ဘီဘီစီ မြန်မာ့အရေးကမ္ဘာ့အရေးမှာ ဆွေးနွေးသွားတဲ့ ဆရာဦးဝင်းဖေရဲ့ စကားအသုံးအနှုန်းတွေကို ကျောင်းသား တော်တော်များများက စိတ်ပျက်ကြတယ်။ အထူးသဖြင့် ၁၉၉၆ ကာလ ရန်ကုန်စက်မှုတက္ကသိုလ်မှာ စာသင်ကြားခဲ့ဘူးတဲ့ ကျောင်းသားတွေ၊ သူတို့က ပြန်လည်တုန့်ပြန် ငြင်းခုန်စေချင်တယ်။ ထောက်ပြနိုင်တဲ့ အဖြစ်အပျက်တွေကို ကျနော်တို့အာရုံမှာ ပြန်ဖေါ်ကြည့်ကြတယ်။ အသေးအဖွဲ ကိစ္စတွေလို့ထင်ရပေမဲ့ ဂန္ဓာဝင်တွေ တာဝန်ရှိရှိပြောစေချင်လို့ ပြန်ရေးရတာပါလို့ ဆိုပါရစေ။ ဆရာဦးဝင်းဖေ အတွက်ပါ။ (ဆောင်းပါးရှင် ကိုအောင်မိုးဝင်း)သမိုင်းဆိုတာ နားလည်မှုပေး ရေးဖွဲ့ထားတဲ့ အနုပညာ တခု မဟုတ်ပါ
ပေဖူးလွှာ မဂ္ဂဇင်းမှာ " တသသ" ဆိုတဲ့ကဏ္ဍတခုကို မှတ်မိကြလိမ့်မယ် ထင်ပါတယ်။ ကဗျာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ တယောက်ဖြစ်တဲ့ "ပိုင်သ" ကအဲ့ဒီ ကဏ္ဍလေးမှာ သူဖြတ်သန်း ကျင်လည်နေရတဲ့ ဘဝနှစ်ခုကို ဆွေးမြေ့မှုတသမှုတွေ နဲ့စိတ်ဝင်စားဖွယ်တင်ပြထားတယ်။သူက ကဗျာဆရာအဖြစ်ကျင်လည်ရတဲ့ ဘဝ ကို ပြောပြတဲ့အခါ- ကဗျာဆရာ၊ စာရေးဆရာတွေရဲ့ ဘဝတွေက မပြေလည်ရှာဘူး။ လူမှုအကြပ်အတည်းတွေနဲ့ ပြည့်နေပေမဲ့ ယုံကြည်ချက်နဲ့ပတ်သက်ရင်၊ ကုယ်ကျင့်သိက္ခာနဲ့ ပတ်သက်ရင် မာနမလျော့ဘူး။ ခိုင်ခိုင်မာမာရပ်တည်တယ်။ ဒါရိုက်တာအဖြစ် ကျင်လည်ရတဲ့လောကမှာ မင်းသမီး၊ မင်းသားတွေက နုရွလတ်ဆတ်နေတယ်။ အဆင်ပြေကြတယ်။ ဒါပေမဲ့ သူတို့က ကိုယ့်ရဲ့ အောင်မြင်မှုအတွက်ဆို အရာအားလုံးကိုလဲ ပစ်ဖို့ဝန်မလေးဘူး။ ဒူးထောက်ဖို့ဝန်မလေးဘူး။ ကိုယ်လိုချင်တဲ့ အရာတွေအတွက် ဂုဏ်သိက္ခာကို ရောင်းစားဖို့လည်း ဝန်မလေးဘူး။ ပိုင်သက ဒါရိုက်တာအဖြစ် ကျင်လည်နေရတဲ့ ဘဝတွေထဲက ရုပ်ပုံတွေကို တသသမဖြစ်ခဲ့ပါဘူး။ ဘဝတွေ မပြေလည်ကြပေမဲ့ ကိုယ့်ရဲ့ယုံကြည်ချက်ကို မာန်မလျော့ပဲ ဆက်လက်တူးဖေါ်နေကြတဲ့ ကဗျာဆရာ၊ စာရေးဆရာတွေ စုဝေးရာ နေရာလေးကို လွမ်းဆွတ်မှုအပြည့်နဲ့ တသသဖြစ်နေခဲ့တယ် လို့ဆိုတယ်။ ပိုင်သကို ကျနော်မရင်းနှီးပါဘူး။ ဒါပေမဲ့ တသသထဲမှာ ပွင့်လင်းစွာ ရင်ဖွင့်ထားတဲ့ သူ့ရဲ့အမြင်ကို သဘောကျခဲ့တယ်။
(၁) ရော့ဂ်ဂီတအဆိုတော် ဇော်ဝင်းထွဋ် ရဲ့ "မဟာ" စီးရီးကိုမှတ်မိကြမလားမသိဘူး။ စစ်အစိုးရက ၁၉၉၆ မှာသူ့ကို အသုံးချပြီး ဝါဒဖြန့်သီချင်းခွေထုတ်ခဲ့တယ်။ တက္ကသိုလ်နယ်မြေ အတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေ အားလုံးကို မဟာ စီးရီးခွေကို ဖွင့်ရမယ်လို့ အစိုးရက တိုးတိုးတိတ်တိတ်ထုတ်ပြန်ထားခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ပြန်အားစမ်းခဲ့ပါတယ်။ "ဇော်ဝင်းထွဋ်ရဲ့ မဟာသီချင်းဖွင့်တဲ့ဆိုင် မီးရှို့ခံရမယ်"လို့။ ဖြစ်ချင်တော့ တရက်မှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းအဝင်မှာဖွင့်ထားတဲ့ " ဟယ်လို" လက္ဘက်ရည်ဆိုင်မှာ ဇော်ဝင်းထွဋ်ရဲ့ မဟာသီချင်း ဖွင့်နေသံကို ကြားလိုက်ရတယ်။ အီးဆောင်နဲ့ ဒီဆောင်မှာ ရှိတဲ့ကျောင်းသားတွေ အောက်ကို ဆင်းလာကြတယ်။ နောက်-ဆိုင်ရှင်ကိုမေးတယ်။ ဒီသီချင်းခွေကို ဘယ်သူယူလာတာလဲ လို့။ ဆိုင်ရှင်က ဝိုင်းတဝိုင်းကို လက်ညှိုးထိုးပြတယ်။ ကြည့်လိုက်တော့ အင်ပါယာ တေးဂီတမှာ တီးနေတဲ့ ပုဂ္ဂိုလ်တွေ၊ ကျနော်တို့တတွေ၊ အဲ့ဒီဇော်ဝင်းထွဋ်ခွေကို အုတ်နီခဲကျိုးနဲ့ထု၊ ရိုက်ခွဲပစ်လိုက်ပြီး၊ လက္ဘက်ရည်ဆိုင်ထဲကနေ ထွက်သွားပေးဖို့ ပြောခဲ့ကြတယ်။ တကယ်တော့ သူတို့နဲ့ ကျနော်တို့တတွေ၊ တယောက်ကို တယောက်သိကြတာပဲ။ ကျနော်တို့လည်း ရန်ကုန်စက်မှုတက္ကသိုလ်နဲ့ ကပ်တည်ရှိနေတဲ့ ဆရာစောဘွဲ့မှူးအဖွဲ့ အခြေစိုက်ရာ ဘုရားကျောင်းမှာ ဂစ်တာသင်ကြားနေသူတွေ၊ ဒါပေမဲ့ မူ ကိုတော့ အလျော့ပေးလို့မရဘူး။ ဇော်ဝင်းထွဋ် ရဲ့ မဟာခွေ ကို ဖွင့်တဲ့ဆိုင်ပြဿနာတက်မယ်လို့ ရာဇသံပေးထားပြီးပြီ။ ဒီရပ်တည်ချက်ကို ချိုးဖောက်လာသူတွေ အားလုံးကို တုန့်ပြန်ရမယ်ဆိုတာ အားလုံးဆုံးဖြတ်ပြီးသား။ သူတို့ကလည်း အစိုးရခိုင်းလို့ ထုတ်ရတယ် ဆိုတာသိပေမဲ့ ကျနော်တို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ခံစားချက်၊ မူဝါဒကို နားလည်ပေးဖို့လိုမယ်။ သူတို့နားလည်ပါတယ်။ ကျနော်တို့တတွေ၊ သူတို့ကို လက္ဘက်ရည်ဆိုင်ထဲက မောင်းထုတ်ခဲ့ပေမဲ့၊ သူတို့နဲ့ ကျနော်တို့ကြားက ဆက်ဆံရေး ပျက်မသွားခဲ့ပါဘူး။ ကင်န်တင်းမှာ ကိုမွန်းအောင်ရဲ့ သီချင်းတွေ နေရာယူလာခဲ့ဘူးတယ်။
(၂) စိုင်းထီးဆိုင်နဲ့ ခင်မောင်တိုး ပေါင်းထုတ်တဲ့ စီးရီးခွေလေး ရှိပါတယ်။ အဲ့ဒီတုန်းက တက္ကသိုလ်ကျောင်းသားတွေ အားလုံးက ကိုခင်မောင်တိုးရဲ့ အခြမ်းကိုသာ နားထောင်ပြီး ကိုထီးရဲ့အခြမ်းကို သပိတ်မှောက်ခဲ့ကြတယ်။ အဲ့ဒီကာလမှာ ဆရာစိုင်းခမ်းလိတ်က စိုင်းထီးဆိုင်ကို သီချင်းမပေးတော့ပါဘူး။ အစိုးရဝါဒဖြန့် သီချင်းတွေရေးနေတဲ့ မြသန်းစံ ရဲ့ သီချင်းကို စိုင်းထီးဆိုင် ဆိုလိုက်မိလို့ အဲ့သလို သပိတ်မှောက်တဲ့ ပြဿနာတွေ ပေါ်လာတာပါ။ စိုင်းထီးဆိုင် ရဲ့ အားနည်းချက်ကို စစ်အစိုးရက ကိုင်ထားပြီး ဝါဒဖြန့်သီချင်းတွေ ဆိုခိုင်းခဲ့တယ် ဆိုတာသိပေမဲ့၊ ကိုထီး ကို ချစ်ခင်မြတ်နိုးကြပေမဲ့ ကျနော်တို့မှာလည်း လုပ်စရာရှိတာကို လုပ်ရပါတယ်။
(၃) ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေ နဲ့ အကြီးအကျယ် ဆက်ဆံရေးပျက်ခဲ့သူက ရုပ်ရှင်မင်းသမီး စိုးမြတ်သူဇာပါ။ စိုးမြတ်သူဇာက နော်ရင်မွှေး ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ဆွတ်ခူးပြီးခါစ။ ရန်ကုန်စက်မှုတက္ကသိုလ် ဆီကို ရုပ်ရှင်ကား ရိုက်ဖို့ရောက်လာခဲ့တယ်။ မေတ္တာပေါင်းကူး လက်ဘက်ရည်ဆိုင်ရှေ့မှာ ရောက်လာတဲ့ စိုးမြတ်သူဇာကို ကျောင်းသားတယောက်က" အစိုးရကိုဖားလို့ အကယ်ဒမီဆွတ်ခူးခဲ့တဲ့ စုံးမသူဇာ လာပါပြီခင်ဗျာ" လို့ အော်ပြီး လက်ခုပ်တီးလိုက်တယ်။ စိုးမြတ်သူဇာ ကလည်း အင်မတန်မောက်မာ သူလို့ နာမည်ကြီးသူလေ။ ဘယ်ငြိမ်ခံနေမလဲ။" ကျောင်းသားက ကျောင်းသားလိုမနေဘူး။ ထောက်လှမ်းရေးနဲ့ကို တိုင်ပစ်အုံးးမယ်" ဆိုပြီး ထွီထွမ် လုပ်သွားခဲ့တယ်။ လက်ဘက်ရည်ဆိုင်ထဲက ရေနွေးခရား တီးသံတွေ၊ ဒေါသသံတွေ လျှံကျလာတယ်။ ကင်န်တင်းမှာထိုင်နေတဲ့ ကျောင်းသူတွေက အစ၊ ရိုက်ကွင်းဆီကို လိုက်သွားကြတယ်။ ရိုက်ကွင်းကို ချက်ချင်းသိမ်းပစ်ဖို့ ကျောင်းသားတွေက အမိန့်ပေးလိုက်တယ်။ ဆက်နေရင်ပြဿနာက များလာတော့မှာ ဆိုတော့ သူတို့တတွေ ရိုက်ကွင်း သိမ်းပြန်သွားရတယ်။ ပြဿနာက