Pages

Saturday, July 2, 2011

ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား (မောင်သစ်ဆင်း)


ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား
(မောင်သစ်ဆင်း)

ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲ သတိရနေမိပါတယ်။ မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက “မင်းတုန်းမင်းနှင့် ငါးခြောက်ပြား”ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော် ဆီမှာ ပညာသင်ကြားခဲ့ရတယ်။

တစ်နေ့မှာ အင်းသားကြီး ငကြူက ငါးခြောက်ပြားကြီးတစ်ပြား လာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်ကတော့ လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာ မယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။

မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေမေးမြန်း စုံစမ်းလို့ မရဘဲ ဗျာများနေခိုက် “ဟဲ့.. ငလွင် မရသေးဘူး လား”လို့ မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ဘဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက်ရတော့တယ်။ “ငလွင်.. လာခဲ့”လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော့် အသံက ကျောင်းသားအားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ် ၀င်သွားပါသတဲ့။ “ဟဲ့.. ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်းညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ၊ ဒီလိုလူက ငါးခြောက်ပြားလေး တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို ဘယ်လို လုံခြုံအောင် လုပ်နိုင်တော့ မလဲ”လို့မိန့်ပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။

ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်းတစ်ခု က စံကျောင်းဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလားလို့ အဓိပ္ပာယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ ၀င်လာပါတယ်။ အဖြေလွှာတွေကို စားပွဲပေါ် ဘုန်းခနဲ မြည်အောင် ပစ်ချလိုက်ပါတယ်။ ဆရာ့မျက်နှာက နီပြီး တင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီး ကြည့်တယ်။ တစ်တန်းလုံးကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ်လာတာပါလိမ့်လို့ တွေးနေကြပုံဘဲ။

ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကို ခေါ်ပြီး အတန်းရှေ့ထွက်ခိုင်းပါတယ်။ နောက်ဆုံး ခုံက ကျောင်းသားတစ်ယောက် ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီ့ကျောင်းသားကို ပေးလိုက်တယ်။

“ဒါ မင့်အဖြေလား”

“ဟုတ်ပါတယ် ဆရာ”

“အေး တစ်တန်းလုံးကြားအောင် ဖတ်စမ်း”

နည်းနည်း အံ့သြနေပုံနဲ့ ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင်တော့ စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို သူ မကြိုက်ကြောင်း၊ ဆုံးမမှု သဘောထားကို သံသယဖြစ်မိကြောင်း၊ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိ အလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုဉ်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က ပိုပြီး ကြီးမားနေနိုင်ကြောင်း ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက်အပြစ်ပေးစရာ မလိုကြောင်း၊ နားဝင်အောင် ဆုံးမလျှင် ရပါလျက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယဖြစ်စရာ ရှိကြောင်း၊ ဘုရားသားတော်တို့ မည်သည် ရသ တဏှာဖြင့် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲအောင် မှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေး ဆုံးမခဲ့ပေမယ့် မင်းတုန်းမင်းလက်ထက်မှာ အောက်မြန်မာနိုင်ငံတစ်ခုလုံးကို အင်္ဂလိပ်လက် ထိုးပေး လိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင်ကြောင်း.. အဲဒီလိုတွေ ဖြေထားတာဗျ။

တစ်တန်းလုံးကတော့ တခိခိနဲ့ရယ်ကြတယ်။ သူတစ်ကြောင်း ဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေ ရယ်လေ ဒေါသထွက်နေလေပါဘဲ။ ကျောင်းသားဖတ်ပြီးသွားတော့ ဆရာက သူ့ ကိုမေးတယ်။

“မင်း ငါ့ကို နောက်တာလား”

“ဟာ.. မဟုတ်ဘူးဆရာ။ ကျွန်တော် မေးခွန်းကို ဖြေတာပါ။”

“ကဲ.. အားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်ဆီ မေးမယ်၊ ကဲ.. မင်းကစ၊ သူဖြေတာ

မှန်သလား မှားသလား”

ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံ မရဘူး။ အဖြေရှင် ကျောင်းသားကို ကြည့်လိုက်၊ ဆရာ့ကို ကြည့်လိုက်၊ ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကို ကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လို ခံစားမိတာဘဲ။ ဒါပေမယ့် သူ့ လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေ့အောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံးလိုလိုလည်း ကျွန်တော့်လိုဘဲလို့ ထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင် သိသာပါတယ်။

“ဟေ့ကောင် ဖြေလေကွာ”

ရှေ့ ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင် ကျောင်းသားကို တစ်ချက် ခိုးကြည့်ပြီး ခေါင်းငုံ့ ချလိုက်တယ်။ တကယ်တော့ ဆရာက မှန်သလား မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ်လို့ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့အသက်တွေက “မှားတယ်လို့ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး”လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာဟာ ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ်ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါဘဲ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန် တူပါရဲ့။

“သူဖြေတာ မှားပါတယ်”

“ဟုတ်ပြီ၊ နောက်တစ်ယောက်”

“မှား.. အဲ.. မှားပါတယ်”

“နောက်တစ်ယောက်”

“မှားပါတယ်”

တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့် ရောက်လာပါတယ်။ ကျွန်တော် ထရပ်လိုက်တယ်။ အသက်တစ်ချက် ပြင်းပြင်းရှူလိုက်တယ်။

“မှားပါတယ်”

အဖြေရှင် ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကို စိုက်ကြည့်နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးလည်း အဲဒီလိုဘဲ။ လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းရှေ့မှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့်ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပါဘဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေသလိုဘဲ။ တစ်တန်းလုံးလည်း ကျွန်တော့်လိုဘဲ ခံစားနေရမှာပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။

ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာ့မှာ ဒီလို တပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ ခင်ဗျာ။ ဒါ ဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုခြင်း တူပါလျက်နဲ့ သူ့ လို မဖြေရဲခဲ့ရတာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့ရတာလဲ။

မောင်သစ်ဆင်း


(သင့်ဘ၀ မျက်နှာဖုံးဆောင်းပါးများ “တုတ်တစ်ချောင်း၏ အတ္ထုပတ္တိ”မှ ထုတ်နုတ်ဖော်ပြပါသည်)

ပေးပို့သူ ကိုအောင်မျိုးထွန်းအား ကျေးဇူးတင်ပါသည်...။

1 comment:

