
လူပုဂ္ဂိုလ်များပင်မက ဆရာတော် သံဃာတော်များပင် ပါဝင်လှူဒါန်းခဲ့ကြပြီ။
မြန်မာနိုင်ငံတွင် သောက်ရေ သုံးရေ ရှားပါးမှုဒဏ်ကို မြန်မာလူမျိုးအချင်းချင်း ရိုင်းပင်းကူညီ၊ ပံ့ပိုးဖေးမ၊ လှူဒါန်းမှုများတွင် လူပုဂ္ဂိုလ်များပင်မက ဆရာတော်ကြီးများ၊ သံဃာတော် အသီးသီးတို့မှ ဘုရားသားတော်များ ပီပီ ဗြဟ္မစိုရ်တရား ဦးထိပ်ထားပြီး ဒုက္ခရောက်နေကြသော သောက်ရေ သုံးရေ ရေဘေးဒုက္ခသည်များအား ကိုယ်တိုင် ကွင်းဆင်းပြီး လှူဒါန်းမေတ္တာ ပို့သမှုများ ပြုလုပ်ခဲ့ကြပါသည်။
ထိုသို့ လှူဒါန်းမေတ္တာပို့သမှုများ ပြုလုပ်ခဲ့ကြရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ အား ဗုဒ္ဓ၏ တရားတော်နှင့် အညီ သွန်သင်ဆုံးမ လမ်းညွှန်ပေးခဲ့သော ပြည်မြို့ ရွှေပေါက်ပင်ကျောင်းမှ ဆရာတော်ကြီး သောမာစာရ မှလည်း ပြည်မြို့ ရွှေတောင်မြို့နယ် အနီးပတ်ဝန်းကျင်ရှိ ရေဘေးဒုက္ခသည် များထံ သောက်ရေသန့်များကို တပည့် ဒါယကာအပေါင်းနှင့် (၁၆ - ၅ - ၂၀၁၀) ရက်နေ့တွင် သွားရောက်ပြီး လှူဒါန်းမေတ္တာ ပို့သခဲ့ပါသည်။
ဝေသူက ဝေ . . . စုသူက စု . . . ပို့သူက ပို့
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ရေဒုက္ခသည်များရှိရာ ပဲခူးမြို့၊ ဝေါမြို့နယ်ရှိ နေရာ ဒေသအသီးသီးသို့ သွားရောက်ပြီး ရေဒုက္ခသည်တို့ လက်ထဲသို့ သောက်သုံးရေများ ရောက်ရှိအောင် ပို့ဆောင်လှူဒါန်းပေးနေသလို အသင်းရုံးချုပ်ရှိရာ (မြောက်ဒဂုံမြို့နယ်) တွင်လည်း ရေသယ်ယူ ပို့ဆောင်ရန် အတွက် သန့်စင်ပြီးသော ပလပ်စတစ် (ရေဂါလံ ၂၅၀၀)ဆံ့ ရေတိုင်ကီပုံးများ စုဆောင်းပြီး ၁၉ - ၅ - ၂၀၁၀ (ဗုဒ္ဓဟူး)နေ့ နံနက်ပိုင်းတွင် ဒလမြို့နယ်ဘက်ရှိ ရေဒုက္ခသည် များရှိရာသို့ စတင်ထွက်ခွာ လှူဒါန်းရန် ပြင်ဆင်မှုများ ပြုလုပ်နေစဉ် . . .
