စုတိကမ္မဇရုပ်ချုပ်ငြိမ်းခြင်း
ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ဒေ၀သာဂရသိမ်ကုန်း၊ ဓမ္မိကာရုံပါဋ္ဌိတက္ကသိုလ်ကျောင်းတိုက်၊ ပရိယတ္တိဇောတကကျောင်း၊ နာယက စာချဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ (သာသနဓဇဓမ္မာ စရိယ၊ ၀ိနယပါရဂူ၊ မဟာဂန္ထ၀ါစကပဏ္ဍိတ) ဆရာတော်ကြီး သက်တော် (၆၆)နှစ်၊ သိက္ခာတော် (၄၆)၀ါသည် ၁၂.၂.၂၀၁၁ (စနေ)နေ့တွင် ဘ၀နတ်ထံပျံလွန်တော်မူသွားပါ၍ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို ၁၄.၂.၂၀၁၁ (တနင်္လာ)နေ့ မွန်းလွဲ (၂း၀၀) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အသင်းသားများနှင့် တပည့်သံဃာတော်၊ တပည့် ဒါယကာ၊ ဒါယကာမများတို့ဖြင့် ရေဝေးသုဿန်သို့ သယ်ယူပင့်ဆောင်က အန္တိမအဂ္ဂိ သာဓုကီဋ္ဌနပူဇာဘင် ဆင်ယင်ကျင်းပခဲ့ပါသည်။ ဆရာတော်ကြီးသည် ပရိယတ္တိစာပေပို့ချခြင်းတာဝန်ကို နောက်ဆုံးချိန်အထိ သာသနာ့တာဝန် ကို ကျေပွန်စွာထမ်းရွက် ပေးခဲ့ပြီး မင်းကွန်းဆရာတော်ကြီး၏ အပ္ပမာဒ သံဝေဂလင်္ကာအတိုင်း “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” ဟူသော ဘုရားစကား လိုက်နာပွားခဲ့ပြီး တရားလက်မလွတ် ခဲ့သော ဆရာတော်ကြီးတစ်ပါးပင် ဖြစ်သည်။
အပ္ပမာဒ သံဝေဂလင်္ကာ
ရုပ်နာမ်ဓမ္မ သင်္ခါရတို့၊ ကိုယ်ကဤပုံ
ဖြစ်လိုတုံလည်း၊ တဖုံဆင်ကွဲ သူတနဲဖြင့်
ဖေါက်လွဲတက်စွာ ဓမ္မတာကို၊
ပညာစက္ခု၊ မြှော်ထောက်ရှု၍-
ယခုပင်လျှင် မအိုခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့၊
ယခုပင်လျှင် မနာခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့၊
ယခုပင်လျှင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ရတုချိန်ထောက် ဤခါရောက်မှာ၊ ချုပ်ပျောက်ခန္ဓာ
သေပိမ့်ငါ-ဟု၊ သတ္တ၀ါခပင်း ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျှက်၊ ချိန်းအချက်လျှင်
တစ်စက်ကမှ မရှိကြဘူး-
“အပမာဒေန ဘိက္ခဝေ သမ္ပာဒေထ”
ဘုရားစကား လိုက်နာပွားသည်
တရားလက်မလွတ်စေနှင့်။
(မင်းကွန်းဆရာတော်)
ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊ ကျန်ခဲ့လျှင် သူများဖို့
ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ ကိုသန့်ဇော်ဦး (ခ) တီတီး (Memo Fashion Tailor) အသက် (၃၆)နှစ်သည် ၁၂.၂.၂၀၁၁ (စနေ) နေ့တွင် ကွယ်လွန်သွားပါ၍ ၁၄.၂.၂၀၁၁ (တနင်္လာနေ့) မွန်းတည့် (၁၂း၀၀) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံ အအေးခန်းမှ ရေဝေးသုဿန်သို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် သယ်ဆောင်သင်္ဂြိုလ်ပေးခဲ့သည်။
ကွယ်လွန်သူ ကိုသန့်ဇော်ဦးသည် အသက်ပင် ငယ်ရွယ်သော်လည်း ဘုရား၊ ကျောင်း၊ ရဟန်း ဒကာတစ်ဦးဖြစ်ပြီး လူချစ်လူခင်ပေါများသော စိတ်ရင်းကောင်းမွန်သော လူရွယ်တစ်ဦးပင် ဖြစ်သည်။ ထို့ပြင် ပြည်မြို့ ရွှေပေါက်ပင်ဆရာတော်ကြီး၏ တပည့်ရင်းတစ်ဦးလည်း ဖြစ်သည်။ ကိုသန့်ဇော်ဦး၏ ဈာပနအခမ်းအနားသို့ ရွှေပေါက်ပင်ဆရာတော်ကြီးကိုယ်တိုင် ပြည်မြို့မှ ကြွရောက်ကာ ဘ၀ကူး ကောင်းမွန်ရန်အတွက် သရဏဂုံတင်ခြင်း၊ မေတ္တာပို့သခြင်း၊ အမျှပေးဝေခြင်းတို့ကို ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။ ကိုသန့်ဇော်ဦး၏ ဈာပနအခမ်းအနားအား တရုတ်ရိုးရာဖြင့် ကျင်းပဆောင်ရွက်ပေးနေစဉ် “ရေဝေးသွားလမ်းဓမ္မာရုံမှ သံဝေဂ” စာပိုဒ်လေးအား မြင်ယောင်မိတော့သည်။
“ရေဝေးသွားလမ်းဓမ္မာရုံမှ သံဝေဂ”
မည်၍မည်မျှ စားရစားရ တစ်ဝမ်းဝရုံဘဲ၊
မည်၍မည်မျှ ၀တ်ရ၀တ်ရ အရေပြားဖုံးရုံဘဲ၊
မည်၍မည်မျှ အိပ်ရနေရ တစ်ကိုယ်စာလေးဘဲ၊
မည်၍မည်မျှ ပစ္စည်းဥစ္စာရှိရှိ သေလျှင် ထားခဲ့ရတာချည်းဘဲ၊
ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊ ကျန်ခဲ့လျှင် သူများဖို့။
အကိုကြီးကိုကျော်သူအား ကျေးဇူးတင်ပါသည်..။
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။