပါမယ်။ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ မြစ်ဆုံစီမံကိန်းကြီးကို ဖျက်သိမ်းပေးတာကို အထူးကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီးတိုင်းပြည်နဲ့ လူမျိုးကို လည်ပင်းကို ကြိုးကွင်းအစွပ် ခံထားရတာဖြစ်တဲ့ တရုတ်အမျိုးသားတွေရဲ့ အသက်အိုးအိမ်နဲ့ အကျိုးစီးပွားကို အာမခံ ပေးပါမယ်ဆိုတဲ့ သန်းရွှေတရုတ်ကို ဒူးထောက်ခဲ့တဲ့ သဘောတူညီချက် ကတိကို သမ္မတကြီး လက်ထက်မှာတင် ပြန်လည် ရုတ်သိမ်း ပေးစေချင်ပါတယ်။ ဖျက်သိမ်းပေးရေးမှာ အလွန်မှ အရေးကြီးသော အမျိုးသားရေး တာဝန်ဖြစ်ပါတယ်။ ဒီအတွက် တကယ်အမျိုးသားရေး အန္တာရယ်အဖြစ် ကြိုတင်မြင်တဲ့သူတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးကို ၀န်းရံပေးကြရပါမယ်။

ပြောပြရပါဦးမယ်။ ကျနော်တို့ ဆေးကျောင်းနောက်ဆုံးနှစ် အပိုင်း(က) - (၁၉၇၄-နှစ်ခန့်က) တုန်းက (မတ္တရာနယ်ကလို့ ထင်တယ်) လူတစ်ဦး။ သူကလက်နှစ်ဖက် ပြတ်နေတယ်။ လူကလူမိုက်ဆိုတော့ ဓါးခုတ်ခံထားရလို့ လက်ပြတ်နေတာ။ တစ်ရက် တခြားသူတဦးက သူ့ကိုဓါးနဲ့ ၀င်ထိုးတယ်။ သူက ရှိတဲ့ လက်တိုတိုနဲ့ အဲ့လူကိုဝင်လုံးပြီး နားအုံကို ခဲထားတာ ဟိုလူကကြောက်ပါပြီ အော်နေတာကို လွှတ်မပေးဘူး။ နောက်ရဲတွေက ဖမ်းပြီး ရိုက်နှက် လွှတ်ခိုင်းတယ်။ ရဲတွေရိုက်လေ သူကပိုခဲလေဆိုတော့ ဟိုလူက သူ့ကိုမလုပ်ကြပါနဲ့ အော်ပြီးတောင်းပန်ယူရတယ်။ မန္တလေးဆေးရုံကို ယူလာတယ်။ သူကဆေးရုံထဲအထိ မလွှတ်သေးဘူး။ တနေ့ကုန်ခဲထားတာ။ ဆေးရုံကြမှ ဆရာဝန်တွေက မေ့ဆေးထိုး ပြီးဖြေယူရတယ်။

ဆေးရုံကျတော့ အချုပ်ခန်းထဲ အတူတူထားတာကို ဟိုဓါးနဲ့ထိုးတဲ့လူက စိမ့်ကြောက်နေတော့တာ။ ဟိုလက်တိုကလည်း နဲနဲရှိ ထပ်ချပြမယ် ကြိမ်းနေတာ။ အဲဒီလိုမိုက်ကြစမ်းပါ။ အခုကျနော်တို့ဟာ တကယ်လွှတ်လပ်မှုကို အစစ်အမှန် လိုချင်သူတွေ မိမိကရော ဘာလုပ်နိုင်သလဲ။ ဘယ်လို စီမံချက်ရှိသလဲ။ ပြည်သူကိုချပြလေ။ ဒေါ်စု လုပ်နေတာထက် ပိုကောင်းတာ ဘာရှိလဲ ချပြလေ။ ဒေါ်စုချက်တဲ့ ထမင်းဟင်းက လွှဲချော်နေတယ်ထင်ရင် ကိုယ်ကဘယ်လို (ဟင်း ဘယ်လိုအစပ်) စီစဉ်ထားတယ် ချပြလေ။ ဒေါ်စုချက်တာ မဟုတ်ဘူး လွှဲတယ် မှားတယ် သက်သက် အော်နေတာကတော့ ဒါအရူးတွေပြောနေကြ လုပ်လေ့လုပ်ထအလုပ်ပါ။ အတ္တလွန်ကဲပြီး အရူးကြီးအဆင့်အထိ မရောက်ဘဲ အခဲမကြေ တတ်သူတွေ စိတ်ဓါတ်တွေ ဆိုတာလောက်တော့ သတိလေးကပ်ကြပါဦး။ ခင်ဗျားတို့ မြင်ထားတား  ကြံစည်ထားတာကမှ  ပိုကောင်းတယ်ထင်ရင်  ပြည်သူကိုချပြပါ။  ပြည်သူတွေကလည်း လွတ်လပ်မှုကို  အမြန်လိုချင်နေတာမှ  နောက်တစ်နေ့ကိုတောင် မကူးချင်ကြတော့ဘူး။  ငတ်ပြတ် ကြပ်တည်းခဲ့ရတာ တနှစ်မဟုတ်ဘူး။

ကျနော်လဲ နိုင်ငံရေးလုပ်သူပါ။ ကိုယ်လုပ်တာမှ ဟုတ်တယ်လို့ အထင်မထားပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတာတွေကိုလဲ အားမရတာတွေလည်း ရှိတာပေါ့။ အမြဲတွေ့ဆုံဆွေးနွေးရေးဘဲ လုပ်နေတာ တချို့ဟာတွေ ကျနော်လဲ အားမရတာတွေရှိပါတယ်။ တွေ့ဆုံရေးကို တောင်းနေတာကို မကျေနပ်ဘူး။ တောင်းဆိုနေရုံမဟုတ်ဘဲ တွေ့ဆုံရေး ပေါ်လာအောင် ဖန်တီးယူရမယ်လို့ မြင်တဲ့သူ။ အခု ၂၀၁၀ လွှတ်လာပြီး ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းသောနည်းနဲ့ မရရင် အကြမ်းနည်းလမ်းကို ပယ်မထားဘူး။ လိုအပ်ရင် ထိပ်တိုက်နည်း သွားသင့်ရင် သွားရမယ် ပြောလာတာကိုက တွေ့ဆုံရေးကို ဖြစ်ပေါ်လာစေတာလို့ဘဲ မြင်ပါတယ်။ အစောကြီးကထဲကိုက အဲဒီလို ကြိမ်းဝါးစေချင်နေတာပါ။ အခုကြိမ်းဝါးတာမှ အသာလေး။ ဘယ်လောက်အထိ တာသွားသလဲ။ အခုဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေတာ သွားနေတာ ကျနော် အလိုချင်ဆုံး နည်းလမ်းပါ။ တကယ်တမ်း ချကြတော့ ၈၈၈၈- လုံးမှာ ကျနော်ထိပ်က ပါခဲ့တာပါ။ ရွှေဝါရောင်တော်လှန်ရေးမှာ အခုအော်နေသူတွေ ဘယ်နေရာက ပါခဲ့ဖူးလို့လဲ။ သူများကိုတော့ သတ်ကွင်းထဲ ပို့နေတယ်။ အခုဒေါ်စုကို ထိပ်တိုက်သွားရေး အော်နေတဲ့သူတွေ ၂၀၀၇- ရွှေဝါရောင်တော်လှန်ရေးမှာ ပါခဲ့ကြသလား။ အခု ၂၀၀၇- ရွှေဝါရောင်တော်လှန်ရေးကို ဗွီဒီယိုပေါ်က ကြည့်ရတော့ ကျနော်တော်တော်လေး သွေးပျက်တယ်။ ပါးစပ်က သူများကိုတော့ ချချ အသုံးပြုချင်တယ်။ နောက်ဆုံး သံဃာတော်တွေ အဖမ်းခံရတော့ ဆွမ်းကပ်မဲ့သူတောင် မရှိလို့ ဒေါ်ရှုဆိုတာ ပေါ်လာရတာက သက်သေပါ။

