Pages

Sunday, June 5, 2011

အချိန်ရှိသေးတယ် နောက်ဆုံးလို့ နှုတ်မဆက်ခင်မှာ စဉ်းစားပါဦး.....

၁၉၇၄ခုနှစ်က မဟာရန်ကုန်မြို့ရဲ့ မြင်ကွင်းရုပ်သံဖိုင်ပါ..။
ပြည်တွင်းမှ စာဖတ်ပရိသတ် မိတ်ဆွေများ ၁၉၇၄ခုနှစ်က မဟာရန်ကုန်မြို့ရဲ့ မြင်ကွင်းရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?re1i10kcqerp6f9
သမိုင်းတရားခံ ဦးနေဝင်း အာဏာသိမ်းပြီး ၁၂နှစ်အကြာ မဟာရန်ကုန်မြို့ရဲ့ မြင်ကွင်းတွေပါ...။ ရန်ကုန်မြို့လယ်ကောင် မြင်ကွင်းတွေထဲမှာ လူမရှိတဲ့ သံတမာန်ကုန်တိုက်နဲ့ သိမ်ကြီးဈေးဝန်းကျင် .. ထိုစဉ်က ဆူးလေဘုရားလမ်းပေါ်မှာ ယခုလို သံဇကာတွေ ကာရံထားခြင်း မရှိပါဘူး။ ကန်တော်ကြီး ဝန်းကျင် မြင်ကွင်းများနဲ့ ထိုစဉ်က ဆောက်လက်စ ကရဝိတ်ဟိုတယ်ကို မြင်တွေ့နိုင်ပါတယ်...။

ပါလီမာန် ခေတ်ရဲ့ အကြွှင်းအကျန်တွေ ကုန်ဆုံးပြီး တစစ အာဏာရှင်ခေတ် ရုပ်လုံးတွေ ပီပြင်လာနေပြီလို့ ဆိုနိုင်တဲ့ အခြေအနေတွေပါပဲ..။ မြန်မာ့ သမိုင်းရဲ့ အရေးပါတဲ့ နှစ်ဖြစ်တဲ့ ၁၉၇၄ခုနှစ် မဆလရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုတဲ့ နှစ်ဖြစ်သလို နိုင်ငံဂုဏ်ဆောင် ဦးသန့်ရဲ့ရုပ်ကလပ်အား နိုင်ငံတော် ဈာပနအဖြစ် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချင်တဲ့ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူတွေ သွေးမြေကျခဲ့ရတဲ့ ဦးသန့်အရေးအခင်း ဖြစ်ပွားခဲ့ရတဲ့ ခုနှစ်လည်း ဖြစ်ပါတယ်..။ တစ်ချို့သော ပုဂ္ဂိုလ်တွေက ကွန်မာန့်တွေမှာ ရေးလာကြပါတယ်..။ အဟောင်းတွေကို ပြန်မဖေါ်ဖို့တို့ ပြီးခဲ့တာတွေ ပြီးပြီလို့ ဆိုတဲ့သူတွေ ရှိသလို ဒီထက်ဆိုးတာကတော့ ယခင်နဝတ၊ နအဖလုပ်ဆောင်ခဲ့တာတွေဟာ ယခုသိန်းစိန် အစိုးရနဲ့ မဆိုင်ဆိုပြီး မလိမ့်တပတ် သမိုင်းကို လိမ်ဖို့ ဖျောက်ဖျက်ဖို့ ကြံနေတာကိုလည်း မြင်တွေ့လာရပါတယ်...။

