၁၉၈၉ခုနှစ် ဇူလိုင်လက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်က လူထုဟောပြောပွဲ တစ်ခု မြင်ကွင်းတစ်ခု ဘေးက အမိန့်ကို နာခံနေရတဲ့ တပ်မတော်သားတွေတောင် ဒေါ်အောင်ဆန်းစုကြည်ကို တအံ့တသြ ကြည့်နေရကြတဲ့ မြင်ကွင်းပါ...။ လူထုခေါင်းဆောင်အတွက် လူငယ်တွေ လက်နက်မပါ စိတ်ဓာတ်အင်အားနဲ့ ချွေးသံရွှဲရွှဲနဲ့ မကြောက်မရွံ လေးစားချစ်ခင်စိတ်နဲ့ အကာအကွယ် ပေးနေကြတာပါ...။
တပ်မတော်သားတွေလည်း ပြည်သူတွေပဲလေ... စံနစ်ဆိုးရဲ့သားကောင်ဖြစ်ရတဲ့ တမြေထဲနေ တရေတည်း သောက်နေသူတွေရဲ့ မြင်ကွင်းနှစ်ခုပါ...။ အကာအကွယ် ပေးနေရတဲ့ အခြေအနေ ကွဲပြား ကွာခြားချက်လေးပါ...။ ပြည်သူအတွက် အကာအကွယ် ပေးနေရတာလား အာဏာအတွက် အကာအကွယ် ပေးနေရတာလား။ အာဏာရှင်ကို လေးစားချစ်ခင် စိတ်ကြောင့် အကာအကွယ် ပေးနေရတာလား တာဝန်အရ အာဏာရှင်အတွက် အကာအကွယ် ပေးနေရတာလား ဆိုတာပါပဲ..။ (ဒီမိုဝေယံ)
ဆက်ပြီး ကြောက်နေကြဦးမယ်ဆိုလျှင်
ဆောင်းပါးရှင် (သီတလ)
၂၀၀၈-နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုဖို့လုပ်ကြတဲ့ ဆန္ဒခံယူပွဲကာ လတုန်းက ကျွန်တော့်ပတ်ဝန်းကျင်မှာ အသံမျိုးစုံ ပေါ်ထွက်နေပါတယ်။“သူ့အပိုင်မှာ နေတာဆိုတော့ ကိုယ်မကြိုက်ပေမဲ့လည်း သူ့ခိုင်းတဲ့အတိုင်း လုပ်ပေးရမယ်လေ။ ဒီလိုမှ မလုပ်ရင်….” ဆိုတဲ့ အပိုင်ရာအိမ်မှူးကို ကြောက်တဲ့အသံ၊ “ကိုယ့်အိမ်က ၀န်ထမ်း ရှိနေတယ်လေ၊ ဒီတော့..”ဆိုတဲ့ ၀န်ထမ်းအလုပ်ပြုတ်သွားမှာကို တွေးကြောက်တဲ့အသံ၊ “တို့ကတော့ ဒါကြီးကို ကြိုက်တာတော့ လုံးဝကို မကြိုက်ဘူး၊ လုပ်ငန်းကရှိနေတော့ သူတို့နဲ့က မကင်းနိုင်ဘူးလေ” ဆိုတဲ့ လုပ်ငန်းကို နှောင့်ယှက်ခံရမှာ ကြောက်တဲ့ လုပ်ငန်းရှင်ရဲ့အသံ၊ “ မဲရုံမှာ ဗွီဒီယိုကင်မရာတွေ ဘာတွေ တပ်ထားရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့ မဟာသူရဲကောင်းရဲ့အသံ စတဲ့စတဲ့ ကြောက်သံ လန့်သံ အတ္တကို ဗဟိုပြုပြီး တွေးကြတဲ့အသံ စိတ်ဆန္ဒနဲ့ လုပ်ရပ် ၀ိရောဓိ ဖြစ်နေကြတဲ့အသံတွေဟာ ပွက်ပွက်ကို ညံလို့ပါလား။
