နွံအိုင်ထက်မှကြာ သို့မဟုတ် နွံမနစ်သောပတ္တမြား
(ကဗျာရှင် နေရဲနီ)
ဘန္တေ အရှင်ဘုရား မယံတပည့်တော်တို့သည်
ကံမဉ္စ ကံကိုသော်လည်းကောင်း
ကံမ္မဖလဉ္စ ကံ၏အကျိုးကိုသော်လည်ူးကောင်း
သဒ္ဒဟိတွာ ယုံကြည်ကြပါ ကုန်သည်ဖြစ်၍...။
ဟူသော
ရေစက်ချတရားကို ကြိမ်ဖန်များစွာ နာဘူးသောကြောင့်
တပိုင်းတစ်စအလွတ်ရနေ၏။
ဤသို့ဖြင့်ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည်
ကံ ကံ၏အကျိုးတရားကို နှစ်နှစ်ကာကာယုံကြည်လာခဲ့ကြသည်။
ကိုယ်စိတ်နှစ်ပါးဖြူစင်သန့်ရှင်းစေရန်အတွက် မေတ္တာ ကရုဏာ မုဒိတာ ဥပက္ခာ ဟူသော
ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားရန်ဘုရားရှင်ဟောတော်မူခဲ့၏။
တဖက်သောပုဂ္ဂိုလ်အပေါ်ကောင်းကျိုးကိုလိုလားခြင်းသည်မေတ္တာဖြစ်ပြီး
သနားခြင်းကရုဏာ ကောင်းကျိုးကိုမြင်ရ၍ ၀မ်းမြောက်ခြင်းမုဒိတာ
ချစ်ခြင်းမုန်းခြင်းကင်းသော ဥပေက္ခာ ဟူ၍ အကြမ်းဖျင်းနားလည်ထား၏။
ရန်သူသော်မှ လက်နက်ချအညံ့ခံလာပါက
ခွင့်လွှတ်ရပေသည်ဟုပညာရှိတို့မိန့်ဆိုခဲ့၏။
ရွှေည၀ါဆရာတော်သည် ပြည်သူ့ဘက်မှရပ်တည်၍တရားဟောခဲ့လေသောကြောင့်ကျောင်းတိုက်မှဖယ်ရှားခံရ၏။
ထို့အတွက် မိမိကိုယ်ကို ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးသို့ ဂျိုကျိုးနွားလားဒွန်းစန္ဒားသို့
ရှိသမျှဂုဏ်ပုဒ်တို့ကိုပစ်ပယ်ကာ အသနားခံစာတင်ခဲ့၏။
အသနားခံ ဟူသောစကားရပ်သည်
တဖက်သော ပုဂ္ဂိုလ်အဖွဲ့အစည်းတို့ထံမှသနားခြင်းကရုဏာတရားကို ခံယူခြင်းဖြစ်သည်။
သို့သော် ထိုအသနားခံစာကို မဟန မှပယ်ချခဲ့၏။
အကယ်၍သာ အသနားခံစာကို ပယ်ချခဲ့သောမဟနဆရာတော်များသည်
မိမိတို့၏ဆန္ဒအတိုင်း အစည်းအဝေးဆုံးဖြတ်ချက်ကြောင့်ဟူ၍ဆိုပါက
ဘုရားသားတော်ရဟန်းတော်များဖြစ်သော မဟန ဆရာတော်များသည်
သနားခြင်း ကရုဏာတရားကင်းမဲ့သည်မှာအံ့သြဖွယ်ရာဖြစ်၏။ မေတ္တာတရားခေါင်းပါးခဲ့လေပြီ။
အများအကျိုးဆောင်လေသောကြောင့်
ဝမ်းမြောက်ဝမ်းသာ မုဒိတာဖြစ်ရမည့်အစား ကျောင်းတိုက်မှ ဖယ်ရှားခံရသည်ဟူ၍
တခြားသောဘာသာဝင်တို့၏ လှောင်ပြောင်ကဲ့ရဲ့ပြစ်တင်ဖွယ်ရာလည်းဖြစ်၏။