လမ်းမှာ တခြားသူတစ်ဦးနဲ့ ကိုယ်နဲ့ ပြဿနာတက်တယ် ဆိုပါတော့။ သူ့လက်ထဲမှာ ဓါးနဲ့။ ကိုယ်က လက်ဗလာ။ ကိုယ်ခံပညာကလည်း မတတ်။ ရန်ဖြစ်ကြကြေးဆိုရင် ကိုယ်က ခံရမဲ့ဘက်က များနေတယ်။  ဒီတော့ အေးအေးဆေးဆေး ဖြေရှင်းတာကို ရွေးမလား ချကြကြေလုပ်မလား။ ရှင်းရှင်းဘဲ.. တကယ်လဲ ဆေးကျောင်းသား ဘ၀က ဓါးသုံးလက် လူလေးယောက် ကျနော်ကို ၀ိုင်းချမယ် လုပ်တယ်။ လိမ္မာပြရတာပေါ့။ အဟီးအဟဲ လုပ်ခဲ့ရတာပေါ့။ မဟုတ် အခုဆို အရိုးတောင် ဆွေးနေလောက်ပြီ။ နောက်နေ့မှ ကိုယ်ကလည်း ကိုယ့်လူမိုက်နဲ့ သွားဖြေရှင်းရတာပေါ့။ မနိုင်ရင် လိမ္မာပြရမှာဘဲ။ မန္တလေးက လူထုဦးလှရဲ့တူ ဒေါက်တာ(ဦး)ဇော်ဝင်းတို့ ကျနော်ဘက်က ပါပေးတယ်။ ကိုဇော်ဝင်းက ကျနော် လူမိုက်လုပ် လမ်းသရဲတွေနဲ့ ရန်ဖြစ်လာရင် ပြေလည်အောင် ရှင်းပေးရတာနှစ်ခါ။ သူ့ကျေးဇူးကျနော့်မှာ အများကြီး။

နောက် အခုဒေါ်အောင်ဆန်းစုကြည် အကြောင်း ရေးတဲ့လူက ဆိုထားသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ ဆွေးနွေးတာ ထုတ်ပြန်ပေးရမယ်လေး ဘာလေးနဲ့။ နှစ်ဘက် သဘောတူညီချက်ဆိုတာ ရှိထားရင် ဒါမလုပ်ရဘူးလေ။ သူကိုယ်တိုင်ကတော့ နာမည်တောင် ကျနော်တို့လို ဗြောင်မထုတ်ဖေါ်ရဲဘူး။ ကိုယ်တိုင်ကတော့ ခေါင်းမြှီးခြုံထားပြီး အားမနာ၊ ပါးမနာ သဘောတူထားတာတွေ ထုတ်ဖေါ်ရမယ်တောင်းဆိုရဲတာ အံ့ပါရဲ့။  ရှက်တတ်ရင်ပေါ့။ အဲဒါပါဘဲ။ ဒီလူတွေဟာ ကျွန်တော်ကို ကြပ်ပြေးက အရာရှိကြီး သတင်းပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းလင်းရေးအတွက် ဆိုင်းတီး နေကြသူတွေလား။ ကျနော်အတိအကျ မပြောတတ်။ မရိုးသားတာကတော့ သေချာတယ်။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် စန်းကို မနာလို နေကြသူတွေလား.. ၊ စစ်တပ်က မွေးထားသူလား  တွေးစရာတွေအများကြီး။ သူတကယ်တောင်းဆိုရမှာက သန်းရွှေနဲ့ ဆွေးမျိုးပေါက်ဖေါ် တရုတ်ကြီးတွေ ချုပ်ဆိုထားတာတွေကို ထုတ်ပြန်ဖို့ တောင်းဆိုရမယ်ဆိုတာ မစဉ်းစားမိလို့လား။ ကျနော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဆွေးနွေးထားချက်ကို သိချင်တာပေါ့။ အဲဒီဆွေးနွေးထားချက်ထဲက သန်းရွှေနဲ့ တရုတ်ကြီး ချုပ်ဆိုထားတာ နှစ်ခုထဲက တစ်ခုဘဲပြမယ်ဆိုရင် ကျနော်ကတော့ တရုတ်နဲ့ ချုပ်ဆိုထားတာတွေက သေရေး၊ ရှင်ရေးတမျှ ခေါင်းစားနေရတဲ့ကိစ္စ။ အဲဒါတွေကိုပဲ ပိုသိချင်တယ်။ ရှင်းရှင်းပဲ။ တွေဝေတောင် မနေနိုင်ဘူး။

အဲဒါပါပဲ။ အခုရေးနေတဲ့ လူတွေဟာ ကြပ်ပြေးကအရာရှိကြီး သတင်းပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းလင်းရေးအတွက် ဆိုင်းတီးနေကြသူတွေလား ဆိုတာ ကိုယ်တိုင်သာ တွေးဆကြည့်ကြပါတော့။ ကျနော်အတိအကျ မပြောတတ်ပါ။ မရိုးသားတာကတော့ သေချာတယ်။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စန်းကို မနာလိုနေကြသူတွေလား။ စစ်တပ်က (ခေါင်းမာသူအုပ်စုက)  မွေးထားသူလား။ မသိဘူး။ တရုတ်အစိုးရက ကျနော်တို့ ဒီမိုကရေစီရသွားမှာ အထူး ပူပန်နေတာကတော့ တနေ့ကပအိုဝ့် အမျိုးသားခေါင်းဆောင် ဦးခွန်ဥက္ကာကို တရုတ်က ပြောလိုက်တာလေး ပြန်ဖတ်ကြည့်ရင် တရုတ်က ဒီမိုကရေစီ ဖေါ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့တွေကို ဘယ်လောက်ကြိတ် ဒေါသထွက်နေတာ မြင်ယောင် ကြည့်တတ်ရင်ပေါ့။ တရုတ်က ကချင်ခေါင်းဆောင်တွေ ကုလသမဂ္ဂကို အကူအညီတောင်းတာကို မကျေနပ်နေတော့ ဒေါ်အောင်ဆန်းစုကြည် ဆိုရင်.... တွေးသာကြည့်ပါတော့။