အဲဒီလိုနဲ့ ၂၀၁၀ ရောက်လို့ ရွေးကောက်ပွဲ ဆိုတာကြီးကို လုပ်ထည့်လိုက်ပြန် တော့လဲ အနှီးအသံတွေအပြင် “ တို့လမ်းက ကိုယ့်ဟာကိုယ်ဆိုရင် ဘယ်လိုမှ ခင်းနိုင်မှာ မဟုတ်ဘူးလေ၊ အခု သူတို့က ခင်းပေးမယ်ဆိုတော့…” ဆိုတဲ့ အသံကလဲ ထူးထူးခြားခြား ပေါ်ထွက်လို့လာပြန်ပါတယ်။ အော်…ဆိုပြီးတော့ဘဲ အာမေဋိတ်ခဲ့မိပါတယ်။ အခုလဲ အင်တာနက်စာမျက်နှာတွေမှာ အလားတူ အသံမျိုးတွေ ကြားနေရပြန်ပါ ပေါ့လား။ မြောက်ဥက္ကလာပ မှာ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုက အိမ်တစ်အိမ်ကို ငှားပြီး ပညာဒါန သင်တန်းကျောင်းကလေး ဖွင့်လှစ်ပါသတဲ့။ ဒါကို အာဏာပိုင်ဆိုတဲ့လူတွေကအဲဒီအိမ်ရှင်ကို မေးလားမြန်းလားလုပ်တော့ အိမ်ရှင်က ကြောက်ပြီး သူ့အိမ်ကို ဆက်မငှားတော့ပါဘူးတဲ့။ ဒါက တစ်ခု။
နောက်တစ်ခုကတော့ စက်တင်ဘာသံဃာလှုပ်ရှားမှုမှာ ထောင်ကျသွားတဲ့ သီလရှင်ဆရာလေးတစ်ပါး ထောင်ကလွတ်တော့ သီလရှင်လည်း ပြန်ဝတ်ခွင့် မရ။ အလုပ်ကလည်း မရှိနဲ့ ဒုက္ခရောက်နေလို့ သံဃာတော်တွေ သီလရှင်တွေကို ထောင်ဝင်စာသွားတွေ့နေတဲ့ မကြာခင်ကမှ ပြည်သူဂုဏ်ရည်ဆုရရှိခဲ့တဲ့ အန်တီဒေါ်ရှုက အပ်ချုပ် သင်တန်းကျောင်းတစ်ကျောင်းမှာ အပ်နှံပေးပါသတဲ့။ အဲဒီလိုအပ်နှံတာကို လက်ခံပြီးမှ အန်တီ ဒေါ်ရှု ပုံကို ဂြိုဟ်တုစလောင်းမှာ မြင်လိုက်ရလို့ ကြောက်လန့်ပြီး အန်တီဒေါ်ရှု လာအပ်သွားတဲ့ အဲဒီ သီလရှင်လူထွက် ကလေးကို လက်မခံတော့ပါဘူးတဲ့။ ဒီလိုသတင်းမျိုး ဒီလိုအသံမျိုးတွေကို ကျွန်တော်တို့ မကြာခဏ ကြားနေရတာပါ။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကာလတုန်းက ဆိုရင် တချို့သော ပါတီတွေ ပါတီရုံးခန်းဖွင့်ဖို့ ငှားထားတဲ့ အိမ်ကို အာဏာပိုင်ဆိုတာတွေက ဖိအားပေးတာတို့ ခြိမ်း ခြောက်တာတို့ လုပ်ကြတဲ့အတွက် အိမ်ရှင်က မငှားဝံ့တော့လို့ ပါတီတွေ အခက်အခဲကြုံရတာမျိုးတွေကိုလည်း ကျွန်တော်တို့ ကြားခဲ့ရပြီးပါပြီ။
နောက်ထပ်ကြားရတဲ့အသံကတော့ ပြည်မြို့က အသံပါ။ ဦးကျော်သူတို့ နာရေးကူညီမှုအသင်းက ပြည်မြို့မှာ သုခကုသိုလ်ဖြစ်ဆေးခန်း ဖွင့်ပါသတဲ့။ အဲဒီမှာ မူလတုန်းက ဆရာဝန်(၁၀)ယောက်လောက်က ကုသိုလ်ဖြစ် ၀င်ရောက် လုပ်ကိုင်ကြတယ်။ နောက်တော့ အာဏာပိုင်ဆိုသူတွေက ဆရာဝန်ကလေးတွေကို ဖိအားပေးတာမျိုးတွေ လုပ်လာတော့ ဆရာဝန်ကလေးတွေက ကြောက်လန့်ပြီး နောက်ဆုတ်သွားကြလို့ ဆရာဝန်ကြီး တစ်ဦးသာ ကျန်ပါတော့တယ်တဲ့။ အော် ကြားရ ကြားရ နားဝမှ မသက်သာပါတကား။
