Pages

Saturday, August 20, 2011

မနေ့ကတွေ့တဲ့သူနဲ့ ဒီကနေ့တွေ့တဲ့သူ မတူပါဘူးကွယ်...

 ယနေ့မြန်မာ့အလင်း သတင်းစာပါ... ဓာတ်ပုံ၊ သတင်း
ငယ်ငယ်တုန်းက သီချင်းလေးတပုဒ် ကြားဘူးပါတယ်...။ ဘယ်သူဆိုမှန်းတော့မသိ "မနေ့ကတွေ့တဲ့သူနဲ့ ဒီကနေ့တွေ့တဲ့သူ မတူပါဘူးကွယ်"  ဆိုလား...။ ဒီကနေ့ဖြစ်ပျက်နေတဲ့ မြန်မာပြည် သတင်းတွေကတော့ မျက်စိတွေလည်.. လမ်းတွေမှား အပြောင်းအလဲတွေက မြန်ဆန်... သာမာန် ပြည်သူတယောက်လိုပဲ သဘောထားပါတယ် ဆိုတဲ့ ကျွန်တော်တို့ လူထုခေါင်းဆောင်ကို အရပ်သားအစိုးရ ဆိုသူတွေက ချက်ချင်းလက်ငင်းကြီး နွေခေါင်ခေါင်မှာ မိုးရွာချသလိုလို တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက် ဆိုသလို လုပ်လိုလုပ်၊  နအဖ ခေတ်အဆက်ဆက် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ဘေးချိတ် ဖျောက်ဖျက်ထားရာက သမ္မတရုံးခန်းမှာ ချိတ်ပြလိုချိတ်ပြနဲ့ ကြည့်နေ၊ မြင်နေခံစားရတဲ့ ရသတွေကတော့ ရုပ်ရှင်ကြည့်နေရာက အခွေကို Slow Motion ပြောင်းပြန် ပြန်ရစ်ပြီး ပြန်ကြည့်နေရသလိုလို၊  ရှေးဟောင်း အသံတိတ်ကားတွေထဲက အမြန်ပြကွက်တွေကို ကြည့်နေရသလိုလို၊ ခြေလှမ်းတွေ နောက်ပြန်ဆုတ် မျဉ်းပြိုင်(၂)ကြောင်းကို အတင်းကောက်ကြောင်းပေးပြီး ဆုံခိုင်းသလိုမျိုးပေါ့...။ လူရွှင်တော်တွေ မျက်နှာလို မဲ့နေရာကရီ၊ ရီနေရာကမဲ့သလို အဖြစ်အပျက်တွေက မြန်ဆန်လွန်းပြီး ရသမျိုးစုံ ခံစားနေရပါတယ်...။
ဖြစ်ပျက်ခဲ့ဘူးတဲ့ သမိုင်းတွေကလည်း ရှိခဲ့ဘူးလေတော့ ကျားလာတယ် ကျား၊ ကျားဆိုပြီး အကျည်စားသန်တဲ့သူရဲ့ စကားကို အယုံအကြည် မရှိတော့တဲ့အတွက် တကယ့်ကျားလို့ ပြောလာချိန်မှာ လက်မခံကြတာ မဆန်းပါဘူး...။ တကယ့်တကယ် စေတနာကောင်းနဲ့ လုပ်ဆောင်နေပါတယ် ပြောတာတောင် မယုံကြည်ကြတော့ပါဘူး။ ဒါတွေဟာ ကိုယ်ပြုခဲ့တဲ့ အကျိုးတရားကြောင့် ဖြစ်ပေါ်လာတဲ့ အကြောင်းတရားတွေပါ..။ ကျွန်တော်တို့ လူထုခေါင်းဆောင်ဘက်က ပွင့်လင်းရိုးသားမယ် ဆိုတာ အထူးပြောစရာ လိုမယ် မထင်ပါဘူး...။ ကျွန်တော်တို့ ပြည်သူတွေ မြင်ချင်တွေ့ချင်တဲ့ မြင်ကွင်းတွေ မြင်ရတော့မှာလားဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည်လေး သန်းခဲ့ရသလို.. အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ ပြည်သူတွေအတွက် စတေးခံနေရတဲ့ မိမိတို့ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်နိုင်သေးတာကို စဉ်းစားမိပြန်တော့ တကယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ အတွေးတွေက ပြန်ဝင်လာပြန်ပါတယ်...။ ရဟတ်စီးနေရသလို အပေါ်ရောက်လိုက် အောက်ရောက်လိုက် ဖြစ်နေရတာပါ...။