တွေးစရာတွေအများကြီး။ စစ်တပ်ကိုလဲ သမ္မတကြီးက အပြည့်အ၀ တာဝန်ယူနိုင်တာ မဟုတ်ဘူး။ သူခမျာ သူဟာသူတောင် မီးစင်ကြည့် ကနေရရှာတာ။ အာဏာက အားလုံး ကြားနေကြတဲ့ အတိုင်း သဘောထား ပျော့ပြောင်းသူ တစ်အုပ်စုနဲ့ သဘောထား တင်းမာသူ တစ်အုပ်စု။ ပြီးနိုင်ငံဥသျှောင် ဆိုတာက ရှိသေး။

ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်ကိုရော သမ္မတကြီးကိုပါ ၀န်းရံကြပေးကြရပါမယ်။ သမ္မတကြီးခမျာ လုပ်ပိုင်ခွင့်က သိပ်ရှိရှာတာမဟုတ်ဘူး။ အခုစစ်တပ်ထဲမှာကို ဗိုလ်ချုပ်တွေ စစ်သည်တော်တွေ မိသားစု ပြဿနာ တင်ပြတာလေးနဲ့တင် အကုန်ဖြုတ် ဖမ်းလုပ်နေတာ။ အာဏာက သန်းရွှေလက်ထဲမှာ ရှိနေတုန်း။ အခုတရုတ်က ဒီထက်ပို မာပြလာရင် ကျနော်တို့ ကလည်း အစွယ်ထုတ် ပြကြရပါမယ်။ အခုလိုဝိုင်းဝန်းကြရမယ့် အချိန်မှာ ဘာမဟုတ်တာကို ဆွဖွနေသူဟာ ရန်သူဘဲ။ ဒေါ်စုရန်သူမို့ ကျနော်ကရန်သူလို့ ပြောတမဟုတ်ဘူး။ ဒီလိုအရေးကြီးချိန်မှာ သွေးခွဲစကားပြောနေတာ ရန်သူမှ ရန်သူအစစ်။

၁၉၄၉- ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်း တောက်လောင်နေချိန်မှာ အဖွဲ့အမျိုးမျိုးကွဲနေတဲ့ လက်နက်ကိုင် အင်အားစုတွေ အားလုံးဟာ မိမိအချင်းချင်း တိုက်ခိုက်နေတာတွေ ဘေးချိတ်ပြီး နယ်ချဲ့ အလိုတော်ရိ အဖွဲ့တစ်ခုကို ဘုံရန်သူအဖြစ် ၀ိုင်းတိုက်ခဲ့သလို အခုကျနော်တို့ အပေါ်ကောင်းပြလာတဲ့ သမ္မတကြီးအစိုးရကို မာပြလာတဲ့ ကျနော်မြန်မာတိုင်း သမိုင်းတစ်လျှောက် စစ်ပွဲကြီးတွေ အကြိမ်ကြိမ်နွှဲခဲ့ရတဲ့ တရုတ်ကို ဘုံရန်သူအဖြစ် မမြင်နိုင်သူဟာ တရုတ်ဒလန် ဖြစ်ဖို့များနေပါပြီ။ ဒီလိုသမိုင်းတစ်လျှောက် ရန်သူကြီးနဲ့ ရင်ဆိုင်လာရချိန်မှာ သွေးခွဲမှုတွေ တွင်တွင်ကျယ်ကျယ် လုပ်နေသူဟာ သူ့ဟာသူ ဒေါ်အောင်ဆန်းစုကြည်အပေါ် အစာမကြေတာလေးကို ရှိနေရင်တောင် ခေတ္တခဏ မအောင့်ထားတာဟာ တရုတ်ရဲ့ သူလျှိုဒလန်လို့သာ အပြတ်ကို သတ်မှတ်ရပါမယ်။ တကယ့်အရေးကြီးချိန် သွေးနီးကြရမဲ့အချိန်မှာ တစ်လျှောက်လုံး အကောက်ကြံ သတ်ဖြတ်လာခဲ့တဲ့ စစ်အစိုးရကတောင် လက်တွဲလာချိန်မှာမှ တမင်တကာ ဖွနေတာဟာ သွေးရိုးသားရိုး မဟုတ်လောက်ဘူးဆိုတာ တွေးဆရပါတော့မယ်။

သန်းရွှေရဲ့ဘော်ဘော် ဆွေမျိုးပေါက်ဖေါ်ကြီးက မြစ်ဆုံရေကာတာကိစ္စ တရားရုံးကနေ လျှော်ကြေးအများကြီး တောင်းဖို့ကြံလာရင် အစိုးရအနေနဲ့ အပြတ်သာ ရင်ဆိုင်စေချင်ပါတယ်။ လျော်စရာရှိတာ လျော်မယ်။ ပြီးရင် အပြတ်ပဲ ပြည်တွင်းက စီမံကိန်းမှန်သမျှကို ဘယ်တရုတ်ကိုမှ လုပ်ငန်းလုပ်ကိုင်ခွင့် မပေးဖို့ကို သမ္မတကြီးနဲ့ အစိုးရကို တောင်းဆိုတာ လုပ်ကြရပါမယ်။ အထူးသဖြင့် ငွေမည်းတွေ၊ မူးယစ်ဆေးတွေဟာ တရုတ်တွေ ထုတ်လုပ် တရုတ်တွေလက်ကနေ လာနေတာဖြစ်ပြီး အခု မြန်မာငွေဈေး ကမောက်ကမ ဖြစ်ရတာဟာ ဒီငွေမည်းတွေကလဲ အတော်လေး သက်ရောကစေခဲ့တာပါ။

