ဖားကန့်မှော် လုပ်ကွက်တစ်ခု မြင်ကွင်း လုပ်ကွက်တခုတိုင်းမှာ ကားအစီးပေါင်း ရာနဲ့ချီရှိပါတယ်...
ပြီးခဲ့တဲ့ တခေါက်က ပျက်စီးသွားသော သဘာဝဝန်းကျင်များနှင့် ကြေမွသွားသော ကျောက်စိမ်းတုံးများ အကြောင်း (၁) ရေးသားဖော်ပြခဲ့စဉ်က အဆိုပါသတင်းနဲ့ ပတ်သက်ပြီး ထပ်မံရေးသားဖို့ စိတ်ဝင်စားသူ တော်တော်များများက တိုက်တွန်းလာကြပါတယ်..။ ထပ်မံရောက်ရှိလာတဲ့ သတင်း၊ ဓာတ်ပုံတွေကို ကြည့်မိရင်းက အင်မတန်မှ စိတ်မသက်မသာ ဖြစ်ရပြီး သက်ပြင်းအကြိမ်ကြိမ် ချမိပါတယ်..။
ကျောက်စိမ်းရောင် တောက်နေတဲ့ လုပ်ကွက်တခု..
ဒီသတင်း၊ ဓာတ်ပုံတွေကို မြင်မိတဲ့ အခါမှာတော့ တလောက တရုတ်ပြည်မှာ ကားတိုက်ခံရပြီး သေဆုံးသွားတဲ့ ၂နှစ်သမီးလေး ယွီယွီရဲ့ အဖြစ်အပျက်ကို မဆီမဆိုင် ဖားကန့်အခြေအနေနဲ့ သွားပြီးနှိုင်းယှဉ် မိပါတယ်..။ တကမ္ဘာလုံး စုပ်တသပ်သပ် မချိတင်ကဲ ဖြစ်ခဲ့ရတဲ့ ၂ကြိမ်တိတိ ကားကြိတ်ခံရတာကို လူ ၁၈ဦးက တွေ့ရှိခဲ့ပေမယ့် ကယ်တင်ခြင်းမရှိပဲ လျစ်လျှူရှုခဲ့တဲ့ အဖြစ်အပျက်ဟာ တရုတ်လူမျိုးတွေကို ကမ္ဘာက လူစိတ်မှ ရှိပါလေစလို့ ဝိုင်းဝန်းပြစ်တင် ရှုတ်ချခဲ့ပါတယ်..။
ဖားကန့်ဝန်းကျင် တောင်တွေကတော့ တောင်ကတုံးတင်မက တောင်မုတ်ဆိတ်တောင် မရှိလို့ ဆိုရလေမလား..
ကျွန်တော် ဆိုလိုတာကတော့ ယခုကျွန်တော်တို့ ယနေ့မြင်တွေ့နေရတဲ့ ဖားကန့်မြင်ကွင်းတွေဟာ တရုတ်ပြည်က ၂နှစ်သမီးငယ်လေး ကားတိုက်ခံရတာကို လျစ်လျှူရှုခံရသလို ဖားကန့်ဝန်းကျင် တဝိုက်မှာတော့ သဘာဝဝန်းကျင် အကြီးအကျယ် ပျက်စီးမှုကိုတော့ ဝိသမလောဘသားတွေနဲ့ ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့ အသိတရားမဲ့စွာ လျစ်လျှူရှုတာ ခံနေရပါတယ်..။ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံနေကြတဲ့ အဆိုပါဒေသက ရရှိတဲ့ အကျိုးအမြတ်တွေကို ရယူခံစားနေခဲ့ကြတဲ့ အာဏာပိုင်တွေမှ နယ်မြေဖွံဖြိုးရေးဆိုတာ ဝေလာဝေး ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို ယခုထက်တိုင် ပြုပြင်ထိန်းသိမ်းနိုင်ခြင်း မရှိသေးပါဘူး။ ယခုဖားကန့်ဒေသမှာ တူးဖော် ဆောင်ရွက်နေတဲ့ ယန္တယားတွေ ရာနဲ့ချီ တူးဖော်လုပ်ကိုင်နေကြပေမယ့်.. နယ်မြေဖွံ့ဖြိုးရေးအတွက် အသုံးပြုခြင်း ရှိမရှိဆိုတာကတော့ ကျောက်တောင်ကြောတွေပေါ်မှာ ဖောက်ထားတဲ့လမ်းတွေနဲ့ ဆင်နဲ့ဆွဲ အသုံးပြုနေရတဲ့ လမ်းတွေကွာခြားချက်ကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်..