Pages

Monday, February 7, 2011

အောင်မြင်မှုနဲ့ စွမ်းဆောင်မှု - လူထုစိန်ဝင်း


အောင်မြင်မှုနဲ့ စွမ်းဆောင်မှု

နိုင်ငံခြားသွားချင်ကြတဲ့ လူငယ်လုံမယင်လေးတွေကို အင်္ဂလိပ်စကားပြောသင်တဲ့ ဆရာလုပ်နေစဉ်က ဘာကြောင့် နိုင်ငံခြားသွားချင်ကြတာလဲဆိုတဲ့စကား အမြဲမေးဖြစ်ပါတယ်။ အမေးခံရသူတွေဟာ ဆရာဝန်၊ အင်ဂျင်နီယာ၊ တက္ကသိုလ်ဆရာ ဆရာမ၊ သဘောင်္သား၊ ဘွဲ့ရ၀န်ထမ်း၊ ဘွဲ့ရအလုပ်လက်မဲ့၊ စီးပွားရေးသမား၊ ကုမ္ပဏီပိုင်ရှင်၊ ကျောင်သူကျောင်းသား အလွှာပေါင်းစုံက ဖြစ်ကြပါတယ်။ တက္ကစီမောင်းသူနဲ့ ဆိုက်ကားနင်းရင်း မဟာတန်းတက် နေသူမျိုးတောင် ပါပါတယ်။

လူတွေ ဘယ်လောက်များများမေးမေး အဖြေက တစ်ခုတည်းပဲ ကြားရလေ့ရှိတယ်။ အဲဒါကတော့ “အောင်မြင်ချင်လို့“ ဆိုတဲ့အဖြေဖြစ်တယ်။ ၁၀ တန်းအောင်ပြီးစ တက္ကသိုလ်တက်ဖို့စောင့်နေကြတဲ့ သူလေးတွေ အားလုံးမှာလည်း အဆုံးမှာ နိုင်ငံခြားသွားဖို့ဆိုတဲ့ ရည်ရွယ်ချက်ရှိကြတယ်။

ဘယ်လိုအောင်မြင်ချင်တာလဲ၊ ဘာကြောင့်အောင်မြင်ချင်တာလဲလို့ မေးလိုက်တဲ့အခါမှာလည်း ဆင်တူကြောင်းကွဲအဖြေပဲ ထွက်လာပါတယ်။ အားလုံးလိုလိုက နိုင်ငံခြားသွားပိုက်ဆံရှာမယ်၊ စူမိဆောင်းမိအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိကြပါတယ်။ တချို့တလေက ပြန်လာဖို့ စိတ်ကူးမရှိဘူး။ ရောက်ရာနိုင်ငံမှာ ဒုတိယတန်းစား၊ တတိယတန်းစားလူများအဖြစ်တောင် နေမယ်လို့ ဆုံးဖြတ်ထားကြတယ်။ တချို့တလေက ပိုက်ဆံရှာပြီးပြန်လာမယ်၊ ဒီမှာရင်းနှီးမြှုပ်နှံပြီး အလုပ်လုပ်မယ်လို့ စိတ်ကူးရှိကြတယ်။ ဒီလိုလူမျိုးတွေက အများစုဖြစ်တာကို တွေ့ရတဲ့အတွက် စိတ်သက်သာရသေးတယ်။

ဒီနေ့လူငယ်အများစုခေါင်းထဲမှာ ပိုက်ဆံအများကြီးရအောင် ရှာနိုင်တာ၊ ချမ်းသာအောင်လုပ်နိုင်တာကို “အောင်မြင်မှု” လို့ သတ်မှတ်ယုံကြည်နေကြတာတွေ့ရတယ်။ ပိုက်ဆံမရှိရင် ဘာမှဖြစ်မလာနိုင်ဘူးလို့လည်း မှတ်ယူကြတယ်။ ပေါပေါသုံးချင်တယ်၊ ကောင်းကောင်းစားချင်တယ်၊ လှလှဝတ်ချင်တယ်ဆိုတာ လူငယ်သဘာဝမို့ ချမ်းသာချင်တာကို အပြစ်မတင်ပါဘူး။ လောကမှာ မချမ်းသာချင်တဲ့သူ ဘယ်သူမှမရှိပါဘူး။ မချမ်းသာချင်ပါဘူးပြောရင် အရူးပဲ ဖြစ်လိမ့်မယ်။