တစ်ခါ မြန်မာပြည်ဘွား ဋ္ဌာနေ တရုတ်အချင်းချင်းတောင် ကြည့်မရတဲ့ နောက်ပိုင်းရောက်လာတဲ့ မြန်မာစကားတောင် မတတ်တဲ့ တရုတ်တွေဟာ ငွေမည်းတွေကို ငွေဖြူပြဖို့ လုပ်ငန်းကို ဟန်ပြသဘောလဲလုပ် တစ်ချက်ခုတ် နှစ်ချက်ပြတ် မြန်မာတွေလုပ်သမျှ လုပ်ငန်းအားလုံးကို သိမ်းကျုံး ၀င်ရောက် ယှဉ်ပြိုင်ကြလေတော့ ရိုးရိုးသားသား လုပ်ကိုင်သူတွေဟာ မယှဉ်ပြိုင်နိုင်ကြတော့ပဲ လုပ်ငန်းတွေ ရပ်ဆိုင်းကြရပြီး အခုဆို လုပ်ငန်းမှန်သမျှ နောက်ပိုင်း ဝင်လာတဲ့ တရုတ်နဲ့ လူမျိုးခြားတွေလက်ထဲမှာ ဘဲရှိနေပါတော့တယ်။ ဒီကိစ္စကို အမျိုးသားရေး အော်နေတဲ့ အစိုးရကို တင်ပြကြရပါမယ်။ လုပ်ငန်းတစ်ချို့ကို တိုင်းရင်းသား စစ်စစ်တွေ အတွက် ကန့်သတ်တာ လုပ်ထားဖို့ လိုနေပါပြီ။ အခုဆိုရင် မြန်မာပြည်ရဲ့ စီးပွား၇၅-%ဟာ ရန်သူလက်ထဲ ရောက်နေပါပြီ။ အင်မတန် စီးပွားတောင့်တင်းတဲ့ ခိုင်မာပါတယ်ဆိုတဲ့ သြစတြေးလျမှာတောင် စီးပွားရေးတွေကို အော်ဇီကို ရောက်နေတဲ့ တရုတ်တွေက နံမည်ခံ ၀ယ်ယူမှုတွေ ရှိလာတာကို အခုဖေါ်ထုတ်နေပါပြီ။ ဒါသူတို့က ရေမြေအဝေးကြီး ကနေ ကြိုတင် ကာကွယ်နေကြပြီ။
ကျနော်တို့က နယ်နိမိတ်ချင်း ထိစပ်နေပြီး သန်းရွှေက သူအာဏာတည်မြဲရေးအတွက် ၁၉၀၀-နှစ်များဆီက တရုတ် စစ်ဗိုလ်ချုပ်ကြီး ယွမ်ချီကိုင်ဟာ ဒေါက်တာဆွမ်ယက်ဆင်ကို တန်ပြန်နိုင်ဖို့ ကျူးကျော်သူ ဂျပန်အစိုးရကို လျှို့ဝှက်ပြီး ဒူးထောက်တဲ့ စာချုပ်ချုပ်ဆိုထားတာနဲ့ တစ်ပုံစံထဲဖြစ်နေပါတယ်။ တရုတ်တစ်နိုင်ငံလုံး တစ်မျိုးသားလုံး ပထမကမ္ဘာစစ်ကြီးဖြစ်ပြီး ငြိမ်းချမ်းရေးစာချုပ်ကို တရုတ်အစိုးရက ပါဝင်လက်မှတ်ထိုးဖို့က ဂျပန်ရဲ့ သဘောတူညီချက်နဲ့  ဆန့်ကျင်မှု ဖြစ်နေတော့ ခက်နေပါတယ်။ နောက်ဆုံး ၁၉၁၈- မေလ ၁၀-ရက်နေ့မှာ တရုတ်ကိုယ်စားလှယ်က ဂျပန်နဲ့ ချုပ်ဆိုထားမှုကို ဖွင့်ဟ၀န်ခံလိုက်ရပါတယ်။ မေ-၁၁-ရက်နေ့မှာ တရုတ်သတင်းစာတွေမှာ ပါလာပြီး မေ-၁၂-ရက်နေ့မှာ တရုတ်တစ်မျိုးသားလုံး တိုင်းပြည်တစ်ခုလုံး လူထုအုံကြွမှုကြီး ဖြစ်ခဲ့ပါတယ်။  ဒီလိုလျှို့ဝှက်စာချုပ်မျိုးကို သူတို့က တစ်ခါကျနော်တို့ အပေါ်လုပ်လာတာ အင်မတန် ကိုယ်ချင်းစာတရား မရှိတာပြတာပါဘဲ။ ဒီမှာလဲ ရှမ်းတရုတ်ဆိုပြီး မလှိမ့်တပတ်တွေကို ပြတ်ပြတ် ခွဲခြားဖို့လိုလာပါပြီ။ တရုတ်ဆိုလဲ တရုတ်ပေါ့။ ရှမ်းဆိုလဲ ရှမ်းပေါ့။ လိမ်ဖို့တော့မကြံနဲ့။ ဒီခေတ်က DNA စစ်လို့ရတယ်။ ဒီလိုမလှိမ့်တစ်ပတ်လုပ်လာခဲ့တာ အမျိုးသားရေး ဦးနေ၀င်းလက်ထက် ကထည်းကပါ။ ခင်ညွှန့်လက်ထက်မှာ အများကြီး ခိုးဝင်လာကြပါတယ်။ ဖေါ်ထုတ်ဖို့ မခက်လှပါဘူး။ ဆန္ဒနဲ့ ဒါကို အမျိုးသားရေး တာဝန်လိုမြင်ဖို့ကသာ အဓိကပါ။ ဋ္ဌာနေမြန်မာ လူမျိုးတွေနဲ့ တသားတည်းကျနေတဲ့ ဆိုးတူကောင်းဖက် တရုတ် လူမျိုးတွေကို မဆိုလိုပါဘူး။

အချုပ်အနေနဲ့ အခုလိုထမိီခြုံ အော်ဟစ်နေသူဟာ ဘယ်သူဆိုတာ အားလုံး အထူးသတိထားဖို့ လိုလာပါပြီ။ ဒါဟာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို တိုက်နေတာ မဟုတ်တော့ပဲ နွားကွဲပြီး ကျားဆွဲအောင် သွေးထိုးနေသူလို့ မြင်တတ်ဖို့ လိုနေပြီဖြစ်ကြောင်းနဲ့ တရုတ်အစိုးရဟာ ဒီမိုကရေစီကို အသေမုန်းသူတာရယ် နိုဘယ်လ်ဆုရှင်ဆိုရင် အသေမုန်းသူ ဆိုတာလောက်တော့ နိုင်ငံရေး စကားပြောနေသူတိုင်း မသိပါဘူးဆိုတာ ငြင်းမရတဲ့အချက်ဆိုတာ တင်ပြရင်း....

အားလုံးကိုလေးစားလျှက်

လှိုင်မြင့်

34 comments:

  1. ဆရာလှိုင်မြင့်ခင်ဗျား မြစ်ဆုံအကြောင်းနဲ့ ကွန်မြူနစ်တ၇ုတ်အကြောင်း ဆက်လက်ေ၇းသားစေလိုပါတယ်

    ReplyDelete
  2. Totally agree with you, Dr Hlaing Myint.
    Thanks a lot for your post.

    ReplyDelete
  3. Too long to read!
    (I think good article.)
    Next time,
    pls write short to the point "Sir".

    ReplyDelete
  4. Thanks for your post Sir. 100% same what I have to say.

    အကယ်လို့ လူထုတော်လှန်ရေး ဖြစ်ခဲ့ရင်လည်း ပေးဆပ်ရမှာတွေ အများကြီးဆိုတာ ပြည်တွင်းပြည်ပ အကုန်သိကြပါတယ်။ တကယ်ရင်ဆိုင်ရမှာက ပြည်တွင်းကလူတွေ။

    ပြည်ပကတော့ လက်ခုပ်ဝိုင်းတီးကြမှာပေါ့။ မအောင်မြင်ခဲ့ရင် ပြည်ပမှာ ဆက်နေမှာပေါ့။ အောင်မြင်ရင် ပြည်တွင်းပြန် ဆရာကြီးလုပ်မှာပေါ့။

    အခု ပြည်ပကနေ လှုံဆော်နေတဲ့သူတွေကြည့်လိုက်ရင် ပြည်တွင်းနိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ လုံးဝမရှိတဲ့ ပြည်ပရောက်တွေပါ။

    အသက်အရွယ်အတွေ့အကြုံ အရရော ပြည်တွင်း နိုင်ငံရေးဖြတ်သန်းမှုအရရော လေးစားလောက်စရာ အတွေ့အကြုံမရှိကြပါဘူး။