။ကုမ္ပဏီတွေမှ ပစ်လိုက်တဲ့ မြေဇာများအား ဒေသခံများမှ လာရောက် ကောက်ယူကြပါတယ်.. အရပ်အခေါ် ရေမဆေးကျောက်လို့ ခေါ်ပါတယ်...။
ဖားကန့်ဒေသမှာ ၁၉၉၄ခုနှစ် KIA နဲ့ အပစ်အခတ် ရပ်ဆဲပြီးတဲ့ နောက်ပိုင်း ယခင်ထောက်လှမ်းညွန်ချုပ် ဗိုလ်ချုပ်ခင်ညွှန့်မှ အပစ်အခတ် ရပ်ဆဲရေးအဖွဲ့ဝင်များအား စတင်လုပ်ကွက်တွေ ချထားပေးခဲ့ပါတယ်..။ ဝ၊ ကိုးကန့်စတဲ့ အပစ်အခတ် ရပ်ဆဲရေးအဖွဲ့တွေဖြစ်ပါတယ်.။ ၁၉၉၉/ ၂၀၀၀ခန့်က ဝငြိမ်းချမ်းရေး အဖွဲ့ရဲ့ ဖားကန့်ဒေက အဖြစ်အပျက် တခုကို ကိုဇော်ရှန်မှ ပြောပြရာမှာတော့ "၁၉၉၉လောက်ကပေါ့ ဝငြိမ်းချမ်းရေး အဖွဲ့က သူတို့ရဲ့ လုပ်ကွက်ကို စတင်ပြီး ခြံကာလိုက်တယ်လေ...။ သူတို့က လက်နက်ကိုင်ခွင့် ရှိတော့ လက်နက်ကိုင်တွေ စောင့်ကြပ်နေတာပေါ့...။ ညဘက်ဆိုရင် လက်လုပ်လက်စားတွေက ရေမဆေးကျောက်ကို လာကောက်တာပေါ့...။ အထဲက လက်နက်ကိုင် လုံခြုံရေးတွေက လာကောက်တဲ့သူတွေကို လှမ်းပြီး ပစ်တယ်လေ...။
ဗိုလ်ခင်ညွန့်လက်ထက်မှာ ဝတွေကအခွင့်အရေးတွေ တော်တော်ရခဲ့တာပေါ့..။ အဲ့ဒီ့ခြံဝင်းထဲမှာ ဝတွေက ဆီတိုင်ကီနှစ်ခုထဲမှာ ထုတ်လုပ်ပြီးသား ရာမ မူးယစ်ဆေးဝါးတွေရယ်.. ကျောက်ခွဲတဲ့ယမ်း (ခွင့်ပြုချက်ယူရတဲ့ယမ်း)တွေကို တရားမဝင် သိမ်းဆည်းထားတာတွေကို KIAကသတင်းကြားလို့ ခြံစည်းရိုးကို ဝိုင်းပြီး ဝင်စစ်တော့ စစ်ဆေးတွေ့ရှိခဲ့တာပေါ့..။ အထဲမှာ လက်နက်တွေနဲ့ ယမ်းတွေကို မြေအောက်ခန်းထဲမှာ ထည့်ထားတာတွေ့လို့ ပစ်ကြခတ်ကြမယ့်အထိ ဖြစ်ခဲ့ကြတယ်...။ နောက်ဆုံး အစိုးရစစ်တပ်နဲ့ KIAက ဝတွေကို သတိပေးပြီး တားမြစ်ခဲ့ရတာ အဲ့လောက်အထိ တွင်ကျယ်ခဲ့တာလေ"။ ဝတွေလုပ်ပိုင်ခွင့် ရသွားတာကတော့ ကာမိုင်းအလွန်မှာ လီဆူးတယောက်က ပြည်တန်ပတ္တမြားတလုံး ရခဲ့တယ်လေ... အဲ့ဒီပတ္တမြားကို ဝတွေကို ဝယ်ပြီး ဗိုလ်ခင်ညွန့်တို့ကို ဆက်သလိုက်တာ အစိုးရသတင်းစာတွေမှာ ဟိုလေးတကြော်လေ မှတ်မိကြမှာပေါ့...။ အခုတော့ ဝတွေအစား ပြည်ကြီး တရုတ်လောပန်တွေ ရောက်နေပြီလေ...'"
