Pages

Sunday, May 20, 2012

မန္တလေးမြို့မှာ ယနေ့ညပိုင်းက ပြုလုပ်နေတဲ့ လျှပ်စစ်မီး ပုံမှန်ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်ပွဲ...

မန္တလေး စွမ်းဟိုတယ်ရှေ့မှ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ထုတ်ဖော် ဆန္ဒပြပွဲ။ ရွှေမရှိလျှင် နေလို့ရသည်..။ (မီး=ရေ) မရှိလျှင် နေလို့မရပါတဲ့
 လျှပ်စစ်တိုင်းရုံးရှေ့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသည့် ပြည်သူများ (Mandalay Voice)
ဓာတ်ပုံ သတင်း Kyaw Moe Win၊ ကိုသုကာ၊ CJ Myanmar (Facebook)

ယနေ့ (၂၀၊ ၅၊ ၂၀၁၂) တနင်္ဂနွေ ည ၇ နာရီကျော်ခန့်ကစတင်၍ လူအင်အား တစ်ရာကျော်ရှိသော မန္တလေးပြည်သူပြည်သားများက မန်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာရုံးအား ပတ်၍ လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော် စီတန်းလမ်းလျှောက်ပွဲ ကျင်းပနေစဉ်

မန္တလေး၊ စွမ်းဟိုတယ်ရှေ့တွင်လည်း ယခု စီတန်းလမ်းလျှောက်ပွဲနှင့် တစ်ပြိုင်နက်တည်း ဖယောင်းတိုင် မီးထွန်းပွဲ ပြုလုပ်လျက်ရှိပြီး ဆန္ဒပြ ၂ ဖွဲ့ ပူးပေါင်းမည်ဟု သိရသည်။

CJ 031

(အဘဒီမို) (Update News) ယခုအချိန်ထိ လူအင်အား ၅၀၀ ကျော် ပူးပေါင်းပါဝင်လာပါတယ်.... ၇၇ လမ်း ၂၆×၂၇ ကြားမှာပါ... ရဲတပ်ဖွဲ့ဝင်များ ယူနီဖောင်းနဲ့ စောင့်ရှောက် ပေးပါတယ်.. အားလုံး အေးအေးချမ်းချမ်း ရှိနေပါတယ်.... လူအင်အား ပိုများလာနေပါတယ်။

3 comments:

  1. ပြင်သစ်ပြည်မှာ ပြည်သူတွေ ငတ်ပြတ်၊ အကျပ်အတည်းတွေကြုံတော့ ပြင်သစ်တော်လှန်ရေးကြီး ဖြစ်ပွါးခဲ့သည်ဟု ကြားဘူးပါသည်။
    မြန်မာပြည်စစ်အစိုးရများကား အရှက်လုံးဝ မရှိသောသူများပီပီ တိုင်းပြည်၏ အခြေခံ လျှပ်စစ်မီးနှင့် လူသားတို့၏ အသက်ဖြစ်သော ရေကိုပင် လုံလောက်အောင် လုပ်မပေးနိုင်သော်လည်း ရာထူးမှ ဆင်းမပေးသည့်ပြင် ရွေးကောက်ပွဲမှာ မဲခိုးပြီး စစ်တပ်တစ်မတ်သား ပါလီမန်ကြီးနဲ့ ဆက်ပြီး ပြည်သူကို သားစဉ်မြေးဆက် စစ်ကျွန်ပြုဘို့ စီမံနေပေသည်။
    ပြည်သူ မထောက်ခံဘဲ သေနတ်ထောက်ပြီး ဗိုလ်သန်းရွှေ အလိုကျ သူနှင့် သူ့နောက်လိုက်များ ဘေးကင်းလုံခြဲုံရေးအတွက် ပြည်သူကို ဖိနှိပ်သော ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောာက်လျှင် မိမိကို ချည်နှောင်မည့် သံကြီုးကို သံချေးမတက်အောင် ရေနံသုတ်ပေးသည်နှင့် တူနေပေတော့မည်။

