Pages

Monday, January 24, 2011

ပြည်ပ ခရီးသည် အလာနည်းတာ စီးပွားရေး ပိတ်ဆို့မှုကြောင့်လား (ဗမာ့သွေး)

ပုဂံက အလိုတော်ပြည့်ဘုရား... (ဓာတ်ပုံ.. ဒီမိုဝေယံ)
ပြည်ပ ခရီးသည် အလာနည်းတာ စီးပွားရေး ပိတ်ဆို့မှုကြောင့်လား

မြန်မာနိုင်ငံကို ပြည်ပခရီးသည် ၀င်ရောက်မှု နည်းပါးနေတာဟာ စီးပွားရေး ပိတ်ဆို့မှုကြောင့်လို့ လူအများက ထင်ထားကြပါတယ်။ အမှန်တရားကို လူအများက  အတ္တများနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး ကိုယ့်ဘက် ဆွဲတွေးနေရုံနဲ့တော့ အမှန်တရားက ပြောင်းလဲ သွားမှာ မဟုတ်ဘူးဆိုတဲ့ အချက်ကိုပထမဦးဆုံး အနေနဲ့ လက်ခံစေချင်ပါတယ် ။ ကမ္ဘာ့မြေပုံပေါ်မှာ အရမ်းကို ချစ်စရာ ကောင်းတဲ့ ကချေသည်လေး တစ်ယောက် ကကြိုးကကွက် ဆင်လို့ အသက်ဝင်နေတဲ့ ပုံပမာ လှပနေရှာတဲ့ ဗမာ့နိုင်ငံမြေပုံလေးက မြင်သူတိုင်း နှစ်ခြိုက်စရာ ကောင်းသလို ရေမြေတောတောင် သယံဇာတတွေ ပြည့်လျှမ်းနေတဲ့ ဗမာနိုင်ငံရဲ့ မြေပေါ်ကို အလည်တစ်ခေါက် လာရောက် လည်ပတ်လိုသူတွေ အများကြီး ဆိုတာကတော့ သေချာလွန်းလှပါတယ် ။ အင်မတန်မှ  သရုပ်ဆောင်ကောင်းတဲ့ မင်းသမီး သုံးယောက်ပမာ  အလှည့်ကျ  ၀င်ရောက် ကူညီ ဖျော်ဖြေပေးနေတဲ့ နွေမိုးဆောင်း ကလည်း အခြားတိုင်းပြည်များနဲ့ ကွာခြားချက်က စိတ်ဝင်စားစရာ ကောင်းလွန်းလှပါတယ် ။ ရွက်ဟောင်းတွေ ကြွေကြလို့ မိုးပေါက်လေးတွေ စတင်သက်ဆင်းလာတာနဲ့ အမေကို တွေ့လို့ ပြေးထွက်လာတဲ့ သားငယ်များပမာ အရွက်သစ်လေးတွေ ထိုးထွက်လာပုံက သက်ဝင်လုပ်ရှားလို့ မိုးရာသီရဲ့ အစများဟာ ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလွန်းလှပါတယ် ။

မိုးရေ ပက်ဖျန်းလို့ အရွယ်ရောက်လာတဲ့ စပါးပင်တွေ အချိန်လို့ ရင်မှည့်တဲ့အခါ ရွှေဝါရောင် စပါးခင်းများကြားမှာ လယ်သမားတို့ အလုပ်များတဲ့ အချိန်တော့ မိုးသားတွေကို ရုပ်သိမ်းပြီးတဲ့အခါ  အလုပ်လုပ်နေသူတွေ အေးမြပါစေလို့ ဆုတောင်းပြည့်တဲ့ ပုံပမာ ဆောင်းကညာရဲ့ ၀င်ရောက်လာပုံက ညက်ညောလွန်းလှပါတယ် ။ အဲဒီလို အချိန်များမှာ အလုပ်ခွင်စောစောဝင်ကြတဲ့ လူအများက အေးမြမှုကို အန်တုဖို့ အတွက် မီးဖိုနားမှာ ၀ိုင်းစုကြပြီး ပူပူနွေးနွေး စားစရာလေးတွေကို လုပ်ကိုင်စားသောက်လေ့ ရှိတဲ့ အလေ့အထများဟာ တိုးတက်ခေတ်မှီတဲ့ နိုင်ငံများမှာ တကူးတက လုပ်ဆောင်ကြတာကို သွားတွေ့ရပြန်တယ် ။ ဆောင်းရာသီ ကုန်ဆုံးလို့ နွေဝင်စ အချိန်အခါ သာယာလှတဲ့ မြန်မာပြည်ရဲ့ သဘာဝ အလှဟာ ကမ္ဘာကျော် ပန်းချီဆရာ တွေရဲ့ စိတ်ကူးယဉ် ပန်းချီကားထက် အများကြီးသာတာပေါ့ဗျာ ။

