Pages

Sunday, July 25, 2010

တိုင်းပြည်ဖွံ့ဖြိုးရေးမှာ ဆင်းရဲသားနှင့်သူဌေး ဘယ်သူ့ကို ဦးစားပေးမည်လဲ ....

ယခုအခါ ဆင်းရဲချမ်းသာကွာဟမှု တိုးပွားလာနေသည်ဟု ပြောသံဆိုသံများ မကြာခဏကြားလာရသည်။ ဆင်းရဲသားဦးရေ အတိုးအလျော့ကို စာရင်းဇယားမရှိ၍ မသိရသော်လည်း အချို့သောသူတို့၏ ချမ်းသာမှု လက္ခဏာများကိုကား တစ်နေ့တခြား ပို၍မြင်လာနေရသည်။ ခေတ်ကလည်းချမ်းသာမှုကို ဖုံးကွယ်သော ခေတ်မဟုတ်၊ ရှိသမျှ အကုန်ထုတ်ပြသောခေတ် ဖြစ်လာသည်။

တစ်ချို့လူတွေသည် အရင်ခေတ်များက မကြားဖူးသည့် အတိုင်းအတာထိ ဓနဥစ္စာတွေ ပိုင်ဆိုင်နေကြပြီး ယခင်က မမျှော်မှန်း နိုင်သည့် ဧရာမလုပ်ငန်း ကြီးများကို ကိုယ်ပိုင်အဖြစ် လုပ်ကိုင်ခွင့် ရနေကြတာလည်း အများတွေ့မြင်နေရသည်။ သည်ဟာနှင့် ပက်သတ်၍ အမြင်နှစ်မျိုးရှိနေသည်။ တချို့က၊ ဆိုရှယ်လစ်ခေတ်တုန်းက အားလုံး ဆင်းရဲကြသည်။ အခွင့်ထူးခံပုဂ္ဂိုလ်များပင် အိမ်တစ်လုံးထက် နှစ်လုံးပိုင်ဆိုင်ဖို့မလွယ်။ ဆန်ဆီခွဲတမ်းအပိုကို ရောင်းချရတာနှင့်ပင် ကြွယ်ဝလှပြီထင်ခဲ့ကြသည်။ သည်နေ့က ဈေးကွက်စနစ်ဖြစ်လာပြီ။ အဲသည်တော့ တချို့လုပ်ငန်းသမားတွေ ချမ်းသာလာမှာ သဘာဝဖြစ်သည်။ ဒါကိုအမြင်မတိုသင့်ဟုဆိုသည်။

ဒါကိုပင် စီးပွားရှုထောင့်က ပြောကြတာလည်းရှိသည်။ သည်လို နိုင်ငံမျိုးတွေမှာ တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်သည့်အခါ ကနဦးမှာ ချမ်းသာသူတွေ ချမ်းသာသွားလိမ့်မည်။ အဲသည်အခါ ဆင်းရဲချမ်းသာ ပိုကွာဟသလို မြင်ရလိမ့်မည်။ သို့သော်ကိစ္စမရှိ သူတို့ကို အစိုးရကအားပေးရမည်။ သူတို့လုပ်ငန်းတွေ အောင်မြင်သဖြင့် တိုးတက်ချဲ့ထွင်သည့်အခါ အောက်ဘက်အဆင့်ဆင့်က လူတွေအလုပ်အကိုင် ရကြလိမ့်မည်။ အဲသည်အခါ သုံးနိုင်စွဲနိုင် ဖြစ်လာကြမည် ဟူ၍ဆိုကြသည်။ တစ်နည်းပြောရသော် ထိပ်ဆုံးက လူချမ်းသာတို့၏ဓန ငွေကြေးသည် အောက်ဘက်ရှိ အလယ်အဆင့် လူများဆင်းရဲသားများသို့ တဖြည်းဖြည်း စိမ့်ယိုစီး ကျလာလိမ့်မည် ဟူသောသဘောဖြစ်သည်။ ဒါကို Trickle down effect ဟုသူတို့ကဆိုကြသည်။

သူဌေးမဟုတ်သူများ အဖို့တော့ သည်အယူအဆ တစ်ဖက်သတ် ကျလွန်းနေတာ အထင်အရှားဖြစ်သည်။ အောက်လူတို့ကို အခြေပြုစဉ်းစားကြသူတို့ကတော့ အောက်ဘက်ရှိ လုပ်ငန်းအလတ် အသေးများ ရှင်သန်လျှင် တိုင်းပြည်ရှိ ဦးနှောက်ပေါင်းစုံတို့ တီထွင် ကြံဆ လုပ်ကိုင်ခွင့်များရသဖြင့် ကဏ္ဍအရပ်ရပ်မှာ တိုးတက်မှု ရှိလိမ့်မည်။ ထို့ပြင်အောက်လူတို့ ကိုယ်စွမ်းကိုယ်စဖြင့် လုပ်ကိုင်ရင်း အတိုင်းအတာအလျောက် အဆင်ပြေကာ ၀ယ်နိုင်ခြမ်းနိုင်ရှိလာလျှင် လုပ်ငန်းကြီးသမားတို့ အတွက် ပြည်တွင်းဈေးကွက် တိုးတက်သောသဘောဖြစ်၍ ပိုမိုကြွယ်ဝအောင်လုပ်ကိုင်ရန် အခွင့်အလမ်းများ ရကြလိမ့်မည်ဟုဆိုသည်။ ဒါကို အောက်ခြေကဓန ငွေကြေးများ အထက်သို့စိမ့်တက်ခြင်း Trickle up effect ဟုသူတို့က အပြန်အလှန်သုံးနှုန်းပြောဆိုသည်။

ချုပ်ပြောသော်၊ လောလောဆယ် ဆင်းရဲသားကို ဦးစားပေးပါ။ သည့်အတွက် ချမ်းသာသူတွေမနစ်နာ နောက်ပိုင်းမှာ သူတို့ပိုချမ်းသာလာပါမည် ဟူသောသဘော၊ သည်အယူအဆက ပို၍မျှတသည်ဟု ကျွန်တော်တို့မြင်ပါသည်။

ပြည်သူ့ခေတ်အယ်ဒီတာ ၁၅-၇-၂၀၁၀

KSL

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။