Pages

Sunday, October 30, 2011

ပျက်စီးသွားသော သဘာဝဝန်းကျင်များနှင့် ကြေမွသွားသော ကျောက်စိမ်းတုံးများ အကြောင်း (၁) (သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ)

ဒီနေ့ ရောက်ရှိလာတဲ့ ပုံတွေကို အမှတ်တမဲ့ ကြည့်လိုက်တော့ ဘယ်နိုင်ငံခြား တိုင်းပြည်က တည်ဆောက်ရေး လုပ်ငန်းပုံတွေလဲပေါ့ Mega ယန္တယားကြီးတွေ အများအပြားနဲ့ ပုံတွေဆိုတော့ ရုတ်တရက်ကြည့်ရင် မျက်စိမှားစရာပါ...။ နိုင်ငံခြားတိုင်းပြည်တွေက တည်ဆောက်ရေး လုပ်ငန်းခွင်တွေလို့ ထင်ရတဲ့ နေရာကတော့ ကချင်ပြည်နယ် ဖားကန့် ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင် မြင်ကွင်း ဓာတ်ပုံတွေပါတဲ့...။ တိုးတက်နေတာလား ဆုတ်ယုတ်နေတာလား၊ သဘာဝဝန်းကျင်တွေ ပျက်စီးနေတာလား ဒီကရတဲ့ သယံဇာတတွေ ရောင်းရငွေတွေကြောင့် ကချင်ပြည်သူလူထု အကျိုးအမြတ်တွေကို ခံစားနေရလား၊ တိုင်းပြည်တိုးတက် ဖွံဖြိုးနေပြီလားဆိုတာ သုံးသပ်ကြည့်ရအောင်...။