နိုင်ငံတကာက ကမ္ဘာလှည့် ခရီးသည်တွေကို လာရောက် လည်ပတ်နိုင်အောင် အစိုးရက အဓိက လုပ်ဆောင်ပေးရမှာက တရားမျှတမှု နှင့် လုံခြုံရေးပါဘဲ ။ 2007 ရွှေဝါရောင်မှာ ဂျပန်နိုင်ငံက သတင်းထောက်ကို လူတွေ စောင့်ကြည့်နေတဲ့ အချိန်မှာတောင် ဖြစ်ချင်တာ ဖြစ် ပစ်သာပစ်ကွာ ဆိုပြီး တည့်တည့်ကြီး ဆော်ပစ်လိုက်တဲ့ အချက်က ကမ္ဘာလှည့် ခရီးသွားတွေ ရင်ထဲကို စိုးရိမ်စိတ်တွေ ၀င် လာစေတာ အမှန်ပါဘဲ ။  ဒီလို အဖြစ်အပျက်တွေဟာ သတ်ဖြတ်ခြင်း အလုပ်မှာ ယဉ်ပါးနေတဲ့ စစ်သားတွေ အတွက် သိပ်မဆန်းဘူး ထင်ရပေမယ့် မြန်မာနိုင်ငံကို လာရောက်လိုတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ နောက်တွန့်သွားစေခဲ့တယ် ဆိုတာ အုပ်ချုပ်ရေးပိုင်းက လူတွေ သိထားစေချင်သလို လက်ခံထားစေချင်ပါတယ် ။

တိုင်းတပါးသား ကို အသာထား ကိုယ့်နိုင်ငံသား အချင်းချင်းတောင် လွတ်လပ်စွာ သွားလာနေထိုင်ခွင့်မရဘဲ အစစ်ဆေး အမေးမြန်းထူလွန်းတဲ့ အချက်များက အပန်းဖြေ အနားယူဖို့ လာရောက်ကြတဲ ခရီးသွားများ စိတ်ရှုပ်ဖွယ်ရာ ခံစားသွားရတာလည်း သတိထားပြီး ပြင်စေချင်ပါတယ် ၀မ်းစာအရေးကို ခက်နေသေးတဲ့ ပြည်သူ့ဝန်ထမ်းများကလည်း ဂွင်မပါရင် ဘယ်အခါမှ အလုပ်မလုပ်ချင်တော့လို့ စီမံချက်ဟူ၍ တမျိုး ၊ ဥပဒေထုတ်၍ တဖုံ လုပ်စားနေတာကို ကြုံရတဲ့ ခရီးသွားက စိတ်ပျက်လို့ ညည်းညူသွားကြတာ အမှန်ပါဘဲ.....။

 အချို့ ကမ္ဘာလှည့်  ခရီးသည်တွေ ကြတော့လည်း အားနည်းချက်တွေကို ခဏမေ့ထားပြီး ရောက်ဖူးချင်ဇော အားကြီးလို့ လာရောက်ပြီး နောက်တခါ မြန်မာနိုင်ငံဆို လှည့်မကြည့်ချင် လောက်အောင် ဖြစ်သွားတတ်တဲ့ မြန်မာနိုင်ငံသားတို့ရဲ့ အကျင့်ဆိုးလေးတွေကိုလည်း ထင်ရှား လွန်းလှပါပေတယ်။  သူများနိုင်ငံသားတွေက ဂျင်ပေါ်ကထုံး ဆိုရင် ဗမာနိုင်ငံသားတွေက ထုံးပေါ်က လေပွေလို့ ခေါ်ရလောက် အောင် လိမ်လည် လှည့်ဖျားခြင်း အတတ် မှာ ပါရဂူမြောက်နေတဲ့ ကောက်ကျစ်တဲ့ လုပ်ရပ်လေးတွေကိုလည်း ကိုယ်ကျင့်တရားလေးနဲ့ ပြန်ထိန်းပေးစေချင်ပါတယ် ။

