Pages

Sunday, April 8, 2012

ဓားသွားပေါ်မှပျားရည်စက် ၊ တဒင်္ဂခဏ လွတ်လပ်ခြင်းနှင့် ပြည်သူ့ဆန္ဒ (ကဗျာရှင် နေရဲနီ)

ဓားသွားပေါ်မှ ပျားရည်စက်၊ တဒင်္ဂခဏ လွတ်လပ်ခြင်းနှင့်
ပြည်သူ့ဆန္ဒ
(ကဗျာရှင် နေရဲနီ)

ဓားသွားပေါ်မှ ပျားရည်စက်များ

လမ်းခင်းပေးထားတယ်နော်
ဘာလုပ်ပေးရမယ်ဆိုတာ သိတယ်မဟုတ်လား
ဟုတ်ကဲ့ သိပါတယ်။
ထရန်စဖော်မာ တပ်ဆင်ပေးထားတယ်နော်
ဘယ်လို တုန့်ပြန်ပေးရမယ်ဆိုတာ သိတယ်မဟုတ်လား
ဟုတ်ကဲ့သိပါတယ်။

မီးကြိုးတွေ သွယ်ပေးထားတယ်နော်
ခြင်္သေ့ဘေးမှာ ဒီလိုလေးဘဲ ခြစ်တတ်ဖို့လိုတယ်
ဟုတ်ကဲ့ သဘောပေါက်ပါတယ်။
အတိုးနဲနဲ နဲ့ငွေတွေ ထုတ်ချေးပေးထားတယ်
ဘယ်လို အလိုက်သိရမယ်ဆိုတာ နားလည်လား
ဟုတ်ကဲ့ နားလည်ပါတယ်။

ကြံ့ခိုင်ရေးကို မဲပေးရမယ်နော်
မဟုတ်ရင် ထောက်ပံ့ကြေးတွေ ဖြတ်ပစ်မှာ
ဟုတ်ကဲ့ သဘောပေါက်ပါတယ်။
ဒီကုမ္ပဏီက ခင်ဗျားတို့ကို ထမင်းကျွေးထားတာ
ဘယ်လိုလုပ်ပေးရမယ် ဆိုတာသိတယ်မဟုတ်လား
ဟုတ်ကဲ့သိပါတယ်။

နေ့တွက်ခတွေလည်း ပေးထားတယ်
ထမင်းလည်း ကျွေးထားတယ်
ဒီမဲတွေက ကျိန်းသေတယ်။
တအိမ်တက်ဆင်း
ထိထိရောက်ရောက် စည်းရုံးထားတယ်
နိုင်ဖို့ သေချာပါတယ်။

ဒေါင်းဘေးမှာ ဖယောင်းသုတ်ထားတယ်
နှစ်ခါခြစ်ရင် ပယ်မဲ
ဒါလည်း ကျိန်းသေတယ်။
ဒေါင်းဘေးမှာအမှန်ခြစ်မယ်ဆိုရင်
ခြင်္သေ့ဘေးမှာလည်းခြစ်လိုက်ပေါ့ဗျာ
ဒါဆိုရင်လည်း ပယ်မဲဖြစ်ရော
မစားရတဲ့အမဲ သဲနဲ့ပက်မယ်။
တဒင်္ဂခဏ လွတ်လပ်ခြင်း

မဲရုံအတွင်း လျှို့ဝှက် ဆန္ဒပြုရန်နေရာ
ပြည်သူတစ်ယောက်၏ အတွေး

" ကမ္ဘာပျက်ခါနီးမှ လူလာဖြစ်ရတဲ့အရူးတွေလို
ခုမှ သွေးရူးသွေးတန်းနဲ့
ဒင်းတို့နှိပ်စက်တဲ့ ဒဏ်ကိုခံလာတာ
နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာခဲ့ပြီ
သန်းခေါင်ထက်တော့ ညဥ့်မနက်နိုင်
သုဿန်ဘေးက ပြည့်တန်ဆာမပြောသလို
တို့ဘဝက သရဲကြောက်ဖို့ မလိုတော့ဘူး။
ဘယ်လိုဘဲဖြစ်ဖြစ် အပြောင်းအလဲလေးတော့ မြင်ချင်တယ်
ဒင်းတို့ပေးတဲ့ မျှော်လင့်ချက်တွေနဲ့
ဓားသွားပေါ်က ပျားရည်စက်တွေကို
လျက်ခဲ့ရပေါင်းများလို့ လျှာကိုထိခဲ့တဲ့
ဒဏ်ရာတွေလည်း မနည်းတော့ဘူး
ဒီနေရာဒီအချိန်ဟာ ငါရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်
အဲဒီတော့......"