သာသနာအကျိုးကိုဆောင်လေသောကြောင့်သာဓုခေါ်ရမည့်အစား
ဣဿာမစ္ဆရိယ လွန်ကဲပေစွဟူ၍လည်း အထင်ခံနိုင်စရာရှိ၏။
ဗုဒ္ဓသာသနာတော်၏ဂုဏ်ရောင်သည်လည်း ညှိုးမှိန်ခဲ့ရ၏။
ဗုဒ္ဓဘာသာဝင်တို့ အတွက်လည်း ရှက်ဖွယ်လိလိဖြစ်၏။
ဓမ္မစက်နှင့် အာဏာစက်တွင် အာဏာစက်က အပေါ်ရောက်နေပြီး
ဘုရားကားအောက် မျောက်ကားအထက်ဖြစ်နေ၏။
မဟန ဟူသည်လည်း အာဏာရှင်တို့၏ ရုပ်သေးဘ၀သို့ ရောက်နေပြီး
နှုတ်ဆိတ်နေပါ မဟနဲ့ ပါးစပ်ပိတ်ထားဆိုသကဲ့သို့ရှိခြေ၏။
ယနေ့နိုင်ငံရေး အခြေအနေသည်ကား နောက်ဆုတ်၍မရသောအနေအထားတွင်ရှိ၏။
ဒီမိုကရေစီခေတ်ကို ဦးတည်နေသောအချိန်ကာလ၌
အာဏာရှင်ဟူသည်ကား
အာဏာရှင်ဟူသည်ကား
ဆေးဆရာလက်လျှော့ထား၍ အသက်ထွက်ရမည့်အချိန်ကို
စောင့်နေရသော လူမမာကဲ့သို့ဖြစ်နေ၏။
စောင့်နေရသော လူမမာကဲ့သို့ဖြစ်နေ၏။
ထိုသို့သောအခြေအနေတွင် တမလွန်အတွက်ကောင်းကျိုးကိုမရှာဘဲ
ထွက်ခတ် ခတ်ကာ မထူးဇာတ်ခင်းနေသကဲ့သို့ရွှေည၀ါဆရာတော်အပေါ်၌အရေးယူခြင်းကိစ္စမှာ
နိုင်ငံရေးသမားတို့အပေါ်၌ဖိနှိပ်၍ မရတော့သည့်အဆုံး ကုလားမနိုင်၍ ရခိုင်မဲခြင်းဖြစ်၏။
အင်မတန်မှ အကျည်းတန်အရုပ်ဆိုး၏။
အများကြား၍မသင့်တော် သူတော်ကောင်းတို့ကဲ့ရဲ့
ပြစ်တင်ဖွယ်ရာဖြစ်နေ၏။
မြတ်နှင့်အသေသားကို မစားသောခြင်္သေ့သည်
တွင်းထဲသို့ပြေးဝင်သွားသောကြွက်ကိုဖမ်းရန်
ကြွက်တွင်းကို ယက်လေသောအခါ
အဝေးမှကြည့်သော်ခြင်္သေ့နှင့် မတူဘဲရှိနေချေ၏။
တရားဟောခြင်းအတွက် တရားနှင့်အညီ
အရေးမယူဘဲ
ကျောင်းတိုက်မှဖယ်ရှားခြင်းသည် တမင်သက်သက်
ကောက်ကျစ်စဉ်းလဲခြင်းသာဖြစ်၏။
ထိုကျောင်းမှပြောင်း၍ တခြားကျောင်းတိုက်တွင် နေပြီးသကာလ
တရားဆက်၍ဟောခဲ့သည်ရှိသော်
မည်သို့ဆက်လက်အရေးယူမည်နည်း။
ယနေ့အချိန်အခါ၌ တရားဟော
ဓမ္မကထိကတို့၏ ဖြစ်အင်သည်ကား
မဟေလည်းသုတ် ဟေလည်းသုတ်
မဟုတ်လည်းသေ ဟုတ်လည်းသေ
နင်မဟုတ်သော်နင့်အဖေ ဆိုသကဲ့သို့
မတရားဖိနှိပ်ခံဘ၀ကိုရောက်နေရသော ယုန်သူငယ်ကဲ့သို့ဖြစ်နေ၏။
အနာကင်းသောလက်သည် အဆိပ်ကို ကိုင်နိုင်၏။