    ReplyDelete
  5. ကျေးဇူးအထူး တင်ပါတယ်ဆရာလှိုင်မြင့်။
    ဒီ ၂၃ နှစ်အတွင်းမှာ ဒေါ်စုက ၁၉ နှစ်လောက် လှုပ်ရှားလို့ မရခဲ့ဘူးဆိုတာလည်း မေ့ချင်ယောင် ဆောင်ကြတော့မယ်။ န၀တ၊ နအဖ တို့ အုပ်စိုးခဲ့တဲ့နှစ်တွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်က ဒေါ်စုကို ချုပ်ထားပြီး ၂၅ ရာခိုင်နှုန်းလောက်ပဲ လှုပ်ရှားလို့ရခဲ့ပါတယ်။
    ၂၃ နှစ်လုံးလုံး ဒီမိုကရေစီ မရတာ အချုပ်ထဲ ၁၉ နှစ်လောက် နေရတဲ့ ဒေါ်စုရဲ့ခေါင်းဆောင်မှု အသုံးမကျလို့ လို့ပြောနေတာတွေကို မတရားဘူးလို့ ပြောချင်ပါတယ်။

    ReplyDelete
  6. လူထုတော်လှန်ရေး ဖြစ်ခဲ့ရင်လည်း ပေးဆပ်ရမှာတွေ အများကြီးဆိုတာ ပြည်တွင်းပြည်ပ အကုန်သိကြပါတယ်။
    တကယ်ရင်ဆိုင်ရမှာက ပြည်တွင်းကလူတွေ။
    ပြည်ပကတော့ လက်ခုပ်ဝိုင်းတီးကြမှာပေါ့။ မအောင်မြင်ခဲ့ရင် ပြည်ပမှာ ဆက်နေမှာပေါ့။ အောင်မြင်ရင် ပြည်တွင်းပြန် ဆရာကြီးလုပ်မှာပေါ့။
    အခု ပြည်ပကနေ လှုံဆော်နေတဲ့သူတွေကြည့်လိုက်ရင် ပြည်တွင်းနိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ လုံးဝမရှိတဲ့ ပြည်ပရောက်တွေပါ။
    ဒီလိုအရေးကြီးချိန်မှာ သွေးခွဲစကားပြောနေတာ ရန်သူမှ ရန်သူအစစ်။

    ReplyDelete
  7. ဟုတ်တယ်ဗျ။ ဒေါ်စုရဲ့ လုံခြုံရေး အရေးကြီးသလို ဦသိန်းစိန်ရဲ့ လုံခြုံရေးကိုလဲ အထူးဂရုစိုက်သင့်တယ်လို့ထင်ပါတယ်။

    ReplyDelete
  8. အပေါ်ကအကောင် သနားတယ် ။ မင်းစောက်ပေါလို့ သတ်မှတ်ထားသူရဲ့ စာကိုမဖတ်ပဲမနေနိုင်တာကိုက မင်းကိုသနားမိတယ် ။ မင်းဆရာလှိုင်မြင့်ကိုကြိတ် သဘောကျနေတာ ၀န်ခံပါ ။ ကနေ့ ခေတ်ကိသိတယ်မဟုတ်လား ။

    ReplyDelete
  9. ဆရာလှိုင်မြင့်ခင်ဗျား.ဖတ်ရတာကောင်းလို့သာတောက်လျှောက်ဖတ်လိုက်ရတာဇက်ကိုညောင်းသွာတာပဲ..နောက်တခါဆို part 1,2,3 လေးနဲ့ရေးပေးပါဗျ
    အပေါ်၃ခုမြောက်ကေ-ာက်ပေါကိုဂရုစိုက်နေစရာမလိုပါဘူး..ဒီကောင်ကဆရာ ပြောတဲ့ကြပ်ပြေးကအရာရှိကြီးတွေ (ဒီပဲယင်းမှာပါခဲ့တဲ့)ကောင်ပဲဖြစ်မှာပါ..
    အနာပေါ်ဒုတ်ကြပီး.ကြံရာမရထဟောင်လိုက်တာပါ.ရေးသာရေး..
    ဘာမှမပူနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုရော သမ္မတကြီးကိုပါ ၀န်းရံကြပေးမယ်
    ဗျာ..

    ReplyDelete
  10.့ ဒေါ်အောင်ဆန်းစုကြည်ဟာလွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်တယ်..
    ဗိုလ်ချုပ်အောင်ဆန်းဟာ ဗိုလ်မင်ရောင်ရဲ့မြေးဖြစ်တယ်.သမိုင်းရှိတယ်
    ဘယ်တော့မှတိုင်းပြည်နဲ့လူမျိုးအပေါ်သစ္စာမဖေါက်ဖူး.ဒါဟာအမှန်တရားပဲ.
    သန်းရွှေရဲ့တပ်မတော်ကတော့တိုင်းပြည်နဲ့လူမျိုးအပေါ်ရော.စစ်ဗိုလ်အချင်းချင်းရော.သစ္စာဖေါက်တယ်.ဇတ်တူသားလဲစားတာဘဲ.
    ဒါဟာအမှန်တရားပဲ.

    ReplyDelete
  11. တကယ်ကောင်းတဲ့ သုံးသပ်ချက်ဆောင်းပါး ...
    ပြည်ပကနေ ဟိုလိုလုပ်ပါလား၊ဒီလိုလုပ်ပါလား ဆိုတာထက်
    လက်တွေမပါတဲ့  ဝေဖန်မှုမျိုးတွေဟာ
    အရိုင်းဆုံးပြောရရင် မဖြူဖြူသင်းရဲ့ 
    ရာသီသွေး စွန်းနေတဲ့  ထမီတထည်လောက်
    တောင် အသုံးမ၀င်ပါဘူ...ဘာကြောင့် လည်
    ဆိုရင် လျှော်ဖွပ်ပြီး သူစောင် ရှောက်ထားတဲ့ 
    လူနာအမျိုးသမီကို ပေးရင်တန်ဖိုးရှိလို့ ပါ....
    facebookမှာရှယ်မလို့ ဗျာ..မ သွားတယ်

    ReplyDelete
  12. THANK FOR YOU POST,, I SUPPORT YOU POST ALSO I LIKE THIS POST.

    ReplyDelete
  13. ဒီဆောင်းပါးလေး လင့်ပါရစေ

    ReplyDelete
  14. ဒေါက်တာလှိုင်မြင့် အစာမကြေဘူးလို့ ပြောလို့ရတဲ့ ဗမာမဟုတ်တဲ့ မြန်မာပြည်သားတွေ ဒေါက်တာလှိုင်မြင့် အော်စီမရောက်ခင် နောက်ဆုံးနေခဲ့တဲ့ နိုင်ငံမှာ မနက်ဖြန်မနက် (၁၀း၂၀)၀န်းကျင်မှာ ဘာတွေ လှုပ်ရှားမယ်ဆိုတာ.....