အကြောက်တရားအောက်မှာ ဆယ်စုနှစ် ငါးခုလောက် ဖြတ်သန်းခဲ့ကြရတဲ့ အတွက် ကိစ္စတစ်ခုပေါ်လာတိုင်း ကြောက်စရာကိုဘဲ ပြေးပြေး မြင်နေကြတာဟာ အလေ့အကျင့်ကြီးကို ဖြစ်ပြီး အမြစ်တွယ်နေတာ အတော်ကို စိတ်မကောင်းစရာပါ။ ဒီအမြစ်ကို ပယ်နှုတ်ပစ်ဖို့ဆိုရင် အုပ်ချုပ်သူတွေ ကိုယ်တိုင်က ပြည်သူတွေ မိမိမှန်တယ်ထင်ရာကို ပြောရဲဆိုရဲ လုပ်ရဲ ကိုင်ရဲ ရှိလာအောင် တက်တက်ကြွကြွနဲ့ ဦးဆောင်လမ်းပြပြီး ကြိုးစားကြရမှာပါ။ ဒီလို ကြိုးစားမယ် ဆိုရင်တောင်မှ အချိန်တော့ အတော်ယူရပါလိမ့်မယ်။ ခု ဖြစ်နေတာက အုပ်ချုပ်သူဆိုတာကလဲ သိတဲ့အတိုင်း ပြည်သူကို အစွမ်းကုန် ဖိနှိပ်ဖို့ အကြောက်တရားအောက်မှာ ပြားပြားမှောက် နေဖို့လောက်သာ အားစိုက်နေကြတာဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ် အရေးဟာ အတော်ကို ရင်လေးစရာကောင်းလှပါတယ်။
ဒီကြားထဲကမှ အကြောက်တရားကို မျက်ကွယ်ပြုပြီး ဘ၀တူပြည်သူတွေ အကြောက်တရားအောက်က လွတ်မြောက်စေဖို့ လှုပ်ရှားနေသူတွေ ရှိနေသေးတာကိုက ၀မ်းမြောက်စရာပါ။ ဒါပေမဲ့ ဒီပုဂ္ဂိုလ်တွေရဲ့ လှုပ်ရှားမှုဆိုတာကလဲ အမြဲတမ်း စောင့်ကြည့်ခံ နေကြရတာဆိုတော့ အတိုင်းအတာတစ်ခုအထိဘဲ လှုပ်ရှားလို့ ရနိုင်မှာပါ။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ပြည်သူတွေ ဘက်ကလည်း နိုင်ငံရေးသမားတွေလို မလုပ်နိုင်ကြသည့်တိုင်အောင် ကိုယ့်ရှေ့ရောက်လာတဲ့ ကိုယ့်တာဝန်ကိုတော့ ကိုယ်ကယူရဲဖို့ လိုလိမ့်မယ်ထင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှု နိုင်ငံတစ်နိုင်ငံရဲ့အပြောင်းအလဲ ဆိုတာထိုနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေ မပါဝင်ဘဲနဲ့တော့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်း တစ်ခု အပြောင်းအလဲဆိုတာ လူ့တစ်ဦးချင်းဆီရဲ့ လက်ထဲမှာ ရှိနေပါ တယ်။
လူ့တစ်ဦး ချင်းစီက ကြောက်လို့၊ ဘာလို့၊ ညာလို့ဆိုပြီးတော့ ကိုယ့်အတ္တကိုဘဲ ဗဟိုရ်ပြုနေကြမယ် ဆိုရင်တော့ နောက်နှစ်ပေါင်း ဘယ်လောက်ကြာကြာ ဒီအခြေအနေထဲက ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ကျွန်တော်တို့ ပြည်သူတွေဘက်ကလဲ မျက်စိဖွင့် နားစွင့်ပြီး ကိုယ့်တာဝန်ကိုယ် ကျေသင့်ကြတယ်လို့ ပြောချင်ပါတယ်ဗျာ။
ဒီနေရာမှာ မော်လမြိုင်စာပေဟောပြောပွဲတုန်းက ဆရာအော်ပီကျယ် ပြောသွားတာလေးကို တော်တော် သဘောကျလို့ မျှဝေပေးလိုက်ပါရစေဦး။ ဆရာပြောသွားတာကတော့-
