Pages

Saturday, June 4, 2011

ဂျွန်မက်ကိန်း နေပြည်တော်သွားတာ ဘာထူးလဲ...???

ဂျွန်မက်ကိန်း နေပြည်တော်သွားတာ ဘာထူးလဲ...???
(ဆောင်းပါးရှင် သီတလ)
(၃၊၆၊၂၀၁၁) ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဂျွန်မက်ကိန်း နေပြည်တော်သွားပြီး ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နဲ့ တွေ့တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီအထဲက လိုရင်းအချက် နှစ်ချက်ပဲ တွေ့ရပါတယ်။

ပထမအချက်အနေနဲ့ ဂျွန်မက်ကိန်းက “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား နှစ်ထောင် ရှိတယ် လို့ ကြားသိရတဲ့အတွက် ICRC ကို လာရောက် လေ့လာခွင့် ပြုစေလိုပါတယ်တဲ့။ ဒါကို ဒုသမ္မတ က တုံ့ပြန်တဲ့နေရာမှာ- နိုင်ငံရေး အကျဉ်းသားများနဲ့ ပတ်သက်ပြီး ယခင်ပြောနေကြ စကားဖြစ်တဲ့ “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားများ မရှိပါကြောင်း” ဆိုတဲ့ စကားတစ်လုံးတည်းနဲ့ပဲ ပယ်ချပစ် လိုက်ပါတယ်။ ICRCကိစ္စကို တုံ့ပြန်တဲ့နေရာမှာတော့ “ကြက်ခြေနီအဖွဲ့အစည်းများကို ယခင်က လက်ခံ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သော်လည်း ၄င်းတို့အနေဖြင့် လုပ်ပိုင်ခွင့်အတိုင်း အတာထက် ကျော်လွန်ဆောင်ရွက်ခဲ့သည်များ ရှိခဲ့သည့်အတွက် ထပ်မံခွင့်မပြုတော့ ခြင်းဖြစ်ကြောင်း၊ သို့သော် အဆွေတော်အနေဖြင့် အလေးအနက်ထား၍ ဆွေးနွေးခဲ့ခြင်း ဖြစ်သည့်အတွက် မိမိတို့ဘက်မှလည်း အဆင်ပြေသည့်အချိန်တွင် စဉ်းစားဆွေးနွေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ဆိုပြီးတော့ တုံ့ပြန်သွားတာ တွေ့ရပါတယ်။ 

ဒီအချက်ကို သုံးသပ်ကြည့်ရင် နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသား အဖြစ်နဲ့ အသိအမှတ်မပြုခဲ့တာဟာ အရင်ကလဲ ဒီလို အခုလဲ ဒီလိုဘဲ ဖြစ်နေတဲ့ အတွက် သူတို့တွေ ပြန်လည်လွတ်မြောက်လာဖို့ လက်ရှိအစိုးရဆီက ဘာမှမျှော်လင့် လို့ မရဘူး ဆိုတာရယ်၊ နောက်ပြီး ICRC လာပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ဖို့ ဆိုတာကလဲ ကျားသနားမှ နွားချမ်းသာရမယ့် ကိန်းမျိုးဆိုက်နေတာရယ်၊ ဒါဘဲ တွေ့ရပါ တယ်။

နောက် ဒုတိယအချက် ဂျွန်မက်ကိန်းပြောတာက-“ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လအတွင်း ရန်ကုန်နယ်နိမိတ် ပြင်ပဒေသများသို့ ခရီးသွားရောက်မည် ဟုသိရှိရလို့ သွားရောက်ခွင့် ပြုမည်ဟု ယူဆပါကြောင်း” ဆိုပြီး ပြောပါတယ်။ ဒါကို ဒုသမ္မတက “ဒေါ်အောင်ဆန်းစုကြည်နှင့်စပ်လျဉ်း၍ ၄င်းအား သာမန် အရပ်သားတစ်ဦးအဖြစ် သဘောထားပါကြောင်း၊ သာမန်အရပ်သားတစ်ဦးအနေဖြင့် ဥပဒေနှင့်အညီ သွားလာ လှုပ်ရှားဆောင်ရွက်မှုများကို ကန့်သတ်ရန် မရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော် တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိုမူ အလေးထားစောင့်ထိန်းရန် လိုအပ်ပါကြောင်း” ဆိုပြီးတော့ တုံ့ပြန်သွားပါတယ်။ ဒီအချက်ကလဲ ရှင်းပါတယ်။ သွားချင်သွား၊ ဒီပဲယင်းလို ၀ိုင်းရိုက်တာမျိုး လုပ်ချင်လဲ လုပ်မယ်၊ ဖမ်းချင်လဲ ဖမ်းမယ်လို့ ပြောလိုက်တာပါဘဲ။ ဒီတော့ ဂျွန်မက်ကိန်း နေပြည်တော်သွားတဲ့အတွက် ဘာထူးသလဲ မေးရင် ပြည်သူတွေအတွက် ဘာမှ မထူးပါဘူး လို့ဘဲ ဖြေရမှာပါ။