သီလလုံခြုံသောသူသည် အများကောင်းကျိုးအတွက် ဘာမဆို လုပ်ဝံ့၏။
လုပ်ရဲ၏။ လုပ်နိုင်၏။
ပြည်သူ့အကျိုးကို ရှေ့တန်းတင်၍ တရားဟောခြင်း အတွက်
ကျောင်းတိုက်မှဖယ်ရှားခံရသော
ရွှေည၀ါဆရာတော်သည်ကား
အရှိန်ပြင်းစွာ ပစ်ချလိုက်သော
ရေပေါ်သို့ ကျသော ဆီစက်ကဲ့သို့
ခဏတဖြုတ်မျှ ရေအောက်သို့ မြုပ်သွားမည်ဖြစ်သော်လည်း
ရေပေါ်၌အစဉ်အမြဲပေါ်နေမည်ဖြစ်သည်။
နွံအိုင်ထက်တွင် ကြွားကြွား ၀င့်ဝင့် တင့်တင့် တယ်တယ် လန်းလန်း ဆန်းဆန်း ငွားငွား စွင့်စွင့် ပွင့်နေသော
ပဒုမ္မာကြာပန်းသည် နွံအိုင်တွင်းရှိနွံနှစ်တို့ကို ထိုးဖောက်၍ထွက်လာရသော်လည်း
ပွင့်ချပ်ပွင့်ဖက်တို့၌နွံနှစ်နွံနံ့တို့သည်စိုးစဉ်းမျှမကပ်ငြိ။
ရွှေည၀ါဆရာတော်၏ဂုဏ်သတင်းသည်လည်းကြာရနံ့ကဲ့သို့အစဉ်အမြဲသင်းပျံ့မွှေးကြိုင်နေ၏။
နွံမနစ်နိုင်သာ ပတ္တမြားအရောင်ကဲ့သို့
ပို၍ပို၍ အလျှံတငြီးငြီး တဝင်းဝင်း တထိန်ထိန်
တောက်ပ၍သာနေပေတော့သည်။
တောက်ပ၍သာနေပေတော့သည်။
ရွှေညဝါဆရာတော်အား ဤစာဖြင့် ပူဇော်ကန်တော့ပါ၏။
နေရဲနီ
ဆရာနေရဲနီအား ကျေးဇူးတင်ပါသည်..
ဆရာနေရဲနီအား ကျေးဇူးတင်ပါသည်..


မြန်မာနိုင်ငံမှာ အမျိုးဘာသာ သာသနာအတွက် အလုပ်လုပ်နေတဲ့ ဆရာတော်တွေလည်း နေရာတိုင်းမှာ တွေ့နိုင်ပါတယ် သူတို့ကြ ဘာမှမဖြစ်ပဲ ရွှေည၀ါဆရာတော်မှ ဒီလိုပြဿနာတွေကြုံနေရတာလဲ ဆိုတာလေး အားလုံးဝိုင်းပြီး စဉ်းစားသင့်ပါတယ်
ReplyDeleteသတ္တိရှိသူ ယုံကြည်ချက်ခိုင်မာသူတို့သည် ပန်းတိုင်ကို မည်သည့်အခါမျှ မျက်ခြေပြတ်ခံလိမ့်မည် မဟုတ်ချေ။
ReplyDeleteဓမ္မဘက်တော်သားတို့သည် ညီညွတ်စွာ လက်တွဲမဖြုတ်ဘဲ ရှေ့ခရီးကို ဆက်ရပါဦးမည်။
တစ်ပါးသူကျွန်သဘောက်ဘ၀ ဗမာပြည်ကျရောက်နေစဉ်ကပင် အာဏာရှင်ကို ကပ်မြှောင်စားနေသူတွေ ရှိခဲ့သည်။ စစ်အာဏာရှင်တို့ပေးသော ကားပါမစ်၊ကျောင်းမြေကွက်တွေနဲ့ သာသနာကို လဲစားနေသော ကိုယ်တော်ကြီးများကို ဖယ်ရှားရေး စတင်ကြပါစို့။
ဘုရားသားတော်ရဟန်းတော်များဖြစ်သော မဟန ဆရာတော်များသည်
ReplyDeleteသနားခြင်း ကရုဏာတရားကင်းမဲ့သည်မှာအံ့သြဖွယ်ရာဖြစ်၏။ Absolutely true.