နောက်တစ်ချက်က သဘာဝကို စနစ်ကျစွာ ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့လည်း အထူးလိုအပ်ပါတယ် ။ ခန္စာကိုယ်မှာ သွေးကုန်ခမ်းလို့ ခြောက်နွမ်းသွားသလို ဖြစ်သွားတဲ့ အင်းလေးကန်ကြီး က ညီးတွား နေရှာတဲ့ ပုံရိပ်တခုဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စနစ် ကို ညွှန်းဆိုပြနေတယ် ဆိုတာ မမေ့ပါနဲ့အုံး ။ ကမ္ဘာမှာ ခြေနဲ့လှေလှော်ကြတဲ့ အလေ့အထ နဲ့ ရေပြင်အလယ်မှာ တည်ထားတဲ့ အင်းလေး ဖော်တော်ဦး စေတီတော်ကို  ကို မြင်ဘူးချင်လို့ လာရောက် ရှုစားကြတဲ့ လူအများ တွေ့မြင်ရလိုက်တဲ့ ရေခန်းနေတဲ့ အင်းလေးအိုင်ရဲ့ အက်ကွဲနေတဲ့ မြေသားတွေက ကမ္ဘာလှည့် ခရီးသွားတွေကို နောက်တခါ မလာမိအောင်  သတိထားဖို့ အသိပေးလိုက်သလို ဖြစ်သွားပါတယ် ။

ပုံမှန်စီးဆင်းနေတဲ့ ရေစီးအားက အမှိုက်သရိုက်နဲ့ အညစ်အကြေးတွေကို သယ်ဆောင်သွားနိုင်ပေမယ့် သူတို့ခွန်အားများကို ဖြတ်တောက်ထားတဲ့ မြစ်ကြီးလေးသွယ်က သူတို့ကိုယ်တောင် အနိုင်နိုင်နဲ့ ချီတက်နေကြတာကြောင့် မြစ်ကြမ်းပြင် မြင့်တက်လာတာကို ထည့်မတွက်ခဲ့ကြတာ သိပ်ကို မှားသွားပါတယ် ။ ချောင်းတွေ့ရင် ဆည်ဆောက် ၊ မြစ်တွေ့ရင် တံတားဖောက် ဆိုတဲ့ စီမံချက်တွေက ထိုးနှက်ချက်က သူတို့သားသမီးတွေကို မောင်ပိုင်စီးခံရလို့ အရင်က ငြိမ့်ညောင်းခဲ့ သလောက် အခုတော့ ဒေါသပြင်းပြသွားတဲ့ မြစ်ကြီးလေးသွယ်ရဲ့ ကြုံးဝါးသံတွေက အမုန်းလှိုင်းသံတွေ ဆူညံလာခဲ့တဲ့ အကျိုးဆက်ကို ပိုးစိုးပက်စက် ခံနေရတဲ့ ပြည်သူလူထု ဘ၀ကလည်း တကယ့်ကို သနားစရာပါ ။

အင်မတန်မှ နုပျိုလှပတဲ့ မိန်းကလေးတစ်ဦးကို လောဘရမ္မက်အားကြီးသူတွေက သူတို့ အလိုဆန္ဒ ပြည့်ဝစေဖို့ အနိုင်ကျင့် ခံလိုက်ရနေတာကြောင့် ဘ၀ အလှ  ညစ်နွမ်းသွား ရတဲ့ မြစ်ဆုံအလှ ကို မြင်တွေ့လိုက်ရတဲ့ ကမ္ဘာလှည့် ခရီးသွားတိုင်းက သူတို့ တိုင်းပြည်ကို ပြန်အရောက်မှာ မြန်မာနိုင်ငံဆိုတာ လူသားတွေတင် အနိုင်ကျင့်ခံရတာ မဟုတ်ဘူး.........သဘာဝ အလှကိုပါ ဖျက်စီးနေတဲ့ လူသားတွေ အုပ်ချုပ်တဲ့ တိုင်းပြည်ပါလို့ ပြောကြားလိုက်တဲ့ စကားသံတွေက အတင်းပြောတာ မဟုတ်ပေမယ့် နောက်ထပ်လာဖို့ စိတ်ကူးထားတဲ့ ခရီးသွားတွေ ခြေဦးမလှည့်ချင်အောင် ဖြစ်သွားတတ်ကြတာကို အသိပေးချင်တယ်ဗျာ..။