ဖားကန့်လုပ်ကွက်တခုမှ ဒီဇယ်ဆီတိုင်ကီများ...
အဆိုပါဒီဇယ်ဆီ ရောင်းဝယ်ခွင့်အားလည်း ကန်ထရိုက်စံနစ်နဲ့ တဦးတည်းသာ လုပ်ခွင့်ရတာပါ...
ကျောက်တောင်ကို ပေါင်မုန့်လှီးသလို လှီးထားတဲ့ မြင်ကွင်းပါ... ပတ်ဝန်းကျင် အနေအထားကတော့ မြင်ရတဲ့ အတိုင်းပါပဲ..။ အပေါ်ကလှမ်းမြင်နေရတဲ့ ရွာကတော့ မကြာခင်မှာ ပြောင်းရွှေ့ပေးရတော့မှာလို့ ဆိုပါတယ်...။
အထက်ပါပုံမှာ တွေ့ရတဲ့ အဝါရောင် မြေသယ်ကားရဲ့ အရွယ်အစားကိုတော့ အောက်ကပုံမှာ မြင်ရတဲ့ ဆိုင်ကယ် ၂စီးနဲ့ နှိုင်းယှဉ်နိုင်ပါတယ်...။ ဒီလိုမြေသယ်ကားတွေဟာ လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့ ကချင်ပြည်နယ် လူထုအတွက် လမ်းဖောက်လုပ်ရေး လုပ်ငန်းတွေမှာတော့ တစီးတလေမှ မမြင်ရပါဘူး...။
နောက်ဆုံးဝင်ရောက်လာတဲ့ တရုတ်စီးပွားရေး သမားအများစုဟာ ဟောင်ကောင်မှ ငွေရှင်ကြေးရှင်များရဲ့ ကျောထောက်နောက်ခံနဲ့ ဝင်ရောက် လုပ်ကိုင်နေကြပါတယ်..။ အဆိုပါ တရုတ် ကျောက်လုပ်ငန်းရှင်တွေ လက်ထက်မှာတော့ မြေဇာတွေကို လွှင့်ပစ်ခြင်းများ မပြုလုပ်ယုံမက ကျောက်သိမ်၊ ကျောက်မွှားများကအစ ကျောက်နဲ့ အတူရောပါလာတဲ့ မြေသားများကိုပါမချန်.. ရွှေပြန်ကျင်ပြီး ရယူတဲ့အထိ ပြုလုပ်လာကြပါပြီ။ ယခုကဲ့သို့ ကျောက်တောင်တခုလုံးမှ မြေသားများအထိ ရယူလုပ်ကိုင်လာတာဟာ တရုတ်ဖက်စပ် လုပ်ငန်းရှင်များ ရောက်မှ ဖြစ်လာတာလို့ ဆိုပါတယ်..။
အဆီကိုစား အသားကိုမြို တရုတ်လောပန်တွေဟာ မြေပါမချန် ရွှေကျင်ပါတယ်... ဖားကန့်က ကျောက်မှာ ကပ်ပါလာတဲ့ မြေကိုတောင် ရွှေကျင်နေရင် ရွှေထွက်တယ်လို့ နာမည်ကြီးတဲ့ မြစ်ဆုံက မြေတွေ အတိုင်းအဆမရှိ၊ အစစ်ဆေးမရှိ သယ်ထုတ်သွားတာ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ..