မပြီးသေးပါဘူး။ စိုးမြတ်သူဇာက စစ်ထောက်လှမ်းရေးကို တိုင်ခဲ့တဲ့အတွက် ပါမောက္ခချုပ်ဦးကြင်စိုးက ကျနော့သူငယ်ချင်းကို ကျောင်းထုတ်ဖို့ ကြိုးစားပါတယ်။ ကျနော်တို့ကလည်း ဘယ်ရမလဲ။ ကြို့ကုန်းဆောင် အတွင်းက ယောင်္ကျားလေးဆောင် (၆)ဆောင်နဲ့ ဂျီဟောဆောင်က ကျောင်းသူတွေအားလုံးရဲ့ လက်မှတ်ကို တောင်းယူလိုက်ပြီး ဦးကြင်စိုးကို သတိပေးလိုက်တယ်။ ထောက်လှမ်းရေးကို ပရောပရီသွားလုပ်တဲ့ ဖက်ခွက်စားကို အရေးမယူပဲ ကျနော်တို့ သူငယ်ချင်းကို ကျောင်းထုတ်မယ်ဆိုရင် ကျနော်တို့အားလုံး တိုက်ပွဲကိုရင်ဆိုင်ဖို့အတွက် အားလုံး အသင့်ပြင်ထားပါပြီလို့။
ကျောင်းအာဏာပိုင်တွေက ကျနော့တို့ကိုထိပ်တိုက် ရင်မဆိုင်ရဲပါဘူး။ ဒီသတင်းကို မဂ္ဂဇင်းတိုက်တွေမှာ ဖေါ်ပြခြင်းမပြုရဘူးလို့ စစ်ထောက်လှမ်းရေးက အမိန့်ပေးထားခဲ့တယ်။ တကယ်တော့ ၁၉၉၆ ကာလ ၊ ရန်ကုန်စက်မှုတက္ကသိုလ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေက ကျောင်းသားတွေကို သွေးပူလေ့ကျင့်ခန်း လုပ်ပေးလိုက်သလို ဖြစ်သွားတယ်။ ကျောင်းသားတွေဟာ စစ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေသူတွေကို ဖိအားပေးရင်း လှုပ်ရှားမှုကို ပြန်မြှင့်ရတော့မယ် ဆိုတာ သဘောပေါက် နေကြတယ်။ ဒီလိုနဲ့ --မတ်လ (၁၃) ရက်အခန်းအနားတွေ အကြီးအကျယ် ပေါ်လာတယ်။ ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုမှာ ကျောင်းသားတွေ တက်တက်ကြွကြွ ဖောက်ခွဲကြတော့တယ်။
(၄) အနုပညာသည်တွေ ဘက်က အလွန်အကျွံ့ ကာကွယ်ပြောဆိုပြီး၊ ပြည်ပနိုင်ငံရေးသမားတွေကို အပေါ်စီးက လူတတ်လုပ်၊ ဝေဖန်တိုက်ခိုက်နေတဲ့ အသံတွေ ကြားနေရတယ်။ ဆင်းရဲကြပ်တည်းမှုတွေနဲ့ ဒုက္ခတွေအောက်မှာ ရပ်တည်နေရတဲ့သူတွေရဲ့ ခံစားချက်တွေ၊ ဘဝကိုဖျက်လာရသူတွေရဲ့ စိတ်ဒဏ်ရာတွေကို တစက်မှထည့် စဉ်းစားမပေးပဲ၊ တလျှောက်လုံး အခွင့်အရေးတွေ ရနေသူတွေဘက်က ဆတ်ဆတ်ခါ နာနေသူတွေကိုတော့ နားမလည်နိုင်အောင်ပါပဲ။" ပြန်ပေးဆွဲခံရတဲ့ အနုပညာသည်တွေကို အစိုးရဝါဒဖြန့်ချီရေး ဇာတ်ကား ရိုက်ရကောင်းလား လို့ အပြစ်တင်နေကြမလား။ အနုပညာသည်တွေကို ဆန္ဒပြရင် အကုသိုလ်ရမယ်" ဆိုတော့ ဗိုလ်အောင်ကြီးရဲ့ စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားကြနဲ့ ဆိုတဲ့စကားကို သွားသတိယမိတယ်။ သေချာစဉ်းစားပါအုံး ဆရာတို့ရယ်။ တချို့ အနုပညာသမားတွေက ဟိုဘက်ကသာရင် ဟိုဘက်ကို ပေါင်းမယ်။ ဒီဘက်ကသာရင် ဒီဘက်ပေါင်းမယ်။ ပြီးရင်ရတဲ့ အခွင့်အရေးကိုယူ။ ကိုယ့်အောင်မြင်မှုအတွက် ခန္ဓာကိုယ်ကိုပါ လိုအပ်ရင် ရင်းပစ်လိုက်မယ် ဆိုတာ လူဗြိန်းတောင် နားလည်တဲ့ အဲ့ဒီလောကသား အများစုရဲ့ အဖြစ်အပျက်တွေပါ။ အထူးအဆန်းတွေမဟုတ်ပါဘူး။ သိတ်လည်း ခံစားနေစရာမလိုပါဘူး။ နိုင်ငံရေးလုပ်နေတဲ့သူတွေကို" သူတို့က အစိုးရဖိအားပေးလို့လုပ်ရတာပါ" ဆိုတာတွေကိုလည်း ရှင်းပြနေစရာ မလိုပါဘူး။ "သူတို့ကို စည်းရုံးရေးလုပ်ချင်ရင် ငွေများများသုံးဖြုန်းပြလိုက်" ဆိုတဲ့ ခပ်ညံ့ညံ့ သီအိုရီတွေလည်း ကျနော်တို့နားလည်ပါတယ်။ တိုင်းပြည်မှာ ဘာတွေဖြစ်ပျက်နေတယ် ဆိုတာသိလို့ပဲ သူများတွေ သီချင်းတအေးအေးနဲ့ လွမ်းနေချိန်၊ ဘွဲ့ရဖို့ကြိုးစားနေချိန်မှာ စာသင်ခန်းတွေပစ်ပြီး သူပုန်ဘဝ ရောက်ခဲ့ကြသူတွေပါ။ ဘလောက်ကလေး တခုနှစ်ခုဖွင့်၊ နိုင်ငံရေးကို ဧည့်ခမ်းဆောင်မှာ အခန့်သားထိုင် အညွှန့်ခူးစား လူပေါ်လူဇော်လုပ်မဲ့ မျိုးဆက်သစ်အမည်ခံ စိတ်ကူးတွေလိုမျိုး တယောက်မှ မရှိခဲ့တဲ့သူတွေပါ။
