Pages

Saturday, April 17, 2010

“တောက်” ခေါက်သံတွေ လွှမ်းတဲ့နေ့...

တောက် …

ရိုးရာနှစ်သစ်ကူးပွဲ ဆင်နွှဲတဲ့ လူအုပ်ထဲ

ဗုံးဖေါက်ခွဲသတဲ့။

ခင်ဗျားတို့ မုန်းတာ ပြည်သူလူထုလားဗျာ။

တစ်နှစ်မှ တစ်ခါ

ညစ်ညူးစိတ် ဖယ်ခွာရချိန် ပျော်ခင်းလေးဟာ

ခုတော့ … စစ်တလင်းပမာ

ဘုန်းကနဲ

တုန်းကနဲ

သွေးအိုင်ထဲ လဲကျရသူတွေမှာ

အပြစ်မဲ့ ပြည်သူတွေပါ။

ခမျာ မြေဇာပင်ဘ၀ အပူရုပ်ဟာ

အခါရက်မြတ်တောင် လွှဲရှောင်မရ။

လူသတ်မိစ္ဆာကောင်တွေ ဖျန်းပက်တဲ့

သွေးစ ပုံရိပ်မှာ

အတာရေတွေ တိတ်

မဏ္ဍပ်တွေ ပိတ်

လူတွေ လန့်ထိတ်

နှစ်သစ်မှ မကူးမီ အပျော်တွေ ဆိတ်သုဉ်းခဲ့ရပြီ။

အတာသင်္ကြန် တေးသံကို ငိုကြွေးသံက ဖုံးလွှမ်း၊

လူသရမ်း အကြမ်းဖက်

လူသတ် လက်နက်ရှင်ကို

သွေးကလဲ့စား ချေခွင့်များ ရခဲ့ရင်တော့

ပုတီးကို ချ၊ ဓါးကို မ လို့

အသက်ချင်းသာ လဲ လိုက်ချင်ရဲ့

နှစ်ဆန်းတစ်ရက်မှာ ဥပုသ်မရချင်နေ . . . . ။

ကိုမျိုး (မြန်မာစာ) ၁၃၇၁ မြန်မာ့ရိုးရာအတာသင်္ကြန် အကြတ်နေ့ည
ပေးပို့လာသူ Burma Paparazi

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။