မြန်မာပြည်ရဲ့ ဦးခေါင်းပိုင်း ကချင်ပြည်နယ်ဟာ  သယံဇာတတွေ သဘာဝအရင်းအမြစ်တွေ ပေါများကြွယ်ဝတဲ့ ဒေသတခုပါပဲ...။ ကမ္ဘာ့အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းတွေ ထွက်ရှိရာ ဖားကန့်ဒေသဟာလည်း ကမ္ဘာကျော်ပါတယ်...။ ၁၉၈၅/၈၆လောက်က ထင်ပါတယ်... ကချင်ပြည်နယ် ဖားကန့်ဒေသက ၂၂တန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို ရန်ကုန်ကို အစောင့်အကြပ်တွေနဲ့ ညဘက်ကြီး ရထားနဲ့ သယ်ဆောင်လာတာ ကြားဘူးခဲ့ပါတယ်။ ထိုစဉ်က မဆလခေတ် သတင်းစာတွေမှာ မစားရမခန်း ဒီကျောက်စိမ်းတုံးကြီးကြောင့် တိုင်းပြည်ကြီး နေ့ချင်းညချင်း ကြွယ်ဝချမ်းသာတော့ မလိုလို၊ ရေးသားချက်တွေ ဖတ်ခဲ့ဘူးပါတယ်..။ ကမ္ဘာပေါ်က လူအားလုံးကို တစ်ရက်ထမင်းကျွေးလို့ ရတယ်ဆိုလား ထိုစဉ်က ကောလဟာလတွေလည်း ကြားခဲ့ဘူးပါတယ်..။
 နွံထဲ၌ ကားတစီးလုံး မြုပ်နေသည်.. ဆင်နှင့်ဆွဲပေးကြပါ.. တခါဆွဲ ၃သိန်းတဲ့
ဒီပုံကတော့ အထက်ပါပုံနဲ့ လားလားမျှ ဆန့်ကျင်တဲ့ မိုးတွင်းကာလ ကာမိုင်း၊ ဖားကန့်လမ်းပေါ်က မြင်ကွင်းပါ..။ 4Wheel Drive ကားတောင် မြုပ်နေတဲ့ ကြမ်းတမ်းတဲ့ လမ်းပေါ်မှာ ဆင်နဲ့ဆွဲပြီး အလွတ်ရုန်းနေရတဲ့ ၂၁ရာစုရဲ့ ကမ္ဘာ့အကြီးဆုံး အဖိုးတန် ကျောက်စိမ်းတွေ ထွက်ရှိရာဒေသက ကားလမ်း အခြေအနေပါ...။ ကားတစ်စီး ဆင်ဆွဲခ ကျပ်ငွေ သုံးသိန်းမှ ငါးသိန်းအထိ ကုန်ကျပါတယ်...။ ဒီလိုခေတ်အဆက်ဆက် လမ်းဆိုးတယ်လို ကျော်ကြားတဲ့ ဖားကန့်လမ်း ပြင်ဆင်ရန်ဆိုပြီး အလှူခံငွေ ကောက်ခံခဲ့ရာမှာတော့ ဆယ်စုနှစ် ၂ခုရှိနေပါပြီ...။ လမ်းပြင်ဆင်ဖို့ အတွက် မူးယစ်ဆေးစွဲသူများအား ဖမ်းဆီးပြီး အလှည့်ကျ စေခိုင်းပါတယ်..။ ဖားကန့်မှ ကျောက်စိမ်းလုပ်ကွက် ပိုင်ရှင်များထံမှ အလှူငွေကောက်ခံပေမယ့် လမ်းကတော့ မိုးတွင်းဆိုရင် မြင်ရတဲ့ အတိုင်းပါပဲ...။
 ချင်းတွင်းမြစ်ကြောင်းမှ ယန္တယားများ သယ်လာစဉ်
အပေါ်က အဆိုပါကြီးမားလှတဲ့ စက်ယန္တယားကြီး တွေကိုတော့ မုံရွာမှတစ်ဆင့် ချင်းတွင်းမြစ်ကြောင်း အတိုင်း ယခုလို သယ်ဆောင်လာတာပါ...။
 ကျောက်ထွက် အများဆုံး ဖားကန့်ကြီးမှ လုပ်ကွက်တွေလို့ ဆိုပါတယ်..။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကြီးပြင်းနေထိုင်ဘူးတဲ့ ယခုအိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ ကချင်အမျိုးသား ဇော်ရှန်မှ အဆိုပါလုပ်ကွက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာတော့ " အရင်ကတော့ ဒီနေရာတွေဟာ လုပ်ငန်းလုပ်ကွက် အရမ်းကြီးတဲ့ နေရာတွေပါ... တော်ရုံတန်ရုံ မကပ်နိုင်တဲ့ နေရာတွေပေါ့..။ ပထမဦးဆုံး ကချင်အမျိုးသား ရုဇော်ခေါင်ဆိုသူပိုင်တဲ့ Jade Land ကုမ္ပဏီက ပိုင်ဆိုင်ခဲ့တာပါ.. သူက တော်တော်ချမ်းသာတယ်လေ။ ကချင်ထဲမှာ အကြီးဆုံး ကုမ္ပဏီပေါ့ ... ဒီနေရာတွေမှာ ကျောက်က အလှူပေးသလို လိုက်ကောက်လို့ ရအောင် ကျောက်တွေ အကြီးအကျယ်ထွက်တဲ့ နေရာတွေပေါ့..."
 ကားကိုတော့ ဆင်နဲ့ဆွဲပါတယ်.. ချောင်းကိုတော့ စက်နဲ့ဖော်ပါတယ်..