(၅) ကျောင်းသားတွေ တောထဲမှာ ငှက်ဖျားပိုးနဲ့ အသက်လုနေရချိန်၊ ပါပီမ ရုပ်ရှင်ထွက်လာတယ်။ ရှစ်လေးလုံးအရေးတော်ပုံ အတွင်းတုန်းက စစ်တပ်ကို အောက်တန်းကျကျ ဆဲခဲ့တဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ ဝုန်းကနဲဘက်ပြောင်းကုန်တယ်။ မာနယ်ပလောတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံတိုက်ခဲ့တဲ့ ဗမာစစ်တပ်ကို ဘယ်လို ချစ်မြတ်နိုးကြောင်း-- သဝဏ်လွှာတွေ၊ သတင်းစာတွေမှာ ပလူပျံလာတယ်။တချို့က ကိုယ်ကိုယ်တိုင်က အားရဝမ်းသာ လှိုက်လှိုက်လှဲလှဲ ပေါင်းစည်းခဲ့တာ။ ဒါတွေက ဒါရိုက်တာပိုင်သပြောခဲ့သလိုပဲ၊" အောင်မြင်မှု အတွက်ဆို မာန က အစ ဈေးလျော့ပစ်ဖို့၊ အောက်ကနေတိုးဝင်ဖို့ ဝန်မလေးတဲ့ လောကတခု" အဖြစ် နားလည်ပေးလိုက်ပါတယ်။ မဆန်းကြယ်တဲ့ လောကကို မြင့်မြတ်တဲ့ဘုံ လို သိပ်မညွှန်းဖို့လည်း လိုပါတယ်။ ပြည်ပမှာရောက်နေတဲ့ သူတွေက ဆန္ဒပြလို့၊ ရန်သူ့ဘက်ပေါင်းသွားမယ်၊ စည်းရုံးယူရမယ် ဆိုတဲ့ သူတွေကို တခုပဲအကြံပေးချင်ပါတယ်။ သူတို့ကို စည်းရုံးချင်ရင် ဗိုလ်ချုပ်တွေလို၊ ဘိန်းရာဇာတွေလိုသာ ချမ်းသာအောင်လုပ်ပါ မိတ်ဆွေတို့။
(၆) ဂျိမ်းဖောင်ဒါလို မင်းသမီးတွေကြောင့် ဗီယက်နမ်စစ်ပွဲ ရပ်တန့်စေမဲ့ လှုပ်ရှားမှုတွေ ပိုမိုအားကောင်းလာခဲ့တယ်။ မင်းသားကြီးထွန်းဝေ၊ ဦးမြတ်လေး၊ ကိုကျော်သူ၊ ကိုဇာဂနာ၊ နှုတ်ခမ်းမွှေး လူရွှင်တော်ညီအကိုတို့ရဲ့ မွန်မြတ်တဲ့ လုပ်ငန်းတွေကြောင့်ပဲ၊ ပြည်သူတွေက သူတို့ကိုချစ်ခဲ့တယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ဘီဘီစီမှာ ပြောနေတဲ့ ဆရာဦးဝင်းဖေရဲ့ "ဝင်းဖေလွယ်အိတ်" လို ကြုံရာ လျှောက်ပြောနေတဲ့ ဇာတ်လမ်းတွေနဲ့တော့ မတူနိုင်ဘူး။ ပစ်မှတ်ကို တဆင့်ခြင်းလွှတ်ရတယ် ဆိုတာ လူတွေသိပါတယ်။ ဟတ် ဒ် ( Heart) ကို ထိအောင်ပစ်ရတယ် ဆိုတာ ဒီကနေ့ လူငယ်တွေပြောနေတဲ့ စကားပါ။" ချစ်သူသည်သာ ငြိမ်းချမ်းရာမြေ၊ အိပ်မက်ဆန်သော-- ငြိမ်းချမ်းသာယာသောနယ်မြေ--- ဆိုတဲ့ ဒေါ်မာမာအေးလို သီချင်းဆိုပြီး ဇာတ်သိမ်းသွားမဲ့ အဝေးရောက် "ဂန္ဓာဝင်" အဖြစ် ကျန်မနေရစ်ချင်ပါဘူး။ ဆန္ဒပြတယ်ဆိုတာ ဟဒ် ကို ထိအောင်ပစ်ကြည့်တာပါ။ ရုပ်ရှင်မင်းသားမင်းသမီးတွေကို ဆန္ဒပြတဲ့သူတွေက သူတို့ကိုမုန်းလို့ မဟုတ်ပါဘူး။ " ပြည်တွင်းကရဲဘော်တွေ ပြောခွင့်မရတဲ့ အရာတွေကို ကျမတို့က ပြောနေရတာပါ" တဲ့ပြည်တော်မပြန်ခင်မှာ စဉ်းစားစရာတွေပါသွားအောင်၊ နှလုံးသားကို လှမ်းပစ်ကြည့်တဲ့ သဘောလောက်ပါ။ တနိုင်ငံလုံး ဒုက္ခရောက်နေတဲ့ ခေတ်ကြီးမှာ မေ့မေ့လျော့လျော့ နေချင်သူတွေကို ဒီလောက်တော့ သတိပေးသင့်တယ်လို့ ထင်ပါတယ်။ တောင်ပြိုနေတာပါ။ လက်ဖဝါးနဲ့ သွားကာမနေကြပါနဲ့။ အရှိန်နဲ့ လှုပ်နေသူတွေသာ သမိုင်းလမ်းကြောင်းကို ပြောင်းလဲနိုင်သူတွေဖြစ်တယ် လို့ ယုံတယ်။ ဟာ့ဒ် ကို သာ ထိအောင်ပစ်ပါ မိတ်ဆွေ တို့။.........