မြန်မာပြည် တနှံတလျား အကျဉ်းထောင်တွေထဲမှာ မတရားအကျဉ်းကျခံ နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ တရက်စောရင် စောသလို အမြန် လွတ်မြောက်နိုင်ဖို့ အရေးကြီးလှသလို ဖြစ်ပေါ်လာမယ့် နိုင်ငံရေး ဖြစ်စဉ်တွေမှာလည်း... ပါဝင်ဆောင်ရွက်နိုင်ခွင့် ပေးရမှာဖြစ်ပါတယ်။ ယခုလောလောဆယ် သမ္မတကြီးရဲ့  အလွတ်သဘော ပြောဆိုခဲ့တဲ့ ပြည်ပရောက်နေသူတွေ မြန်မာပြည်ပြန်လာတာ၊ ပြန်မလာတာထက် ပြည်တွင်းကနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့က နံပါတ်တစ် အရေးကြီးပါတယ်...။ ကလေးမွေးခါနီး ကိုယ်ဝန်ဆောင် မိန်းမတယောက်က ကလေးမမွေးသေးပဲ နောက်ဗိုက်တလုံး ထပ်ယူဦးမယ်ဆိုတဲ့ သဘောမျိုး သက်ရောက်မနေဘူးလား..။  ပြည်တွင်းက နိုင်ငံရေးအကျဉ်းကျခံ နေရသူတွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့မယ်ဆိုရင် နတ်၊ လူ၊ သာဓုခေါ်ဆိုကြမှာ ဖြစ်သလို အများပြည်သူတွေရဲ့ ရင်ထဲက မတင်မကျဖြစ်နေတဲ့ မယုံကြည်မှုတွေကိုလည်း အထိုက်အလျောက် ဖြေဖျောက်ပေးနိုင်မှာ ဖြစ်ပါတယ်...။ 

ပထမအဆင့် အနေနဲ့ သမ္မတကြီးရဲ့ ကျား၊ ကျား၊ ကျားလာပြီဆိုတဲ့ စကားကို ကျွန်တော်တို့ ပြည်သူတွေ ယုံကြည်နိုင်ဖို့အတွက် ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေ ချွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ တောင်းဆိုလိုက်ပါတယ်..။ ဒုတိယအဆင့်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်နေသူတွေ ပြည်တော်ပြန်လာနိုင်ပြီး တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း အတူတကွ လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာပေးရင်တော့ ကျွန်တော်တို့ လက်ခံယုံကြည်မှာ ဖြစ်ပါတယ်....။

လောလောဆယ်မှာတော့ ကျွန်တော်တို့ ပြည်သူလူထုနဲ့ ပြည်ပရောက်နေသူတွေမှ သမ္မတကြီးတို့ အဖွဲ့ရဲ့ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေကို ယုံကြည်စိတ်ချစွာ လက်ခံနိုင်ဖို့ အတွက် သမ္မတကြီးမှ ပြည်တွင်းမှ အကျဉ်းကျခံ ရဟန်း၊ သံဃာများ၊ ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို အမြန်ဆုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးပြီး သမ္မတကြီးအနေနဲ့ "မနေ့ကတွေ့တဲ့သူနဲ့ ဒီကနေ့တွေ့တဲ့သူ မတူပါဘူးကွယ်" ဆိုတဲ့သီချင်းလေးကို လက်တွေ့ သက်သေပြပေးဖို့ တောင်းဆိုလိုက်ရပါတယ်..။

ဒီမိုဝေယံ

7 comments:

  1. တစ်ကယ်ကို မျက်လှည့်ဆန်ပါတယ် တစ်ကယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဆောင်းပါရှင်ပြောသလို သိပ်ကောင်းမှာပါ ပြောရမှာစောလွန်းနေသေးတယ်ဗျာ ပြောလဲ ပြောချင်တယ် ဘာပဲဖြစ်ဖြစ် လက်တွဲပြီးတော့ လုပ်ကြပါ အဲဒါမှ သူများနိုင်ငံတွေကို နောင်အနှစ်နှစ်ဆယ်လောက်ဆို မှီချင်ရင် မှီမှာလေ ဟုတ်တယ် ပြောသာပြောနေရတာ ကျွန်တော်တို့နိုင်ငံက တော်တော်လေးကို နောက်ကျ ကျန်ရစ်နေပြီလေ သိပ်ဝမ်းနည်းဘို့ကောင်းတာပဲ အဲလိုတွေတွေးလိုက်တော့ တော်ပါပြီ မပြောတော့ပါဘူး နားတာ အေးဆေးနားပါစေ ကြိုးတော့ မကိုင်ပါနဲ့လို့ မေတ်တာရပ်ခံချင်ပါတယ် ဒါပါပဲ