ပိုက်ဆံချမ်းသာတိုင်း စိတ်ချမ်းသာတာမဟုတ်ဘူး။ လောကမှာ စိတ်ချမ်းသာဖို့က အရေကြီးဆုံး ဖြစ်တယ်။ ပိုက်ဆံဆိုတာ မကောင်းမှုမှန်သမျှရဲ့ ရေသောင်မြစ်ဖြစ်တယ်ဆိုတဲ့ ဓမ္မကထိကလေသံမျိုးနဲ့ လူငယ်တွေကို တရားမပြချင်ဘူး။ တရားဆိုတာ ပြတိုင်းရတာမျိုး မဟုတ်ပါဘူး။ ကိုယ်တိုင် ဒုက္ခကိုတွေ့မှ နောင်တရပြီး ကိုယ်တိုင်က လိုလိုလားလားလိုက်ရှာမှ တွေ့နိုင်၊ ရနိုင်တာမျိုး ဖြစ်ပါတယ်။

လူငယ်တွေကို ပြောချင်တာက သူတို့အမြင်မှားနေတဲ့ “အောင်မြင်မှု” အကြောင်းဖြစ်ပါတယ်။ “အောင်မြင်မှု” ဆိုတာကို ဘ၀ရဲ့ရည်မှန်းချက်ကြီး တစ်ခုအဖြစ် သဘောထားနေကြတာ အမြင်မှားနေလို့ပါ။ လောကမှာ အောင်မြင်မှုရဖို့ မခက်ပါဘူး။ နာမည်ကြီးဖို့ မခက်ပါဘူး။ အိုစမာဘင်လာဒင်လည်း နာမည်ကြီးပါတယ်။ ဂျော့ဘုရှ်လည်း နာမည်ကြီးပါတယ်။ အီမယ်လ်ဒါမားကို့စ်လည်း နာမည်ကြီးပါတယ်။ မော်နီကာလူဝင်စကီးလည်း နာမည်ကြီးပါတယ်။

နာမည်ကျော်တိုင်း အောင်မြင်မှုရတယ်လို့ မဆိုနိုင်ဘူး။ ဘယ်လိုနေရာမှာ နာမည်ကြီးတာလဲ၊ ဘယ်လိုနည်းနဲ့ နာမည်ကြီးတာလဲဆိုတာက အရေးကြီးတာဖြစ်တယ်။ အိုစမာဘင်လာဒင်ကို ၉/၁၁ ဆိုတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ကြီးကြောင့် ကမ္ဘာကသိလာရတာဖြစ်တယ်။ အမေရိကန်သမ္မတဂျော့ဘုရှ်လည်း အာဖဂန်နစ္စတန်ကို ၀င်တိုက်တဲ့ကိစ္စနဲ့ အီရတ်ကိုဝင်တိုက်တဲ့ ကိစ္စကြောင့် နာမည်ကြီးလာတာဖြစ်တယ်။ သူ့ရဲ့ သမ္မတသက်တမ်း ဒုတိယအကြိမ်ရောက်တဲ့အထိ အမေရိကန်ပြည်တွင်းရေးမှာ ပြည်သူပြည်သားများရဲ့ လုံခြုံမှုတိုးတက်အောင်၊ ပညာရေး၊ ကျန်းမာရေး အဆင့်မြင့်လာအောင်၊ အခွန်အတုပ်တွေ လျော့ပါးသွားအောင် အလုပ်လက်မဲ့နှုန်းတွေ ကျဆင်းသွားအောင် ဆောင်ရွက်နိုင်ခဲ့တာ၊ အကောင်အထည်နဲ့ လက်ဆုပ်လက်ကိုင် ပြနိုငတာ တစ်ခုမှမရှိခဲ့ဘူး။

