အာဏာသိမ်းနအဖစစ်အုပ်စုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို လာမည့် အောက်တိုဘာ ၁၀ ရက်(တနင်္ဂနွေနေ့)တွင် ပြုလုပ်မည်ဟု ဂျပန်နိုင်ငံရှိ နာမည်ကြီးသတင်းစာ တစ်ခုဖြစ်သော အာဆာဟိ(Asahi) သတင်းစာတွင် ရေးသားဖော်ပြထားပါတယ်။ အဆိုပါသတင်းကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ယာမာမိုတို ဒိုင်းဆုကေး(Daisuke Yamamoto)ဆိုသူက ရေးသားပေးပို့ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲဝင်မည့် စစ်အရာရှိများကို ဧပြီလနောက်ဆုံးထားပြီး လက်ရှိရာထူးမှနှုတ်ထွက်၍ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ပြင်ဆင်ကြမယ်လို့ဖော်ပြထားပါတယ်။ ၎င်းတို့အနေနဲ့ မဲဆွယ်ဖို့ ၆ လအချိန်ရရင် လုံလောက်တယ်လို့ယူဆထားကြောင်းလည်း ရေးသားထားပါတယ်။
တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွင် အောက်လွှတ်တော်အမတ် ၄၄၀ နေရာနှင့် အထက်လွှတ်တော်အမတ် ၂၄၂ နေရာကို အတည်ပြုနိုင်ဖို့အတွက် တပြိုင်နက်တည်းလုပ်ဆောင်မှာဖြစ်ပြီး ဧပြီလအတွင်းမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီအဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလိအမတ်များကို ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပေးမယ်လို့ ဆိုပါတယ်။ ကြံဖွံ့အသင်းမှ အဆင့်(၂)နှင့် အဆင့်(၃)ရှိသူ ထိပ်ပိုင်းခေါင်းဆောင်တို့နှစ်ဦးဟာ ပါတီထူထောင်ဖို့များပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလအတွင်းမှာ အတည်ပြုခဲ့တယ်ဆို့ပြောဆိုနေတဲ့ ဖွဲ့စည်းပုံအရ အထက်နှင့် အောက်လွှတ်တော်အမတ်နေရာရဲ့ ၄ ပုံ ၁ ပုံကို စစ်တပ်ကအလိုအလျောက် ရွေးချယ်ခံအပ်မှာဖြစ်ပြီး ကျန်တဲ့နေရာတွေကိုသာ ရွေးကောက်ပွဲအနိုင်ရအမတ်လောင်းများအတွက်သာဖြစ်ပါတယ်။ နအဖအနေနဲ့ မိမိတို့အာဏာတည်မြဲအောင် အဓိကကျတဲ့နေရာတော်တော်များများကနေ ဆက်လက်ချုပ်ကိုင်သွားဖို့ စီစဉ်ထားပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲအနိုင်ရဖို့အတွက် မဲဆွယ်တဲ့အနေနဲ့ ၀န်ထမ်းလစာများကို လက်ရှိရရှိနေတဲ့လစာအပြင် မြန်မာငွေ ကျပ်နှစ်သောင်း(ဂျပန်ယန်း ၁,၈၄၀)တိုးမြှင့်ဖို့လည်း စီစဉ်ထားပါသေးတယ်။ မြန်မာ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အပါအ၀င် အခြားအတိုက်အခံအဖွဲ့အစည်းတချို့ကိုလည်း ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်လာအောင် ဖိအားပေးဖို့များကြောင်း ပြည်တွင်းရှိ နိုင်ငံခြားသံတမန်ရပ်ကွက်ကသုံးသပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အာဏာသိမ်းနအဖစစ်အုပ်စုအနေဖြင့် နိုင်ငံတကာစာမျက်နှာမှာ တရားမျှတတဲ့ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခံရဖို့ ရည်ရွယ်ချက်ဖြစ်ပါတယ်။
မည်သို့ပင်ဖြစ်စေ NLDပါတီကိုတော့ အင်အားကျဆင်းအောင် ဖိနှိပ်မှုတွေပြုလုပ်နေမှာဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရွေးကောက်ပွဲမပြီးမချင်း နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးပုံမပေါ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုရင်တောင် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ပြုမှာမဟုတ်တဲ့အပြင် အနိုင်ရဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ NLD ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်သင့်မ၀င်သင့်ကိစ္စကိုလည်း ဂရုတစိုက်နဲ့ စဉ်းစားချင့်ချိန်နေဆဲပါပဲ…ဟု သတင်းထောက် ယာမာမိုတိုရဲ့ ရေးသားပေးပို့ချက်ကို ဇန်န၀ါရီလ ၇ ရက်နေ့ထုတ် အာဆိဟိသတင်းမှာ ရေးပြထားပါတယ်။
မူရင်းသတင်း-
http://www.asahi.com/international/update/0107/TKY201001060449.html
ပေးပို့ပေးသူ မိုးသောက်ကြယ် အား ကျေးဇူးတင်ပါသည်။......

No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။