တချိန်တခါက ညို့မှောင် အုပ်ဆိုင်းနေတဲ့ မြန်မာနိုင်ငံရဲ့ ရိုးမကြီးတွေ အလှဟာ ကိုယ်ကျိုးအတ္တ အတွက်  လူအများက တရားဝင် တဖုံ ၊ မတရား နည်းလမ်းသဖွယ် စီးပွားရှာလိုက်တဲ့ ဒဏ်များ အပြင် ကိုယ့်နိုင်ငံက သယံဇတကို ကိုယ်တိုင် ပြန်လည် အသုံးမချရဘဲ ထင်းမီးနဲ့ မီးသွေးကို အားကိုးနေရတဲ့ပြည်သူလူထုက လည်း  အသုံးချခံရတော့ အင်မတန်မှ တကယ့်ကို နှမြောစရာ ကောင်းလွန်းပါတယ် ။  ဆံပင်ရှည်လေးနဲ့ကျက်သရေ ရှိလှတဲ့မိန်းကလေးတစ်ယောက်ကို ခေတ်မှီအောင် ဆံပင်တိုပေးလိုက်တာ အားမရလို့ အခု ဂတုံးလုပ်ပေးဖို့ ကြိုးစားနေတာကို ရှက်လွန်းအားကြီးလို့  ရိုးမကြီးတွေ  ငိုက်ရှိုက်နေရင်း အသိပေးတာက ဥတုရာသီ တောကိုမှီဆိုတဲ့စကားလေးကို သတိထားကြပါအုံးတဲ့ဗျာ... ။
Tayza Hotel
ပုဂံမှာရှိတဲ့ နိုင်ငံတကာ ကန့်ကွက်တဲ့ ကြားက တည်ဆောက်ထားတဲ့ တေဇပိုင်နန်းမြင့် မျှော်စင်
နိုင်ငံတကာမှာ ရှေးဟောင်း ယှဉ်ကျေးမှုကို  အမြတ်တနိုး တန်ဖိုးထားကြတာကို  ကန့်လန့်တိုက်တာဘဲလား။  မသိလို့ဘဲ တမင်တကာ လုပ်တာလား မသေချာပေမယ့် သေချာတာတခုကတော့ အသက်အရွယ်အိုမင်းနေတဲ့ အဖွားအိုကို မိတ်ကပ်တွေ အတင်းချယ်ပြီး မော်ဒယ်ပမာ ပွဲထုတ်ချင်နေကြတဲ့ ညဏ်မပါနဲ့ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေး ပုံစံတွေ ကို စိတ်ပျက်နေရှာတဲ့ သမိုင်းဝင် အဆောက်အဦးတွေ က ပြောလိုက်တဲ့ မင်းတို့ လက်ထက်ကြမှ လုပ်ရပ်လေခြင်း ဆိုတဲ့ စကားသံကို  ဟစ်ကြွေးနေသယောင် ခံစားမိတယ်ဗျာ ။