ဒီဆရာတော် ဘာကြောင့် တရားဟောခွင့်တွေ ပိတ်ပင်ခံနေရတယ်ဆိုတာ မစုံစမ်းဘဲနဲ့ မ ဟ န ဆရာတော်တွေကိုဘဲ အပြစ်ပုံမချနေကြပါနဲ့။ ဒီဆရာတော်တွေ ပြောဟောတာတွေ ဓမ္မ ၀ိနယ နှင့် ညီလားဆိုတာ မင်းတို့ လူတွေ သိလား၊ လေ့လာလိုက်ပါအုံး....။
ReplyDeletethe whole world is behind him except Satan and Demon possessed evil group
ReplyDeleteဘာသာ သာသနာ အနာဂတ်အရေးတွက် စဉ်းစားမိသည် . အခြားဘာသာ ၀င်များ စည်းရုံးရေးကောင်းနေတုန်း မြန်မာပြည်ထဲမှာကား တရားဟောသော ဓမ္မကထိကများကို ပါးစပ်သို့ သော့ခတ်ခံထားရ၏ ။ (၁) ဒယ်အိုးဆရာတော် (၂) မေတ္တာရှင်ဆရာတော် (၃) ရွှေည၀ါဆရာတော် တို့ဖြစ်၏ ။ ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ တလူလူတက်နေချိန်နှိုက် ရိုက်ချခံလိုက်ရ၏ ( ၀ီရသူဆရာတော် ) တလူလူတက်နေချိန်နှိုက်လည်း ထောင်ထဲသို့ အပို့ခံလိုက်ရ၏ ။ ဘာဆက်လုပ်ကြမှာတုန်း စဉ်းစားကြစေလိုသည်။
ReplyDeleteနိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့နဲ့ ရွှေည၀ါဆရာတော်နဲ့ ဖြစ်တဲ့ကိစ္စမှာ မဟန ဘက်ကပဲရပ်ပါတယ် ၊ ဘုရားဟောပိဋကတ်တော်တွေ အမြောက်အများ ရှိတဲ့ကြားထဲက အလယ်တန်းဖတ်စာထဲက ပင်ဝါးရုံ အကြောင်းကို ဟောတဲ့ ဘုန်းကြီးနောက်ကို မလိုက်နိုင်ပါဘူး ......
