Pages

Monday, July 11, 2011

ယနေ့ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်မယ့် သမ္မတ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်ရဲ့ စာတမ်းဖတ်ပွဲ အခမ်းအနား အစီအစဉ် ဖျက်သိမ်း...

ကိုကျော်ရင်လှိုင် ခြေရာနင်းတဲ့ ဦးမြင့်
 ရေးသားသူ (ကိုအောင်မျိုးထွန်း)
ဓာတ်ပုံ မဇ္ဈိမ
ဖြစ်ပြီးမှ ပျက်တာဘဲ ကြားဖူးပါတယ်။ မဖြစ်ခင် ပျက်ပျက်နေတဲ့ ကိစ္စတွေထဲမှာ သမ္မတအကြံပေးကြီး ဦးမြင့်လည်း မှတ်တမ်းဝင်ခဲ့ပါပြီ။ ဟောင်ကောင်က နိုင်ငံရေးပါမောက္ခ ကိုကျော်ရင်လှိုင်ရဲ့ NLD မှာ ပို့ချမယ့် သင်တန်းလည်း အနီးကပ်မှအဖတ်ဆယ်မရ ဖြစ်ခဲ့ဖူးတယ်။ ကိုယ်ဝန်ဆောင်တွေ အဘောရှင်းဖြစ်သလို ကျွန်တော်တို့ ဆီမှာလည်း ပညာပေးသင်တန်းတွေ အသေတောင် မမွေးနိုင်တော့တာ စိတ်မကောင်းစရာပါ။ အခု ဦးမြင့်ရဲ့ ရွှေဂုံတိုင်ကပွဲကို NLD နဲ့မပတ်သက်သူတွေ၊ တခြား နိုင်ငံ့ဖွံ့ဖြိုးရေး စိတ်ဝင်စားသူတွေ သွားရောက်နားထောင်ဖို့  ဟန်တပြင်ပြင် ဖြစ်နေကြတုန်း အခုလို ပွဲပျက်သွားတဲ့အပေါ် မချိတင်ကဲ ဖြစ်ကြ ရပါတယ်။ ဘာ့ကြောင့် ပျက်ရတယ်၊ ဘယ်သူ့ကြောင့် ပျက်ရတယ်ဆိုတာ ဟိုလူ့ပုံချ၊ ဒီလူ့ပုံချ လုပ်မနေကြဘဲ ၀ိုင်းဝန်း အဖြေထုတ်ကြဖို့ လိုပါတယ်။ ဦးမြင့်ဘက်ကတော့ “မအားတော့လို့ပါလို့” အကြောင်းပြချက် ပေးတယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် ဒီဟောပြောပွဲသတင်းကို အတတ်နိုင်ဆုံး ဖုံးဖိထားဖို့ သဘောတူခဲ့ကြပေမယ့် ပါတီတာဝန်ရှိသူတချို့ရဲ့ မီဒီယာတချို့ထံ ပြောပြချက်တွေကို စီးပွားရေးပညာရှင် ဦးမြင့်အနေနဲ့ အစာမကြေခဲ့ဟန် တူတယ်လို့ ပွဲဖြစ်မြောက်လိုသူတို့က ဝေဖန်ကြပါတယ်။

ဦးမြင့်တို့ ကိုကျော်ရင်လှိုင်တို့ မေ့နေကြတာ တစ်ခုရှိပါတယ်။ ဒါဟာမြန်မာ့နည်း မြန်မာ့ဟန်ဒီမိုကရေစီနဲ့ ချီတက်နေတဲ့ ကြံ့ဖွံ့ အစိုးရ ဆိုတာပါဘဲ။ စစ်မှန်တဲ့ ဒီမိုကရေစီဆိုလား...။ လူထုအသံဆိုလား...။

အောင်မျိုးထွန်း
၁၁. ၇. ၂၀၁၁
ယနေ့နံနက်ပိုင်းက အဖွဲ့ချုပ်ရုံးကို လာရောက်ကြတဲ့ ပရိသတ်များအား တောင်းပန်ပြီး ပြန်လွှတ်နေရတယ်လို့ ဆိုပါတယ်...။ ရုံးမှ တာဝန်ရှိသူတချို့ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက် ပြောဆိုနေကြတယ်လို့လည်း ကြားသိရပါတယ်..။ ဒီအဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ တစုံတရာသော အကြောင်းအချက်တွေ ဖိအားပေးမှုတွေ ရှိနေမယ် ဆိုတာကတော့ လူတိုင်း သိပြီးဖြစ်ကြမှာပါပဲ...။ ခက်တာက ဆရာကြီးဦးမြင့်ဟာ သမ္မတကြီးဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင်ပါ...။ စီးပွားရေးဆိုင်ရာ စာတမ်းဖတ်ပွဲပါ..။ နိုင်ငံရေး တရားဟောပွဲ မဟုတ်ပါဘူး...။ မီဒီယာက သိလို့ဆိုတာထက် မသိအောင် ဖုံးဖိထားပြီး မသွားခဲ့ဘူး မဟောခဲ့ဘူးလို့ ပြောလို့ရတဲ့ အရာ မဟုတ်ပါဘူး။ ပွဲစီစဉ်ပြီးမှ ဖျက်လိုက်တာကတော့ အင်မတန်မှ အရုပ်ဆိုး အကျည်းတန်ပါတယ်...။ 

