Pages

Monday, November 29, 2010

ယနေ့ကဗျာဆရာ၊ တေးရေးဆရာ၊ ပန်းချီဆရာ (၂၀)ခန့်မှ တောင်ဒဂုံရှိ HIVဝေဒနာရှင်များအား သွားရောက်အားပေး လှူဒါန်း (ဓာတ်ပုံ၊ သတင်း)

သွားရောက် အားပေးခဲ့ကြတဲ့ ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာများ
ကိုတိုးလွင်(ဥတ္တရအလင်း) နဲ့ တေးရေးဆရာ ကိုညီညီလွင်တို့မှ ဝေဒနာရှင်များအတွက် ကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းနဲ့ ဖျော်ဖြေသီဆိုခဲ့ကြပါတယ်..

နိုဝင်ဘာလ(၂၈)ရက်နေ့က တောင်ဒဂုံမြို့နယ် (၁၈)ရပ်ကွက်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြု အဖွဲ့မှဖွင့်လှစ်ထားတဲ့ HIV ဝေဒနာရှင်များ နေထိုင်ရာ ဂေဟာသို့ မြန်မာပြည်တွင်းမှာရှိတဲ့ နာမည်ကြီး ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာ (၂၀)ဦးခန့်မှ ဝေဒနာရှင်များအတွက် အလှူငွေများ၊ လိုအပ်သည့် ပစ္စည်းများ၊ ဖတ်ရှူရန် စာအုပ်၊ စာတမ်းများကို လာရောက် လှူဒါန်းခဲ့ကြပါတယ်..။ 

မြန်မာပြည်မှ နာမည်ကြီး ကဗျာဆရာ တေးရေးဆရာ ပန်းချီဆရာများ ဖြစ်သည့် ကိုတိုးလွင်(ဥတ္တရအလင်း) ကိုငြိမ်းသစ်၊ ကိုညီညီလွင်တို့အပါအဝင် လူဦးရေ (၂၀)ခန့်မှ မိမိတို့ ရရှိသည့် စာမူခ၊ တေးရေးခ စသည့် မိမိတို့ ရရှိသည့် ငွေများအား စုပေါင်း၍ လှူဒါန်းခဲ့ကြပါတယ်..။ လာမည့် ဒီဇင်ဘာလ (၂)ရက်နေ့မှာ ကျရောက်မည့် WORLD AIDS DAY ကို ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးမှာ နံနက်(၁၀)နာရီမှ စတင် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး အဆိုပါအခမ်းအနား၌~ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီကား (၃)ကား  လှူဒါန်းမှာ ဖြစ်ပြီး သားငယ် ကိုထိန်လင်းမှ HIV ဝေဒနာရှင်များအား ဂစ်တာတီးခတ် ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ ၂၂.၁၁.၂၀၁၀ခုနှစ်(တနင်္လာနေ့) ကလည်း ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာဟောင်းဦးကျော်သူ နှင့် ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်၊ အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ ဟန်ထူးလွင်(ကျားပေါက်) နှင့်ဇနီး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးစသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာ မောင်နှမများမှလည်း  တောင်ဒဂုံရှိ HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာ သို့သွားရောက်ပြီး ဒံပေါက်ထမင်း၊ ရေခဲမုန့်၊ အ၀တ်အစားများနှင့် ငွေများကိုလူသားချင်း ကူညီထောက်ထားသော စိတ်ဓါတ်တို့ဖြင့် သွားရောက် လှူဒါန်းခဲ့ကြပါတယ်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း VOA သတင်းဋ္ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ “အခုလက်ငင်းကတော့ အန်တီတို့ ဆေးတွေ လုံလုံလောက်လောက် ၀ယ်နိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါ တယ်။ အလှူငွေတွေ လိုပါတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့ အနေနဲ့ Antiretroviral Drug တွေ ၀ယ်ပေးဖို့ဆိုတာ တော်တော့်ကို လိုတယ်။ ဒီဆေးကလည်း သိတဲ့ အတိုင်းပဲ အပြတ်မခံဘူး။ ဆေးအတွက်ပဲ တော်တော်လိုတယ်။ နောက်ပီးတော့လည်း ဝေဒနာရှင်တွေရဲ့ စားရေး၊ သောက်ရေး လုံလုံလောက်လောက် ပေါ့နော်၊ ဖူလုံအောင် လုပ်ပေးနိုင်ဖို့လည်း ငွေလိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ- ဗွီအိုအေကနေတဆင့် အန်တီ့ အနေနဲ့ မေတ္တာရပ်ခံပါရ စေ၊ အားလုံးပေါ့နော်၊ ကျမတို့ရဲ့ ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ။ ၀ိုင်းပြီးတော့ ပံ့ပိုးပေးကြပါ …လို့ မေတ္တာရပ်ခံချင်ပါတယ်ဟု ပြောဆိုခဲ့ပါတယ်..။

သတင်း၊ ဓာတ်ပုံ ပေးပို့ပေးတဲ့ ညီမငယ် မေလင်းအား ကျေးဇူးတင်ပါသည်...။

သတင်း.. ဒီမိုဝေယံ

4 comments:

  1. we used your post in moemaka.

    http://moemaka.blogspot.com/2010/11/artists-visited-shelter-for-people.html


    http://moemaka.com/index.php?option=com_content&task=view&id=7742&Itemid=1



    thanks!