ReplyDeleteဓမ္မဟူသည် စာပေကျမ်းဂန်ထဲမှာ ရှိသည်မဟုတ်.သစ်ရွက်တွေကို ကြည်လျှင်လဲ တရားကိုမြင်ဘို့သာ ပဓာနဖြစ်၏. မူလတန်းဖတ်စာပင်ဖြစ်စေ ဆင်ခြင်ယူဆတတ်က တရားဖြစ်၏. စာအုပ်ကြီးသမားများကြောင့် ထေရ၀ါဒအောက်ကျနောက်ကျဖြစ်နေ၏။ ဓမ္မကိုသိပြီး မကျင့်သုံး လာဘ်စား ကမ္ဘအေးက အမျိုးသမီးများနဲ့ တဟားဟားလုပ်နေသော အာဏာရှင်မဟနများထက် ခရေပင်အောက်မှာ ထိုင်ပြီး ဒုက္ခရောက်သူ အကူအညီလိုသူတွေကို ကူညီနေသော ရွှေည၀ါကို ကြည်ညို၏။
ReplyDeleteအပေါ်က ၄တန်းလောက်ပဲ ဦးနှောက်ရှိတဲ့ ကြံ့ဖွတ် ပင်ဝါးရုံ ကဗျာကို နက်နက်နဲနဲ တွေးခေါ်တက်ရဲ့လား အရိုးကိုက်ပြီး ဘလော့တကာ လိုက်အူမနေနဲ့ ဆရာနေရဲနီ ကဗျာ ဆက်မျှော်နေပါတယ်။
ReplyDeleteရွှေည၀ါကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ထည့်ပြောလို့ တရားဟောပိတ်၏။ နောက်တခါ မလိမ်ကြဘို့ ဟောပြောရင် ကြံ့ဖံ့ မဲလိမ် မဲခိုးတာပြောမိလို့ တရားဟောပိတ်၏။ တကယ့်လွတ်လပ်ရေးဟောရာ အတုအယောင် လွတ်လပ်ရေးကိုသာ ပေးချင်သော လူသတ်သမား သန်းရွှေက တရားပွဲပိတ်ခိုင်းလို့ ရုပ်သေးအဖွဲ့ မဟနက ပိတ်၏။ ဓမ္မ၀ိနယနဲ့သာ ငြိစွန်းလျှင် မဟနက ထိုပုဒ်မကို တပ်ပြီး လူဝတ်လဲမည်ဖြစ်၏.အပြစ်ရှာမရလို့ မင်းမဟုတ်ရင် မင့်အဖေကွဆိုပြီး ကျောင်းမှ နှင်ထုတ်လေတော့သတည်။
ReplyDeleteမ ဟ န ဆရာတော်များ မြန်မာနိုင်ငံနှိုက် ရှိသင့်ပါသည် သို့သော် အိုမင်းရင့်ရော်ပြီး ဇရာ ဒုက္ခကို အကြီးကျယ် ခံစားနေရသော ဆရာတော်ကြီးများ ဖြင့် ရာသက်ပန်မဖြစ်သင့် ပါ ။သုံးနှစ်တစ်ကြိမ်သော် လည်းကောင်း လေးနှစ်တစ်ကြိမ်သော်လည်းကောင်းသံဃာ့မဲဆန္ဒဖြင့်ပြည်လည်ရွေးချယ် သင့်သည်ဟု ယူဆပါသည်။ပျံလွန်တော်မူမှသာလျှင် အစားထိုးရွေးချယ်ခြင်းကိစ္စမဖြစ်သင့်ပါ။ သို့မှ သာလျှင် တဖြည်းဖြည်း မှေးမိန်လာသော သံဃာတော်တို့၏ အခန်းကဏ္ဍကို ပြည်လည် မြှင့်တင်နိုင်ပါလိမ့်မည်ဟုတင်ပြဆွေးနွေးပါသည် ။
ReplyDeleteပြည်ပရောက် လိမ်စားပတ်စား တောင်းစား လုပ်စား အဖွဲ့အစည်းများ ဖျက်သိမ်းပေးရေး
ReplyDeleteဟစ်တိုင်မှာ
တစ်စခန်းထလာပြန်တဲ့ ကုလားမဝေနှင်းပွင့်သုန်
