Pages

Friday, June 17, 2011

မြန်မာပြည်တွင်းမှ လူငယ်လူရွယ်များရဲ့ နိုင်ငံရေး အကျဉ်းသားများအလုံး ချွင်းချက်မရှိ လွတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်မှု (သတင်း၊ ဓာတ်ပုံများ)






နိုင်ငံရေး အကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများ ဆောင်ရွက်ကြရာတွင် ယနေ့ မနက်ပိုင်းက ရန်ကုန်မြို့နယ် အနှံ့တွင် တက်ကြွစွာ လှုပ်ရှား ဆောင်ရွက်နေကြသော လူငယ်လူရွယ်များ စုပေါင်း၍ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတစ်ရပ် အနေဖြင့် အများပြည်သူများ လက်မှတ်ရေးထိုး တောင်းဆိုမှု ပြုလုပ်ကြရန် ပန်ကြားထားသည့် စာများအား စာအိတ်များတွင် ထည့်သွင်းပေးပို့ခြင်းများ၊ အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရုပ်ပုံနှင့်တကွ ဖေါ်ပြထားသော “နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး” အစရှိသည့် စာသားပါ စာရွက်စာတမ်းများအား အများပြည်သူများ စည်ကားသွားလာရာ နေရာများတွင် ပေးဝေခြင်း ဖြန့်ချီခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြပါတယ်။

ဤလှုပ်ရှားမှုအား ဇွန်လ (၁၄) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင်လည်း ယခုကဲ့သို့ ထပ်မံဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ ပတ်ဝန်းကျင်တွင် လုံခြုံရေးများ တင်းကြပ်နေသည့်ကြားမှပင် အဆိုပါလူငယ်လူရွယ်များမှ အစုအဖွဲ့ များ ခွဲပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခုလှုပ်ရှားမှုနှင့် ပတ်သက်၍ -

"မထသ (၁၀၂) ကားပေါ်တွေ၊ ပန်းခြံတွေမှာပါ ဖြန့်ဝေပါတယ်။ ဒီအပြင် စစ်ရုံးဘေးမှတ်တိုင်တွေ၊ နဝဒေးရုပ်ရှင်ရုံရှေ့တွေ၊ (၂၉) လမ်း မဂိုလမ်းနဲ့ မြေနီကုန်းဘက်တွေမှာ ဖြန့်ဝေကြပါတယ်။ မြောက်ဥက္ကလာပက ဆေးရုံတွေရဲ့ စာသင်ဆောင်တွေမှာလည်း စာရွက်စာတမ်းတွေကို ကပ်ခဲ့ကြတယ်။ စာသင်ဆောင် ဆေးကျောင်းသားတွေနေရာ မြောက်ဥက္ကလာပက အထက (၁) နဲ့ (၂) ကျောင်းတွေဘက်ပါ ဖြန့် ဝေခဲ့ကြပါတယ်” လို့  ပြောကြားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု တစ်ရပ်အနေဖြင့် အများပြည်သူများ လက်မှတ်ရေးထိုး တောင်းဆိုမှုပြုလုပ်ကြရန် ပန်ကြားထားသည့် စာများအား စာအိတ် အရေအတွက် (၂၀၀၀) ၀န်းကျင် ဖြန့်ဝေခဲ့ပါတယ်။ စာထဲမှာ ရေးသားထားတဲ့ စာသားတွေကတော့ 

 “လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယခုကျရောက်မည့် (၆၆) နှစ်မြောက် မွေးနေ့တွင် အများပြည်သူများမှ ည (၇) နာရီတိတိအချိန်တွင် မိမိတို့ အိမ်ဘုရားတွင် ဖရောင်းတိုင် (၅) တိုင် ထွန်းညှိပြီး မွေးနေ့ဆုတောင်းပေးကြပါရန်နှင့် မြန်မာပြည်သူပြည်သားများ အတွက် စစ်မှန်သော ဒီမိုကရေစီ ရရှိဖို့ တိုက်ပွဲဝင်းရင်း အာဏာရူးများရဲ့ မတရားဖမ်းဆီးမှုကို ခံနေကြရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်စေဖို့ ဆုတောင်း မေတ္တာပို့ပေးကြပါရန် ဆိုပြီး ရေးသားထားပါတယ်" လို့  ပြောဆိုပါတယ်။