    ReplyDelete
  2. ကိုအောင်မျိုးထွန်းဆောင်းပါးမှာ လာရေးသွားတဲ့ အပြုသဘောစောင်ချင်သူတဲ့ ဒီစာကိုလဲ ဖတ်ပြီးသွားပါပြီလို့ယူဆပါတယ်။ ဝေဖန်ပါအုံး။ အခုစောင်းပါးကိုရော။

    ReplyDelete
  3. အဲဒီလို အမြဲမြင်ရရင် တကယ်ဖြစ်ရင် ကောင်းမယ်...
    ဒါပေမယ့် ဒီအစိုးရနဲ့ စစ်တပ်ကို မယုံဘူးဗျာ...
    မစ္စတာကင်တားနားလာမှာနဲ့ အာစီယံဥက္ကဋ္ဌနေရာအတွက်ကြောင့် ဒီလိုချက်ချင်းကြီးပြောင်းလဲသွားတာ ဖြစ်ရမယ်...
    ကျွန်တော် အသေအချာထပ်ပြောမယ်...
    အမေစုနဲ့ NLDပါတီဝင်လူကြီးများ သတိထားပြီးဆက်ဆံကြပါ...

    ReplyDelete
  4. အနောက်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ဓာတ်ပုံကို
    အမှန်တစ်ကယ်လေးစားမြတ်နိုးလို့ချိတ်ထားတာဆိုလျင်၊
    တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရနဲ့ သက်ဆိုင်ရာနေရာတိုင်း ချိတ်ဆွဲထားဖို့ အမိန့်ထုတ်လိုက်ပါ။
    အန်တီဆုကို လက်ခံတွေ့ဆုံတဲ့ အခန်းတစ်ခုတည်းမှာပဲ ဘာ့ကြောင့် ချိတ်ထားတာလဲ။
    အရင် နိုင်ငံခြား ဧည့်သည်တော်ကြီးတွေကို ဧည့်ခံတုန်းကလည်း မတွေ့မိပါလား။

    ReplyDelete
  5. မနေ့ကတွေ့တဲ့သူနဲ့ ဒီကနေ့တွေ့တဲ့သူ မတူပါဘူးကွယ် ဆိုတာ တေးသံရှင် မောင်ဝင်းမြင့် သီဆိုထားတဲ့ သီချင်းတပုဒ်ထဲကစာသားပါ။ သီချင်းခေါင်းစဉ်က “ချိုပလီ” တဲ့။ ဆရာလုပ်ခြင်းမဟုတ်။ မှတ်မိနေတဲ့ သီချင်းလေးမို့ (ခေတ်စကားနဲ့) share လုပ်လိုက်တာပါ။ စောစောက ဒီခေါင်းစဉ်သာ သိခဲ့ရင် ယ္ခုဆောင်းပါးအမည်“ချိုပလီ” ဖြစ်နိုင်ပါသေးတယ်။ စာသားအားလုံး သိခဲ့ရငိလဲ တိုက်ဆိုင်လှကြောင်းတွေ့ရမှာပါ။ လသာည တယောမယ်ဒလင် နဲ့ ပန်းခြံ ဒါမှမဟုတ် ရပ်ကွက် လူခြေတိတ်ချိန်တို့်နဲ့ လိုက်ဖက်တဲ့ နှစ်သုံးဆယ်ကျော်က သီချင်းတပုဒ်ပါဘဲ။