ရှင်းလင်းချက် --- ဂန္ဓာဝင် ဆိုတာ Classic ကိုပြောခြင်းဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီးမဟုတ်ပါ။ ဘီဘီစီ " မြန်မာ့အရေးကမ္ဘာ့အရေးမှာ ဆွေးနွေးသွားတဲ့ ဆရာဦးဝင်းဖေရဲ့ စကားအသုံးအနှုန်းတွေ ကို လုံးဝမကြိုက်ပါ။ တကယ်ဆို အနုပညာအရဝါရင့်သော၊ သြဇာကြီးမားသောသူများကပြောသင့်သည်မှာ " ပြည်သူတွေကတော့ အစိုးရကိုတအားမုန်းနေတယ်၊ ခေတ်ဆိုး ခေတ်ကြပ်ကြီးမှာ ကြားမညှပ်စေနဲ့။ သတိထားကြအုံး" ဟူသောစကားမျိုးဖြင့် ဆုံးမသင့်ပါတယ်။ တာဝန်ရှိရှိ ပြောစေချင်ပါတယ် ဆရာ။

အောင်မိုးဝင်း
ကိုအောင်မိုးဝင်းရဲ့ ဆောင်ပါးကို Facebook မှ ကူးယူ ဖော်ပြလိုက်ပါတယ်.....။
မြန်မာနိုင်ငံမှာ စစ်အစိုးရဟာ အာဏာသိမ်းပြီး စတက်လာကတည်းက စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာသည်တွေရဲ့ ထောက်ခံမှု ရဖို့ အတွက် နည်းမျိုးစုံနဲ့ အခွင့်အရေးတွေ ပေးပြီး စည်းရုံးလာခဲ့ပါတယ်။ ထိုထိုသော အနုပညာရှင်.. တွေကြားထဲမှာ တခြားသော အနုပညာရှင်တွေကို အနုနည်း အကြမ်းနည်းနဲ့ စည်းရုံးနိုင်ခဲ့ပေမယ့် စာပေအနုပညာရှင်တွေကိုတော့ ယခုထိ မစည်းရုံးနိုင်ခဲ့သေးပါဘူး... မြတ်ခိုင် .. ကိုကို(စက်မှုတက္ကသိုလ်) စတဲ့ ဖော်လံဖား စာပေပညာရှင် တစ်ချို့မှ လွဲပြီး တကယ့် စာပေပညာရှင်တွေ ကတော့ အစိုးရ အကြိုက် ဖော်လံဖား စာပေများ ရေးသားခြင်း... ချီမွမ်းခန်းဖွင့်ခြင်း တို့ကို ကလောင်အပျက်ခံ.. နာမည်ပျက်ခံပြီး ရေးသားပေးကြတာ မရှိသလောက်ပါပဲ။ ထမင်းတစ်လုတ်အတွက် ကိုယ့်သိက္ခာနဲ့ ချစ်မြတ်နိုးတဲ့ စာပေအတွက် လျှာမြက်အပေါက်ခံပြီး ထိန်းသိမ်းနိုင်ခဲ့ ကြတာ ယနေ့အထိပါပဲ..။ စစ်အစိုးရ ယနေ့အထိ ခေါင်းကိုက်နေတာကတော့ စာပေပညာရှင်တွေပါပဲ... နည်းမျိုးစုံနဲ့ ရရှိတဲ့ အနေအထားကနေ တော်လှန်နေကြတာ စာပေအနုပညာရှင်တွေပါပဲ... အများစုက ဆင်းရဲကြပေမယ့်.. အမှန်အမှားကို စဉ်းစားချင့်ချိန်နိုင်တဲ့ စာပေဆိုတဲ့ အသိကြောင့်ပါပဲ... ။ အနုပညာသည်တွေ အချင်းချင်းတောင် ဘာတွေ ကွာခြားနေသလဲ ဆိုတာတော့ စဉ်းစားကြည့်ကြပါ..။
ဒါကြောင့် ပြည်သူ့ဘက်က အမြဲတစဉ် တစိုက် ရပ်တည်ပေးနေတဲ့ ပြည်သူ့ဘက်တော်သား အနုပညာရှင် တွေအားလုံးအား လေးစား မှတ်တမ်းတင်ပါကြောင်း .... တင်ပြလိုက်ရပါတယ်။
ဒီမိုဝေယံ
ဒီမိုဝေယံ
ဖတ်လို.ကောင်းပြီး အဓိပ္ပါယ်ရှိတဲ့ ဆောင်းပါးအတွက် ကျေးဇူးပါ ကိုအောင်မိုးဝင်း......... ဒါကို တင်ပေးတဲ့ ဒီမိုဝေယံကိုလည်းကျေးဇူးတင်ပါသည်..
ReplyDeleteလေးစားလျှက်
sv
အောင်မိုးဝင်း အတွေ့အကြုံဆိုတာ ဦးဝင်းဖေ ရဲ့ အတွေ့ အကြုံနဲ့ ဘယ်လိုမှ
ReplyDeleteနှိုင်းယှဉ် လို့ မရနိုင်သေးဘူး ၊ ဦးဝင်းဖေဆိုတာ ၁၉၈၈ မဖြစ်ခင်ကတည်းက
ဝင်းဖေ ဖြစ်ခဲ့တာပါ ။ ၀င်းဖေ ရဲ့ ရုပ်ရှင် မပြောနဲ့ ၀င်းဖေ ရေးခဲ့တဲ့ စာတွေ
လဲ ရှိသေးတယ် ၊ ပြန်ဖတ်ကြည့်ပါအုံး ။ အွန်လိုင်းမှာ ယဉ်ယဉ်ကျေးကျေး
ပြောတာကောင်းပါတယ်၊ တချို့ ရိုင်းကြတယ် ။ ဂုဏ်သိက္ခာရှိတဲ့ လူကြီးတွေ
ရဲ့ ရပ်တည်ချက်နဲ့ သဘောထားကို ဝေဖန်ချင်တယ်ဆိုရင်သတိထား
ဖို့အလွန်အရေးကြီးပါတယ် ။ ဝေဖန်တဲ့ သူကကော ဝေဖန်မဲ့ သူလို
ပြည်သူတွေ အတွက် ဘယ်လောက်အလုပ်အကျွေးပြုခဲ့ဘူးသလဲ ၊ ဘယ်လောက် စွန့်လွတ်အနစ်နာခံပြီးတော့ အလုပ်အကျွေးပြုနိုင်သလဲ