    မှတ်ချက်။ ။ တိုင်းရင်းသား ကို မသုံးချင်ပါ။

    ReplyDelete
  15. သဘာဝဓာတ်ငွှေ့ပိုက်လိုင်းအကြောင်းလေး ရေးသားကြပါဦး..။
    ဦးနေ ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete
  16. ကျနော်ဆရာရဲ့ဆောင်းပါးကိုသဘောကျတယ်ဗျာ၊ဟုတ်လဲဟုတ်တယ်။ကျနော်တို့အန်တီစုနဲ့ဦးသိန်းစိန်ကိုဝန်းရံပေးကြရမယ်။ကျေးဇူးတင်တယ်ဗျာ။

    ReplyDelete
  17. သိပ်ကောင်းတဲ့ ပို့ စ်ပါ။ ဒေါ်အောင်ဆန်းစုကြည်နောက်မှာ ပြည်သူတွေ အမြဲရှိနေမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူတွေကို ချစ်တယ်ဆိုတာ ခံစားမိပါတယ်။
    ဖေါက်ပြန်တဲ့ သူတွေဆိုတာ ခေတ်တိုင်းမှာ ရှိပါတယ်။ သူတို့ တွေ ဘေးထိုင် ဘုပြော သမားတွေ ဖြစ်ပြီး ဘာအလုပ်မှ လက်ဆုပ်လက်ကိုင်ရှိအောင် မပြနိုင်ကြပါဘူး။ ဒီလိုလူတွေရဲ့ ရေးသားထားတာတွေကိုလည်း ဘယ်အသိတရားရှိတဲ့ သူမှ နားယောင်နေမှာမဟုတ်ပါဘူး။

    ReplyDelete
  18. ဘဝမှာအသက်ရှင်ရပ်တည်နေထိုင်ရခြင်းရဲ.အနှစ်သာရဟာ
    ကိုယ်ကျင်.တရားပဲဖြစ်ပါတယ်။
    ပြည်ထောင်စုဖွားများကိုသာမက ကမ္ဘာကြီးတစ်ခုလုံးကိုပါ
    ဒေါ်အောင်ဆန်းစုကြည်ကကိုယ်ကျင်.တရားနှင်.ထင်ရှားပြ
    နေသူဖြစ်ပါတယ်။
    ဘယ်လိုမှလက်လှန်းမမှီနိုင်သောနိုင်ငံရေးလျှို.ှဝှက်ချက်တွေ
    နိုင်ငံရေးဖြစ်စဉ်တွေကိုဆန်းစစ်ဖေါ်ပြပေးရင်း မှန်ကန်တဲ.
    အမျိုးသားရေးစိတ်ဓါတ်တွေနိုးကြားလာအောင်လမ်းပြပေး
    နေတဲ.ဆရာလှိုင်မြင်.ကိုလေးစားစွာဖြင်.........။
    vvk mergui

    ReplyDelete
  19. ကောင်းလိုက်တဲ့ ပို့စ်လေးပါ။
    မြန်မာပြည်သားတိုင်းမှာ တာဝန်ရှိပါတယ်။

    ReplyDelete
  20. တပြည်ထောင်လှိုင်မြင့်ရေး သိန်စိန်ကမင်းကိုလက်ခံမှာပါ မပူပါနဲ့နော်

    ReplyDelete
  21. မိမိအာဏာရဖို့  အစဉ်အလာကောင်းခဲ့တဲ့ မြန်မာတပ်မတော်ကို အခုလို အခြေအနေဖြစ်အောင် လုပ်ခဲ့တဲ့ နိုင်ငံရေးသမားတွေ ၊ စစ်တပ်ခေါင်းဆောင်တွေ အကြောင်းတွေ နဲ့ ကွန်မြူ နစ်ပါတီ ရဲ့ မင်းသား မ က ရလို့ ပက်မကြီးထိုးဖောက်သွားတဲ့အကြောင်းလေးတွေလည်း နောင်လာနောင်သားတွေ သိရအောင် ရေးသားဖော်ပြပေးပါခင်ဗျား။

    ReplyDelete
  22. ယဉ်ယဉ်လေးရေးထားတာပါ။
    Commentကိုဘာလို့ဖြုတ်ပစ်တာလဲ။
    ကိုယ့်ဆရာရဲ့ဆောင်းပါးတွေပြန်ဖတ်ကြည့်အုံး။
    ငါသိ၊ငါတော်၊ငါတတ်တွေချည်းဘဲ၊
    ဒါကြောင့်တော်ပါတော့ ကိုတော်သိတတ်ကြီး လို့ပြောတာပေါ့။
    တဖက်သပ်ရေးသမျှထောက်ခံပြီးဖတ်ရမယ်ဆိုရင်တော့ဆောင်းပါးမရေးပါနဲ့
    အပေါ်ကသျှင်နေမင်းဆိုတဲ့ကောင်ရေးထားတာယဉ်ကျေးသလား၊
    ဒါတော့မဖြုတ်ဘူး။
    တဘက်သပ်ကြီးကတော့ဘယ်ဟာမှကြည့်မကောင်းပါဘူး။
    ဆောင်ပုဒ်ကြည့်တော့မြန်ပြည်တဝှမ်းဒီမိုလွှမ်းစေ..တဲ့။
    ရယ်ရတယ်..ဗြဲဟဲဟဲ

    ReplyDelete
  23. အပေါ်ကလူ မင်းကိုဘယ်သူက အတင်းဖိအားပေးပြီးဖတ်ခိုင်းနေလို့ လဲ ။မကြိုက်ရင် မဖတ်နဲ့ပေါ့။မင်းဟာမင်း ဆရာရေးတာမဖတ်ဘဲမနေနိုင်လို့  အကြိမ်ကြိမ်ဖတ်နေတာ ပေါ်နေတာဘဲ။ မရေးပါနဲ့ ပြောရအောင် မင်းအဘတွေဘက်ကနာနေလို့ လား။

    မင်းအဘတွေကောင်းတာတွေရှိရင်ရေးလေ။ ကိုဒီမိုကတင်ပေးပါတယ်။ရှိရင်ရေးစမ်းပါ။ မင်းအဘက မြစ်ဆုံဆည်ကျိုးလို့ တပြည်လုံးသေလေသူကိုကလော်တုတ်တဲ့သူတွေလျှော့သွားပြီပြောအုံးမဲ့သူ။အခု ဒီလောက်အန္တရယ်ကြီးတဲ့မြစ်ဆုံကိုတက်သုတ်ရိုက်ဆောက်ခွင့်ပေးပြီးဒေါ်လာသန်း-၅၀၀၀-ချေးပေးလိုက်တာတစ်နစ်အတွင်းပြောင်အောင် ဗုန်းလိုက်တယ် ။စာရင်းပျောက်နေတာရှင်းရတော့မယ်။

    ရေးလေ။

    ReplyDelete
  24. လူ့စိတ် နတ်မလိုက်နိုင် ဆိုသလိုပဲ...............
    အရင်တုန်းကတော့ တွေ့ဆုံဆွေနွေးရေးကို တစိုက်မတ်မတ် တောင်းခဲ့တယ်
    အခုတွေ့ဆုံဆွေးနွေးပြီး လမ်းမှန်တစ်ခုကိုရောက်ဖို့ နှစ်ဘက်ခေါင်းဆောင်တွေ
    ကြိုးစားနေကြတယ်လို့ ထင်ပါတယ် ကျွန်တော်တို့နောက်ကနေပြီး ဝရုန်းသုန်းကားနဲ့ ဖြစ်နေမယ့်အစား ရှေ့သွားနောက်လိုက်ညီအောင် လှုပ်ရှားသင့်တယ်လို့ ထင်တယ်

    ReplyDelete
  25. comment taung loot lut swar yayy kwint ma shii buu naw,,,d blogger ka,,,,,,,,,bel lo lu lae,,,democracy ,,co yaw,,narr lel par yae lar?????????yayyy htarr tae comment twe delete lote khan ya del...byarrr