လက်ရှိအခြေအနေမှာ ဒီနေရာ ဒီဒေသကို ဘယ်သူတွေ ဒီလောက်ကြီးမားတဲ့ ပမာဏနဲ့ လုပ်ကိုင်နိုင်မလဲ ဆိုတာကိုမေးမြန်း ကြည့်ရာမှာတော့ " နောက်ပိုင်းမှာ ကချင်လောပန်တွေ လုပ်စားဖို့ တော်တော် ခက်သွားပြီလေ...။ လက်ရှိနောက်ပိုင်း ပြည်ကြီးက တရုတ်ကုမ္ပဏီတွေနဲ့ စစ်တပ်ပိုင် ဦးပိုင်ဖက်စပ်တို့ လုပ်လာကြတော့ ခုကချင်၊ မြန်မာ၊ ရှမ်းစတဲ့ လောပန်တွေ အနားမကပ် နိုင်တော့ဘူးပေါ့... နောက်ဖက်စပ်ဆိုတာ ပေါ်လာတော့ ဝ၊ ကိုးကန့်နဲ့ KDA စတဲ့ အဖွဲ့တွေနဲ့ စစ်တပ်ပေါင်းပြီး လုပ်နေကြတာပေါ့..။ ဒီဘက်မှာ  ကုမ္ပဏီတွေရဲ့ လုပ်ကွက်တွေက ဆက်စပ်နေတာလေ...။ တော်ရုံတန်ရုံလူ အပြင်လူ ဝင်ခွင့်မရဘူး လက်နက်ကိုင်တွေ စောင့်ကြပ်နေကြတာလေ..။  "
အနောက်ဖက်မှ မြင်ရတဲ့ ကျောက်တောင်ကနေ သဲတောင်အဖြစ် ဘဝပြောင်းသွားတဲ့ ဖားကန့် ကျောက်စိမ်းမှော်မြေရဲ့  မြင်ကွင်းတခု
လက်ရှိအခြေအနေမှာတော့ စစ်တပ်ပိုင် ဦးပိုင်၊ ဝ၊ ကိုးကန့်၊ KDA၊ နောက်ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ယုဇနကုမ္ပဏီနဲ့ တရုတ်ဖက်စပ်ကုမ္ပဏီတွေသာ လက်ဝါးကြီး အုပ်ကြီးဆိုးလာတော့  စစ်တပ်နဲ့ ဆက်စပ်မှုမရှိတဲ့ အတွက် တော်ရုံ ဓနအင်အားတောင့်တင်းမှု မရှိတဲ့ လုပ်ငန်းရှင်တွေ ကျောက်စိမ်းကို သိပ်မလုပ်နိုင်တော့ဘဲ ကျောက်စိမ်း တူးဖော်မှုလောက် စားရိတ်စားက မများတဲ့ ရွှေတူးတဲ့ဘက်ကို ခြေဦးလှည့်ကုန်ကြပါတယ်..။ ဥရုချောင်းကို ကချင်တွေက အင်မတန်တန်ဖိုးထားပြီး နတ်သမီးတပါးလို့ တင်စားခေါ်ဝေါ်ကြတာပါ...။ ယနေ့အချိန်မှာတော့ ဥရုချောင်းဟာ အမည်နာမလောက်သာ ကျန်တော့ပြီး စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ထားရာနေ စေရာစီးဆင်းနေရတဲ့ အဖြစ်ကို ရောက်ရှိနေပါပြီ...။
ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ အဓိက ဝင်ငွေဟာလည်း ဒီဖားကန့်ဒေသက ရရှိနေတာဖြစ်ပါတယ်..။ ယနေ့အချိန်မှာတော့ KIAရဲ့ အဓိက ဝင်ငွေရရှိတဲ့ ဖားကန့်ဒေသက ကျောက်စိမ်း လုပ်ကွက်တွေကိုလည်း စစ်တပ်မှ ထိန်းချုပ်နေပါပြီ။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုနဲ့ ဂေဟစံနစ်တွေ အကြီးအကျယ် ပျက်ဆီးနေတဲ့ ဖားကန့်ဒေသရဲ့ အခြေအနေကတော့ အထက်မှာ မြင်ရတဲ့အတိုင်း နှစ်စဉ်၊ နှစ်တိုင်း မိုးတွင်း အခါမှာ ဥရုချောင်း ရေလျှံ၊ ရေကြီးတဲ့ဒဏ်နဲ့ ရာသီဥတု ဖောက်ပြန်တဲ့ ဒဏ်တွေကို ခံစား နေရပါပြီ...။ ဒီဆိုးကျိုးတွေဟာ ကျပ်ငွေသန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ကွက်တွေ အများအပြားလုပ်ကိုင်ရာ ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်း သယံဇာတတွေ အကြီးအကျယ်ထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသက ကချင်လူမျိုးတွေ၊ ဒေသခံပြည်သူတွေ ရရှိနေတဲ့ အကျိုးခံစားခွင့်တွေ၊ ဆုလာဘ်တွေ ဖြစ်နေသလားဆိုတာ စဉ်းစားစရာဖြစ်နေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်..။
ဖားကန့်မှ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတုံး တတုံးမြင်ကွင်း...
ဓာတ်ပုံ SM၊ ဒီမိုဝေယံ
သတင်း ဇော်ရှန်၊ ဒီမိုဝေယံ၊
အပိုင်း ၂ ဆက်လက်ဖော်ပြပါမည်....
သတင်း၊ ဓာတ်ပုံများ ကူးယူဖော်ပြနိုင်ပါသည်... ရယူသည့်လင့်ခ်အား ပြန်လည်ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်...။