ယခုဆောင်ရွက်သော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုအား အဆိုပါ လူငယ် လူရွယ်များ အနေဖြင့် လက်ရှိလုံခြုံရေး တင်းကြပ်စွာ ချထားမှုများကြားထဲမှ ခက်ခက်ခဲခဲ လုပ်ကိုင်ကြရခြင်းဖြစ်တယ်လို့ လည်း ပြောဆိုပါတယ်။ "ကျတော်တို့ သူငယ်ချင်းတွေအားလုံး စုပေါင်းပြီး ၀ိုင်းဝန်းကူညီကြတဲ့ လူငယ်အားလုံးပေါင်း (၁၀) ဦးကျော်ကျော် ပါဝင်ပါတယ်။ နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ “နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်” ဆိုပြီး စာသားတွေပါတဲ့ စာရွက်တွေကိုတော့ လက်ကမ်းစာစောင်တွေ၊ နံရံကပ် စာရွက်တွေအနေနဲ့လည်း ပြုလုပ်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်၊ ပြီးတော့ အရင်က လုပ်ခဲ့ကြတဲ့ မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave – GW) ရဲ့ လုပ်ဆောင်မှုတွေကိုလည်း ကျွန်တော်တို့  လေးစားတယ် အားကျတယ်" လို့  အခက်အခဲများကြားမှ ဆောင်ရွက်ခဲ့ကြသူ လူငယ်လူရွယ်များထဲမှ တစ်ဦးက ပြောဆိုခဲ့ပါတယ်။

ယခုဆောင်ရွက်သော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု စုပေါင်းဆောင်ရွက်ခဲ့ကြသော လူငယ်လူရွယ်များမှာ ၂၀၀၇ ခုနှစ် “ရွှေဝါရောင်တော်လှန်ရေး သံဃာတော်များ လှုပ်ရှားမှု” မှ စတင်သန္ဓေတည် ပေါက်ဖွားခဲ့ပြီး ယနေ့ထိတိုင် အာဏာရူးများအား နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ပွဲဝင်နေကာ တိုင်းပြည်နှင့် လူမျိုး အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး၊ အမိမြန်မာနိုင်ငံ ငြိမ်းချမ်းသာယာရေးနှင့် မြန်မာပြည်သူပြည်သားများ လူ့အခွင့်အရေး ရရှိရေးအတွက် ဆောင်ရွက်ကြိုးပမ်းနေကြသော အမျိုးသားရေး စိတ်ဓါတ်ပြည့်ဝကြသည့် လူငယ်လူရွယ်များ ဖြစ်ကြပါတယ်။

ပေးပို့ပေးတဲ့ ကိုနစ်အား ကျေးဇူးတင်ပါသည်။ ပြည်တွင်းမှ အမျိုးသားရေး စိတ်ဓါတ်အပြည့်ဖြင့် လှုပ်ရှား ဆောင်ရွက်နေကြသော လူငယ်လူရွယ်များအား လေးစား ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

3 comments:

  1. ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု လွတ်လွတ် လပ်လပ် လှုပ်ရှား ဆောင်ရွက် နေတဲ့ လူငယ်များ အပါအ၀င် ပြည်သူလူထု အားလုံး အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် ရှေ့တန်း တစ်နေရာမှာ တိုင်းပြည်ရန်ကို အသက်ပေး ကာကွယ်စောင့်ရှောက်ပေးနေကျသော တပ်မတော်သား လူငယ် များအား ဂုဏ်ပြုပါတယ်။ ရဲဘော်မသေ သေသော်ငရဲမလား-ပါ။

    နေဒွန်း

    ReplyDelete
  2. နိုင်ငံရေးအကျဉ်းသားဆိုတာ တရားဝင်ပါတီထောင်ပြီး နိုင်ငံရေးလုပ်နေတဲ့သူတွေကိုမှ နိုင်ငံရေးအကျဉ်းသားလို့ခေါ်တယ်။ဥပမာ ဒေါ်စုကြည် ဆိုတာ နိုင်ငံရေးပါတီထောင်တဲ့သူမို့ သူမဟာ နိုင်ငံရေးအကျဉ်းသားလို့ခေါ်လို့ရတယ်။ပါတီလည်းမထောင် ရွေးကောက်ပွဲလည်းဝင်ထားတဲ့သူတွေမဟုတ်ပဲ နိုင်ငံရေးလိုလို ဘာလိုလိုနဲ့ သူများအော်ခိုင်းလို့ လိုက်အော်တယ် ပြည်သူပစ္စည်းတွေကို လိုက်ဖျက်ဆီးတယ် ဥပဒေကိုချိုးဖောက်တယ် ဒီအတွက်အရေးယူတယ်။ဒါကြောင့်အစိုးရပြောတာပေါ့ နိုင်ငံရေးအကျဉ်းသားမရှိဘူးပေါ့ မှန်တာပေါ့။