နာမည်ကြီးဖို့၊ အောင်မြင်ဖို့လုပ်ရတာ မခက်ပါဘူးလို့ ဒါကြောင့်ဆိုခဲ့တာပါ။ ဒီခောတ်ကြီးမှာ ပေါ်ပြူလာဖြစ်အောင်လုပ်ဖို့ အင်မတန်လွယ်ပါတယ်။ အင်တာနက်ခေတ်မဟုတ်လား။

အောင်မြင်မှု(success)ဆိုတဲ့စကားနဲ့ စွမ်းဆောင်မှု(achievement)ဆိုတဲ့ စကားနှစ်ခုခြားနားတာကို လူငယ်တွေ သတိပြုမိစေချင်တယ်။

Success ဆိုတာကို Oxford American Dictionary က - success (n) – 1. A favorable outcome, doing what was desired or attempted, the attainment of wealth, or fame or position 2. a person or thing that is successful လို့ အဓိပ္ပါယ်ဖွင့်ဆိုပြပါတယ်။ မြန်မာလိုဆိုတော့ - အောင်မြင်မှု ၁။ နှစ်လိုဖွယ်ရာရလဒ်၊ လုပ်ချင်တာကို ကြိုးပမ်းချင်တာကို လုပ်ကိုင်ကြိုးပမ်းနေရခြင်း။ ဥစ္စာစည်းစိမ်၊ ကျော်ကြားမှု၊ ရာထူးဌာနန္တရ တစ်ခုမဟုတ်တစ်ခု ရရှိခြင်း ၂။ အောင်မြင်သူ၊ ဒါမှမဟုတ် အောင်မြင်တဲ့အရာလို့ ဖြစ်ပါတယ်။

achieve ကိုတော့ .. achieve (v) – to accomplish, to gain achievement (n) – reach by effort စွမ်းဆောင်နိုင်ခြင်း၊ ကြိုးပမ်းအားထုတ်မှုဖြင့် အနိုင်ရခြင်း၊ ရောက်ရှိရခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ခြားနားချက်ကတော့ အောင်မြင်မှုဆိုတာက ကိုယ့်လိုဘပြည့်ဝသွားခြင်းဖြစ်တယ်။ ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် ပါဝင်တယ်။ ၉/၁၁ ဟာ အိုစမာဘင်လာဒင်အဖို့တော့ အောင်မြင်မှု ဖြစ်ကောင်းဖြစ်လိမ့်မယ်။ လူသားများအတွက်တော့ စက်ဆုပ်စရာကောင်းလှတဲ့ လူမဆန်မှုကြီးဖြစ်တယ်။ အဲဒါကြောင့် အောင်မြင်မှုဆိုတာ သက်သက်မမက်မောသင့်ဘူး။ ဘယ်နေရာမှာ၊ ဘယ်လိုနည်းနဲ့ ဘယ်သူ့အတွက် အောင်မြင်မှုလဲဆိုတာကြည့်ပြီးမှ အကဲဖြတ်သင့်တယ်။

achievement စွမ်းဆောင်နိုင်မှုဆိုတာကျတော့ ကိုယ်တိုင်ကျားကုတ် ကျားခဲကြိုးပမ်းအားထုတ်ပြီးမှ ရတဲ့အရာဖြစ်ပြီး ယေဘူယျအားဖြင့် ကောင်းမွန်မြင့်မြတ်တဲ့အလုပ်မျိုးကို စွမ်းဆောင်နိုင်မှုလို့ မှတ်ယူကြတယ်။ မကောင်းတဲ့ အဓိပ္ပါယ်မပါဘူး။ အဲဒါကြောင့် လိုလားအပ်တယ်။

လူငယ်တိုင်း လူငယ်တိုင်းကို တဒင်္ဂအောင်မြင်မှုတွေနောက် အမောတကော လိုက်နေကြမယ့်အစား ရာသက်ပန်တည်ရှိနေမယ့် စွမ်းဆောင်နိုင်မှု တစ်ခုခုလုပ်နိုင်အောင်သာ ကြိုးပမ်းအားထုတ်လုပ်ကြပါလို့ တိုက်တွန်းနှိုးဆော် လိုက်ချင်ပါတယ်။