10 comments:

  1. လူတွင်ပါမှနွားကျားကိုက်ဆိုသလိုဖြစ်နေပြီ
    အသားထဲကလောက်ထွက်ဖွတ်ထွက်မှတောင်ပို့ မှန်းသိဆိုသလို
    မြန်မာပြည်ရဲ့ ဂေဟစနစ်တွေပျက်စီးဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့
    ပြည်သူတွေရဲ့ အာဏာကိုမတရားသိမ်းပိုက်ထားတဲ့သူခိုးကြီးတွေရဲ့ လက်ချက်နဲ့
    မြန်မာပြည်ရဲ့ အဖိုးတန်တဲ့သယံဇာတတွေအကုန်ကုန်ပြီလေ
    သေတဲ့အခါအပါယ်ငရဲတခါးဝကအသင့်စောင့်နေမှာပါ
    ကံမကောင်းရင်လက်ရှိဘ၀မှာလဲကဒါဖီအဖြစ်တဲ့ဆိုးတာမျိုးကြုံကိုကြုံရဦးမှာမြေကြီးလက်ခတ်မလွဲပါဘဲ

    ReplyDelete
  2. သူတို့အမေလင့် ပစ္စည်းများထင်နေကြလာမသိဘူးဗျာ။ သင့်မသင့်မစဉ်းစားနိုင်ကြဘူး။ ပြီးတော့ ကြားကောင်းအောင်ပြောလိုက်သေး...လူထုမကြိုက်လို့ပါ။ အစကထဲက လုပ်စရာအကြောင်းကိုမရှိတာ...။ နောက်ဆုံးရောင်းစားစရာအဖြစ် ရွှေတိဂုံ ဘုရားကိုမျက်ထိုးကြအုံးမှာ စိုးရိမ်းနေရတယ်....ဗျို့

    ReplyDelete
  3. ကျေးဇူးတင်ပါတယ် ကိုဒီမိုးဝေယံ သတင်းတွေ့ကိုလဲ လက်လှမ်းမှီသလောက် ဖြန့်ဝေးပေးပါမယ်..............နောက်ထပ်လဲ ဒီလို့သတင်းမျိုးတွေ့ များများရေးနိုင်ပါစေ။။။။။။

    ReplyDelete
  4. နိုင်ငံတော် ကာကွယ်ရေးအတွက် အားကိုးအားထား ပြုရတဲ့ တပ်မတော် ဆိုတဲ့ အဖွဲ့ အစည်းဟာ အားမကိုးလောက်ယုံမက လက်နှက်အားကိုးနဲ့ နိုင်ငံရဲ့သယံဇာတ တွေကို ပြောင်ပြောင်တင်းတင်းရော ခိုးဖွက် ရောင်းတာတွေပါ အဆမတန်လက်တွေ့ မြင်နေရတော့ ဒီနေ့ တပ်မတော်ဆိုတာ နိုင်ငံတော်သူခိုး ဗိုလ်ချုပ်ကြီးတွေ ဦးဆောင်ပြီး လမ်းမှားကို ထပ်ထပ်သွားနေတဲ့ ရွံစရာ နိုင်ငံ့သားဆိုး တပ်မတော် အဖွဲ့ကြီးအဖြစ်မှ အရဲစွန့် ဆွဲထုတ်ဖို့ နည်းလမ်းတွေ ရှာဖို့ လိုအပ်နေပါပြီ။
    ဆွေမျိုးပေါက်ဖေါ်တရုပ်ခေါင်းဆောင် ကြီးတွေရဲ့ မြန်မာပြည်အတွက် ချမှတ်ပေးတဲ့မူဝါဒမှာ အရည်အချင်း မရှိတဲ့ (အရပ်စကားနဲ့ ဆိုရင်တော့ စေါက်သုံးမကျတဲ့) ဗိုလ်ချုပ်ကြီးတွေ အာဏာရှိဆဲကာလမှာ အဲ့ဒီ အာဏာရှိပုဂ္ဂိုလ်တွေကို နည်းမျိုးစုံနဲ့ ရအောင်ဝင် ရအောင်ပေါင်း သယံဇာတနဲ့ လုပ်ငန်းရသမျှ အကုန်ယူ ဒီလိုအခွင့် အရေးမျိုး ဘုရင်စံနစ်မှာတောင် ငါတို့ တရုပ်တွေ မရ နှိုင်ခဲ့ဘူး လို့ မိန့် ကြားခဲ့ ပါတယ်။
    ဒီနေ့ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ လက်ဝေခံတစု အံ့မခန်းကြွယ်ဝနေကြတာ လက်တွေ့မြင် နေကြတာ ပြည်သူတွေနဲ့ရဲဘော်တွေ အသိပဲဖြစ်တယ်။ တကယ်တော့ အဲ့ဒီ့လောက်ကြွယ်ဝ နေတဲ့ဗိုလ်ချုပ်ကြီးတွေဟာ တရုပ်ကုမ္မဏီကြီးတွေက ပေးကမ်းစွန့်ကြဲတဲ့ အရိုးအရင်းတွေကို သာကိုက်နေရတာဖြစ်တယ်။ ဒီတော့အရိုးအရင်ကိုက်ရတဲ့ ဗိုလ်ချုပ်ကြီးတွေတောင် ဒီလောက် ကြွယ်ဝနေကြရင် ဗမာပြည်ရဲ့ အဆီ အသားစားရတဲ့ တရုပ်ကုမ္မဏီကြီးတွေ ဘယ်လောက် ကြွယ်ဝနေကြမလဲဆိုတာ တွေးကြည့်ရင် သိနိုင် ပါတယ်။ ဒီလမ်းကြောင်းကို ပြောင်းလဲနိုင်ဖို့ တပ်မတော်အဖွဲ့အစည်း အတွင်းက အရာရှိနဲ့စစ်သည်များ ပြည်သူများရဲ့ ခံစားမှုနဲ့ တွေးခေါ်မှု အပေါ် နားလည်စွာနဲ့ အလေးအနက်စဉ်းစားကြဖို့လိုနေပြီ။
    ဦးစိန်၊ ဂျပန်။