ပြည်သူ့ဆန္ဒ
ထုတ်ဖော်ပြသချက်
" ကျင်းပပြီးစီးသွားသောကြားဖြတ်ရွေးကောက်ပွဲတွင်
အမတ်နေရာ(၄၅)နေရာ၌
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ အမတ်နေရာ (၄၃)နေရာ
ရှမ်းပြည်နယ်ကျားဖြူပါတီ မှ အမတ်နေရာ (၁)နေရာ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမတ်နေရာ (၁)နေရာ "
အသီးသီးအနိုင် ရရှိသွားပါကြောင်း
နေရဲနီ
ဓာတ်ပုံ AP,Reuters

6 comments:

  1. သင်းနုမွန်April 8, 2012 at 4:03 PM

    တကယ်ဆိုဒီလိုအပြင်းစားRockစာသားတွေနဲ့ဖြည့်စွက်လိုက်ချင်တယ်. ဆရာရယ်၊ သုဿန်ဘေးက ပြည့်တန်ဆာမပြောသလို"သရဲက မုဒိမ်း ကျင့်မှာမှာမကြောက်တော့ဘူး" လို့။

    ReplyDelete
  2. မသင်းနုမွန်သို့ပြန်ကြားချက်
    ကုန်ကားတစ်စီးနဲ့လိုက်ပါရင်း ညသန်းခေါင်ကျော် အချိန်မှာလှည်းကူးမြို့အနောက်ဖက်အစွန်ကို ကျော်ဖြတ်မိတဲ့အချိန်မှာ အဲဒီတုန်းက သင်္ချိုင်းအုတ်ဂူတွေကြားက ထွက်လာတဲ့ ၁၈ နှစ်အရွယ် ညဥ့်ငှက်တစ်ယောက်ရဲ့ပြောစကား ကိုသတိရပြီးဒီကဗျာကို ရေးလိုက်တာပါ။ကေသီပန်တစ်ထုပ်ဖိုးမတတ်နိုင်လို့ အမျိုးသမီးဓမ္မတာ ထိန်ပြိး သေခဲ့ရတဲ့ သမီးပျိုတွေ။ လက်သည်ကို ဝမ်းဆွဲခ တစ်ထောင်မပေးနိုင်လို့ ရေထဲဆင်းပုန်းရင်း ရေနစ်သေရတဲ့ ခင်ပွန်းသည်တစ်ယောက်။ ကျောက်ကပ်ပျက်စီးပြီး တစ်ကိုယ်လုံးဖောယောင်နေတာ ဆေးဘိုးမတတ်နိုင်လို့ နွားသေးကိုတစ်လလောက်သောက်အပြီးမှာ လူ့ဘဝကို ကျောခိုင်းသွားရတဲ့လူတွေ။ရောဂါသည်းနေတဲ့ လူမမာဓာတ်စာတောင်းနေတာကို ဗိန္ဒောယောင်ယောင် ပယောဂယောင်ယောင်လူက ဖုတ်ဝင်နေတာ ဖုတ်ထုတ်တယ်ဆိုပြီး အဆိပ်ခပ်ခံလိုက်ရတဲ့ လူမမာတွေ။ဒါတွေကကျွန်တော့်ကိုယ်တွေ့ပါ။ဒီလိုပြည်သူတွေရဲ့ဘဝထက်စာရင် ကျွန်တော်ကဗျာမှာ စကားလုံးနဲနဲကြမ်းသွားတာ စာမဖွဲ့လောက်ဘူးလို့ထင်ပါတယ်။ဒီကဗျာကိုရေးကတည်းက ဒီစာသားနဲနဲကြမ်းတယ်ဆိုတာကို သိထားပြီးသားပါ။အလျဉ်းသင့်ရင် အဲဒီအကြောင်းတွေကို ကဗျာဖြစ်ဖြစ် ဝတ္ထုဖြစ်ဖြစ်ရေးမယ်လို့ဆုံးဖြက်ထားပါတယ်။အဲဒီအခါကျရင်လည်း ခုလိုမျိုးဖတ်ပြီးမှက်ချက်ပေးဖို့ရာ မျှော်လင့်နေပါတယ်။နောက်တခါပြန်လာပြီး ဒီမှတ်ချက်ကိုပြန်ဖတ်နိုင်ပါစေလို့လည်း မျှော်လင့်နေပါတယ်။
    နေရဲနီ