  1. “မယ်သဲလည်း မိဘုရားခေါင်မဖြစ်၊ ငါလည်း မင်းဆရာမဖြစ်” ဆိုတဲ့ ဆရာတော်ကြီးရဲ့ မိန့်ဆိုချက်ကလေး အဲသည်ဆောင်းပါး အဆုံးပိုင်းမှာ ပါတာကို မှတ်မိသလိုပါဘဲ။ မယ်သဲကိစ္စထားပါတော့၊ စံကျောင်းဆရာတော်ကြီး ဘာကြောင့် မင်းဆရာဖြစ်မလာသလဲ ဆိုတာလဲ စိတ်ဝင်စားစရာပါ။ မင်းတုံးမင်းကြီးက အထက်ကကျောင်းသားမြင်သလို ဆရာတော်ကြီးရဲ့ ရဿတဏှာနဲ့ယှဉ်တဲ့ဒေါသ အပါအဝင် ဓါတ်သိ ဖြစ်ရပ်လေးတွေအပေါ်မှာ သုံးသပ်ဆင်ခြင်ပြီး မင်းဆရာအဖြစ်နဲ့ မအပ်စပ်ဘူးလို့ သမာသမ နဲ့ဆုံးဖြတ်ခဲ့တာလား၊ ဒါမှမဟုတ် ငါးခြောက်ပြားကြောင့် ငါးဖယ်တေတေခံခဲ့ရတဲ့အပေါ် အာဃာတနဲ့ ဆုံးဖြတ်ခဲ့တာလား။ ပြီးတော့ သက်ဦးဆံပိုင်ဘုရင် အလောင်းလျာလေးကို ငါးဖယ်တေတေရဲတဲ့ ဆရာတော်ကြီးရဲ့ သတ္တိဟာ သူအကြောင်းပြသလို စေတနာကြောင့်လား၊ မောင်ကျောင်းသားသုံးသပ်သလို သီလဝန္တပုဂ္ဂိုလ်တစ်ဦးနဲ့ မလျော်ကန်စွာ ရဿတဏှာနဲ့ ဒေါသစရိုက် အားကြီးမှုကြောင့်လား။ အရိုက်ခံရသူဟာ မင်းတုံးမင်း မဟုတ်ဘဲ (သူ့အကို)ပုဂံမင်း အလောင်းလျာဖြစ်ခဲ့ရင်ရော ဒီရာဇဝင် ဘယ်လိုရေးဖြစ်လိမ့်မလဲ။ ပြီးတော့ သားတယောက် မဖြစ်စလောက်အပစ်ဖြစ်တာကို (ခုခေတ်စကားနဲ့) ကျွဲရိုက်နွားရိုက် ရိုက်နှက်ဆုံးမတဲ့အပေါ် ဖခင်သက်ဦးဆံပိုင် ဘကြီးတော်???မင်းတရားကြီး တစုံတရာစွက်ဖက်ခဲ့ခြင်းမရှိ (ရှိဟန်မတူ)ခဲ့တာ ဆရာဘုန်းတော်ကြီးကို ကြောက်လွန်းလို့လား။ မိခင်ဖြစ်တဲ့ မိဘုရားကရော ဘာတခုမှ (စာတင်လောက်အောင်) မစွက်ဖက်ခဲ့ဘူးလား စသဖြင့် တွေးတော ဆင်ခြင်စရာတွေ အများကြီးပါ။
    ဒါတွေဟာ အချက်အလက်အနေနဲ့ ဘာမှအရေးမပါသယောင်ရှိပေမဲ့ သမိုင်းကို ကြီးစွာ အထောက်အပံ့ဖြစ်စေနိုင်တဲ့ လူမှုဆက်ဆံရေးစံနစ်တခုရဲ့ အရေးကြီးလက္ခဏာတွေမို့ နက်နက်နဲနဲ လေ့လာတွေးခေါ် မြော်မြင်ချင့်ချိန်ပြီး လိုအပ်ရင်ပြုပြင်ပြောင်းလဲဘို့ ကြိုးပန်းသင့်ကြပါတယ်။
    ဒါနဲ့ဆက်စပ်ပြီး မိမိအမြင်ကို ပွင့်ပွင့်လင်းလင်း သုံးသပ်တင်ပြဝံ့တဲ့ ကျောင်းသား၊ မိမိအယူအဆနဲ့ မကိုက်ညီရင် ရှုတ်ချ (humiliate) အပစ်ပေးလိုတဲ့ဆရာ၊ ကိုယ်ပိုင်အတွေးအခေါ်ထက် ဆရာ့အရိပ်အကဲ ကိုသာအားပြုဆုံးဖြတ်လိုပြီး အပစ်မဲ့အညိုညင်ခံ ကျောင်းသားဘက်က တဦးတလေ ရပ်တည်ဖေးမဘို့ရာ ဝန်လေးကြတဲ့ အခန်းဖေါ်တွေ၊ ဒါတွေဟာ ဝမ်းနည်းဘွယ် စာသင်ခန်း တစ်ခန်းရဲ့ သရုပ်သကန်ပါဘဲ။ သည်အဖြစ် ဘယ်လောက်ကြာခဲ့ပြီလဲ။ မမေးသာမေးသာ ဆက်မေးရရင် ခုစာသင်ခန်းတွေရော ဘယ်လိုလဲ။
    ဒီလို အတွေးစာ(food for thought)မျိုး ရှာဖွေတင်ဆက်ပေးတဲ့ ကိုသစ်ဆင်း ကိုရော ဒီမိုဝေယံ ကိုရော ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့မှာ ဒါတွေလဲ အမှန်လိုအပ် နေတယ်လေ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။