“ကျွန်တော်တို့က လူထု လူ့အဖွဲ့အစည်းလို့ ပြောလိုက်တာနဲ့ ကိုယ်က ရောယောင် ပါသွားတယ်ဗျ။ တကယ့်တကယ်က အဲဒီလူထုတို့ ခုလို ပရိသတ်တို့ ဆိုတဲ့ဟာ စကားလုံးအားဖြင့်တော့ ကောင်းတယ်။ ဆိုပါတော့ဗျာ၊ ဟို ဘတ်စကားပေါ်တက်ရင် သူများ တတောင်နဲ့တွတ်ပြီး ကျော်တက်တဲ့လူတို့ လက်မှတ်တိုးရင် ကျော်တက်တဲ့လူတို့ ဟိုလစ်ရင် လစ်သလို ကွမ်းတံတွေး ဗျစ်ကနဲ ထွေးတဲ့လူတို့ အဒီလို အကျင့်မကောင်း သောလူတွေ တစ်ယောက်ချင်း ပေါင်းထားသော လူထု ဖြစ်တော့ ဘာလုပ်မှာတုန်း။ အဲဒီလူထု ဆိုသောဟာသည် တစ်ယောက်ချင်း ကောင်းရမယ်ဗျ၊ လူထု ဆိုတာသည် လူ့အဖွဲ့အစည်း ဆိုတာသည် တစ်ယောက်ချင်း ကောင်းရမယ်၊ တစ်ယောက်ချင်း အသိပညာ ရှိရမယ်။ လူတွေ အကုန်ပေါင်းလိုက်တာနဲ့ အသိပညာကြီး ရှိသွားတာ မဟုတ်ဘူး။ လူတစ်ဦးချင်း အသိပညာရှိသော လူ့အဖွဲ့အစည်း ကျွန်တော်က ဖြစ်စေချင်တော့တာ။ ဘာလို့လဲဆိုတော့ စောစောက မကြာသေးပါဘူး။
ရွေးကောက်ပွဲတွေ ဘာတွေလဲ ပြီးသွားပါပြီ။ လူတစ်ဦးချင်းကလေ အသိဥာဏ်ရှိရဲ့လား လို့တောင် ကျွန်တော် တစ်ခါတလေ မေးယူရတယ်နော်။ ကျွန်တော်က ဘယ်သူ့ထဲကို ဘာလုပ်တယ်တွေ ဘာတွေ မလိုပါဘူး။ မိမိရဲ့သိက္ခာ၊ မိမိရဲ့ ဦးဏှောက်၊ မိမိရဲ့သီလကိုတော့ မိမိကိုယ် ကိုမိမိထိန်းဖို့လိုတယ်။ “ဟင်း သိဘူးလေ၊ သူများလိုဘဲ ဟင်း” အဲဒါမျိုး လူထုကို တော့ ကျွန်တော်က မလိုချင်ဘူးဗျာ။ လူထုဆိုတာ လူတစ်ဦးချင်း တစ်ဦးချင်းကောင်းတဲ့ လူတွေပေါင်းမှ လူထုကောင်းဖြစ်မှာပေါ့။ လူညံ့တွေပေါင်းပြီး လူထုကောင်းကြီးတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်။” တဲ့။
သီတလ

အင်း....အတော်သတ္တိကောင်းတဲ့စာရေးဆရာ။ တရားကျစရာပဲ။
ReplyDeleteအေးရာအေးကြောင်း ကိုယ့်တ၀မ်းတခါးကို မနည်းရုန်းနေရတဲ့ သူတွေကြတော့ "ကြောက်လွန်းတယ်" တဲ့။ ကျားကြောက်ရ ကျားချီးလည်းကြောက်ရ ဘ၀တွေကိုမှ မစာနာ "ကိုယ့်တာဝန်ကိုယ်ကျေ" တဲ့...။ သူဖြစ်ချင်တာဖြစ်ရဖို့  အများသူငါ ဘ၀ပျက်ခံပေးရဦးမယ့်ပုံ...။ သူတို့ လုပ်သမျှ မကူညီရင်၊ သူတို့ နဲ့ အလိုမတူရင် "နိုင်င်ငံသားတာဝန်" ပဲမကျေတော့သလိုလို...။လာလာချေသေး။ ကျုပ်တို့ ကတော့ ကြောက်တာကို ကြောက်တယ်လို့ ပြောရဲပါတယ်ဗျာ..။
ခင်ဗျားတို့ လို အစိုးရလက်လှမ်းမမှီရာအရပ်က အော်နေကြတဲ့ အွန်လိုင်းသူရဲကောင်းတွေ ပြည်တွင်းကိုလာပြီး ရှေ့ ကနေ ဦးဆောင်ပါ။ ရေးပါ၊ ဖြန့် ဝေပါဗျ။ ကီးဘုတ်ပေါ်လေသေနတ်ပစ်နေမယ့်အစား အများပြည်သူကို ပေါ်ပေါ်တင် ဟောပြောလှုံ့ ဆော်ပါလားဗျာ။
ကိုယ်မသောက်ရဲတဲ့ ဆေး၊ သူများကို အတင်းကျွေးနေတယ်။ အာဂသတ္တိရှင်ပဲ။
ကိုဒီမိုဝေယံရေ..