သမိုင်းဆိုတာ ဖျောက်ဖျက်လို့ မရသလို လုပ်ကြံဖန်တီးလို့လည်း မရပါဘူး...။ ဆရာကြီး ဒေါက်တာသန်းထွန်း ပြောသလို ကျွန်တော်တို့ မအအောင် လေ့လာသင်ယူရပါမယ်...။ ကျွန်တော်တို့ ငယ်စဉ် မဆလခေတ် သမိုင်းသင်ရိုး ညွှန်းတန်းတွေထဲမှာ အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ လူနဲ့လူ့ပတ်ဝန်းကျင် အညမည ဆိုတာတွေနဲ့ ကျင်လည်ခဲ့ရတာပါ....။ သမိုင်းစာအုပ် အမှန်တွေထက် ဆိုရှယ်လစ်အာဘော်တွေသာ ဖတ်ခဲ့ရတာပါ...။ နိုင်ငံတကာရေးရာဆိုတဲ့ မဆလထုတ် စာစောင်လောက်သာ ဖတ်ခဲ့ရပြီး ထိုစဉ်က စစ်အေးတိုက်ပွဲတွေကို အကြောင်းပြပြီး အမေရိကန်နဲ့ ဆိုဗီယက် စစ်အင်အား သတင်းတွေကြားထဲမှာ သူငယ်ချင်း မိတ်ဆွေ အချင်းချင်းတွေ သူဆိုဗီယက် ကိုယ်အမေရိကန်ဆိုပြီး လဖက်ရည်ဆိုင်တွေ ဆံပင်ညှပ်ဆိုင်တွေမှာ အရေမရအဖတ်မရ နိုင်ငံရေးအတွေးအခေါ်တွေ ကင်းမဲ့အောင် ရန်တိုက်ပေးထားတာ ခံခဲ့ရတဲ့ မဆလခေတ် အခြေအနေတွေပါပဲ...။

နဝတ၊ နအဖခေတ် ရောက်တဲ့အချိန်မှာလည်း အာဏာရှင်လက်အောက် သမိုင်းအမှန် ပြုစုရေးအဖွဲ့ကို ဖွဲ့ပြီး သေနတ်အောက်က သမိုင်းမှန်ဆိုပြီး အတင်းအကြပ် ပြုစေခဲ့တာပါပဲ...။ ဆိုလိုချင်တာကတော့ အာဏာရှင်ကြီး ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်တွေဟာ သမိုင်းမှန်တွေကို ဖျောက်ဖျက်ဖို့ ကြိုးစားလာတာပါပဲ...။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို တစတစ နောက်မျိုးဆက်တွေ မသိအောင် ပညာသားပါပါ လုပ်ဆောင်လာနေတာပါပဲ..။ အတိုချုပ်ပြောရရင်တော့ သမိုင်းတစ်ကွေ့ ဖြတ်ကျော်လာချိန်မှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှု မကောင်းမှု ဆိုတာတွေကို သမိုင်းကမှတ်တမ်း တင်နေမှာပါပဲ...။ မြန်မာပြည်ရဲ့ ခေါင်းဆောင်တွေဟာ အကျယ်ချုပ်၊ လုပ်ကြံခံရမှုစတာတွေနဲ့ ဇာတ်သိမ်းကြရပါတယ်..။ ဗိုလ်ချုပ်အောင်ဆန်းဟာ လုပ်ကြံခံခဲ့ရပေမယ့် သမိုင်းကောင်းခဲ့တဲ့ အတွက် နောင်နှစ်ပေါင်းများစွာလည်း အဓွန့်ရှည်တည်တံ့ သမိုင်းလှနေဦးမှာပါ...။ သီပေါဘုရင်၊ ဦးနေဝင်း တို့ကတော့ နောက်ဆုံးအချိန်မှာ အကျယ်ချုပ်နဲ့ နေခဲ့ရပြီး ဘဝဇာတ်သိမ်းခဲ့ရပါတယ်..။ ဦးနေဝင်း သမိုင်းမလှခဲ့တဲ့ အတွက် နောက်ဆုံးအချိန် နေအိမ်အကျယ်ချုပ်နဲ့ ဇာတ်သိမ်းရတဲ့ အချိန်မှာတော့ မြန်မာပြည်သူတွေ ဝမ်းနည်းပူဆွေးခြင်း မရှိခဲ့တာ မဆန်းလှပါဘူး။ ထို့အတူ သွားလေသူ ဇာတ်သိမ်းမကောင်းခဲ့တဲ့ အာဏာရှင် ဗိုလ်ချုပ်တွေအတွက် မည်သူမှ တမ်းတမ်းတတ ဝမ်းနည်းပူဆွေခြင်း မရှိသလို ဗိုလ်ချုပ်ခင်ညွန့် နေအိမ်အကျယ်ချုပ်နဲ့ နေနေရတဲ့အချိန်မှာတော့ မည်သူတစ်ဦးတစ်ယောက်မှ ဗိုလ်ချုပ်ခင်ညွှန့် လွှတ်ပေးရေးဆိုပြီး တောင်းဆိုတာ မရှိကြပါဘူး...။