ယခင်ကလို မြေဇာများစွန့်ပစ်ခြင်း နည်းပါးလာတဲ့ အတွက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကတော့ အဆိုပါ ရေမဆေးကျောက်များကို ကောက်ယူရောင်းစားပြီး ဝမ်းစာရှာဖွေနေရတဲ့ ဆင်းရဲတဲ့ ဒေသခံ ပြည်သူလူထုမှာ စားဝတ်နေရေး ကြပ်တည်းမှုနဲ့ ကြုံတွေ့နေရပါပြီ...။ တချို့သော ဆင်းရဲကြပ်တည်းမှုဒဏ် မခံနိုင်တဲ့ ဒေသခံများမှ တရုတ်လောပန်များရဲ့ ခြံစည်းရိုး အနီးအနားရှိ ထိုးထွက်နေတဲ့ ရေမဆေးကျောက်များ သွားရောက် ကောက်ယူရမှာတော့ လုံခြုံရေးများရဲ့ ခြောက်လှန့် ပစ်ခတ်တာတွေနဲ့ ရှိလာနေပြီလို့ ဆိုပါတယ်။ ဒီမြင်ကွင်းတွေဟာ ဒေသခံပြည်သူလူထု တိုးတက်နေတာလား ဆုတ်ယုတ်လာတာလား...။
ကန္တာရအလား...
တိုင်းတပါးသား လုပ်ငန်းရှင်တွေ၊ စစ်ဗိုလ်ချုပ်တွေနဲ့ ပတ်သက်ဆက်နွယ် အမည်ခံ လုပ်ကိုင်နေသူတွေ အတွက်ကတော့ အကျိုးအမြတ်တွေ ရရှိနေပေမယ့်.. ဒေသခံတွေမှာတော့ အရိုးပါမကျန်အောင် အမြတ်ထုတ် လုပ်ကိုင်နေတဲ့အတွက် စားစရာတောင် အနိုင်နိုင် ယခင်က အလကားရရှိတဲ့ ထမင်းစား ကျောက်တွေတောင် ပါးစပ်ထဲက အတင်းလုယက်ချင်း ခံနေရပါပြီ...။ မြန်မာပြည်ရဲ့ ဖားကန့်ဟာ ကချင်ပြည်နယ်မှာ ဖြစ်ပေမယ့် တရုတ်ရဲ့ ဖားကန့်ကတော့ ဟောင်ကောင်လို့ အမည်တွင်နေပါပြီ။ ကျွန်တော်တို့ ပျက်ဆီးသွားတဲ့ သဘာဝဝန်းကျင်တွေ နေရာမှာ ဘာတွေနဲ့ အစားထိုးမလဲ၊ အလှဲအလျော်ပေးမလဲ...၊ ရရှိတဲ့ အခွန်အတုပ်တွေကို သဘာဝဝန်းကျင် ပြန်လည်ထိန်းသိမ်းဖို့ ဘယ်လောက် အသုံးပြုနေလဲ... ဒေသခံ ပြည်သူတွေ အတွက်ကောစတဲ့ မေးခွန်းပေါင်းများစွာကို အဖြေထုတ်ပေးကြပါဦး...။ စာနာစိတ်မရှိတဲ့ ဒီလိုလူမျိုးတွေနဲ့ ဝိသမလောဘသားတွေ၊ အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ တရုတ်ပြည်က ကလေးငယ်လေး ကားတိုက်ခံရတာကို အကြင်နာမဲ့စွာ ကြည့်နေရက်သလို ကျွန်တော်တို့ နိုင်ငံရဲ့ သယံဇာတတွေ၊ ရေမြေတောတောင်တွေ၊ ဒေသခံတွေအရေးကို မမြင်ချင်ယောင်ဆောင်၊ လျစ်လျှူရှုပြီး အကြင်နာမဲ့စွာ ခွေးစားစား၊ ကျီးထိုးထိုး လုပ်ဆောင်နေတာ တရားပါသလားခင်ဗျာ။
ဓာတ်ပုံ... ဒီမိုဝေယံ၊ SM
သတင်း၊ ဆောင်းပါး ဒီမိုဝေယံ၊ ဇော်ရှန်
အပိုင်း (၃) ဆက်လက်ဖော်ပြပါမည်...။
အပိုင်း(၁) ပြန်ဖတ်ချင်ရင် http://www.demowaiyan.co.cc/2011/10/blog-post_6658.html











သိပ်ကောင်းတဲ့ဆောင်းပါးဖြစ်ပါတယ်။
ReplyDeleteဆောင်းပါးရှင်သိပ်တော်တယ်ဗျာ။
ReplyDeleteကိုဒီမိုရေ..