ဖိအားပေးခံရတယ် ဆိုတဲ့ အချက်ကို စဉ်းစားကြည့်ပြန်ရင်လည်း သမ္မတကြီးရဲ့ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင်တောင် ဖိအားပေးခံရတယ် ဆိုတာလည်း လူကြားလို့ ကောင်းတဲ့ အရာမဟုတ်ပါဘူး...။ သမ္မတကြီးရဲ့ စီးပွားရေး အကြံပေး ဆရာကြီးဦးမြင့်ကိုယ်တိုင် စီးပွားရေးစာတမ်း အတွက် Sanction ပိတ်ဆို့မှု ခံဘဝ ရောက်မရောက်ဆိုတာ စဉ်းစား ချင့်ချိန်စရာပါပဲ..။ ဒီအတိုင်းဆို ဆရာကြီးဦးမြင့်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးမှုတွေဟာလည်း ကန့်သတ်မှုတွေ ဘောင်တွေနဲ့ ထိန်းချုပ်ခံရမခံရ၊ အရာရောက် မရောက်၊ စောဒက တက်စရာ ဖြစ်မဖြစ်ဆိုတာပါပဲ..။ ဆရာကြီးဦးမြင့်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ဆိုတာ သမ္မတကြီးအတွက်  အမှန်တကယ် လိုအပ်တဲ့အဖွဲလား ဒါမှမဟုတ် အမည်ခံ ရုပ်ပြကောင်းအောင် လုပ်ထားတဲ့ အဖွဲ့လားဆိုတာကတော့....???

ဒီမိုဝေယံ

4 comments:

  1. ကိုအောင်မျိုးထွန်းနဲ့ဒီမိုဝေယံ အတူတူလားသိချင်ပါတယ်ခင်ဗျာ..။

    ReplyDelete
  2. (ဒီဟောပြောပွဲသတင်းကို အတတ်နိုင်ဆုံး ဖုံးဖိထားဖို့ သဘောတူခဲ့ကြပေမယ့် ပါတီတာဝန်ရှိသူတချို့ရဲ့ မီဒီယာတချို့ထံ ပြောပြချက်တွေကို စီးပွားရေးပညာရှင် ဦးမြင့်အနေနဲ့ အစာမကြေခဲ့ဟန် တူတယ်လို့ ပွဲဖြစ်မြောက်လိုသူတို့က ဝေဖန်ကြပါတယ်။)

    ဒီဟောပြောပွဲသတင်းကို အတတ်နိုင်ဆုံး ဖုံးဖိထားဖို့ သဘောတူခဲ့ကြပြီးမှ မီဒီယာကို ပြောပြတော့ ဒေါက်တာဦးမြင့်အနေနဲ့ အစာ မကြေခဲ့ဟန် ဖြစ်ရင်လဲ ဖြစ်မှာပေါ့။ ဒေါက်တာဦးမြင့်၏ ဆင်းရဲမွဲတေမှု ပပျောက်ရေး ဟာနဂိုကထဲက ရှိနေခဲ့တဲ့ အစိုးရ အကြံပေး မဖြစ်ခင် ကထဲက ရှိနေခဲ့ အကြောင်းအရာ တစ်ခုလို့  မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးသူတဦးလို့ ထင်ရှားတဲ့ ဒေါက်တာဦးမြင့်ဟာ ဘာဖြစ်လို့  ဆင်းရဲမွဲတေမှု ပပျောက်ရေး စာတမ်းဖတ်ပွဲကို အစိုးရ အကြံပေး မဖြစ်ခင်က မလုပ်နိုင်ခဲ့တာလဲ ဆိုတာ စဉ်းစားစရာပါ။ NLD မှာ မလုပ်ဖြစ်လဲ ဘယ်လိုဘဲ ဖြစ်ဖြစ် ဆင်းရဲမွဲတေမှု ပပျောက်ရေး ကို ရှေ့တန်းတင်လာတဲ့ စာတမ်းဖတ်ပွဲကတော့ အစိုးရက ဦးဆောင် ကျင်းပခဲ့လို့  အောင်မြင်သွားခဲ့ပြီး ဦးသိန်းစိန် ကိုယ်တိုင် ၈ နာရီကြာ ထိုင်ပြီး စိတ်ပါလက်ပါ နားထောင် ဆွေးနွေးခဲ့တယ် ဆိုတာလဲ သိရပါတယ်။ ဆက်လက်အကောင်အထည် ဖေါ်ဖို့ ဘဲ လိုပါတော့တယ်။

    ReplyDelete
  3. ဆရာကြီးဦးမြင့်ကို အကြံပေးပါရစေ။ သိန်းစိန် ကို ၈နာရီကြာ ပြောမနေပါနဲ့ ကျွဲပါးစောင်းတီးပါ။

    ၈လုံးပဲ ပြောလိုက်ပါ

    (ဗိုလ်ချုပ်တွေ ခိုးနေတာ ရပ်ပါ) လို့ ဆင်းရဲမွေတေမှု ပျောက်စေရပါမယ်.။

    ReplyDelete
  4. This comment has been removed by a blog administrator.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။