    ဒါကတစ်ခုပေါ့ နောက်တစ်ခုက နိုင်ငံရေးအကျဉ်းသားလွှတ်ခိုင်းတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ကပ်ထားပြီး ဖြန့်ဝေတာနဲ့က ဘာဆိုင်လဲ?မသိလို့မေးတာ။


    ဒိုးလုံး

    ReplyDelete
  3. နေဒွန်းcomment လေးစားပါတယ်
    ဒိုးလုံးမင်းဟာဉာဏ်ရည်ဉာဏ်သွေးအလွန်နိမ့်ကျတယ်လို့ယူဆတယ်၊နိုင်ငံရေးအကျဉ်းသား(ဝါ)ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူများဆိုတာကွာတပ်မတော်အနေနဲ့ဥပမာပေးရယင်၊မင်းအထက်လူကြီးကအမှားတွေလုတ်နေတယ်ကွာ၊မင်းတပ်နဲ့ရဲဘော်တွေမှာဒီအထက်လူကြီးရဲ့မညှာတာမှု၊လူမဆန်မှု၊ကိုယ်ကျိုးရှာမှု၊ဆုံးဖြတ်ချက်မှားမှုတွေကြောင့်ပျက်စီးဆုံးရှုံးတာတွေအထိခိုက်တွေများလာတယ်၊စိတ်ဓါတ်ကျလာတယ်၊ရည်မှန်းချက်တာဝန်ကိုမရောက်ရှိမအောင်မြင်တဲ့အပြင်မိမိတပ်နဲ့ရဲဘော်တွေမှာအန္တရာယ်တွေပိုများလာတယ်ကွာဒါကိုမင်းကအမှားတွေကိုထောက်ပြပြီးမှန်ကန်တဲ့နည်းလမ်းတွေကိုရှင်းပြတယ်၊တိုတိုပြောရရင်ကွာမင်းနောက်ဆုံးအမိန့်မနာခံမှု၊အထက်အရာရှိအားအကြည်ညိုပျက်စေမှုတို့နဲ့ထောင်ကျတယ်ကွာဒါကိုယုံကြည်ချက်ကြောင့်အကျဉ်းကျခံရတာလို့ခေါ်တယ်

    ဒါထက်ကျယ်ကျယ်ပြန့်ပြန့်နိုင်ငံနဲ့ယှဉ်ပြီးပြောယင်ကွာလူတစ်ယောက်ကအစိုးရဆိုတဲ့အဖွဲ့ရဲ့တိုင်းသူပြည်သားတွေအပေါ်မမျှတမှု၊နိုင်လွန်မင်းထက်ပြုမှု၊ကတိကဝတ်တွေဖေါက်ဖျက်တာတွေ၊ရိုးသားမှုမရှိတာတွေတရားမျှတပြီးပွင့်လင်းတဲ့ဒီမိုကရေစီမဖေါ်ဆောင်တဲ့အတွက်ထောက်ပြမှုတွေ၊တောင်းဆိုမှုတွေလုပ်တဲ့အတွက်အဖမ်းခံရပြီအကျဉ်းကျခံရယင်နိုင်ငံရေးအကျဉ်းသား(ဝါ)ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူလို့ခေါ်တယ်

ူသူတို့ဟာပါတီဝင်တွေလည်းဖြစ်ချင်ဖြစ်မယ်၊ပါတီဝင်မဟုတ်တဲ့သာမန်ပြည်သူ
    ပြည်သားတွေဖြစ်ချင်ဖြစ်မယ်ဒါပေမဲ့တူညီတဲ့အချက်ကတော့အမိနိုင်ငံကိုချစ်တဲ့အချက်၊အမိမြန်မာနိုင်ငံကိုချစ်လို့လည်းတိုင်းပြည်နဲ့လူမျိုးအတွက်ကိုယ်ကျိုးစွန့်ပြီးရဲရဲဝန့်ဝန့်လုပ်ဆောင်နေကြသူတွေကွ၊မင်းသာတကယ်အမိနိုင်ငံကိုချစ်ယင်သူတို့ကိုမစော်ကားပါနဲ့ကွာ...

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။