ReplyDeleteဓါတ်ပုံတွေမြင်ရတာကျေးဇူးတင်တယ်
ဆောင်းပါးကိုဖတ်ရတော့ကချင်ဒေသနေလူထုအတွက်ရော
တိုင်းပြည်အတွက်ပါခံစားရလွန်းပါတယ်ဗျာ
တရုတ်ကိုရှိသမျှထိုးကျွေးလက်ဝေခံလုပ်နေတဲ့စစ်ဖားအုပ်စု
အာဏာရှင်တစ်စုရဲ့ လုပ်ရပ်တွေကအော့နှလုံးရွံစရာကောင်းလွန်းလှပါတယ်ဗျာ
ကဗ္ဘာကြေတောင်ဥဒါန်းမကျေနိုင်ပါဘူး
ပြည်သူတွေကိုချစ်တဲ့ကိုဒီမိုရေ..
ReplyDeleteတန်ဖိုးရှိတဲ့အချိန်ကိုတန်ဖိုးရှိတဲ့
ကလောင်တစ်လက်နဲ့ ပြည်သူတွေကိုအသိအမြင်
ပွင့်လင်းအောင်လုပ်ဆောင်ပေးနိုင်တာအတိုင်းထက်အလွန်ကျေးဇူးတင်ရပါတယ်ဗျာ
ကချင်ပြည်နယ်ထဲမှာ ဆိုပေမယ့် ကချင်တွေ မခံစားရဘူး၊ မြန်မာပြည်နယ်ထဲမှာ ဆိုပေမယ့် မြန်မာတွေ မခံစားရဘူး၊
ReplyDeleteမျိုးဆက်သစ်တွေအတွက် ငါတို့တွေ တာဝန်မကျေဘူး။
Very impressive story. Want to read more.
ReplyDeletekophohtaung ကိုဖိုးထောင်
ကိုဒီမို…
ReplyDeleteဒီရင်နင့်ဖွယ်ပုံတွေကို မြင်ရတော့ ကိုဒီမို ကို သတင်းသမားကျင့် ဝတ်လိုက်နာဘို့ သတိပေးရ တော့မ လိုဖြစ်လာပြီ….။ သတင်းကျင့်ဝတ်မှာ…လူ့ခန္ဒာကိုယ် ပြတ်တောက် ကွဲပြဲ သွေးသံရဲရဲ အူထွက် ဗိုက်ပွင့် နေတဲ့ပုံတွေ ပြရတဲ့အခါ (စိတ်မခိုင်သူများ မကြည့်ရ လို့) သတိပေးစာ ပါရပါတယ်။
အခုလဲဘဲ အမိနိုင်ငံ အမိမြေရဲ့ အဖိုးတန်ပစ္စည်းတွေနှိုက်ထုတ်ဖို့ ပြည်ပလူမျိုးတွေကြီးစိုးပြီး အမိမြေကို ဟက်တက်ကြီး ခွဲပြီး ပက်ပက်စက်စက် လုပ်ရက်ကြတဲ့ ဒီမြင်ကွင်းတွေကို အမိမြေကို တန်ဘိုးထား ချစ်တဲ့စိတ်ရှိကြတဲ့ တပ်မတော်သားတွေ၊ နိုင်ငံသားတွေ အတွက်ကတော့ အလွန့်ကိုဘဲရင် တုန်ရပါတယ်။ ဒါ့ကြောင့် (အမိနိုင်ငံ ချစ်စိတ်ပြင်းသူများ သတိထားပြီး ကြည့်ပါ လို့) သတိပေး စာတမ်း တတ်ရမလို ဖြစ်နေပါပြီ။