ထူးတာကတော့ လက်ရှိအစိုးရအတွက် အတော့်ကို ထူးသွားပါတယ်။ ဒါကတော့ “မြန်မာနိုင်ငံသည် မှန်ကန်သော လမ်းကြောင်းအပေါ်တွင် ရောက်ရှိနေပြီ ဖြစ်သည်ဟု မိမိယုံကြည်လက်ခံပါကြောင်း၊ အမေရိကန်သို့ ပြန်ရောက်သည့်အခါ အမေရိကန် အစိုးရနှင့် လုပ်ဖော်ကိုင်ဖက်များအား မြန်မာနိုင်ငံနှင့် စတင်ဆွေးနွေးရန် လိုအပ်နေ ပြီဖြစ်သည်ကို အသိပေးပြောကြားသွားမည်ဖြစ်ပါကြောင်း” ဆိုတဲ့ ဂျွန်မက်ကိန်းရဲ့ စကားပါဘဲ။ ဒါဟာ လက်ရှိအစိုးရအတွက် သည်းခြေကြိုက်စကား ဖြစ်လို့ သတင်းစာမှာ စာလုံးမည်းကြီးနဲ့တောင် မျက်နှာဖုံးမှာ တင်ထားပါတယ်။ ကျွန်တော်တို့ မြန်မာ ပြည်သူ ပြည်သားတွေ အတွက်ကတော့ ဒီစကားဟာ တကယ့်ကို မင်္ဂလာ မရှိတဲ့စကား အကာလ ညအခါမှာ ကြားရတဲ့ ငှက်ဆိုးထိုးသံကြီးသာ ဖြစ်ကြောင်းပါခင်ဗျား။

သီတလ

6 comments:

  1. ဂျွန်မက်ကိန်းလို အမေရိကန် ဆီနိတ်တာ လာနိုင်အောင် ဗီဇာပေးခဲ့ တာကကို ပြည်သူတွေ အတွက် ထူးပါတယ်။ မြန်မာအစိုးရက ဗီဇာပေးလို့  ဂျွန်မက်ကိန်း နဲ့  NLD တွေ့ လို ရတာမလား။ မြန်မာအစိုးရ ကို ဗီဇာပိတ်ထားပေမဲ့ အမေရိကန် ဆီနိတ်တာ ကို ဗီဇာဖွင့်ပေးတာကကို ပြည်သူတွေရဲ့  အမြင်မှာ အစိုးရကို အကောင်းမြင်သွားပြီ။ အမေရိကန် အစိုးရကလဲ အကောင်းမြင်မှာပဲ။ အမေရိကန် ဆီနိတ်တာ ကို NLD နဲ့ရော ဒေါ်အောင်ဆန်းစုကြည် နဲ့ ရော တွေ့ မယ် ဆိုတာကို အစိုးရသစ်က မတားဆီး မပိတ်ပင်တာကကို ပည်သူတွေရဲ့  အမြင်မှာ အစိုးရက အမှတ်ရသွားပြီ။ “မြန်မာနိုင်ငံသည် မှန်ကန်သော လမ်းကြောင်း အပေါ်တွင် ရောက်ရှိနေပြီ ဖြစ်သည်ဟု မိမိယုံကြည် လက်ခံပါကြောင်း၊ အမေရိကန်သို့ ပြန်ရောက်သည့်အခါ အမေရိကန် အစိုးရနှင့် လုပ်ဖော်ကိုင်ဖက်များအား မြန်မာနိုင်ငံနှင့် စတင်ဆွေးနွေးရန် လိုအပ်နေ ပြီဖြစ်သည်ကို အသိပေးပြောကြားသွားမည်ဖြစ်ပါကြောင်း” ဆိုတဲ့ ဂျွန်မက်ကိန်းရဲ့ စကားကို အစိုးရ နဲ့ အမြင်မတူသူတွေကတော့ ဘယ်ကြိုက်မလဲ။ အစိုးရချင်း ပူးပေါင်းဆောင်ရွက်လာရင် နဂိုကရနေတဲ့ အထောက်အပံ့တွေ လျှော့သွားမယ် ဆိုတာ တွေးကြောက်နေပုံ ရတယ်။ အေးအေးဆေးဆေး နေလိုသူ ပြည်သူတွေအတွက် ထူးတာက အမေရိကန် ဆီနိတ်တာ လာပြီးတာနဲ့ အစိုးရနဲ့  အမြင်မတူသူတွေ ဘာသွေးကြွကျအုံးမလဲ လို့  တွေးပူကျတာပါဘဲ။ ဆူဆူပူပူ ဖြစ်လာမှာကို စိုးရိမ်တာပါဘဲ။ ဒုသမ္မတကတော့ ”ဥပဒေနှင့်အညီ သွားလာ လှုပ်ရှားဆောင်ရွက်မှုများကို ကန့်သတ်ရန် မရှိပါကြောင်း၊ သို့သော် လည်း နိုင်ငံတော် တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုမူ အလေးထားစောင့်ထိန်းရန် လိုအပ်ပါကြောင်း” ပြောလိုက်ပြီ။

    ReplyDelete
  2. အင်မတန် စိတ်ပျက်ဖို.ကောင်းပါတယ်.. နိုင်ငရေးအကျဉ်းသားတွေမရှိပါဘူးလို့ပြောတဲ. ဒုသမတ ဆိုတဲ့သူက လူလား ခွေးလား..