ဆိုတာ အရင် စဉ်းစားမိဖို့လိုပါတယ် ။ စကားပြောတတ်တိုင်း ၊ စာရေး
တတ်တိုင်း ပြောနေ ရေးနေလို့ အမှန်တရားနဲ့ နီးစပ်နိုင်မယ်မထင်ပါ။
ကျတော် ဆရာဦးဝင်းဖေကို လေးစားပါတယ် ။သူ့ခံစားချက်ကို နားလည်
နိုင်ပါတယ် ။
လေးစားစွာဖြင့်
ဖိုးသုံ
ဗိုလ်ချုပ်အောင်ဆန်းဟာသူ့ခေတ်သူ့ကာလမှာအသက် အငယ်ဆုံး ၊နိုင်ငံရေးအတွေ့အကြုံ ၊ဖြတ်သန်းမှုအနုနယ်ဆုံး ။သို့သော် သူ့ထက်ဆရာကျသော သခင်စိုး ၊သခင် သန်းထွန်း အစရှိသောနိုင်ငံရေးသုခမိန်ကြီးများအားလုံးထက်အရည်အချင်းပို
ReplyDeleteရှိသောကြောင့်အမျိုးသားခေါင်းဆောင်ကြီး ၊လွပ်လပ်ရေးဖခင်ကြီးဟုမြန်မာ့
သမိုင်းတွင်ထင်ရှားခဲ့သည်။အမှန်နှင့်အမှားတွင် အသက်ကြီး ၊အသက်ငယ်နှင့်မဆိုင် ၊အသက်ကြီးခြင်းမှာ စောမွေး၍ဖြစ်သည် ။မှားနေတာကိုမြင်လျှင်မှားနေသည်ဟုပြောရဲရမည် ။ဘာကြောင့်မှားနေသည်ဟုချက်ကျလက်ကျဝေဖန်ထောက်ပြနိုင်လျှင်လက်ခံရမည်။ ငါရေးတာအမှန် ၊ငါပြောတာအမှန် ၊ငါကအသက်ကြီးတယ် ၊ဖြတ်သန်းမှုပိုများတယ်ဆိုရင်တော့ လူတွေကြားထဲမှာ လာမနေနဲ့။လာမပြောနဲ့။သူ့ဟာသူ ဘာကောင်ကြီးဘဲဖြစ်နေပါစေ ၊မှားနေတာကိုမှားနေသည်ဟုပြောခြင်းမှာအမှန်တရားကိုချစ်မြတ်နိုးသူတိုင်း
ကောင်းစွာနားလည်သဘောပေါက်ကြပေလိမ့်မည် ။မြစ်တစင်း၏ဂီတမြစ်အ
ချင်းချင်းနားလည်ကြသည် ။ (လေးလေးကို)
အမှန်တရားဆိုတာကြီးတာငယ်တာနဲ့မဆိုင် သလို နည်းတာများတာ နဲ့လဲ ဆိုင်
ReplyDeleteမယ်မထင်ပါ၊ အမှန်တရားလို့ ပြောခြင်းကိုက အမှန်တရားဆိုတာ ဘာလဲ၊
ဘယ်အရာတွေကအမှန်တရားလဲ ဆိုတာ ငြင်းကြခုန်ကြတာ နှစ်ပေါင်းများစွာ
ကြာခဲ့ပါပြီ၊ ဗုဒ္ဓ အယူအဆကိုလက်ခံမယ်ဆိုရင်တော့ သစ္စာ ၄ ပါး ကိုသာ
မဖောက်မပြန်တဲ့ အမှန်တရားလို့ ပညာရှိတွေ လက်ခံခဲ့ကြပါတယ်။ ကျန်တဲ့
အမှန်တရား ဆိုတာတွေကတော့ အချိန်ကာလဆိုတဲ့ မီးတင်ခြင်း အောက်မှာ ပုံသဏ္ဍာန် တွေ အနံ့ အရသာတွေ ပြောင်းလဲကြစမြဲပါ ၊
အဲဒါဟာ ဓမ္မ နဲ့ အဓမ္မ ကို ပြောနေခြင်းမဟုတ်ပါ ။ ဗိုလ်ချုပ်အောင်ဆန်း
လဲ သူ့ခေတ်က ဘကြီးဘဘေ တို့ကို တလေးတစားနဲ့ဘဲ ဆက်ဆံပါတယ်
အခု ဒေါ်အောင်ဆန်းစုကြည်လဲ သူ့ထက် အသက်အရွယ်ကြီးတဲ့ ဦးအောင်ရွှေတို့ ကိုလေးလေးစားစားဆက်ဆံတာပါဘဲ ၊ အဲဒါ ဂါဝရ တရား
ကိုပြောတာပါ ၊ ကျတော်တို့ ဒီမိုကရေစီ ဘက်တော်သားတွေဘက်မှာ
ပြတ်ပြတ်သားသား ရပ်တည်တဲ့ ဂန္တ၀င် တွေ လက်ချိုးရည်ကြည့်လိုရနိုင်
မယ်ထင်ပါတယ် ။ ဆရာကြီးမင်းသုဝဏ်၊ ဆရာတင်မိုး ၊ ဆရာမောင်စွမ်းရည် ၊ စသဖြင့်ပေါ့ ၊ ဂန္တ၀င် လူကြီးသူမများကို တန်ဖိုးထားသင့်ပါသည် ၊ အထူးသဖြင့် ကျတော်တို့ ဘက်တော်သား ဂန္တ၀င်ကြီးများကို ပို၍ ပင် တန်ဖိုးထားသင့်ပါသေးသည် ။
မြတ်စွာဘုရားရဲ့ကာလမသုတ်တော်မှာ ငါဘုရားဟောကြားသည်ဟုတ်သည်မှန်သည်ဟူ၍လည်းတစ်ထစ်ချမမှတ်ယူ
ReplyDeleteလေနှင့်ဗုဒ္ဓနှုတ်ကပတ်တော်အတိအကျရှိပါသည်။ကိုယ့်ထက်သက်ကြီးဝါကြီးဆရာသမားကပြော၍လည်းဟုတ်သည်မှန်သည်ဟူ၍လည်းတစ်ထစ်ချမမှတ်ယူ
