Pages

Sunday, May 16, 2010

ရန်ကုန်မြို့၌ ယခင်စံချိန်ကျိုးခဲ့သည့် အမြင့်ဆုံးအပူချိန် ၀န်းကျင်သို့ ရောက်ရှိ...

Inyar old
ယခင်အင်းယားကန် ရဲ့မြင်ကွင်းအလှ
Inyar lake
ကမ္ဘာအေးဘုရားလမ်း မြကျွန်းသာပန်းခြံဘေးရှိ အင်းယားကန်တွင် နေအပူရှိန်ကြောင့် ရေများခန်းခြောက်သွားပြီး ကုန်းမြေများပေါ်နေသည်ကို မေလ ၁၀ ရက်နေ့ကတွေ့ရစဉ် (weeklyeleven)မှ..

ရန်ကုန်မြို့၌ နေ့အပူချိန်သည် ယခင်စံချိန်ကျိုးခဲ့သည့် အမြင့်ဆုံးအပူချိန်ဝန်းကျင်သို့ ရောက်ရှိလာကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ထုတ်ပြန်ချက်တစ်ရပ်အရ သတင်းရရှိပါသည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မေလ ၈ ရက်နေ့က အမြင့်ဆုံးအပူချိန် ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် (၁၀၇ ဒီဂရီဖာရင်ဟိုက်)သို့ ရောက်ရှိခဲ့ပြီး ယင်းမှာ ၂၀၁၀ပြည့်နှစ်အတွက် အမြင့်ဆုံးအပူချိန် ဖြစ်ရုံသာမက ရန်ကုန်မြို့၏ ယခင်အမြင့်ဆုံး အပူချိန်ဝန်းကျင်လည်း ဖြစ်ကြောင်း သိရှိရသည်။

''ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးအပူချိန်ဟာ ၄၂ ဒီဂရီစင်တီဂရိတ်ရှိခဲ့တယ်။ ၁၉၉၈ ခုနှစ်ကပါ။ အခုက စံချိန်ကျိုး တာမဟုတ်ပေမယ့် အမြင့်ဆုံးအပူချိန် ၀န်းကျင်ပါပဲ''ဟု မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာ ထွန်းလွင်က မှတ်တမ်းများကို ကိုးကား ပြောကြားသည်။

မေလ ၈ ရက်နေ့တွင် အမြင့်ဆုံး အပူချိန်ဝန်းကျင် ၄၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ရောက်ရှိခဲ့ရာမှ မေလ ၉ ရက်နေ့တွင် ၄၀ ဒသမ ၅ ဒီဂရီစင်တီ ဂရိတ်၊ မေလ ၁၀ ရက်နေ့ တွင် ၄၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ပြီး ယင်းမှာလည်း အမြင့်ဆုံးအပူချိန် စံချိန်ဝန်းကျင်ပင်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နွေရာသီသည် မတ်လဆန်းတွင် စတင်ခဲ့ပြီး မေလတွင်ကုန်ဆုံးမည်ဖြစ်ကာ ဧပြီလမှာအပူဆုံးလဖြစ်ကြောင်း၊ မတ်လနှင့်ဧပြီလအတွင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသ၌ အမြင့်ဆုံးအပူချိန် စံချိန်ကျိုးမှု လေးကြိမ်ရှိခဲ့ကြောင်း သိရှိရသည်။

ဧပြီလအတွင်းတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းစသည့် မြစ်ဝကျွန်းပေါ်ဒေသ၌ မိုးတစ်ကြိမ်မျှ မရွာသွန်းခဲ့သည့်အတွက် အပူချိန်မြင့်တက်မှုထက် အပူ ရှိန်ကိုဒေသခံများ ခံစားခဲ့ကြရသည်ဟု သိရှိရသည်။

လက်ရှိကာလတွင်လည်း ရန်ကုန်မြို့တွင် မိုးရွာသွန်းမှုမရှိသေးဘဲ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက် နေ့မှ မေလ ၁၀ ရက်နေ့အထိ မင်္ဂလာဒုံ၊ ကမ္ဘာအေး၊ ရန်ကုန်မြို့လယ်တို့တွင် မိုးရေချိန်လုံးဝမရှိခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါသည်။ ရန်ကုန်မြို့တွင် နှစ်ကာလရှည်ကြာစွာ နေထိုင်လာသူ မြို့ခံအချို့၏အဆိုအရ မိုးတစ်ကြိမ်မှ မရွာသွန်းသည့် ဧပြီလကို တစ်ကြိမ်မျှ မကြုံဖူးကြောင်းနှင့် ယခုနှစ်ကဲ့သို့ မခံမရပ်နိုင်လောက်အောင် ပူပြင်းမှုကိုလည်း ကြုံဖူးခြင်းမရှိကြောင်း သိရှိရသည်။

ယင်းသို့ အပူရှိန်မြင့်တက်မှုကို ကြုံနေရသည့်ရက်များအတွင်း နေ့အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ် ၀န်းကျင်တွင်ရှိခဲ့ပြီး ယခုနောက်ပိုင်း တွင် ၄၁ ဒီဂရီစင်တီဂရိတ်ကျော်ကာ အမြင့်ဆုံးအပူချိန်ဝန်းကျင် ရောက်လာခြင်းဖြစ်သည်ဟု လေ့လာသူတစ်ဦးက ဆိုပါသည်။

လတ်တလောတွင် နေ့အပူချိန်များအနေဖြင့် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မေလ၏ပျမ်းမျအပူချိန်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ပျမ်းမျအပူချိန်တို့ထက် ၆ ဒီဂရီစင်တီဂရိတ်မှ ၈ ဒီဂရီစင်တီ ဂရိတ်အထိနှင့် ကျန်ပြည်နယ်နှင့်တိုင်းတို့တွင် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီ စင်တီဂရိတ် ပိုမိုခဲ့ကြောင်း သိရှိရသည်။ http://www.weeklyeleven.com

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။