အသေကောင် ကိုတွေ့ရင် အရိုးကိုက်ရကိုက်ရ အူကိုဘဲဆွဲရဆွဲရ ”လင်းတလို မြေခွေးလို ”တပ်မတော် ဗိုလ်ချုပ်ကြီးတွေ့၊ နိုင်ငံကိုအမဲဖျက်သလို ကိုယ်ကျိုးအတွက် တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစား ခဲ့တဲ့ ရှက်စရာကောင်းလှတဲ့ သက်သေပြကွက်တွေပါဘဲ။
နိုင်ငံ့ကာကွယ်ရေး အမျိုးသားအကျိုးစီးပွား ကာကွယ်ရေး ကျယ်လောင်လောင်အော်တတ် ယုံသာ ရှိပြီး သူတို့ အုပ်ချုပ်တဲ့ခေတ်မှာ ဒီဘဝမျိုးရောက်တော့ ဒီလိုဗိုလ်ချုပ် ကြီးတွေကို နိုင်ငံအတွက် စောက်သုံးမကျတဲ့ …….။
အခြားနိုင်ငံက ဗိုလ်ချုပ်တွေက မိမိရတဲ့ လစာနဲ့ ပုံမှန်စားသောက်ပြီး professional soldiers
ပီသစွာ နိုင်ငံတကာ အဆင့်မြင့် စစ်ရေးမဟာဗြူဟာတွေကို ကွန်ပြူတာရှေ့နေ့စဉ် အလုပ်ရှုပ်နေချိန်မှာ..ငါတို့နိုင်ငံရဲ့ ထိပ်ဆုံးက ဗိုလ်ချုပ်ကြီးတွေ နေ့စဉ် ဘာတွေအတွက် အချိန်ကုန်နေခဲ့ကြရလဲ..။
ဒီတော့ စစ်ရေးမှာလဲ နိုင်ငံတကာ အဆင့်မမှီ အမြင်မကျယ် တိုင်းပြည်အုပ်ချုပ်ရေးမှာလဲ ဝင်ရှုပ် ဖျက်စီး ရောင်းစား ဒီလိုနိုင်ငံ့သားဆိုး တွေကို စောက်သုံးမကျတဲ့ ဗိုလ်ချုပ်ကြီးတွေလို့ မခေါ်လို့ ဘယ်လိုခေါ် ရမှာလဲ။
အရေးအကြောင်းဟယ်ဆို ငါတို့မှာ အားကိုးစရာ ဒီတပ်မတော် တခုသာဘဲ ရှိတာ၊ ဒီတော့ ဒီတပ်မတော် ကို နိုင်ငံတကာအဆင့်မှီ ဒေါင်ဒေါင်မည် အရည်အချင်းပြည့် ဗိုလ်ချုပ်ကြီးတွေ ဦးစီးတဲ့ တပ်မတော်မျိုးဘဲ လိုချင်တာ။ နင်ခိုးပြီး ငါခိုးမယ် ဆိုတဲ့ ခိုးလှဲ့ စောင့်နေတဲ့ ဗိုလ်ချုပ်တွေ တန်းစီနေတဲ့ တပ်မတော်ကို မလိုချင်ဘူး… ဒါမျိုးရှိနေလို့ကတော့ ဦးစိန်သေ သွားလဲ ဒီလို ဗိုလ်ချုပ်တွေကို ဆဲဘို့လူတွေ အများကြီး ရှိတယ်။ ငါလိုလူစား အများကြီး ရှိတယ်။
ဦးစိန်၊ ဂျပန်။