၁၉၊ ၅၊ ၂၀၀၆

လူထုစိန်ဝင်း၏ ပထမတန်းစားစိတ်ဓာတ်မှ တဆင့်ကူးယူမျှဝေသည်

ကိုညီညီအောင်မှ ပြန်လည်မျှဝေပါသည်..။

2 comments:

  1. အင်း ..
    လူထုဦးစိန်ဝင်းလဲ ..လူငယ်တွေပြောတဲ့အောင်မြင်မှုဆိုတာကို ..
    အမြင်မှားနေတာပါပဲလေ ..။
    ကိုယ့်နိုင်ငံမှာသာ .. လုပ်ငန်းအခွင့်အလန်းတွေတန်းတူ ရည်တူလုပ်ကိုင်နိုင်မယ် .. ကိုယ်ကြိုးစားသလောက်အရာထင်မယ်
    ဆိုရင် .. ဘယ်သူက ဘယ်နိုင်ငံကိုသွားပြီး ..အလုပ်သွားလုပ်ကြမှာလဲ ..
    ပညာရှာဖို့ သွားတယ်ဆိုရင် တော့ လက်ခံနိုင်လောက်စရာပေါ့ ..
    ၉/၁၁ မှာ အိုစမာအတွက် အောင်မြင်မှုဖြစ်သလို .
    ၈၈ နဲ့ ရွှေဝါရောင်တော်လှန်ရေးဟာလဲ စစ်အစိုးရအတွက် အောင်မြင်မှုပေါ့ ဒါပေမဲ့ .. ပြည်သူလူထုအတွက်တော့်စက်ဆုတ်ရွံစရာကောင်းလှတဲ့ လူမဆန်တဲ့ ကိုယ့်လူမျိုးအချင်းချင်း ကျူးလွန်တဲ့ ပြစ်မှုကြီးတစ်ခုပါပဲ ..
    အခုလဲ အပြင်ကိုရောက်နေကြတဲ့ မြန်မာနိုင်ငံရဲ့ လူငယ်လူကြီးတွေဟာ သူများနိုင်ငံ မှာ အချိန်ပြည့် သူများနိုင်ငံတိုးတက်ဖို့ ရုန်းကန်ရင်း ကိုယ့် ၀မ်းစာကို ရှာနေရတာက
    ကိုယ့်နိုင်ငံတွင်းမှာ ရှာရတာထက် လက်မထောင်ပြီးနေလို့ ရနေလို့ ဖြစ်ကြပါတယ်ဗျာ
    ဒါကြောင့် လူငယ်တိုင်း မက်မောမဲ့ ရာသက်ပန် တည်ရှိနေမဲ့ စွမ်းဆောင်နိုင်မှု တွေကို ကိုယ့်နိုင်ငံထဲ မှာ လုပ်နိုင်ဖို့ အခွင့်အရေးတွေ ရလာတဲ့ တနေ့မှာ တဒင်္ဂ အောင်မြင်မှုတွေဆီကနေ ချက်ချင်းေ၇ာက်လာလိမ်မယ်ဆိုတာ .. အဲဒီအချိန်ကျရင် သိမြင်လာမှာပါ ..
    လူထုဦးစိတ်ဝင်းကိုလဲ မြင်တွေ့သွားစေချင်စမ်းပါဘိဗျာ..

    အဝေးရောက်

    ReplyDelete
  2. အဝေးရောက်လူငယ်တွေ စာသေချာဖတ်ပြီးတော့ စဉ်းစားတက်မယ်ဆိုတာ ငြင်းစရာသိပ်မရှိပေမယ်၊ ယူဆပုံကွဲလွဲနေကြမယ်၊ ခံယူချက်အမြင်သဘောထား-အနှစ်သာရတွေကို လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆို လိုက်မယ်ဆိုရင် လူထုဦးစိန်ဝင်းတင်ပြလိုတာနဲ ရယူလက်ခံပြီး နားလည်ထားတာတွေ လုပ်ဆောင် ရပ်တည်ချက်တွေ လွဲသွားနိုင်ပါတယ်။