    ReplyDelete
  3. ကြံ့ ဖွတ် ရှုံးတာ နာယကကြီး(အခုငြိမ်း )ကိုယ်တိုင်က တစ်ကိုယ်ကောင်းစိတ်မွေးသူကိုဦစားပေးတင်မြောက်ထားတယ်။ ကြံ ဖွတ်ထဲဝင်ရင် ဒါတွေ ခံစားခွင့်ရမယ်..မက်လုံးနဲ့ စည်ရုံး..လာပါလာပါ တိုင်းပြည်ကို ၀ိုင်းဖဲ့ဝါးကြမဲ့ အရှက်မရှိတဲ့သူတွေက အများစု ။

    နာယက ကြီးက ပြည်သူတွေကို သူလို ခိုးစားချင်သူတွေလို့  မြင်နေတာပါ ။ ဒါဟာ ငါးပါးသီလ ကို အလေမထားသူတွေ တနည်း ဗုဒတရားအဆုံးအမတွေကို မယုံကြည်ဘူးဆိုတာ ရှင်းနေတာဘဲ ။

    ပြည်သူကို လမ်းဖေါက်ပေးမယ် ။ ဘာပေးမယ် စည်းရုံးတယ်။ ငါ့တို့ကိုမဲထဲ့ရင် လမ်းဖေါက်ပေးမယ် ။ ငါက လမ်းဖေါက်ကန်ထရိုက် ရမယ် တဖက်လှဲ့  လာညာတာပါ ။ လမ်းဖေါက်ကန်ထရိုက် ကို ရွာသားတွေ ကိုမပေးပါဘူး ။

    ပြည်သူတွေကို သူတို့ လို ၀ထ္ထုပစ္စည်းမက်သူတွေလို့  မြင်နေတယ်ဆိုတာ ပြနေတာပါဘဲ ။ ပြည်သူတွေလိုချင်နေတာက ( လုပ်ပိုင်ခွင့် ..ရပိုင်ခွင့် )...ဒါကိုနားမလည်ဘဲ မသိဘဲ သူတို့ လိုအငတ်တွေ ထင်နေတာကိုက ဓါတ်ဆီ/ဓါတ်စံ တို့ ခေတ် ပျက်လုံးလေးသတိရပါတယ်...(.ဆရာရေ ယူနစ်က စပျက်နေတာ...ယူနစ်ကိုပြင်မှ ဘဲ ရမယ် )

    ကြံ့ ဖွတ် ရဲ့ ပြည်သူတွေအပေါ်.. မြင်နေတဲ့ အမြင်ကို အရင်မပြင်ဘဲနဲ့ ..၂၀၁၅ လာခဲ့စမ်း...ဖင်စုတ်သွားစေရမယ် ။

    ReplyDelete
  4. ဆရာကဗျာတွေ အမြဲစောင့်ဖတ်နေပါတယ်
    ကဗျာချစ်သူ

    ReplyDelete
  5. လေးစားပါတယ်၊ဆရာ့ကဗျာတွေကိုအစဉ်စေင့်ဖတ်ပါတယ်။

    ReplyDelete
  6. ဆရာ့ကဗျာတွေကိုကြိုက်တယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။