စာနယ်ဇင်း သတင်းမီဒီယာဆိုတာ တိုင်းပြည်ရဲ့ မျက်စိ နား တွေဖြစ်တယ် တိုင်းပြည်နဲ့လူမျိုးအကျိုး အများအကျိုးအတွက် သတင်းမှန် အဖြစ်မှန်တွေကို ဘယ်သူ့မျက်နှာမှမထောက်ပဲ အချိန်မှီ ပြည်သူတွေကို တင်ပြရမယ် ကိုယ့်ထီးကိုယ့်နန်းနဲ့ သယံဇာတပေါကြွယ်ဝတဲ့ မြန်မာပြည်ဟာ ရှေ့နောက် အမြှော်အမြင် အတွေးအခေါ်နည်းပါးတဲ့ စီမံအုပ်ချုပ်မှု့တွေကြောင့် တိုင်းတပါးသားတို့ရဲ့ နယ်ချဲ့ကျူးကျော်မှု့ကို နှစ်ပေါင်းများစွာ မတရားခံခဲ့ကြရတယ် နယ်ချဲ့ကိုလိုနီတို့က တိုင်းပြည်ကထွက်သမျှ ရတနာတွေကို ဂုတ်သွေးစုတ် အမြတ်ထုတ် ကျွန်ပြုအုပ်ချုပ်ခဲ့ကြတယ် လွတ်လပ်ရေးရပြီးပြန်တော့ အတ္တ မာနထောင်လွှားပြီး တကိုယ်ကောင်းစိတ်ရှိတဲ့ ဗိုလ်နေဝင်းနဲ့ နောက်လိုက်တွေက ကိုယ့်လူမျိုးအချင်းချင်း ပြန်ပြီးနှိပ်စက် သတ်ဖြတ် လှည့်ဖျားလိမ်လည် အုပ်ချုပ်ပြန်တယ် အဲဒီနောက် ဗိုလ်သန်းရွှေ ဗိုလ်ခင်ညွန့့် နောက်လိုက်တွေက ရှေ့နောက် အမြှော်မမြင်မရှိ နုံချာညံ့ဖျင်းစွာနဲ့ တိုင်းပြည်မှာရှိသမျှတွေကို အာဏာခိုင်မြဲဖို့နဲ့ မိသားစုအကျိုးအတွက် လက်ညိုးထိုးရောင်းစားခဲ့ကြတယ် အမှားအမှန် ဝေဖန်ထောက်ပြတဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ပြန်တယ် ဒီလိုလုပ်ရပ်တွေကြောင့် အဖွဲ့အစည်းအသီးသီး နိုင်ငံအသီးသီးက ကန့်ကွက် ရှုံ့ချ ပိတ်ပင်မှု့လုပ်ကြတယ် အထီးကျန်ဖြစ်လာတဲ့ တိုင်းပြည်ဟာ လက်ရှိအာဏာတည်မြဲဖို့အတွက် ပွဲလန့်တုန်းဖျာဝင်ခင်းတဲ့ ခေတ်သစ်ကိုလိုနီ လက်ထဲကို ရှိသမျှ ထိုးအပ်နေရတဲ့ဘဝရောက်ခဲ့ရတယ် အားလုံးကိုပြန်ကြည့်ရင် ဒီတိုင်းပြည် ဒီလူမျိုးရဲ့အခြေအနေကံကြမ္မာဟာ ဒီတိုင်းပြည်မှာနေထိုင်တဲ့သူတွေရဲ့ လက်ထဲမှာပဲရှိတယ် ဒါကြောင့် ပြီးခဲ့တဲ့ အမှားများကို သင်ခန်းစာယူကြပါ မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကိုအပေါင်းတို့ မိမိတို့ တိုင်းပြည်နဲ့လူမျိုး အကျိုးအတွက် စိတ်စေတနာကောင်းများထားကြပါ သွေးစည်းညီညွတ်ကြပါ မိမိတက်နိုင်သည့်ဖက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်
ReplyDelete