စတုဒီသာ ဆန်ပြုတ်
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် ၂ - ၅ - ၂၀၁၀ (တနင်္ဂနွေနေ့)တွင် မနောမယ မုန့်ဟင်းခါးဖြင့် (၇) ရက် သားသမီး အပေါင်းတို့အား ကျွေးမွေးလှူဒါန်းခြင်း ပြုလုပ်ခဲ့သလို ၁၆ - ၅ - ၂၀၁၀ (တနင်္ဂနွေနေ့)တွင်လည်း စတုဒီသာ ကြက်သားဆန်ပြုတ် (ယာဂု)ကို နံနက် အာရုံဆွမ်းအဖြစ် ရှမ်းပြည်နယ်၊ အင်းလေးဖောင်တော်ဦးစေတီ ရေသာကျောင်းမှ ဆရာတော် ဦးဝေပုလ္လနှင့် သံဃာတော် (၅) ပါးတို့အား ဆပ်ကပ် လှူဒါန်းပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းနှင့် သုခအလင်းစာကြည့်တိုက် တို့ကို လိုက်လံ ကြည့်ရှု မေတ္တာပို့ခဲ့ကြပါသည်။
လူနာရှင်များ၊ လူနာများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀န်ထမ်းများ၊ လုပ်အားပေး အသင်းသူ အသင်းသားများ၊ ကော်မတီဝင်များ၊ အလှူရှင်များ၊ နွေရာသီအင်္ဂလိပ်စာ အခြေခံသင်တန်း တက်ရောက်လျှက် ရှိသော မျိုးဆက်သစ်ကလေးသူငယ်များ စသဖြင့် (၇) ရက် သားသမီးအပေါင်းအား ကြက်သားဆန်ပြုတ် စတုဒီသာ ကျွေးမွေး လှူဒါန်းခဲ့ပါသည်။
ကျော်သူ့ မျိုးဆက်သစ်များနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စ အ၀၀တို့ကို ယခုမေလအတွင်း အပူရှိန်ကြောင့် သေဆုံးမှုဦးရေ (၈၀) ဦးခန့်ကို နေ့စဉ် ပို့ဆောင်သဂြိုင်္လ် ပေးနေရသလို၊ သုခကုသိုလ်ဖြစ်ဆေးခန်းမှလည်း နေ့စဉ် လူနာပေါင်း (၂၀၀) ဦးခန့်ကို အခမဲ့ ဆေးဝါးကုသ ပေးလျှက်ရှိပါသည်။
ထို့အပြင် မျိုးဆက်သစ်လူငယ်များအား ရည်စူးပြီး သုခအလင်း စာကြည့်တိုက်ကိုလည်း ဖွင့်လှစ် ထားရှိပါသည်။ မျိုးဆက်သစ်ကလေးငယ်များ ပညာရေး တိုးတတ်စေရန် ရည်ရွယ်ပြီး အင်္ဂလိပ်စာ အခြေခံသင်တန်းကိုလည်း အပါတ်စဉ် (စနေ၊ တနင်္ဂနွေ) နေ့တိုင်း သင်ကြားပေးလျှက် ရှိပါသည်။
ယနေ့ ၁၉ - ၅ - ၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းအား ထပ်မံ ဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။
သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက် -
- ကလေးသူငယ်များအား လူတော်လူကောင်း ကလေးများအဖြစ် ပညာတော်ပြီး အကျင့်စာရိတ္တ ကောင်းမွန်လာရန်၊ ကိုယ်ချင်းစာနာစိတ်ဖြင့် မတရားမှု မှန်သမျှကို မပြုကျင့်မိရန်၊ ဗုဒ္ဓဘာသာဝင် ကောင်းများအဖြစ် လူ့အဖွဲ့အစည်းအတွင်း မြင့်မြတ်စင်ကြယ်စွာ နေထိုင်ပြီး ပရဟိတ စိတ်ဓါတ်များ ကိန်းအောင်းလာစေရန်၊
- ကလေးသူငယ်များအား ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ပြီး ရေသောက်မြစ်များကို ရှင်သန်လာအောင် စတင်ပြုစု ဖန်တီး ပေးခြင်းဖြစ်သည်။
ယင်း သင်တန်းတွင် ဗုဒ္ဓဖြစ်စဉ် ဗုဒ္ဓ၀င်၊ (၃၈)ဖြာ မင်္ဂလာတရားတော်၊ ပြည်သူ့နီတိ ယဉ်ကျေးလိမ္မာ ကဗျာများ၊ ပျော်ရွှင်စရာ ကျန်းမာရေးလေ့ကျင့်ခန်း စသည်တို့ကို သင်ကြားပို့သ လျှက်ရှိပါသည်။
ယနေ့ ကလေးသူငယ်များကို ပျိုးထောင်ပေးနေခြင်းသည် အနာဂတ်နိုင်ငံတော်ကို တည်ထောင်နေခြင်းပင် ဖြစ်သည်။ သင်တန်းဆရာများမှာ ဒေါ်သန်းမြင့်အောင်၊ ဦးဝင်းမိုးသန့်၊ ဒေါ်ဧရာမောင်မောင်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) လုပ်အားပေး လူငယ်များ ဖြစ်ကြသည်။
ထပ်မံပြီး ၂၆.၅.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် တွဲဖက်ပြီး ကလေးသူငယ်များအား ပန်းချီ ပညာရှင်ကြီးများမှ ပန်းချီသင်တန်း ထပ်မံ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပါသည်။ ထို့အပြင် ၈.၆.၂၀၁၀ (အင်္ဂါ)နေ့မှ စတင်ပြီး အပါတ်စဉ် (အင်္ဂါ၊ ဗုဒ္ဓဟူး) နေ့တိုင်းတွင် တရုတ်ဘာသာ ပညာရှင်မှ စိတ်ဝင်စားသူ ပညာလိုလားသူ လူကြီး လူငယ်မရွေး မည်သူမဆိုကို တရုတ်စကားပြော သင်တန်းအား အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။