ဒီနေ့ ကမ္ဘာလှည့် ခရီးသွားတွေ အလာများတဲ့ နိုင်ငံတော်တော်များများကို သတိထားကြည့်မယ်ဆိုရင် ပို့ဆောင်ဆက်သွယ်ရေး အခန်းဂဏ္ဍကို မေ့ထားလို့ မရပေမယ့် ကျနော်တို့ နိုင်ငံက ဥာဏ်ကြီး ရှင်များက ကျန်းမာရေးနဲ့ ညီညွတ်အောင် အစာကြေမယ် ၊ ရင်ချောင်စေအောင်  လေ့ကျင့်ခန်း လုပ်စရာ မလိုဘဲ အလိုက်တသိ မွမ်းမံပေးထားတာ နေသားကျနေတဲ့ ကျနော်တို့ အတွက် မသိသာလှပေမယ့် ခရီးသွားတွေ စိတ်ပျက်သွားစေတာ အမှန်ပါဘဲဗျာ ။ နိုင်ငံတကာ ခရီးသည်တွေကို အသာထား ကိုယ့်နိုင်သားတွေတောင် တိကျတဲ့ ဈေးနှုန်းနဲ့ ဘယ်တော့မှ မတွေ့ဆုံရတဲ့ ပို့ဆောင်ဆက်သွယ်ရေး အခန်းဂဏ္ဍ က ပညာပြပုံလေးတွေ က မှတ်သားလောက်ပါပေတယ် ။
ကျနော်ရေးခဲ့တဲ့ အရာတွေဟာ အမှန်တွေလား အမှားတွေလား မြန်မာနိုင်ငံ အနှံ့အပြားမှာ မှီတင်းနေထိုင်ကြတဲ့ လူအများက အထူးကြိုးစားပြီး ဖြေကြားစရာ မလို မျက်တောင် တချက်ခတ်လိုက် တိုင်း အားနည်းချက် တချက်ကို တွေ့ရလောက်အောင်  အဘက်ဘက်က ပြိုကျပျက်စီးနေတဲက မြန်မာနိုင်ငံက ခရီးသွားတွေကို မစွဲဆောင်နိုင်လို့ ခရီးသည် အလာနည်းတာလား  ၊ စီးပွားရေး ပိတ်ဆို့မှုကြောင့် ခရီးသည် အလာနည်းတာလား စာဖတ်သူမှာ အသိဥာဏ် ရှိရင် စဉ်းစားကြည့်တာနဲ့ သိသာ ထင်ရှားနေပါတယ် ။

အခု ကျနော် ပြောဆိုခဲ့တဲ့ ချို့ယွင်းနေတဲ့ အချက်တွေကို ပြည်လည် ပြင်ဆင်ပြီး စစ်မှန်တဲ့ သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းမှု တွေ ပြန်လုပ်ရင် အရင်က သဘာဝ အလှနဲ့ ထင်ပေါ်ကျော်ကြားတဲ့ ကျနော်တို့ မြန်မာပြည်ကို  မလာပါနဲ့လို့ အတင်း ဆွဲထားရင်တောင် ဇွတ်အတင်းဝင်လာမယ့် ကမ္ဘာလှည့် ခရီးသွားတွေ များလာမှာ မြင်ယောင်မိပါတယ် လို့ လေးစားစွာ အကြံပြုတင်ပြချင်ါတယ် ။  ဒီလိုမှ မဟုတ်ဘဲ ကိုယ့်ဘက်က ချို့ယွင်းချက်ကို မပြင်ဘဲ ခရီးသည် အလာနည်းတာ စီးပွားရေး ပိတ်ဆို့မှု ကြောင့်ပါလို့ မျက်လုံး စုံမှိတ်ပြီး အော်ရတာကို ကြည်နူးနေကြသူများနဲ့ သူများယောင်တိုင်း လိုက်ယောင်တတ်တဲ့ လူအများလည်း ဆက်လက်ပြီး များများ အော်မယ်လို့ စဉ်းစားရင် ငါ့မှာ လူသားတို့ရဲ့ အသိဥာဏ် ရှိရဲ့လားလို့  နှိုင်းယှဉ် စဉ်းစားကြည့် နိုင်ပါစေ.။

အထက်ပါ ဆောင်းပါးနှင့် ပက်သက်၍ မိတ်ဆွေတို့မှာ တခုခုများပြောကြားစရာ ရှိခဲ့လျှင် ဒီနေရာလေးမှာ လာရောက် ပြောဆို ဆွေးနွေးဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်ခင်ဗျာ....။
 http://www.facebook.com/notes/burma-thwe/-/188121284538860?ref=notif&notif_t=note_comment
ခင်မင်လေးစားလျှက်
ဗမာ့သွေး

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။