Pages

Wednesday, July 27, 2011

သူငယ်ချင်းထံ ပေးစာ (ဆောင်းပါးရှင် အောင်မျိုးထွန်း)

သူငယ်ချင်းထံ ပေးစာ
(ဆောင်းပါးရှင် အောင်မျိုးထွန်း)

ဘူးသီးတောင် အကျဉ်းထောင်
ရခိုင်ပြည်နယ်
၂၆၊ ဇူလိုင်လ၊ ၂၀၁၁ ခုနှစ်။


သူငယ်ချင်း မောင်ဌေးကြွယ်

မနေ့ နေ့လည်ခင်းက ရန်ကုန်မြို့ စိမ်းလဲ့ကန်သာဧည့်ရိပ်သာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံစကားပြောကြတယ်သူငယ်ချင်း။ သူတို့နှစ်ယောက် လူသိရှင်ကြား တွေ့ကြတော့မယ်လို့ သိရတဲ့အခါ မင်းကို ပြေးသတိရမိတယ်ကွာ။ မင်း ယောက်ဖတော် ဖြိုးမင်းသိန်းနဲ့ ဘူးသီးတောင် အကျဉ်းစခန်းကနေ ပါးလိုက်တဲ့ သူငယ်ချင်းရဲ့ သ၀ဏ်လွှာကိုလည်း ဧရာဝတီသတင်းက တစ်ဆင့် လွန်ခဲ့တဲ့ (၆)လ ကျော်လောက်တုန်းက ငါတို့တွေ သိခွင့်ရခဲ့တာလေးကို ပြန်တွေးဖြစ်မိတယ် ချစ်တီးရေ။

“ဆန်စင်ရာ ကျည်ပွေ့လိုက်နေလို့ မဖြစ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံဆွေးနွေးမှုကို မလွဲမသွေ လုပ်ရမယ်၊ ဒေါ်စုကို ၀န်းရံကြရမယ်” လို့ မင်းပြောခဲ့တယ်လေ။ မြန်မာ့နိုင်ငံရေး စိတ်ဝမ်းကွဲမှုတွေကို ရိုးသားစွာ ချုပ်ငြိမ်းလိုတဲ့ ဆန္ဒရှိကြတဲ့သူတိုင်းရဲ့  အနှစ်ချုပ်ပန်းတိုင်ကတော့ မင်းပြောတဲ့ စကားတွေပါဘဲ။

သူငယ်ချင်းရေ...

ခက်သားကလားကွာ။ တို့နိုင်ငံအနှံ့ ဗုံးတွေ ခပ်စိတ်စိတ် ပေါက်ကွဲကြတုန်းက မိတ်ဆွေတစ်ဦးရဲ့ သုံးသပ်ချက်လေးကို မင်းကို ပြောပြချင်ပါတယ်။ “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က သူတို့ လုပ်တာလို့ ၀န်ခံရင်တောင် ပြည်သူတွေက ယုံမှ ယုံကြပါ့မလားတဲ့”။ ဘယ်လိုလုပ်မလဲ ချစ်တီး။ ပြည်သူလူထုကြီးရဲ့ ယုံကြည်မှု၊ မယုံကြည်မှုကိစ္စဆိုတာ ကျောသပ်ရင်သပ် လုပ်လို့မရသလို၊ ဆူးခက်နဲ့ နာနာရိုက်လို့လည်း ရတာမှ မဟုတ် တာကွာ။ ဖြတ်သန်းမှုဘ၀တွေနဲ့ ရင်းရတယ်၊ ပြီးတော့ ထိုက်သင့်သလောက် အချိန်ယူရတယ်။ လွယ်လွယ်နဲ့ စံပယ်တွေ ပွင့်ရိုး ထုံးစံမရှိပါဘူး။