    ReplyDelete
  5. အရည်အချင်းမရှိတဲ့ (အရပ်စကားနဲ့ ဆိုရင်တော့ စေါက်သုံးမကျတဲ့) လို့ ပြောတဲ့ ဦးစိန် ဂျပန်မှာဘာ အလုပ်လုပ်နေလဲ သိပါရစေ။

    ReplyDelete
  6. အတွင်းသိOctober 31, 2011 at 12:25 AM

    ဘယ်သူလဲကွ. ဦးစိန်ဘာအလုပ်လုပ်တယ်ဆိုသိချင်တဲ့သူ??????
    ဘယ်သူ့ကိုမှ. လျှောက်မပြောနဲ့နော်(ဒို့အားလုံးကိုပြောပြီးပြီ)
    ဂျပန်ရောက်စတုံးကတော့. ပန်းကန်ဆေးတယ်(အားလုံးဒီကစရတယ်လေ)
    အခုတော့. မဆေးတော့ဘူး၊(တခါသုံးပန်းကန်ဘဲသုံးတော့တယ်)

    ReplyDelete
  7. ဂျပန်မှာ ဘာလုပ်လုပ် ဗိုလ်ချုပ်တွေ ခိုးဝှက်နေတာထက်တော့ မြတ်တယ်ဗျို့
    ဦးစိန် ခံစားချက်နဲ့ ရေးတာလို့ပဲမြင်တယ်

    ReplyDelete
  8. Nice story but i have seen the same picture ( the first picture) at YY webpage with different article. The article name Ree by lu cifer mentions the picture as earth moving works at Irrawaddy dam. Which one is correct? Pls verify me.
    kophohtaung

    ReplyDelete
  9. ဒီမိုဝေယံOctober 31, 2011 at 3:21 AM

    ကိုဖိုးသောင်းခင်ဗျား

    ရဲရင်ငယ်မှာ တင်ထားတဲ့ မူရင်း Story ကတော့ Lu Cif ဖေ့ဘွတ်မှာ တင်ထားတဲ့ note
    https://www.facebook.com/#!/note.php?note_id=268409146534596 မှာ ကျွန်တော့်ဘလော့ဂ်က ဖားကန့်ပုံကို ဧရာဝတီ မြစ်ဆုံဆိုပြီး မှားယွင်းတင်ပြထားတဲ့ အတွက် ကွန်မာန့်သွားရေး ပေးထားပါတယ်..။ ကိုယ်ဓာတ်ပုံကို ကိုယ်ကိုယ်တိုင် တာဝန်ယူတဲ့ အတွက် ဖြေရှင်းနိုင်အောင် အနီဝိုင်းပြီး တင်ပြထားတာပါ။ ကိုဖိုးသောင်း လာရောက်ရေးသားတဲ့ အတွက် ချက်ချင်း စုံစမ်းရင်းက သိရှိခဲ့ရတဲ့ အတွက်ကျေးဇူးတင်ပါတယ်...။

    ယခုဖားကန့် သတင်း၊ ဓာတ်ပုံများ ဆက်လက်ရေးသား တင်ပြသွားပါမယ်။။

    ReplyDelete
  10. လှလိုက်တဲ့ ကျောက်စိမ်းတုံးကြီးပါလား .....အော် မြန်မာပြည်ကြီရယ် ဘာလို့ များ နောက်ကျကျန်ခဲ့သလဲကွယ်...

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။