ReplyDeleteကျနော်တို့ စာဖတ်ပရိသတ်၊ နောက်ပြီး ရဟန်း၊ ရှင်လူပြည်သူ ကျောင်းသားတို့ အခုချိန်ဟာ ကျနော်တို့ နှစ်ရှည်လများစွာ စောင့်မျှော်ခဲ့ရတဲ့ ဒီမိုကရေစီ လမ်းကြောင်းဘက်သို့ ဦးတည်လာနေပါပြီ။ လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ဘူးဆိုတာ အားလုံးအသိပါဘဲ။ ဒါကြောင့် ကျနော်တို့အနေနဲ့ စောင့်ကြည့်ဆဲကာလ တခုပါလို့ အသိပေးချင်ပါတယ်။ စောင့်ကြည့်တဲ့ အတိုင်းအတာ အချိန်ကာလထိ ပြောင်းလဲမှု မရှိဘူးဆို ကျနော်တို့ ပြည်သူ ကျောင်းသား သံဃာတွေရဲ့ သတ္တိကို သမိုင်းက သက်သေပြပြီးသားပါ။ စက်တင်ဘာ အရေးခင်းကာလချိန်က ရွှေည၀ါ ဘယ်ပျောက်နေလဲ? ဘယ်မီဒီယာနဲ့ စကားပြောခဲ့သလဲ? ဒေါ်စုအိမ်ရှေ့ ဘယ်နှစ်ခေါက် ရောက်ခဲ့သလဲ? ဘယ်နိုင်ငံခြားရေးဝန်းကြီးနဲ့ တွေ့စုံခဲ့လဲ? အခုလို ပြောင်းလဲစ ပြုလာချိန်၊ တဖန် သမ္မတအစိုးရ ပြည်သူ့ဆန္ဒကို လိုက်လျောစ ပြုချိန်ကြမှ ပလ္လင်ပေါ်တက် မိုက်ကိုင်ပြီး စည်းလွတ်ဝါးလွတ် မပြောသင့်ပါဘူး။ လူကြီးဆိုတာ လူကြီးပီပီ စည်းရှိရှိ ဘောင်ရှိရှိ ပြောသင့်ပါတယ်။ မဟနဆရာတော် အများစုဟာ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် အားဖြင့် သာလွန်မြင့်မြတ်ပါတယ်။ ဒါကြောင့် ကျနော်တို့ သာမာန်လူတွေဟာ အပေါ်ယံ အဖြစ်အပျက် သိရုံနဲ့ ရမ်းကောတမ်းကော ဝေဘန်လို့ မကောင်းပါဘူး။ ဘာဘဲဖြစ်ဖြစ် ဖူးပွင့်စ ပြုလာတဲ့ ဒီမိုကရေစီ ပန်းလေး ညှိုးမှာ စိုးတယ်ဗျာ။ ရွှေည၀ါဆရာတော်ကို မုန်းတီးလို့ အလိုမကျလို့ ပြောတာမဟုတ်ပါဘူး အများအကျိုးကို ငဲ့ညှာသောအားဖြင့်......။
ReplyDeleteရွှေည၀ါဆရာတော်အကြောင်းကိုသိချင်ရင် ဒီမိုဝေယံက ပို့စ်အဟောင်းကိုပြန်ဖတ်ပါ။၈၈ကာလမှာနိုင်ငံရေးနဲ့ ၄၅ ရက်ထောင်ကျဘူးပါတယ်။
ReplyDeleteမင်းကလဲ ကလေး မေးခွန်းတွေ မေးနေပြန်ပြီ ။ မသိ အသာနေစမ်းပါ ။ သွား မုန့်ဝယ်စား ။အဲလောက်ပဲမေးတတ်သေးရင် စာကြည့်အုန်း။ ရွှေည၀ါ သမိုင်းကို သွားလေ့လာအုန်း ။