လေနှင့်ဗုဒ္ဓနှုတ်ကပတ်တော်အတိအကျရှိပါသည်။ မိမိဆရာသမား၏ပြောစကားကိုတသွေမတိမ်းလိုက်နာကျင့်ကြံယုံမှားမိ၍လမ်းမှားရောက်ခဲ့သောအဂုင်္လိမာလသူခိုးကျော်၏အကြောင်းမှာလည်းဗုဒ္ဓကျမ်းဂန်များ၌အခိုင်အမာတည်ရှိနေပါသည်။ဤနေရာ၌ဂါဝရတရားကသပ်သပ် ၊အမှန်အမှားကသပ်သပ်ရှုမြင်စေချင်ပါသည်။ ရှင်သာရိပုတ္တရာကဲ့သို့ရဟန္တာမထေရ်မြတ်ကြီးတောင်မှပင် သင်္ကန်းရုံသည့်ပုံစံလွဲမှားနေသည်ကိုဘေးမှကိုရင်ငယ်ငယ်လေးမှထောက်ပြပြုပြင်ပြောဆိုပေးသည်ကိုအားရကျေနပ်စွာလက်ခံတော်မူ၍သင်္ကန်းကိုနေရာ၌ပင်ပြင်ဆင်ဝတ်ရုံခဲ့သည်ဆိုသောသာဓကမှာလည်းဗုဒ္ဓကျမ်းဂန်များ၌အခိုင်အမာတည်ရှိနေပါသည်။ဤနေရာ၌လည်းအမှန်၊အမှားသည်အသက်အရွယ်နှင့်မသက်ဆိုင်ကြောင်းတွေ့ရှိနိုင်ပြန်ပါသည်။ အကယ်၍သစ္စာလေးပါးသည်သာအမှန်တရားဆိုပါမူလောကီလူ့ဘောင်တွင်နေထိုင်ရန်အကြောင်းမရှိတော့ချေ။လောကီ၌နေထိုင်ရှင်သန်ကြဆဲဖြစ်၍လောကီနှင့်သက်ဆိုင်သောအမှန်အမှားကိုသာအဖြေရှာနေကြသူများဖြစ်ကြသည်။အသက်အရွယ်ကြီးသူတိုင်းကို မပြောရဲ ၊မဆိုရဲ ၊တလေးတစားရိုသေစွာဆက်ဆံကြရမည်ဆိုလျှင် စစ်အာဏါရှင်သန်းရွှေ ၊မောင်အေး တို့ပြောသမျှ ခေါင်းငုံ့ခံ ၊ပြန်မပြောဘဲ ဂါရ၀တရားဖြင့်ဆိတ်ဆိတ်နေသင့်ပါသလား ။
ထို့အပြင် မိမိဆရာသမား၏ပြောစကားကိုတသွေမတိမ်းလိုက်နာကျင့်ကြံယုံမှားမိ၍လမ်းမှားရောက်ခဲ့သောအဂုင်္လိမာလသူခိုးကျော်၏အကြောင်းမှာလည်းဗုဒ္ဓကျမ်းဂန်များ၌အခိုင်အမာတည်ရှိနေပါသည်။ဤနေရာ၌ဂါဝရတရားကသပ်သပ် ၊အမှန်အမှားကသပ်သပ်ရှုမြင်စေချင်ပါသည်။
လေးစားစွာဖြင့်
(လေးလေးကို)
သမုတိ သစ္စာလို့ ခေါင်းစဉ်တပ်စဉ်းစားလိုက်ရင် ကြိုက်တဲ့သူက ကြိုက်တဲ့ဘက်မှာ နေခွင့်ရှိတယ်၊ ပြောခွင့်ရှိတယ် ၊ လုပ်ခွင့်ရှိပါတယ်။ ဥပမာအနေနဲ့ပြောရရင် ကမ္ဘာပေါ်မှာ ထာဝရဘုရားရှိတယ်ဆိုတဲ့ အယူအဆနဲ့
ReplyDeleteထာဝရဘုရားမရှိဘူးဆိုတဲ့ အယူအဆ ခင်ဗျားကြိုက်တဲ့ ဘယ်မှာယုံကြည်နိုင်ပါတယ် ။အဲဒါက အထင်ရှားဆုံးဥပမာကိုဆောင်တာပါ ။ ကျတော်တို့ကိစ္စက မူလ တရားခံအစစ်က စစ်အာဏာရှင်ဖြစ်တယ်ဆိုတဲ့အပေါ်မှာ ကွဲလွဲကြမယ်မထင်ပါ ။ စစ်အာဏာရှင်ရဲ့ လက်အောက်မှာ နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံနေရတဲ့ သူတွေရဲ့ စဉ်းစားပုံစဉ်းစားနည်း ( ရှု့ထောင့် ) နဲ့ လွတ်လပ်တဲ့နေရာမှာ
ရှိတဲ့ သူများရဲ့ စဉ်းစားပုံ ကွာခြားနိုင်ပါတယ် ။ စစ်အာဏာရှင်ကြီးတွေရဲ့လက်အောက်မှာ မလွန်ဆန်နိုင်လို့ လုပ်နေရတဲ့ ပညာတတ်ကြီးတွေ ၊ အနုပညာရှင်ကြီးတွေ အများကြီးရှိနိုင်ပါတယ်၊ ( ယုံကြည်လို့ လုပ်နေကြတဲ့သူတွေလည်းရှိနိုင်ပါတယ်၊အနဲစုဖြစ်မယ်လို့တော့ခန့်မှန်းတယ်)
အဲဒီအထဲမှာ ၀န်ထမ်းတွေလဲ ပါကြပါတယ် ။ ပညာရေးဝန်ထမ်း အထူးသဖြင့် ၉၆ ၀င်းကျင် ကြံ့ဖွတ်တွေရဲ့ လှူံ့ဆောင်ပွဲတွေမှာဆောက်ထားတဲ့ စင်တွေရဲ့ ရှေ့ လူထောင်သောင်းချီရှေ့မှာ မတ်မတ်ကြီးတွေ ထိုင်နေရတဲ့ ၊ တချို့ မျက်မှန်နက်ကြီးတွေတပ်ထားပြီးထိုင်နေရတဲ့ ပါမောက္ခချုပ်ကြီးတွေ ။ ဒုတိယပါမောက္ခချုပ်ကြီးတွေ ၊ တက္ကသိုလ်ဌာန အသီးသီးက ဆရာဆရာမကြီးတွေကို တွေ့လိုက်ကြရတော့ အတော်ဘဲ စိတ်မကောင်းဖြစ်မိပါတယ် ။ ငါတို့ ဒီထက်ပိုပြီးကြိုးစားကြရအုံးမယ်လို့လဲ တွေးမိပါရဲ့ ။ တကယ်လို့သာအဲဒီဆရာကြီးတွေဆရာမကြီးတွေကို ရန်သူရဲ့ဘက်တော်သား၊ ရန်သူ့ဒေါက်တိုင်တွေလို့ သတ်မှတ်လိုက်တာနဲ့ ကျတော်တို့ ဘာဆက်လုပ်နိုင်ကြမလဲ ။ ဒါကြောင့် တရားခံအစစ်ကို တိုက်ချင်ပါတယ်။ အခုလဲ ၂၀၁၀ ကကပ်နေပြီ၊ နအဖ ကမြေပေါ်မြေအောက်ကို စိမ်ခေါ်နေပြီ ။ ခင်ဗျားဘာလုပ်ရမလဲဆိုတာ ခင်ဗျားရွေးချယ်ထားပြီးရောပေါ့ ။ ကျတော်တို့ အင်အားတွေကို စုစည်းရင်ကောင်းမလား၊ ဘေးချင်းတိုက်ငြင်းခုန်နေရင်ကောင်းမလား ။ လွတ်လပ်တဲ့နေရာမှာ နေတဲ့သူတွေရဲ့ တော်လှန်ရေးအတွက်တတပ်တအားဆိုတာ ရန်သူရဲ့ အားအပျော့ဆုံး