    ReplyDelete
  26. အပေါ်ကလူ ဒီမိုကရေစီဆိုတာက အသိဥာဏ်ရင့်ကျက်မှုရှိမှကျင့်သုံးလို့ အောင်မြင်နိုင်တဲ့ နိုင်ငံရေးဆိုတာကိုနားလည်အောင်အရင်လေ့လာပါ။ ဒီမိုဝေယံဆိုဒ်ကိုလာဖတ်သူအများသူငါ က အဆင့်အတန်းမရှိတဲ့ ဗလာနထ္ထိ အာဃာတအရင်းခံ စိတ်မမှန်တဲ့ အရှုးဆန်ဆန်အရေးအသားတွေကိုမဖတ်ချင်ကြဖူးဆိုတာ သိထားလို့  ဒီမိုဆိုဒ်ကဖယ်ထုတ်မယ်ဆိုတာ စာဖတ်သူတိုင်းနားလည်ပြီးသားပါ။ မင်းကများ သူတော်တော်ကောင်းယောင်ဆောင်ချင်နေသေးတယ်။

    တချိန်က န.အ.ဖ သတင်းစာတွေက ဒေါ်စုကိုဝေဖန်နေချိန်မှာ အဲဒီလိုအသားလွတ်ဖါးရေးသားချက်တွေရေးပို့ ခဲ့သူတွေကို မတင်ပေးပါဘူး။ အဲဒီလိုလူတွေကိုအခွင့်အရေးသမားတွေ စာရင်းထဲတောင်သွင်းထားတာပါ။

    အသားလွတ်ဆဲရေးသူတွေကိုတော့ စိတ်မမှန်သူစာရင်းထဲထဲ့ထားတာပါ။စုံစမ်းကြည့်ပါ။

    ဒီမိုဝေယံမှာ ဆရာလှိုင်မြင့်ကို သုံးမရအောင် အချက်အလက်နဲ့ ရေးထားတာတွေတောင်တင်ပေးနေတာ အားလုံးအသိပါ။ ကိုယ့်ကိုကိုအရင် ပြန်သုံးသပ်ပါ။ ဒီမိုကရေစီရပြီဆိုပြီး အရပ်ထဲမှာ မဆင်မခြင် ငြုပ်သီးကြော်လှော်လို့ မရဘူးဆိုတာလောက်တော့ ခင်ဗျားနားလည်ပါတယ်နော် ။

    မင်းမကျေနပ်ရင် လူလိုသူလို အဆင့်ရှိရှိစာရေးပါလား ။ မဟုတ်တာတွေရေးတာကိုက စာဖတ်သူတွေကို စော်ကားနေတယ်ဆိုတာလောက်တော့ အသိတရားရှိသင့်တယ်။စာဖတ်သူတိုင်းက ကွန်မင့်တွေဖတ်ပြီး အဲဒီလူရဲ့ စိတ်ဓါတ်ကို ဆုံးဖြတ်နေတာပါ။မင်းသတ္တိရှိရင် နံမည်ပါထုတ်ဖေါ်ရေးသားလေ။

    ReplyDelete
  27. မျိုးချစ်(နေပြည်တော်)October 12, 2011 at 12:41 PM

    အပေါ်က. "ရယ်ရတယ်ဗြဲဟဲဟဲ". ဆိုတဲ့. ပုဂ္ဂိုလ်. ခင်ဗျားဒီဆောင်းပါးကိုဖတ်ပြီး
    အနှစ်ချုပ်အနေနဲ့ဘာကို. နားလည်လိုက်သလဲ?ပြီးတော့. ခင်ဗျားဟာ. မြန်မာနိုင်ငံ
    ကိုချစ်တဲ့သူလား. တရုတ်နိုင်ငံကိုချစ်တဲ့သူလား? ဘုံရန်သူကိုကာကွယ်ရမဲ့. အချိန်မှာ
    ကျုပ်တို့အချင်းချင်းဟာ. စည်းရုံးနေပြီး. ခင်ဗျားရဲ့မျက်နှာကို. မြောက်ဖက်မျက်နှာမူ
    ပီးတော့. စောစောက. ရယ်သလို. " ဗြဲဟဲဟဲ. ". လို့အားရပါးရ. ရယ်လိုက်ပါ။
    အဲဒါဆိုရင်. မြန်မာနိုင်ငံကိုချစ်တဲ့. သူတွေက. ခင်ဗျားကို. လက်ခုပ်တီးပေးပါလိမ္မယ်။
    ပီးတော့မှ. ဆောင်းပါးရှင်The. Peace. လို. အချက်အလက်အကိုးအကားနဲ့. ဒေါက်
    တာလှိုင်မြင့်ဆောင်းပါးကို. ဝေဖန်ပါ။. ကျုပ်တို့ဆုံးအောင်ဖတ်ပြီးယဉ်ကျေးစွာComment
    ရေးကြပါမယ်။. နော်ဝေကလူသတ်သ္မားလို. လက်ထဲကသေနတ်နဲ့ပရမ်းပတာ. ပစ်လို့
    တော့မရဘူး၊. ကလောင်နာမည်လေးတခုပေးပေါ့၊. အပြန်အလှန်ဆွေးနွေးလို့ရအောင်။

    ReplyDelete
  28. ဆရာ့ဆောင်းပါးလေးကောင်းပါတယ်။ ဆောင်းပါလေးပါ ဘာလို့လဲဆိုတော့ တိုလို့ တကယ်ပြောတာပါ။ ကျွန်တော်က ဒါမျိုးဆို တနေ့လုံးထိုင်ဖတ်ချင်တာဗျ။
    ဝေဖန်ကြတာက မဆန်းပါဘူး၊ မြန်မာတွေက ဝေဖန်တာနဲ့ မနာလိုတာရောနေကြတယ်။ အဲဒါမကောင်းဘူးထင်တယ်။ ကျွန်တော်ကနတ်မောက်မှာမွေးပါတယ်။ နတ်မောက်မြို့ကို ဗိုလ်ချုပ်မြို့နဲ့ မညီဘူးလို့ ဝေဖန်တာကို အကြိမ်းခံရပါတယ်။

    ReplyDelete
  29. အောင်မြင့်October 12, 2011 at 5:51 PM

    ဆောင်းပါးရှင်ကိုကျေးဇူးတင်ပါတယ်။ ဦးသိန်းစိန်ကို လည်းမြစ်ဆုံကိစ္စရော၊ နိုင်ငံရေးအကျင်းသားတွေလွတ်တဲ့ကိစ္စတွက်ပါကျေးဇူးတင်ပါတယ်။ ဒေါက်တာလှုင်မြင့်ကိုမုန်းတဲ့ ကိုရွေတိုင်းရင်းသားများကို လည်း ဒီကွန်မန်းတွေမှာတွေ့ရလို့ ငယ်ပေါင်းသူငယ်ချင်းများကိုပြန်တွေ့ရသလိုခံစားရပါတယ်။ ဒီဆောင်းပါးရှင်ကတော့ စူပါဖြစ်နေပြီ။ ကွန်မန်းတော်တော် ရတယ်။ ဒါမှလည်း ဆရာလှိုင်မြင့်အတွက် ဆောင်းပါးတွေထက်ရေးဖို့ အင်အားဖြစ်မှာပေါ့။ ဒါပေမဲ့ ဒီဆောင်းပါးမှာ ခင်ဗျားရေးတဲ့ စာတွေက ထပ်ခါထပ်ခါပါနေတယ်။ ဒီလိုပုံစံနဲ့ စာမေးပွဲမှာ ဖြေရင်တော့ အမှတ်နဲမယ်နော် ဆရာ ..