ည အိပ်ခါနီးတိုင်း၊ မနက် မျက်စိနှစ်လုံးဖွင့်လိုက်တိုင်း ထောင်ထဲရောက်နေကြတဲ့ မင်းတို့လို နိုင်ငံရေး အကျဉ်းသမားတွေကို ငါအမြဲသတိရတယ်။ တစ်ခါတစ်ရံ မင်းကို အိပ်မက်မက်တယ်။ အဲဒီ အိပ်မက်ဟာ ဆူးတစ်ချောင်းဆိုရင် တို့နိုင်ငံရဲ့ အတွင်းနက်နက်ကို ထိုးစိုက်နေတဲ့ ဆူးတစ်ချောင်းဘဲ သူငယ်ချင်း။ တို့နိုင်ငံဟာ ဆူးပေါင်းမြောက်မြားစွာ စူးနေရှာတဲ့ ဝေဒနာသည် နိုင်ငံကြီးပါကွာ။ လက်ထိပ်ခြေထိပ်မှာ ဆူးသေးသေးလေး စိုက်ဝင်နေရင်တောင် ခန္ဓာကိုယ်တစ်ခုလုံး နေရထိုင်ရပျက်နေသလို ခံစားရတယ် မဟုတ်လား။ မင်းတို့လို အရွယ်ကောင်း လူတော်တွေ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ ဝေးရာကို အပို့ ခံထားရလေသမျှ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေဆိုတာကို ငါတို့ စိတ်ဒုံးဒုံးချ မယုံနိုင်သေးဘူး။ ဘယ်လို တွေ့ဆုံဆွေးနွေးခြင်းကိုမှ အမြင်မကြည်လင် နိုင်သေးဘူးဆိုခဲ့ရင် ငါတို့ကို အဆိုးမြင်ဝါဒီလို့ တံဆိပ်ကပ်လည်း သေတဖန် သက်တဆုံးသာ ရှုမြင်လိုက်ကြရုံပေါ့ကွာ။ မင်းတို့ လွတ်မှ ဖြစ်မယ်။ အကျဉ်းထောင်နဲ့ မင်းတို့နဲ့ ဘာဆိုင်လို့လဲ။

ချစ်တီးရေ...

ရှစ်လေးလုံး နှစ်ပတ်လည်နေ့လည်း တစ်ကျော့ပြန် နီးလာပါပြီ။ ငါတို့အုပ်စုကို “မြန်မာနိုင်ငံတွင်းမှ သစ္စာဖောက် ပုဆိန်ရိုးများ”လို့ အခု ဖမ်းဆီးခံထားရတဲ့ ထောက်လှန်းရေး တပ်မှူးဟောင်း ဦးခင်ညွန့်က ပယ်ပယ်နယ်နယ် ဝေဖန်ခဲ့တာ ဒီကနေ့တိုင် မမေ့နိုင်သေးဘူး။ ပေါ်ဦးတို့ အုပ်စုကိုတော့ “ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ မြေပေါ်မြေအောက်လှုပ်ရှားမှု” ခေါင်းစဉ်အောက်မှာ သွတ်သွင်းထားတာလည်း ဦးခင်ညွန့်ဘဲ။ မင်းတို့ရော ဦးခင်ညွန့်ရော အခု ကြံ့ဖွံ့ အစိုးရရဲ့  အကျဉ်းသားတွေအဖြစ် ဘ၀တူနေကြပေမယ့် တချိန်ကျရင် “ပုဆိန်ရိုး၊ ကွန်မြူနစ်” ကိစ္စတွေလည်း ရှင်းလင်းဖြည်ထုတ်ဖို့ မဖြစ်မနေလုပ်ကြရဦးမယ်။ ဒါသည်လည်း ဆူးတစ်ချောင်း ဘဲလို့  ငါတို့ တွေ ယူဆထားပြီးသားပါ။