    ReplyDelete
  2. ဘာသာတရား၏အဆုံးအမအရ အေးချမ်းစွာ
    နေလေ့ရှိသော မန်း ပြည်သူများကား သည်းခံခြင်းအတိုင်းအတာ ကုန်လွန်သွားခဲ့လေပြီ။
    အပူချိန်မြင့်မားပြီး ရေပုပ် ရေဆိုးမြောင်းများ
    ပေါများလှသောမန္တလေးမှာ ခြင်များက လွန်စွာ သောင်းကျန်းပါသည်။
    မီးမရှိသောညများဝယ် အမှောင်ထဲမှာ ယပ်ခတ်ပြီး နေခဲ့ရသော ညများကား နှစ်(၅၀)ကို ၃၆၅-ရက်နဲ့ မြှောက်ကြည့်ပါက သူတို့၏ဒုက္ခကို စစ်ဗိုလ်ချုပ် အဟောင်းအသစ်များ ကိုယ်ချင်းစာနာနိုင်ပါလိမ့်မည်။
    ပြည်သူများ၏ အခြေခံ ရေ မီး လမ်းပန်းဆက်သွယ်ရေးကိုလည်း ရအောင်လုပ်မပေး၊ ပြည်သူကိုလဲ ဖိနှိပ်အုပ်ချုပ်။ ပြည်သူပေးသော လစာ ရိက္ခာကို စားပြီး၊ ပြည်သူ့ငွေနဲ့ ၀ယ်ထားသော သေနတ်လက်နက်ဖြင့် ပြည်သူကို စိန်ပြေ နပြေ ပစ်သတ်လာခဲ့သော စစ်အစိုးရများကား ပြည်သူကို ခြေနင်းခုံလောက်သာ သဘောထားခဲ့သည်မှာ ကြာရှည်လှလေပြီ။
    စစ်အာဏာရှင်၏ အကြွင်းအကျန်ကို စားနေသော ဒေါ်အေးအေးမင်းက မိုးနတ်မင်းကိုသာ မိုးရွာဘို့ ဆိုတောင်းပါဟု ပြောဆိုလိုက်ခြင်းမှာ ပြည်သူကို စော်ကားခြင်းသာဖြစ်သည်။
    မီးမလာတာက နှစ်ကာလ ကြာရှည်ပါပြီ။ ယခု တာဝါတိုင် တစ်တိုင် မိုင်းခွဲသည်ဘဲ ထားပါဦးတော့ အခြားနေရာမှ သွယ်ပေးလို့ မရနိုင်ပြီလား။
    ဘုရားစေတီပုထိုးသာ မီးဖြတ်မည် ဗီအိုင်ပီဟု အမည်တပ်ပြီး စစ်ဗိုလ်တို့ စံအိမ်တော်ကြီးများကား မီးတထိန်ထိန်နှင့် အပ်ပျောက်ကိုပင် ရှာဖွေတွေ့နိုင်ပေသည်။
    အာဏာရှင်ကြီး ဗိုလ်သန်းရွှေနှင့် နောက်လိုက်များ နေရာ
    နေပြည်တော်ကြီးကား ထိန်ထိန်ညီးသော မီးရောင်စုံတို့ဖြင့် နတ်ပြည်တမျှ သာယာနေပြီး ပြည်သူတို့ကို အမှောင်တိုက်ထဲ အပူကို လည်စင်းခံ၊ ခြင်ကိုက်ခံပြီး ရေမချိုး ရေမသောက် အငတ်နေခိုင်းခြင်းကား လူကို လူလိုမမြင်သော အစိုးရဖြစ်ကြောင်း ခိုင်မာသော သက်သေပင်ဖြစ်တော့သည်။

    ReplyDelete
  3. စစ်တပ်က အာဏာပြန်သိမ်းချင်ချင်လို့ ပြည်သူကို မဆူ..ဆူအောင်လုပ်နေတာ..ပြည်သူတွေဆူမှ တိုင်းပြည် မငြိမ်လို့ဆိုပြီး စစ်တပ်က အာဏာပြန်သိမ်းလိမ့်မယ်..သတိထားကြဟေ့..

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။