နအဖရဲ့ ခေါင်းဆောင်ကြီး အာဏာရှင်ဦးသန်းရွှေဟာလည်း မလှမပခဲ့တဲ့ သမိုင်းရဲ့ ဒဏ်ခတ်မှုတွေကို မလွဲမသွေ ခံစားနေရမှာပါ...။ မိမိကွယ်လွန်ခဲ့သည် ရှိသော် ကျန်ရစ်ခဲ့မယ့် မိသားစု အရေးအတွက် စိုးရိမ်ပူပန်နေမှာတော့ အမှန်ပါပဲ...။ လောလောဆယ် မိမိသြဇာညောင်းသူတွေကို ရာထူးနေရာပေးပြီး အကာအကွယ် ယူထားပေမယ့် သမိုင်းရဲ့ ဒဏ်ခတ်မှုကို မလွဲမသွေ ရင်ဆိုင်ရမှာပါ..။ မလှမပခဲ့တဲ့ သမိုင်းကို မိမိလက်အောက်ငယ်သားတွေရဲ့ အကာအကွယ်နဲ့ အနာဂတ်ကို ရင်ဆိုင်ဖို့ ဆိုတာ တခဏပါပဲ...။ မမြဲတဲ့ သဘောတရားတွေပါပဲ..။ လက်ရှိအခြေအနေမှာ အချိန်ရှိပါသေးတယ်။ မလှမပခဲ့တဲ့ သမိုင်းနဲ့ နောင်လာမယ့် သားစဉ်မြေးဆက် လူတောသူတော တိုးနိုင်အောင် နောက်ဆုံးအချိန်မှာ သမိုင်းကောင်းအောင် လုပ်ဆောင်နိုင်ပါသေးတယ်..။ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးပြီး လွှတ်တော်နဲ့ သမ္မတသစ်တွေ ပေါ်လာလို့ ကျွန်တော်တို့ မြန်မာပြည်သူတွေ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြတယ်လို့ မကြားမိပါဘူး။ ကျွန်တော်တို့ မြန်မာပြည်သူတွေ အမျှော်လင့်ကြီး မျှော်လင့်နေတာကတော့ တီဗီဖန်သားပြင်နဲ့ သတင်းဂျာနယ်တွေထဲမှာ အတိုက်အခံခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အာဏာပိုင် အစိုးရလူကြီးတွေ ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေနဲ့ တဦးကို တဦးအာဃာသတွေ ကင်းစင်ပြီး တိုင်းပြည်အကျိုးအတွက် အကြိတ်အနယ် ဆွေးနွေးအဖြေရှာနေတဲ့ မြင်ကွင်းတွေပါပဲ...။ ထို့အတူ အမျိုးသားရင်ကြားစေ့ရေးနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာမယ့် မြင်ကွင်းတွေပါပဲ...။ ဒီလိုပြည်သူ့အပြုံး ပြည်သူ့ဆန္ဒကို လုပ်ဆောင် အကောင်အထည်ဖော်နိုင်တာ ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးတွေပါပဲ...။ ဘဝရဲ့နောက်ဆုံးအချိန်မှာ သမိုင်းလှအောင် လုပ်ဖို့ အချိန်ရှိပါသေးတယ်...။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ကြေလွယ် အေးလွယ် စိတ်သဘောထား ပြည့်ဝတဲ့လူမျိုးတွေပါပဲ..။

