ငြိမ်းချမ်းငြိမ်သက်စွာဖြင့် ထွက်ခွာသွားလေသူ ဘဘဦးသုခ၏ မဟေသီ
ကျေးဇူးရှင် စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ဘဘဦးသုခ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့ သည်မှာ (၆) နှစ်တာကာလအတွင်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ဘဘဦးသုခ သက်ရှိထင်ရှားရှိစဉ် တိုင်းပြည်အကျိုး၊ ဘာသာ သာသနာအကျိုး၊ အများပြည်သူတို့၏ နာရေးကိစ္စ အ၀၀ကို ချောမွတ်အ ဆင်ပြေရန် ဖွဲ့စည်းတည်ထောင်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်) စသည့် လူမှုရေးစွမ်းဆောင် ချက်များကို ဘဘဦးသုခ၏ နံဘေးမှ ပါရမီဖြည့်ဆည်းပေးခဲ့သော ဘဘဦးသုခ၏ ဇနီး ဒေါ်ကျင်မေ အသက် (၈၁)နှစ်သည် ၂၇.၈.၂၀၁၁ (စနေနေ့) နံနက် (၀၂း၀၀) နာရီအချိန်တွင် စံပြဆေးရုံကြီး၌ ကွယ်လွန်သွားပါ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင် သွားရောက်၍ မိခင်ကြီး ဒေါ်ကျင်မေ၏ ရုပ်အလောင်းအား ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ကူညီ ဖေးမပေးခဲ့သည်။
၂၉.၈.၂၀၁၁ (တနင်္လာနေ့) နံနက် (၁၁း၀၀) နာရီအချိန်တွင် ကျေးဇူးရှင် ဘဘဦးသုခ၏ ဇနီး မိခင်ကြီး ဒေါ်ကျင်မေအား မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ရေဝေးသုဿန်တွင် ကျင်းပခဲ့သည်။ ယင်း အခမ်းအနားတွင် ဘဘဦးသုခနှင့် မိခင်ကြီး ဒေါ်ကျင်မေ၏ သား - သုခ (သား) (ခ) ကိုရဲအောင်နှင့် မြေးဖြစ်သူတို့နှင့်အတူ ဆွေမျိုးသားချင်းများအပြင် ဘဘဦးသုခ၏ သားတပည့်များ၊ လက်တွဲဖော်များ၊ ဧည့်ပရိသတ်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများတို့ဖြင့် ငြိမ်းချမ်းငြိမ်သက်စွာ ကျင်းပပြီးစီးခဲ့သည်။
ဘဘဦးသုခနှင့် မိခင်ကြီး ဒေါ်ကျင်မေ သက်ရှိထင်ရှားရှိစဉ် အချိန်က ဘဘဦးသုခ၏ ပါရမီ လမ်းရှိ နေအိမ်သို့ အနုပညာကိစ္စရပ်များ၊ လူမှုရေးကိစ္စရပ်များ၊ စာပေကိစ္စရပ်များ တိုင်ပင်ဆွေးနွေး သြ၀ါဒခံယူရန် သွားရောက်သည့်အချိန်တိုင်းတွင် မိခင်ကြီး ဒေါ်ကျင်မေသည် စကားဝိုင်းတွင် ၀င်ရောက် စွက်ဖက်ခြင်းမရှိ။ ဘုရားခန်းထဲတွင်၎င်း၊ ဧည့်ခန်းထဲတွင်၎င်း ခပ်လှမ်းလှမ်းမှ အေးချမ်း တည်ငြိမ်သော အပြုံးကလေးဖြင့်သာ ကြည့်ရှုနေသော ပါရမီဖြည့်ဖက် တစ်ဦးလည်းဖြစ်သည်။ ယခု မိခင်ကြီး ဒေါ်ကျင်မေ၏ နောက်ဆုံးနှုတ်ဆက်ပွဲသည်လည်း မိခင်ကြီး ဒေါ်ကျင်မေဖြစ်စေချင်သည့် ငြိမ်းချမ်းမှု၊ အေးချမ်းမှု၊ စိတ်ငြိမ်မှု၊ ငြိမ်သက်မှုတို့ဖြင့် ကမ္ဘာလောက ကြီးထဲမှ ထွက်ခွာသွားခြင်း ဖြစ်တော့သည်။













No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။