၈၈ လူထုအုံကြွမှုကြီးကို “ဒီမိုကရေစီရေး၊ လူ့ အခွင့်အရေး တောင်းဆိုကြခြင်း” ဆိုတဲ့ မြင့်မြတ်တဲ့ အခန်း ကဏ္ဍထဲက ဖယ်ရှားမောင်းထုတ်ချင်နေကြတဲ့၊ “ပုဆိန်ရိုး ကွန်မြူနစ်” ခေါင်းစဉ်ထဲ ဆွဲသွင်းထားချင်နေကြတဲ့ လူတစ်စု အခုထိ ရှိနေသေးတယ်ဆိုရင်တော့ ဧရာမအမှားဘဲလို့ ပြောလိုက်ပါရစေ။ မပြေလည်မှုတွေ၊ စိတ်ဝမ်းကွဲမှုတွေဟာ အဲဒီက စီးဆင်းလာတာဘဲသူငယ်ချင်း။ နိဂုံးချုပ်သွားလို့လား၊ အဆုံးသတ်နိုင်ခဲ့လို့လား။

“ပုဆိန်ရိုး ကွန်မြူနစ် တွေဟေ့၊ ရှောင်ကြရှားကြ” လို့ ဦးခင်ညွန့် ရိုက်နှိပ်ပေးခဲ့တဲ့  တံဆိပ်တွေကို ငါတို့ ပြည်သူလူထုကြီးက ယုံကြည်လက်ခံခဲ့ကြလို့လား။ ပြောခြင်းပြောရရင် ပုဆိန်ရိုး ကွန်မြူနစ်တွေသာ ပိုတိုးတိုး လာတယ်လို့ ဆိုရမလားဘဲနော်။ ရှစ်လေးလုံး လှုပ်ရှားမှုကြီးဟာ ဘယ်တော့မှ နွံမနစ်ဘူး။ ရာသီတွေပြောင်းပေမယ့် ငါတို့ သမိုင်း မနွမ်းဘူး၊ တည်စေခန့်စေရမယ်။

မောင်ဌေးကြွယ်ရေ...

ဘီဘီစီ သတင်းထောက်ကြီး ခရစ်တိုဖာဂါးနက်ကို သတိရတယ်ကွာ။ ၆- ၈- ၁၉၈၈ ရက်နေ့ က ဘီဘီစီ မြန်မာပိုင်းရဲ့ ညဘက် ထုတ်လွှင့်ချက်ကို သတိရတယ်ကွာ။ အဲဒီနေ့က အင်တာဗျူးမှာ ပါဝင်ခဲ့ကြတဲ့ သူတွေအားလုံးကို ဒီရက်ပိုင်းတွေ ရောက်လာရင် နင့်နင့်သီးသီး လွမ်းဆွတ်မိပါတယ်။ မင်းတစ်ယောက်ထဲသာ ကြံ့ဖွံ့အစိုးရရဲ့  အကျဉ်းစခန်းမှာ အချုပ်အနှောင်ခံထားရပြီး အများစုက နိုင်ငံခြားမှာ၊ ကျန်တဲ့ သုံးယောက်ဘဲ ပြည်တွင်းမှာ ရှိပါတော့တယ်။ မင်းကဖြင့် အလံတွေ လွှင့်တုန်း၊ လူးလွန့် နာကျင်တုန်း၊ တကယ့် သံမဏိစိတ်ဓာတ်နဲ့  ခရီးရှည်ထွက်နေတုန်း။