    ၈၈နဲ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကို စစ်အာဏာရှင် အောင်မြင်မှုလို့ အဖြေထုတ် သုံးသပ်ချက်ကိုလဲ ပြန်တွေးမြင်ကြည်ဖို့လိုလိမ့်မယ်။

    မိမိပိုင်ဆိုင်နေတဲ့ ကိုယ်ပိုင်အစွမ်းအစအရည်အချင်းတွေကို သေချာတွက်ချက်မကြည့်ဘဲ … မလုပ်နိုင်လို့ လုပ်ပိုင်ခွင့်မရလို့ ဖိနှိပ်သူမတရားလို့ မြန်မာနိုင်ငံသား-လူငယ်တွေ ပြည်ပမှာသွားပြီး ကျွန်ခံနေရတယ်လို့ ပြောနေထင်နေရင်တော့ မြန်မာပြည်ကြီးအနာဂတ်ဟာ အလွန်စိုးရိမ်ဖို့ကောင်းပါတယ်။

    အမေရိကန်နိုင်ငံမှာ လူမည်းတွေ ရပိုင်ခွင့်-လုပ်ပိုင်ခွင့် လူသားအခွင့်အရေးတွေကို ၁၉၆၀ ၀န်းကျင်မှာ တိုက်ပွဲဝင်ပြီး ကြိုးပမ်းရယူခဲ့တာဖြစ်ပါတယ်။ ၁၇၇၆ခုနှစ် ဇူလိုင်လ ၄ရက်မှာ အမေရိကန်နိုင်ငံလွတ်လပ်ရေး ကြေငြာစာတမ်းကို ထုတ်ပြန်ခဲ့ချိန်မှာ အမေရိကန်နိုင်ငံဖခင်ကြီးများကိုယ်တိုင် လူမည်းကျွန်ပေါင်းရာနှင့်ချီ၍ ပိုင်ဆိုင်နေကြဆဲဖြစ်ပါတယ်။

    မြန်မာနိုင်ငံတိုးတက်ပြောင်းလဲဖို့၊ စစ်အာဏာရှင်အောက်ကလွှတ်မြောက်ဖို့ဆိုတာ နိုင်ငံသားတိုင်းတာဝန်နှင့် စွမ်းဆောင်မှု-စွမ်းဆောင်ရည် ဖြစ်ပါတယ်။ အဝေးတနေရာကနေ စောင့်ဆိုင်းနေလို့ သင့်ပါမလား။ ပြန်လည် စဉ်းစားနိုင်ဖို့ မေတ္တာရပ်ခံချင်တယ်။

    လူ့အခွင့်အရေးမရှိလို့ အခြားနိုင်ငံမှာ လူ့အခွင့်အရေးပြည်ဝတဲ့ နိုင်ငံမှာသွားရောက်နေထိုင် ရှင်သန်ခြင်းက မိမိမွေရပ်မြေဇာတိ လွတ်မြောက်ဖို့၊ လူ့အခွင့်အရေးပြည့်ဝဖို့၊ လူငယ်တွေပြောတဲ့ အောင်မြင်မှု-စွမ်းဆောင်မှု၊ ဒီမိုကရေစီအရေးနဲ စစ်အာဏာရှင်ဆိတ်သုန်းဖို့၊ မကြိုက်နှစ်သက်တဲ့ နိုင်ငံမှာရှိနေတဲ့ စနစ်နဲအနိုင်ကျင့် လွှမ်းမိုးသူတွေကို လူငယ်တွေကမောင်းမထုတ်ဘဲ၊ မတည်ဆောက်ဘဲ၊ တိုင်းပြည်ဟာနေချင်းညချင်း အဝေးရောက်လူငယ် လိုချင်တဲ့မြင်ချင်တဲ့ အနေအထား အခင်းအကျင်း အခြေအနေ ဖြစ်ပမလားဆိုတာ စဉ်းစားပါ။

    ကျေးဇူးတင်လျက်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။