    ReplyDelete
  30. အပေါ်က ကိုအောင်မြင့် ကို ဆောင်းပါးမှာ အကြောင်းအရာတွေထပ်နေတာ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။အလုပ်တဖက်နဲ့  အချိန်လုရေးရတာတစ်ဘေကာင်း မြန်မာစာမကျွမ်းကျင်တာတစ်ကြောင်းပါ။ ဆိုလိုတာကိုပေါ်လွင်အောင်မနည်းကြိုးစားရေးနေရလို့ ပါ။

    နိုင်ငံအရေးအတွက် အားပေးနေတာကို အထူးပိုကျေးဇူးတင်ပါတယ် ။ လူများများနိုင်ငံရေးကိုစိတ်အားသန်လာရင် အာဏာရှင်တွေ ရဲ့ နေ့ ရက်တွေကို ရေတွက်လို့ ရလာပါပြီ ။အခုမြစ်ဆုံကိစ္စ ရေးနေပါတယ်။

    လှိုင်မြင့်

    ReplyDelete
  31. မြန်မာပြည်က ဒုက္ခသည်အနေနဲ့  အမေရိကန်ကိုလူတစ်သိန်းခန့်  နဲ့အနောက်ဥရောပနိုင်ငံတွေကိုလူငါးသောင်းမကရောက်တဲ့အထဲမှာ ကရင်လူမျိုး ငါးသောင်းအထက်(ခန့် မှန်း)နဲ့ ချင်းလူမျိုးခြောက်သောင်းခန့် (ခန့် မှန်း)ရောက်နေကြပါပြီ။

    ဒီလူတွေသာလူတစ်ဦးချင်းဆီကနေ တစ်နစ်ကို ဒေါ်လာ-၁၀၀၀-ဆီသူတို့ လူမျိုးတွေအတွက်ထဲ့ဝင်ကြမယ်ဆိုရင်လူတစ်သိန်းဆီကနေတစ်နစ်ကိုဒေါ်လာသန်း၁၀၀-လောက်အလွယ်လေးရနိုင်ပါတယ်။(တစ်လမှ-၈.၅-ဒေါ်လာပါ )

    တော်လှန်ရေးအတွက်သုံးရမလား..လူမှုရေးအတွက်သုံးမလား။ ပြည်ပကနေ ကီးဘုတ်ကလေးနိပ်နေရုံသက်သက်လုပ်မနေကြပါနဲ့  ။ ကီးဘုတ်ပေါ်ကလဲအော်ပေါ့ ဒေါ်လာလဲ ဟွန်ဒီကြပါဦး။

    အဲဒီနိုင်ငံကြီးတွေမှာ ကိုယ်ပိုင်အိမ် ပိုင်ဆိုင်ရေးအတွက် နံပတ်တစ်လုပ်နေသူတွေ နိုင်ငံရေးကို နဲနဲလျှော့အော်ကြပါလို့ ။ ( မောဂိတ် -- Mortgage အတွက် အဓိကထားနေမျှ မဲဆောက် အတွက်လေ Air ပေးနေတာလေး ရပ်ကြပါလို့  )

    အခုတော့ ဒီမိုကရေစီနိုင်ငံကြီးတွေ NGOတွေကကူနေလို့ သာပေါ့ ။ လက်တွေ့ ပါ ..နိုင်ငံရေးသမားတစ်ဦးက သူတစ်နစ်ကို ဒေါ်လာ-၅၀၀၀-အထက်ပို့ ထားတဲ့ဖြတ်ပိုင်းတွေကို တွေ့ ဆုံပွဲလေးတစ်ခုမှာပြလာတော့ သူလိုလူစားမျိုး..ကရင်လူမျိုး ချင်းလူမျိုးထဲမှာ များများရှိရင် တော်လှန်းရေးမှာ ၀ပြည်နယ်တပ်တွေလို စစ်အစိုးရကိုအပေါ်စီးကနေစကားပြောလို့ ရမှာဘဲလို့ တွေးနေမိပါတယ် ။

    လက်ခုတ်တီးတာထက် လက်ကအထုတ် ပိုလုပ်ကြပါလို့  STOP THE TALKS, START THE WALK.

    ReplyDelete
  32. Dr Hla Myint
    U r idiot.Wthout U Than Shwe's permission,U Than Sein has no power to stop Dam(သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ မြစ်ဆုံစီမံကိန်းကြီးကို ဖျက်သိမ်းပေးတာကို ).u have no brain.This is Than Shwe"s decision.

    ReplyDelete
  33. မှန်တယ်.... ကိုယ်တိုင် ဘာမှ မလုပ်နိုင်ပဲနဲ့ သူများက တဖြေးဖြေး လုပ်နေတာကို လိုက်နှောက်ယှက်နေတဲ့ သူတွေကို အသာလုံးဝ မပေးနဲ့ ... ထိပ်တိုက်မှ တိုက်ချင်သူများ ဝင်တိုက်ကြပါလား... အဲလို ဆွေးနွေးပွဲ ပျက်အောင် လုပ်နေတဲ့ သူတွေဟာ တော်လှန်ရေး အဓွန့်ရှည်ပါစေဆိုတဲ့ လူတွေနဲ့ အာဏာရှင် လက်ပါးစေတွေ တယူသန်လွန်းတဲ့ ကွန်မြူနစ်တွေ ဆိုတာ အသေအချာပါပဲ... ပျော့ပျောင်းတဲ့ ကွန်မြူနစ်တောင် မဟုတ်ဘူး ..........ကျုပ်တို့ကတော့ အေးဆေးညှိနှိုင်းဖြေရှင်းတာမျိုးပဲ လိုချင်တယ်... လူအသက်တွေ ဘဝတွေ ထပ်ပြီး မဆုံးရှုံးစေချင်တော့ဘူး.... သူများကျွေးတာကို လက်ဖြန့်စားနေရတာကို ကျေနပ်နေတဲ့သူတွေကို ထည့်မစဉ်း စားပဲ ဆက်ပြီး တင်ပြပေးပါအုံး.....

    ReplyDelete
  34. ဆရာလှိုင်မြင့် ခင်ဗျား ဆရာရေးသားထားတဲ့ ဆောင်းပါးကို အလွန်ကြိုက်နှစ်သက်ပါတယ် ဖတ်ရတာလဲ အားရပါတယ်..ဒါပေမယ့် အောက်က comment တွေကို ဖတ်ကြည့် တဲ့ အခါမှာ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ မြစ်ဆုံစီမံကိန်းကြီးကို ဖျက်သိမ်းပေးတာ ဦးသန်းရွှေရဲ့ အမိန့် လို့ ပြောတဲ့ လူတယောက်ကိုတွေ့ ရပါတယ်။အဲဒီအချက်ကို ဆရာ့ အနေနဲ့ နဲနဲလောက်ရှင်းပြပေးစေလိုပါတယ်။ လေးစားစွာဖြင့် ပန်ကြားလိုပါတယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။