ဘယ်လိုတွေ ခံရမယ်၊ ဘာတွေ ပေးဆပ်ရမယ်ဆိုတာ လုံးလုံးမစဉ်းစားဘဲ ငါတို့ယုံကြည်ရာကို ရဲရဲဝံ့ဝံ့နဲ့ အရိုးရှင်းဆုံး လုပ်ခဲ့ကြတဲ့သမိုင်းကို နှစ်(၂၀) ကြာလာတဲ့အချိန်မှာ ချောင်ထိုးအရောင်ဆိုးပြီး ပုံဖျက်ချင်ကြ တဲ့ သမိုင်းဆရာဆိုး လူ့အန္ဓတွေကိုတော့ ငါတို့အနေနဲ့ တာဝန်အရ ဆက်လက် ရင်ဆိုင်သွားဦးမှာဘဲ။ ၈၈ သမိုင်းကို နေရာမှန် မရောက်သေးသရွေ့ ဆက်ပြီး တွန်းရွှေ့သွားနေရဦးမှာဘဲ။ မြန်မာ့လူ့ဘောင်က ထမ်းတင်ပေးလိုက်တဲ့ ၈၈ မျိုးဆက်တွေရဲ့  မပြီးပြတ်သေးတဲ့ တာဝန်တွေပါဘဲ။ လက်ရှိအစိုးရအနေနဲ့ လည်း ၈၈၈၈ သမိုင်းအပေါ် မဟုတ်မမှန် ၀ါဒဖြန့်မှုတွေကို ပြည်ဖုံးကားချသင့်ပြီလို့ငါတော့ ယူဆမိတယ်သူငယ်ချင်း။ ငါတို့နိုင်ငံရှေ့ ခရီးအတွက် ဘယ်လိုအပေါင်းလက္ခဏာမှ ထွက်မလာနိုင်တဲ့ အပြင် အညှိုးအတေးတွေသာ ဆင့်ဆင့် ပုံလာဖို့ရှိပြီး နိုင်ငံရေး စိတ်ဝမ်းကွဲမှု အက်ကြောင်းသာ ကြီးထွားလာလိမ့်မယ် မဟုတ်လား။ ကိုယ့်ဘက်ကို ကြည်ကြည်ပျပျမြင်စေချင်ရင် အဦးဆုံး ကိုယ်ကလည်း သူများဘက်ကို စိတ်ဖြောင့်အူရှင်း သဘောထားနိုင်ဖို့ လိုအပ်ပါတယ်။

ကုလားရေ...

ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတာဝန်ရှိ ၀န်ကြီးတစ်ယောက်နဲ့ တွေ့ဆုံတဲ့အပေါ် မင်းအနေနဲ့ ဘယ်လို မှတ်ချက် ပေးချင်သလဲလို့ မေးခွင့်ရရင် မေးချင်ပါတယ်။ မင်းမှ မဟုတ်ပါဘူး။ မြန်မာပြည်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေ အားလုံးရဲ့ အသံကိုလည်း ကြားချင်ပါသေးတယ်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘယ်သူနဲ့တွေ့တွေ့၊ ဘာတွေ လုပ်လုပ်၊ ဘာစကား ပြောပြော “ထောင်ထဲက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး” ဆိုတဲ့ လက်သီးဆုပ်ကို ဖြန့်မချ လိုက်ပါစေနဲ့ လို့  ငါတော့ အမှာစကား ပါးလိုက်ချင်တယ်ကွာ။

ကိုသန်းတင်ကြီး ဆေးရုံတင်ထားရတယ်သူငယ်ချင်း။

သူငယ်ချင်းအာနိုး
(အောင်မျိုးထွန်း)

2 comments:

  1. ဘယ်သူကဘဲ တံဆိပ်နှိပ်နှိပ် ကိုယ့်လိပ်ပြာကိုယ်သန့် ဖို့ အရေးကြီးတယ်။ မဟုတ်ရင် နာစရာမရှိ။ မဟုတ်ရင် လဲ မဟုတ်ကြောင်း အချက်အလက်နဲ့ ပြန်ပြောကျပေါ့။ တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုးဆိုတာလဲ မမေ့ကျနဲ့။ ဒေါင်းယောင်ဆောင်သော ကျီးများ မဖြစ်စေနဲ့။

    ReplyDelete
  2. “ထောင်ထဲက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး” ဆိုတာရဲ့အဓိပ္ပါယ်က ပတ်သက်ဖူးသူတွေ အတွက် ပို လေးနက်ပါတယ်။ ကိုယ်တိုင်သော်လည်းကောင်း။ ဆွေမျိုးမိသားစုတွေထဲကသော်လည်းကောင်းပေါ။ နာကျင်စွာပေးဆပ်ရမယ်လို့သိသိကြီးနှင့် ကိုယ်ကျိုးစွန့်ကြတဲ့ သူတွေကိုလည်း အစဉ်လေးစားအားပေးပါတယ်။

    ပိတ်ကားမချခင် ဇတ်လိုက်ဆိုတာနိုင်နေကျပဲ။ အမေရေအားတင်းထား ပိတ်ကားချချိန်ရောက်တော့မယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။