    ReplyDelete
  3. ဒီ ဘလော့မှာ ကော့မင့် ဘယ့်သူရေးရေး မရေးရေး ကြံ့ဖွတ် မအေ (-) တွေကတော့ မှန်မှန်လေး ဝင်ဝင်ရေးပြီး သတိပေးသလိုလို နားချသလိုလို လုပ်နေတာ ကိုတွေ့ရတော့ သခင်အားရ ကျွန်ပါးဝ ဆိုတဲ့ စကားပုံကို သွား သတိရပါတယ်။ အေး မင်းအမေ့လင် သန်းရွှေ သိန်းစိန် shit လုံး တို့ ကို ဖါးပြီး ရေးနေတာကို ငါကတော့ အော့နလုံး နာ သဟေ့။

    ReplyDelete
  4. “မြန်မာနိုင်ငံသည် မှန်ကန်သော လမ်းကြောင်း အပေါ်တွင် ရောက်ရှိနေပြီ ဖြစ်သည်ဟု မိမိယုံကြည် လက်ခံပါကြောင်း၊ အမေရိကန်သို့ ပြန်ရောက်သည့်အခါ အမေရိကန် အစိုးရနှင့် လုပ်ဖော်ကိုင်ဖက် များအား မြန်မာနိုင်ငံနှင့် စတင်ဆွေးနွေးရန် လိုအပ်နေ ပြီဖြစ်သည်ကို အသိပေးပြောကြားသွားမည်ဖြစ်ပါကြောင်း” ဆိုတဲ့ ဂျွန်မက်ကိန်းရဲ့ စကားဟာ မြန်မာပြည်ကြီး ကို တိုးတက်စေလိုသူ မြန်မာပြည်သူ ပြည်သားများ အတွက်ကတော့ တကယ့်ကို မင်္ဂလာ ရှိတဲ့စကားဖြစ်ပြီး အလွန်သာယာ နာပျော်ဖွယ် ဖြစ်ကြောင်းပါခင်ဗျား။

    ReplyDelete
  5. အမေရိကန်ပြည်ထောင်စု ရဲ့ တပ်မတော်သား အရာရှိ တစ်ဖြစ်လဲ ကနေ အမေရိကန်ပြည် ထောင်စု ရဲ့  ရွေးကောက်ပွဲမှာ အရွေးခံပြီး တက်လာတဲ့ အထက်လွှတ်တော် အမတ် မစ္စတာ ဂျွန်မက်ကိန်း က မြန်မာနိုင်ငံက ရွေးကောက်ပွဲမှာ အရွေးခံပြီး တက်လာတဲ့ လွတ်တော် အမတ်များနဲ့  တွေ့ တဲ့အခါ သူရဲ့  ရွေးကောက်ပွဲ မှာ ရှုံးနိမ့်ခဲ့တဲ့ အတွေ့အကြုံ အပါအ၀င် ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံ များကို ပြောပြတယ်လို့  ဖတ်ရှုသိရှိခဲ့ရပါတယ်။ လွှတ်တော် ကိုယ်စားလှယ် များသည် မိမိ၏ မဲဆန္ဒရှင်ပြည်သူများ နှင့် နီးနီးကပ်ကပ် နေပေးပါ ဆိုတဲ့ တိုက်တွန်းချက် စကား၊ မိမိတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်ရန် အရေးကြီး ပါကြောင်း၊ နှစ်နိုင်ငံအကြား တွေ့ဆုံ ဆေွး နွေးမူများ ဆက်လက် ရှိနေမည် ဟု မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အရေးကိစ္စ များအားလုံး အောင်မြင်ပါစေဟုဆန္ဒပြုပါ ကြောင်း ပြန်လည် ဆွေးနွေးပြောကြားတာတွေ ဟာ မြန်မာ ပြည်သူ ပြည်သားတွေ အတွက်ကတော့ တကယ့်ကို မင်္ဂလာ ရှိတဲ့စကားများ ဖြစ်ပါတယ်။

    ReplyDelete
  6. ဗကပတစ်ဖြစ်လဲ ဒီမိုဟန်ဆောင် တို့ ရဲ့  အမြင်နဲ့ မကိုက်ညီ တိုင်း ကော်မင့်ရေးသူတွေကို ကြံ့ဖွတ်လို့  ထင်တာကကို ဒီမိုဟန်ဆောင် တို့ ရဲ့ ကျဆုံးမူပါဘဲ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။