သာဓကအနေနဲ့ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက မိမိတို့အပေါ်နှိပ်စက် ညှင်းပန်းခဲတဲ့ ဖက်ဆစ်ဂျပန်ကိုတွေ စစ်ရှုံးလို့ ထွက်ပြေးလာချိန်မှာ အသက်အန္တရာယ် လုံခြုံအောင် ကာကွယ်စောင့်ရှောက်ပေးခဲ့ကြသလို စစ်ကြီးပြီးလို့ စစ်ပြေငြိမ်းရေး စာချုပ်တွေကို ချုပ်ဆိုခဲ့ကြရမှာလည်း တခြားသော တရုတ်၊ ကိုရီးယား ဂျပန်လက်အောက်ကို ကျရောက်ခဲ့တဲ့ နိုင်ငံများထက် အရင်ဦးဆုံး စာချုပ်ချုပ်ဆိုခဲ့ပြီး အာဃာသတွေ ချေဖျောက်ခဲ့တဲ့နိုင်ငံပါ...။ နောက်ဆုံးပြောလိုတာကတော့ တပ်ချုပ်ကြီးဟောင်း ဦးသန်းရွှေအနေနဲ့ ဘဝရဲ့နောက်ဆုံးအချိန်မှာ သမိုင်းလှအောင် လုပ်ဆောင်ဖို့ အချိန်ရှိပါသေးတယ်။ ကုန်လွန်ခဲ့တဲ့ အစွန်းအထင်းတွေနဲ့ သမိုင်းအပြင် မိမိမိသားစု စိတ်အေးချမ်းသာစွာ လူတောတိုး နေနိုင်သွားနိုင် လာနိုင်အောင် မိမိသြဇာညောင်းသူတွေရဲ့ တဒင်္ဂ မတည်မြဲတဲ့ အကာအကွယ်ထက် ရေရှည်တည်တံ့ သမိုင်းလှပမယ့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးစီးလုပ်ဆောင်ပေးဖို့ အချိန်ရှိသေးကြောင်းနဲ့ နောက်ဆုံးလို့ နှုတ်မဆက်ခင်မှာ စဉ်းစားပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်...။

ဒီမိုဝေယံ

6 comments:

  1. ဒီမိုဝေယံ အနေနဲ့ ဘယ်လိုပဲ တိုက်တွန်း တိုက်တွန်း သန်းခေါင် ထက် ညည့်မနက်တော့ တဲ့ ချီးထုတ် သန်းရွှေ အတွက် သံဝေဂ ရစရာ အကြောင်းမရှိတော့ ဘူးလို့ ထင်ပါတယ်။ သူ့ သားစဉ်မြေးဆက် ကတော့ သူ့ အကျိုးပေးနဲ့ သူ မကြာခင် ဝတ်လည်မှာ သေချာပါတယ်။ ပိုပြီး အံ့သြ ဘို့ ကောင်းတာ က သူ့ တပည့် ကျော်ကြီး ထိပ်ပြောင် ခေါင်းငြိမ့် အူးသိန်းစိန် က ပါ သံဝေဂ ရဘို့ သင့်ပါရက်နဲ့ ဆက်ပြီး မိုက်တွင်းနက်နေတာ ကိုပါ။

    ReplyDelete
  2. (သမိုင်းဆိုတာ ဖျောက်ဖျက်လို့ မရသလို လုပ်ကြံဖန်တီးလို့လည်း မရပါဘူး...။ ဆရာကြီး ဒေါက်တာသန်းထွန်း ပြောသလို ကျွန်တော်တို့ မအအောင် လေ့လာသင်ယူရပါမယ်...။)

    ယနေ့ ခောတ်လူငယ်များ အလိမ်မခဲရအောင် ဖတ်ရှုဖို့ နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ရဲ့ သမိုင်းကို ဖုံးကွယ်ထားပြီး ဒီမိုကရေစီ သမားများ အဖြစ် ဟန်ဆောင် လှုပ်ရှားနေတဲ့ ဒေါင်းယောင်ဆောင်သော ကျီးများအတွက်

    "သမိုင်းတကွေ့မှ ဗကပ ဥက္ကဋ္ဌ သခင်သန်းထွန်း" - သန်းဝင်းလှိုင်၊ ဇွန် ၄၊ ၂၀၁၁

    http://moemaka.com/index.php?option=com_content&task=view&id=9021&Itemid=1

    ReplyDelete
  3. ဒီသမိုင်းတွေ သင်သိပြီးပြီလား၊ အပြည့်အစုံကို ဒီမှာဖတ်ပါ။
    http://moemaka.com/index.php?option=com_content&task=view&id=9021&Itemid=1