ReplyDeleteခင်ဗျားတို့ ဘလော့ဂ် ကလည်း အစိုးရ စိစစ်ရေးနဲ့ သိပ်မထူးပါလားဗျ...။
ပထမတစ်ကြိမ်တင်ထားတာကို ဖျက်ပစ်လို့ ...အခုထပ်တင်လိုက်တယ်ဗျာ...။
ထားပါတော့.... နည်းပညာချွတ်ယွင်းချက်ကြောင့်ဖြစ်ပါလိမ့်မယ်...။
နီးရာဓါးကြောက်နေရတဲ့ သာမန်လူထုကို ကိုယ်ချင်းမစာ
အပစ်တင်ချင်တဲ့၊ အစိုးရလက်လှမ်းမမှီရာ ကီးဘုတ်စစ်ဆင်ရေးပဲ
လုပ်ရဲတဲ့ စာရေးဆရာဖတ်ဖို့  ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါးလေးပါခင်ဗျ...http://hittai.net/?show=rm&fileid=43&t=home4&id=4
ဆိုကရေးတီးဆိုသူ ခင်ဗျား
ReplyDeleteခင်ဗျားရေးထားတဲ့ ကွန်မာန့်တွေမှ Spam တွေပါနေတဲ့ အတွက် ဘလော့ဂ်က Auto Spam ကိုပို့ပါတယ်...။ ခင်ဗျား စာတွေစီစစ်ရအောင် နေ့စဉ် ခင်ဗျားကွန်မာန့်တွေ ကိုယ်ဘာသာ ကိုယ်ဖတ်ကြည့်ပါ...။
တနေ့နေ့ကွန်မြူနစ်ဆိုပြီး လိုက်ပုတ်ခတ်နေတာကလွှဲပြီး ဘာမှ ထူမခြားနားပါ။ ဘာရည်ရွယ်ချက်နဲ့ ရေးနေတယ် ဆိုတာ ကိုယ့်ဘာသာ ကိုယ်ပြန်ဆန်းစစ်ပါဦး...။
အပြုသဘော ဝေဖန်ပါ... ကောင်းကောင်း ဆိုးဆိုး ကိုယ့်သမိုင်း ကိုယ်ရေးပါတယ်...။ ကျွန်တော့် ဘလော့ဂ်က အစိုးရသတင်းစာတော့ မဟုတ်ဘူးဗျာ.. အစိုးရကောင်းကြောင်းတော့ ရေးမှာမဟုတ်ဘူးဗျာ...။ အမှန်တရားအတွက် ဆိုရင်တော့ ကျွန်တော် ဘက်လိုက်တက်ပါတယ်...။
ကိုဒီမိုဝေယံရေ..
ReplyDeleteကျေးဇူးပါပဲခင်ဗျ...။ ဒီစာကို မမြင်ချင်ရင် ဖျက်ပစ်လိုက်လို့ ရပါတယ်။ စာဖတ်သူတွေ ရေးထားတဲ့ ပို့ စ်ကနေ လမ်းချော်သွားမှာ စိုးလို့ ပါ။ ခင်ဗျားကို တခါမှ လည်း "ကွန်မြူနစ်" ရယ်လို့ တံဆိပ်မကပ်ခဲ့ပါလားဗျာ...။
Socretes နာမည်နဲ့ ဘယ်သူ့ ကိုမှ ဘယ်တံဆိပ်မှ မကပ်ဖူးပေါင်ဗျာ။
အစိုးရသော၊ NLD သော ဘယ်ဘက်ကိုမှ ရာနှုန်းပြည့် ထောက်ခံပြီးမပြောမိပေါင်ဗျာ။ စာပါအကြာင်းအရာကို
မြင်သလိုဝေဖန်ဆွေးနွေးတာပဲရှိပါတယ်...။
ခင်ဗျားရဲ့ မျက်မှန်စိမ်းကိုချွတ်ကြည့်ဖို့ တော့လိုမှာပေါ့...။
အမှန်တရားဆိုတာ ကိုယ့်ကြည့်မှန်ထဲက ပုံရိပ်လားဆိုတာ စောကြောနေတဲ့
ကျောင်းသားတစ်ယောက်ပါခင်ဗျ...။
အကြောက်တရားနဲ့ ပတ်သက်လို. အမှန်တကယ်ဘယ်သူတွေကကြောက်သလဲဆိုတာကို ဝေဖန်စဉ်းစားစရာ နောက်ထပ်ဆောင်းပါးလေးပါခင်ဗျ....ဒါကတော့ "ဦးအောင်မျိုးထွန်း" ရဲ့ လက်ရာပါ...http://hittai.net/?show=rm&fileid=20&t=home15&id=12
ReplyDelete