အချိန် ၊ အားအပျော့ဆုံးနေရာကို ကျတော်တို့ အားတွေစုပြီး အားကုန်
တချက်ထိုးရမဲ့ အချိန်လို့ ယူဆပါတယ် ။ ဒါကြောင့်ဘဲ ကွန်မင့်တွေကို ရပ်နားပါအုံးမယ် ။
ယဉ်ယဉ်ကျေးကျေးဆွေးနွေးနိုင်တာ အဆင့်နိမ့်တယ်လို့မထင်ပါဘူး ။
လေးစားစွာဖြင့်
ပညာရေးအကြောင်းပြောလာတော့၈၈မှာတကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးကိုပြောပြပါရစေ။ ၁၉၈၈ ခုနှစ်စက်မှုတက္ကသိုလ်ဝင်းအတွင်းဖြစ်ရပ်မှန်လေးပါ။အဲဒီတုန်းကစက်မှုတက္ကသိုလ်အတွင်းဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲမှာ ကျောင်းသားခေါင်းဆောင်ကိုဖော်ထုတ်ပေးရန်အာဏာပိုင်များကကျောင်းရှိပါချုပ်၊မော်ကွန်းထိန်းဆရာ၊ဆရာမများကိုဖိအားပေးလာပါတယ်။ထိုအခါမော်ကွန်းထိန်းများထဲမှ ဆရာဦးဗိုလ်အေးဆိုသူက ကျောင်းသားခေါင်းဆောင်စာရင်းများကိုပြုစု၍အာဏာပိုင်လက်ထဲသို့ပေးအပ်ခဲ့သည်။နောက်တနေ့နံနက်၌စက်မှုတက္ကသိုလ်ကျောင်းသားမြောက်များစွာသည်ကျောင်းဝင်းအတွင်းရှိမော်ကွန်းထိန်းဆရာဦးဗိုလ်အေးအိမ်ရှေ့၌စုရုံး၍ ကျောင်းသားများဘက်မှမရပ်တည်ဘဲအာဏာပိုင်များဘက်မှရပ်တည်ခဲ့သောအဆိုပါမော်ကွန်းထိန်းဆရာဦးဗိုလ်အေးအားသတ်မည်ဖြတ်မည်ဆဲဆိုကြိမ်းမောင်းဟစ်အော်ပေါက်ကွဲခဲ့ကြသည်။ဤဖြစ်စဉ်၌မည်သူမှား၍မည်သူမှန်သနည်း။ဤနေရာ၌လည်း ဂါရ၀တရားကသပ်သပ်၊အမှန်အမှားကသပ်သပ် ဖြစ်ပေတော့သည်။ ယခုကိစ္စမှာ( သမိုင်းဆိုတာ နားလည်မှုပေး ရေးဖွဲ့ထားတဲ့ အနုပညာ တခု မဟုတ်ပါ )ဆိုသည့် ကိုအောင်မိုးဝင်း၏ဆောင်းပါးအပေါ် အပြန်အလှန်ယဉ်ကျေးစွာဆွေးနွေးနေခြင်းဖြစ်သည်။ လမ်းကြောင်းမပြောင်းဘဲခေါင်းစဉ်အတိုင်းတည့်တည့်မတ်မတ်ဆွေးနွေးကြရ
ReplyDeleteအောင်ဗျာ။ အကျိုးရှိစေပါတယ် ။၂၀၁၀ ရွေးကောက်ပွဲအတွက်တော့ အသေးစိတ် နောက်ထပ်ခေါင်းစဉ်အောက်မှာ အကောင်းဆုံးပြင်ဆင်လုပ်ဆောင်ကြတာပေါ့ နော့။
ခင်မင်လေးစားစွာဖြင့်
(လေးလေးကို)
အဆင့် အတန်းရှိရှိနဲ့  သမိုင်းကြောင်းလေးတွေပါ ရေးပြထားတဲ့ ဆောင်ပါးရှင် ကို ကျေးဇူးတင်ပါတယ်... နောက်ပီး facebook ကနေတဆင့် ပြန်ပီးတင်ပေးထားတဲ့ ဘလော့ ပိုင်ရှင်ကိုလည်း ကျေးဇူးတင်ပါတယ်
ReplyDeleteအနုပညာသမားတွေထဲ က စိတ်ဓတ်မခိုင်တဲ့ သူတွေ ပြည်သူကျွေး
တဲ့ ထမင်းကိုစားပီးရင် ပြည်သူကို လည်းပြန်ဂရုစိုက်ရမယ်ဆိုတာလေးတွေနားလည်ကြပါ
" ပြည်တွင်းကရဲဘော်တွေ ပြောခွင့်မရတဲ့ အရာတွေကို ကျမတို့က ပြောနေရတာပါ" တဲ့ပြည်တော်မပြန်ခင်မှာ စဉ်းစားစရာတွေပါသွားအောင်၊ နှလုံးသားကို လှမ်းပစ်ကြည့်တဲ့ သဘောလောက်ပါ။ တနိုင်ငံလုံး ဒုက္ခရောက်နေတဲ့ ခေတ်ကြီးမှာ မေ့မေ့လျော့လျော့ နေချင်သူတွေကို ဒီလောက်တော့ သတိပေးသင့်တယ်လို့ ထင်ပါတယ်။ တောင်ပြိုနေတာပါ။ လက်ဖဝါးနဲ့ သွားကာမနေကြပါနဲ့။ အရှိန်နဲ့ လှုပ်နေသူတွေသာ သမိုင်းလမ်းကြောင်းကို ပြောင်းလဲနိုင်သူတွေဖြစ်တယ်"
ဒီင်္စာသားလေးအတော် ကို ထိပါတယ်
လေးစားစွာဖြင့် 
ချော
ု