    ၁၉၅၄ ခု သြဂုတ်လမှ ၁၉၅၅ ဇန်နဝါရီလအထိ ပခုက္ကူ၊ ဆိပ်ဖြူ၊ ပေါက် ၃ နယ်အစပ် ထွန်ရွာနှင့် သက်ကယ်ကျင်းရွာအနီး၌ သခင်သန်းထွန်းသည် ၆ လခန့် ခိုအောင်းနေထိုင်ပြီး ဗဟိုကော်မတီ အစည်းအဝေးကိုခေါ်ယူ၍ ၅၅ လမ်းစဉ်ကို ချမှတ်ခဲ့သည်။ ယင်းလမ်းစဉ်ကို သခင်လှမြိုင် (ဗိုလ်ရန်အောင်)က “သခင်သန်းထွန်း (၅၅) လမ်းစဉ်ကား ခင်ဗျား ခေါင်းထဲက ထွက်လာတဲ့လမ်းစဉ် မဟုတ်ဘူး၊ နိုင်ငံခြားကပို့ပေးလိုက်တဲ့ လမ်းစဉ်၊ ဒါ့ကြောင့် ဒီလမ်းစဉ် အောင်မြင်ရေးကို ခင်ဗျား ခေါင်းဆောင်နိုင်မှာ မဟုတ်ဘူး။ ဥက္ကဋ္ဌနေရာက ဆင်းပေးပါ” ဟု တောင်းဆိုခဲ့လေသည်။ ဤတောင်းဆိုမှုကို ကိုတုတ်၊ ကိုစိုးသန်း၊ သခင်ဖေတင့်နှင့်အဖွဲ့က ထောက်ခံခဲ့သည်။ မဲခွဲဆုံးဖြတ်သောအခါ သခင်သန်းထွန်းသည် ဥက္ကဋ္ဌတာဝန်မှ ဆင်းပေးရေး အဆိုသည် ရှုံးနိမ့်သွားသောကြောင့် ဥက္ကဋ္ဌရာထူး တည်မြဲခဲ့လေသည်။

    ထို့နောက် မြေအောက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဥက္ကဋ္ဌအဖြစ် သခင်သန်းထွန်းသည် နှစ်ပေါင်း ၂၀ ကျော်အထိ တာဝန်ယူခဲ့လေသည်။ ၁၉၆၃ သြဂုတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်းက ပါတီအတွင်းရေးမှူး ရဲဘော်ဌေး ခေါင်းဆောင်သော ပဏာမ တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ကိုစေလွှတ်ခဲ့ရာ သြဂုတ်လ ၂၈ ရက်နေ့တွင် ယင်းအဖွဲ့သည် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် စက်တင်ဘာလ ၂ ရက်နေ့တွင် အကြိုငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲ ပျက်ပြားသွားခဲ့သည်။ ၁၉၆၄ တွင် စစ်နိုင်ရေး၊ အာဏာသိမ်းရေး၊ ၆၄ လမ်းစဉ်ကို ချမှတ်ခဲ့ပြန်သည်။ ထို့နောက် သခင်သန်းထွန်းသည် ဖြုတ်၊ ထုတ်၊သတ် ပါတီတည်ဆောက်ရေး လမ်းစဉ်အမှားကို ချမှတ်ခဲ့သည်။ သို့ဖြစ် ၁၉၆၇ ဇွန်လ ၁၈ ရက်နေ့တွင် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ရဲဘော်ဌေးနှင့် ဗကပ ပေါလစ်ဗြူရိုအဖွဲ့ဝင် ရဲဘော် ဘတင် (ဂိုရှယ်) တို့ကို သခင်သန်းထွန်း၏အမိန့်ဖြင့် ရက်စက်စွာ သတ်ဖြတ်လိုက်ကြသည်။ တဖန် ယင်းနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဗကပ ဗဟိုကောင်မတီဝင် ဗိုလ်ရန်အောင် (ရဲဘော်သုံးကျိပ်) အား သခင်သန်းထွန်း၏အမိန့်ဖြင့် ဗဟိုစခန်းမှ တပ်နီအမျိုးသမီး အမြင့် (ခ) မစန်းဝင်းက ခြေထောက်ဖြင့် လည်မျိုကိုနင်း၍ သတ်ဖြတ်ခဲ့သည်။