ReplyDeleteဘာသာရေးနှင့် နိုင်ငံရေးမှာ ဘယ်တုန်းက ဘယ်သူဘာလုပ်တယ် ဘယ်သူနဲ့တွေ့တယ်ဆိုတာက တစ်ကဏ္ဍပါ။ အခုမျက်မှောက်ဖြစ်နေတာက တခုပေါ့၊ ဘယ်အချိန်မှာ ဘယ်သူတွေဘာလုပ်နေတယ်လဲလို့ ပြောကြစတမ်းဆိုရင် စက်တင်ဘာတုန်းကရော မဟနတွေဘာလုပ်နေလဲ။ ရွှေညဝါဆရာတော် စက်တင်ဘာတုန်းက ပါဝင်ခဲ့ပါတယ် ဘယ်နေရာဆိုတာ အထူးပြောနေစရာမလိုပါဘူး အခုလဲ အချိန်တန်လို့ တခန်းထလာရပြန်ပါပြီ။ မဟနအဖွဲ့ကို လူငယ်များဖြင့် အစားထိုးပြောင်းလဲသင့်ပါပြီ။ အသက်အရွယ်တွေ ကြီးမားလာကြပြီ တိုင်းပြည်မှာ ဘာတွေဖြစ်နေတယ် သံဃာတွေ ဘယ်လိုနှိပ်ကွတ်ခံနေရတယ်ဆိုတာ မမြင်နိုင်ကြတော့ဘူး.. သူများပြောမှ သိရတဲ့ ဘဝရောက်နေပါပြီ။။ မဟနအဖွဲ့ကို ထက်မြတ်တဲ့ မျိုးဆက်သစ် သံဃာများနှင့် အစားထိုးသင့်ပါပြီ။ မဟန အဖွဲ့ အမြန်ဆုံးပြောင်းလဲနိုင်ပါစေ...
ReplyDeleteမင်းထိုက်
၈၈ခုနှစ်က ၄၅ရက် ထောင်ကျဘူးခဲ့တဲ့ ရွှေည၀ါဆရာတော်နဲ့ ၄၅နှစ်အထက် ထောင်ဒဏ်သတ်မှတ် ခံရတဲ့ ၈၈ကျောင်းသားများ၊ ၀ီရသူ၊ တိပိဂန္ဓာရုံဆရာတော်၊ ရွာမဆရာတော်၊ ဦးဂမ္ဘီရတို့နဲ့ စာရင် မနှိုင်းစလောက်ပါဘူး။ အခုဟာက ထိုက်သင့်သလောက် ပြည်သူ့ဆန္ဒ လိုက်လျောစ ပြုလာပါပြီ၊ စကားပုံ တခုရှိတယ် လူ့အလို နတ် မလိုက်နိုင်တဲ့၊ ကျနော်တို့ ပြည်သူတွေမှာ မျက်လုံးတွေ၊ နားတွေ၊ နှလုံးသားတွေ ရှိတယ်။ ဒါကြောင့် မတရားတာကိုတော့ ခေါင်းငုံ့မခံပါဘူး။ အခုဟာက တဖက်နဲ့တဖက် ချိန်ခွင် ထိုးနေတဲ့ အချိန်ပါ။ ပြောင်းလဲဘို့ အရှိန်ယူဆ အချိန်မှာ ဒီလိုအနှောင့် အယှက်တွေက စဉ်းစားစရာတွေ ဖြစ်လာပါပြီ။ လှည့်ကွက်တွေလား မျက်လှည့်တွေလား?
ReplyDeleteဘာမှလှည့်ကွက်တွေမဟုတ်ဘူး လာဝါးမနေနဲ့ မြှောက်သလိုလိုပင့်သလိုလိုနဲ့
ReplyDeleteသွေးလာမခွဲနဲ့ ကြံ့ဖွတ်အကွက်တွေရိုးနေပြီ။
အဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ
ဘာကြောင့်ရွှေညဝါဆရာတော်ကို ထောက်ခံလဲ ရိုးရိုးလေး
စဉ်းစားကြည့် အမှန်တရားဘက်က ရပ်တည်ထောက်ခံနေကြတာ
လာသပ်လျွှိုမနေနဲ့
အနာကင်းသောလက်သည် အဆိပ်ကို ကိုင်နိုင်၏။
ReplyDeleteသီလလုံခြုံသောသူသည် အများကောင်းကျိုးအတွက် ဘာမဆို လုပ်ဝံ့၏။
လုပ်ရဲ၏။ လုပ်နိုင်၏။
စက်တင်ဘာဦးနေမိန္ဒ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)