    ReplyDelete
  2. ကြိုက်သလို အသုံးပြုနိုင်ပါတယ်...

    ReplyDelete
  3. အနုပညာအသိုင်းအ၀ိုင်းလို့ဆိုရာမှာ စာပေနဲ့ ဂီတအသိုင်းအ၀ိုင်းရယ်၊ ရုပ်ရှင်အနုပညာရှင် အနည်းစုလောက်ရယ်ကိုပဲ တွေ့နေရ၊ ဖတ်နေရပါတယ်။ တကယ့်ထိပ်တန်း ရုပ်ရှင်သရုပ်ဆောင်များ ဒီလိုနေရာမျိုးမှာ နာမည်တွေ့ရတာ တော်တော်လေးကို ရှားပါတယ်။

    ဘယ်လောက်နာမည်ကြီးပြီး ဘယ်လောက်သရုပ်ဆောင်ကောင်းနေတဲ့ မြန်မာရုပ်ရှင်၊ ဗီဒီယိုတခွေပဲဖြစ်ဖြစ် မြန်မာပြည်က အထက်တန်းလွှာလူတန်းစားတွေ ကြည့်ရှုအားပေးတယ်ဆိုတာ တော်တော်လေးကို နည်းပါတယ်။

    တနေကုန် နဖူးကချွေးခြေမကျအောင်လုပ်ပြီး ရတဲ့ချွေးနည်းစာလေးနဲ့ အားတဲ့အချိန် ဗီဒီယိုရုံပြေးပြီး အားပေးနေကြတဲ့ ကျောမွဲလူတန်းစားတွေကြောင့်သာ နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်ရယ်လို့ ဖြစ်လာကြတာပါ။

    ရုပ်ရှင်သရုပ်ဆောင်တွေ စီးနေကြတဲ့ သိန်းထောင်ကျော်တန်ကားတွေ၊ နေနေကြတဲ့ သိန်းထောင်ပေါင်းများစွာတန်တဲ့ အဆောက်အဦတွေဟာ မြန်မာပြည်က ကျောမွဲလူတန်းစားတွေရဲ့ ချွေးနည်းစာဆိုတာကို နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်များ နားလည်သင့်ပါတယ်။

    ထမင်းရှင်ကိုကျေးဇူးကန်းတဲ့၊ အာဏာရှင်ကိုဖားတဲ့ ယားတဲ့ မင်းကြီးကြိုက်တို့ ဘုန်းတော်ဘွဲ့တို့ စတဲ့ ပေါ်လစီဗီဒီယိုကားတွေမှာ ထိပ်တန်းနာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေကို အများဆုံးတွေ့နေရပါတယ်။

    ခုလိုမျိုး တကယ့်တကယ် လိုအပ်နေတဲ့နေရာမျိုးတွေမှာ အဲဒီရုပ်ရှင်သရုပ်ဆောင်တွေ ဘယ်ချောင်မှာသွားပုန်းနေကြပါသလဲလို့ ၀မ်းနည်းစွာတွေးမိပါတယ် ခင်ဗျာ။

    ReplyDelete
  4. ဒိထက်ပိုပြီးဝမ်းနည်းစရာကောင်းတာကတော့ ပြည်သူပိုင်တွေကိုတံပိုးနင့်အောင် စားပြီး ပြည်သူတွေဒုက္ခရောက်နေတာကိုလျစ်လျူ ရှု့နေတဲို့အာဏာကိုလက်နက်နဲ့သိမ်းပိုက်ထားတဲ့ နအဖ တွေနှင့်တကွ နအဖ တွေရဲ့ အလိုတော်ရိ နအဖ တွေ ရဲ့ ခိုင်းတာမှန်သမျှကိုလုပ်ပြီး ကပ်ဖားယပ်ဖားလုပ်စားနေတဲ့ ခွေးမျိုးတွေဘဲလို့ပြောရမှာဘဲ မကူညီတဲ့အပြင်ကူညီနေတဲ့ အမျိုးကောင်းသားအမျိုးကောင်းသမီးတွေပါထပ်နှောက်ယှက်သေးတာ အဲဒါဟာ လူမဆန်တဲ့အပြင် တိရိစ္ဆာန်ထက်တောင်ဆိုးတဲ့အကျင့်တွေပါ.
    မြင့်မြတ်မှန်ကန်တဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ ကူညီနေကြတဲ့ ဒကာဒကာမများ ကတော့ ဝေဒနာသည်တွေအပေါ်ကို စိတ်ကော လူကော အားလုးံကိုကူညီဖြည့်ဆည်းပေးတဲ့အပြင် အသုးံနှုးံလေးကလည်း ဘယ်လောက်များ ဝေဒနာသည်တွေအားတက်လေမလဲကြည့် ဝေဒနာသည်တွေကိုကျွန်မတို့ရဲ့သားသမီးတွေ တဲ့ ၀မ်းသာလိုက်တာ ဒကာမကြီး ဒေါ်စု ရေ ...သာဓု သာဓု သာဓု ...အသက်ရှည်လို့ကျန်းမာချမ်းသာကြပါစေ...
    စက်တင်ဘာဦးနေမိန္ဒ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။