    ယင်းနောက် ၁၉၆၈ ခု သြဂုတ် ၃၀ ရက်နေ့တွင် ပီကင်းပြန် ဗိုလ်ထွန်းငြိမ်းကို သတ်ခဲ့ပြန်သည်။ ထိုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဗကပမှ ကျောင်းသားခေါင်းဆောင်များ (လူထုဦးလှ၊ လူထုဒေါ်အမာတို့ ၏သား ဗကပပြောရေးဆိုခွင့်ရှိသူ ဖိုးသံချောင်း၏ အစ်ကို ကိုစိုးဝင်း အပါအ၀င်)ကို သတ်ဖြတ်ခဲ့ပြန်သည်။

    ထို့နောက် ၁၉၆၈ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၂၀ အချိန်တွင် တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနောက်ဘက်ခြမ်း ပဲခူးရိုးမအရှေ့စောင်း ကျောက်ချောင်း ကမ်းပါးရှိ တောင်ကျောလေးပေါ်တွင် သခင်သန်းထွန်းသည် အခင်းသွားနေစဉ် ကြုံတိတ် ခေါ် ရဲဘော်မြကြီး ဆိုသူက ရိုင်ဖယ်သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံသောကြောင့် သခင်သန်းထွန်း ပွဲချင်းပြီး ကျဆုံးသွားခဲ့ရသည်။

    သခင်သန်းထွန်းအား ရဲဘော်မြကြီး သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ပုံကို ၁၉၆၈ ခု နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ အသံလွင့်ရုံ၌ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းရှင်းလင်းပွဲ၌ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကောင်မတီဝင် ပဲခူးရိုးမတိုင်း ဥက္ကဋ္ဌ ဗိုလ်မှူးမြ ခေါ် ရဲဘော်မြသည် သတင်းစာဆရာများအား အောက်ပါအတိုင်း ရှင်းလင်းပြောပြခဲ့သည်။

    “လွန်ခဲ့သည့်စက်တင်ဘာ ၂၄ ရက်နေ့က မိမိတို့သည် တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနေက်ဘက် ရိုးမတောင်စွယ်တွင် ဗဟိုစခန်းချခဲ့ကြသည်။ ထိုနေ့ ညနေ ၅ နာရီကျော်ခန့်တွင် ဥက္ကဋ္ဌသခင်သန်းထွန်းသည် အခင်းကြီးစွန့်ရန် တောင်ခြေသို့ဆင်းသွားပြီး မကြာမီပင် သေနတ်သံ တချက် ကြားရသည်။ သေနတ်သံကြား၍ မိမိကလှမ်းအကြည့်တွင် လုံချည်ကို လက်နှစ်ဖက်ဖြင့် မကာ တောင်ခြေမှ ဗဟိုစခန်းပေါ်သို့ ပြေးတက်လာပြီး၊ “ဘယ်ကပစ်လိုက်တယ် မသိဘူး” ဟု တခွန်းသာ ပြောနိုင်သည်။ မိမိက သေနတ်သံလာရာကို လိုက်ကြည့်အပြီး ပြန်အလာတွင် သေဆုံးသွားသည်။ နစ်ဖြူ ဆေးမှူး ကိုလှမောင်၏ စစ်ဆေးချက်အရ သေနတ်ကျည်ဆန်သည် ဘယ်နံစောင်းက ဝင်ကာ ညာဘက်နို့အုံမှ ပေါက်သွား၍ နှလုံးထက်မှ သွေးကြောမကြီး ပြတ်သွားသည်ဟု သိရသည်။ ဆေး လုံးဝကုမရတော့ဘဲ ၅ မိနစ်တွင်း သေဆုံးသွားသည်။ ထိုညမှာပင် နစ်ဖြူ ဗဟိုစခန်းကို နေရာပြောင်းရွှေ့ကာ တရက်ခရီးသွားအပြီးတွင် သခင်သန်းထွန်း ၏အလောင်းကို လျှို့ဝှက်စွာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်း” စသည်ဖြင့် ပြောကြားသွားသည်။