    အဘိဓမ္မာအလိုအရတော့ မနေ့ကတွေ့တဲ့သူနဲ့ ဒီနေ့တွေ့တဲ့သူ မတူတာ သေချာပါတယ်။ အနိစ္စကို နိစ္စလုပ်ခဲ့ဘူး သူတွေအတွက် သံသယ ဖြစ်တာလဲ မှန်တာပါဘဲ။ မေးတန်မေး၊ တောင်းတာ တောင်းပြီး ညှိတန်ညှိ ခုပုံအရ ဆက်ရှိကြရဦးမှာပါ။ စဉ်းစားသင့်တာ တခုကတော့ မေးမြန်း တောင်းဆို ညှိနိုင်းမှုတွေ အတွက် ကိုယ်စားပြုသူတွေ တနည်း ခေါင်းဆောင်တွေဟာ အင်မတန်ကျဉ်းမြောင်းတဲ့ နေရာ (space) မှာ ခဲခဲကပ်ကပ် လုပ်နေကြရတယ် ဆိုတဲ့အချက်ပါ။ ဆိုပါတော့ ကြိုးတန်းလျှောက်ကြသူတွေ နဲ့ အားပေးသူတွေ။ ကြိုးတန်းလျှောက်သူ လိုရာခရီးရောက်ဘို့ ကျွမ်းကျင်မှုနှင့် မလုံလောက်၊ တည်ငြိမ်မှုနဲ့ အာရုံစူးစိုက်မှုတွေလဲ အထူးလိုအပ်ပါတယ်။ ဒီအထဲမှာမှ ကြိုးစတဘက်ထိပ်ရဲ့ ခိုင်ခံ့မှု မရေမရာ တာလဲရှိပါသေးတယ်။ ဒီလိုအနေအထားမှာ လျှောက်တဲ့သူ ခြေလှမ်းပျက်အောင် တခြားပရိဿတ်တွေ အနှောက်အယှက် ဖြစ်အောင်ထိ ဆူညံအော်ဟစ် အားပေးတာမျိုး သင့်မသင့် ရာမရာ ဆိုတာကိုပါ။ ငြိမ်သက်စွာ အားပေးရင်း တဘက်စွန်းက အန္တရာယ် ကို ကြည့်ရှု ထောက်ပြ ပြောဆို ပြင်ဆင်ရင်း အားပေးသင့်ပါတယ်။ ကျွန်တော့် အယူအဆပါ။
    သည်အတွက် မလျော့မတင်းစောင်းကြိုးညှင်းသို့ လို့ ဆိုနိုင်မဲ့ ကိုဒီမိုရဲ့ တောင်းဆိုပုံဟာ စံတခုဖြစ်နိုင်ပါတယ်။

    ReplyDelete
  6. ကိုလောကပါလခင်ဗျား... ခုလို ရေးသား ထောက်ပြပေးတဲ့အတွက် ကျေးဇူးပါဗျာ....

    ReplyDelete
  7. ပြည်ပ အတိုက်အခံတွေထဲကလဲ တိုင်းသိပြည်သိ ကမ္ဘာသိ ကြွေးကျော်ပြီး တယောက်လောက် စမ်းပြီး ပြန်လာကြည့်ကြပါလား။ ဖမ်းမဖမ်း သိရတာပေါ့။ ဒီလောက်လေးတောင် မစွန့်စားရဲရင်တော့ ဗမာပြည်နဲ့ ဒီမိုကရေစီ ဝေးသေးပေါ့။

    အစိုးရ မကောင်းတာက ထားတော့။ ပြည်ပ ပြည်တွင်းက အတိုက်အခံတွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေကတော့ အများကြီး လိုသေးတယ်နော။ 88 မျိုးဆက်ကို မလွှတ်ရဲတာ ဒါကြောင့် ပေါ့။ သူတို့သွေးက ရဲတယ်လေ။

    လစ်ဗျားကတော့ စံနမူနာပြ လုပ်ပြသွားပြီ။ သေတော့သေမှာပေါ့ဗျာ။ နာဂစ်သေတာရဲ့ 1/4 မသေနိုင်ပါဘူး။ ဒီအစိုးရ ဆက်ရှိနေရင် နာဂစ်ပေါင်းမြောက်များစွာ ကြုံတာထက် ဆိုးဦးမှာလေ။

    နှစ်ပေါင်းမြောက်များစွာ အမြစ်တွယ်နေတဲ့ ရောဂါဆိုးကို အမြစ်ပြတ်ကုတာပဲ အမေစုရာ၊ နဲနဲတော့ နာမှာပေါ့။ စတေးခံဟာ သူလဲဖြစ်နိုင်တယ်၊ ကိုယ်လဲဖြစ်နိုင်တယ်။ ဘယ်သူဖြစ်ဖြစ် " နောက်မျိုးဆက် အတွက်ပဲ" ဆိုပြီး ရင်ကော့ ခေါင်းမော့ပြီး ကြိုးစားကြည့်ရအောင်ပါ။

    သေချာတာ တခုကတော့ ၀ံပုလွေဟာ ၀ံပုလွေပါပဲ။ စိတ်ကောင်းဝင်လာတဲ့ အထိ စောင့်လို့ကတော့ သိုးခြံတခြံလုံးသာ ကုန်သွားမယ်။ ဖြစ်လာမှာ မဟုတ်ဘူး။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။