    ReplyDelete
  4. ဗကပရဲ့  (၅၅)လမ်းစဉ်ဆိုတာဘာလဲ ဆက်လေ့လာကျပါအုံး၊

    ReplyDelete
  5. အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတာ အင်္ဂလိပ် လက်ချက်လို့  မြန်မာတစ်ပြည် လုံးကရော နိုင်ငံတကာကပါ သိကြတယ်။ NLD က ဒီလိုပြောတာ တစ်ခါမှ မကြားဖူးပါ။ ပြောခဲ့တဲ့ သမိုင်း အထောက် အထား ရှိရင် တင်ပြပေးပါအုံး။

    ReplyDelete
  6. {{ယနေ့ ခောတ်လူငယ်များ အလိမ်မခဲရအောင် ဖတ်ရှုဖို့ နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ရဲ့ သမိုင်းကို ဖုံးကွယ်ထားပြီး ဒီမိုကရေစီ သမားများ အဖြစ် ဟန်ဆောင် လှုပ်ရှားနေတဲ့ ဒေါင်းယောင်ဆောင်သော ကျီးများအတွက်}}

    NLDကိုထိ၍တုံ့ပြန်မှုပြုခြင်းမဟုတ်မှန်းပထမဦးစွာပြောပါရစေ။NLDနှင့်လည်း
    မည်သို့မျှပတ်သက်မှုမရှိပါ။နိုင်ငံနှင့်လူမျိုးအတွက်ပြောခြင်းတာဖြစ်ပါတယ်။ယခုကျောင်းသားများကအစNLDအပါအဝင်ပြည်သူလူထုတရပ်လုံးတောင်းဆိုနေ
    တာစစ်မှန်ပြီးတရားမျှတတဲ့ဒီမိုကရေစီနိုင်ငံဖေါ်ဆောင်ဖို့ဖြစ်ပါတယ်၊ခင်ဗျားစွတ်စွဲသလိုမျိုးဟုတ်ရိုးမှန်ရင်၁၉၈၈ကထဲကမေါ်စီတုန်းဝါဒ၊လီနင်ဝါဒကွန်မြူနစ်
    နိုင်ငံတည်ထောင်ရေးဆိုပြီးတောင်ဆိုကြမှာပေါ့ဗျာ၊ကျောင်းသားတွေနဲ့NLDဟာ
    မဆလနဲ့နအဖ(နဝတ)စနစ်ဆိုးရဲ့လက်အောက်ကတမျိုးသားလုံးလွတ်မြောက်ဖို့
    ရဲရဲဝန့်ဝန့်ဦးဆောင်ပြီးဆောင်ရွက်ခဲ့တယ်၊ယခုအထိဆောင်ရွက်လျှက်ရှိတယ်ဆိုတာဘယ်လိုမှငြင်းလိုမရပါ။အမှန်ကိုအမှန်အတိုင်းအရှိကိုအရှိအတိုင်းလက်ခံရမှာဘဲဖြစ်ပါတယ်။နိုင်ငံတစ်ခုလုံးဆင်းရဲတွင်းနက်ခဲ့တဲ့မဆလစနစ်ဆိုး၊ရိုးသားတဲ့တပ်မတော်ကိုခုတုန်းလုပ်အသုံးချနိုင်ငံကိုသူတို့အာဏာတည်မြဲရေးအတွက်တရုတ်ကိုရောင်းစား၊နိုင်ငံနဲ့လူမျိုးကိုတရုတ်ကွန်မြူနစ်နိုင်ငံရဲ့ကျွန်ဖြစ်အောင်လုပ်ခဲ့တဲ့နအဖအဖွဲ့ဆိုတဲ့အမျိုးသားသစ္စာဖေါက်တွေကိုတော်လှန်တာမှားလားဗျာ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။