Pages

Wednesday, September 28, 2011

အတိုက်အခံနိုင်ငံရေး ခေါင်ထိအကုန် မဟုတ်သေး (ဆောင်းပါးရှင် အောင်မျိုးထွန်း)

 အတိုက်အခံနိုင်ငံရေး ခေါင်ထိအကုန် မဟုတ်သေး
(ဆောင်းပါးရှင် အောင်မျိုးထွန်း)
အတိုက်အခံနိုင်ငံရေးဘဲ ပြောပြော၊ မြန်မာ့ဒီမိုကရေစီရေးဘဲ ပြောပြော၊ လူထုတော်လှန်အုံကြွမှုဘဲ ပြောပြော မြန်မာပြည်နိုင်ငံရေးမှာ တစ်နည်းနည်း တစ်ထောင့်ထောင့်က ပါဝင်ပက်သက်သူတွေအတွက် မှတ်သားလောက်တဲ့ “ရှောင်ရန် (၂) ချက်” ရှိခဲ့ဖူးပါတယ်။ အခု ထောင်ထဲရောက်နေတဲ့သူတွေကိုယ်တိုင် နှုတ်မြွက်ဖွင့်ဟခဲ့ကြတာ ဖြစ်သလို ကျွန်တော်ကိုယ်တိုင်လည်း ရာနှုန်းပြည့်နီးပါး ကသိုဏ်းရှု နှလုံးသွင်းခဲ့ရပါတယ်။

(၁) အစိုးရနဲ့  ပေးစားတဲ့ မြောင်းထဲ မရောက်စေနဲ့ 

(၂) ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး မြောင်းထဲ မရောက်စေနဲ့ 

အဲဒီ မြောင်း နှစ်မြောင်း ကို လွတ်အောင်ရှောင်နိုင်ရန်ရင် ကိုယ့်နိုင်ငံရေး ဘယ်တော့မှ မသေဘူးလို့ အရေထူအရိုးရင့် နိုင်ငံရေးလက်စွဲဆောင်ပုဒ်ဟာ ဒီကနေ့တော့ တတိယမြောင်းသစ်ထဲကို သူကိုယ်တိုင် နှာခေါင်းပိတ်မျက်စိမှိတ်ပြီး ခုန်ဆင်းတော့မယ့်ဟန် တပြင်ပြင်ဖြစ်နေပါပြီ။

လွန်ခဲ့တဲ့ နိုဝင်ဘာလ၊ ဒေါ်စု နေအိမ်အကျယ်ချုပ်က လွတ်မလာသေးခင် နိုင်ငံရေး ပရောဟိတ် တစ်ယောက်က ကျွန်တော့်ကို “ဒေါ်စု ဒီတစ်ခါ ပြန်ထွက်လာရင် မထင်မှတ်လောက်အောင် ပြောင်းသွားလိမ့်မယ်၊ စောင့်ကြည့်နေ”လို့ ကျွန်တော် မကြိုက်တဲ့စကားကို အတည်ပေါက်ကြီး လာပြောတော့ “မဖြစ်နိုင်ဘူး.. လုံးဝမဖြစ်နိုင်ဘူး” ဆိုပြီးခွန်းတုန့်ပြန်ခဲ့ဖူးပါတယ်။ အထောက်အထားများစွာနဲ့ သိုင်းသိုင်းဝိုင်းဝိုင်း ဆန်းစစ်ပြောဆိုသွားတဲ့ သူ့စကားဟာ အခုအချိန်မှာ ဇက်ကျိုး လည်လိမ်ရမလောက် သွေးထွက်အောင်မှန်နေပါပြီ။

ကျွန်တော် ငယ်ငယ်က အရုပ်ထောင်ပစ်တာ အရမ်းဝါသနာပါပါတယ်။ ကျွန်တော်ခုတလော အရုပ်ထောင်ပစ်တမ်း ကစားခဲ့တာကို မြန်မာ့နိုင်ငံရေးနဲ့ယှဉ်ပြီး သွားသွား သတိရဖြစ်နေပါတယ်။ စီတန်းထားတဲ့ အရုပ်တွေကို ကျောက်ဂေါ်လီလုံးနဲ့ ပစ်တဲ့အခါ ကိုယ်နဲ့အဝေးဆုံး ထိပ်ဆုံးကအရုပ်ကို လဲသွားအောင် ပစ်နိုင်ရင် ကျန်တဲ့အရုပ် အားလုံး ကိုယ့်အိတ်ထဲ ရောက်ပါတယ်။ တခြားအရုပ်တွေ ထိရင်တော့ အကုန်မရပါဘူး။ ကျွန်တော်တို့တတွေ ကိုယ့်အလှည့်ရောက်လို့ ပစ်ခါနီးရင် “ဂေါင် (ခေါင်)ထိ အကုန်ဟေ့” လို့အော်ဟစ်ပစ်ကြပါတယ်။ ခေါင်ထိအောင် ပစ်နိုင်တဲ့ သူငယ်ချင်းကို ကျွန်တော်တို မုန်းပါတယ်။ အကုန် သိမ်းကြုံးစားသွားလို့ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အတိုက်အခံနိုင်ငံရေးရဲ့ “ခေါင်” လို့  ယေဘူယျကျကျ လက်ခံထားကြပါတယ်။

ကျွန်တော်တို့လို အသက် လေးဆယ်ကျော်၊ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ထိထိမိမိ ထဲထဲဝင်ဝင် ပါခဲ့သူတွေ၊ မရှိတော့တဲ့ စစ်အစိုးရရဲ့ ညှင်းပမ်းနှိပ်စက်မှုမျိုးစုံကို နာနာကျင်ကျင် ခံခဲ့ရသူတွေ၊ သွေးထွက် ဘ၀ပျက်ခဲ့ရသူတွေ အနေနဲ့ လွမ်းစရာနဲ့ ဖြေလိုက်ဖို့ ဆိုတာလည်း လွမ်းစရာကို ဘယ်မှာ လိုက်ရှာရမလဲ။ ဒေါ်စုရဲ့ ဒီတစ်လအတွင်း ပြည်တွင်းပြည်ပကို စေပါးတဲ့ ပေဖူးလွှာတွေ၊ စကားပြောဆိုခန်းတွေကို ဖတ်မှတ် လေ့လာကြည့်တဲ့အခါ မဝေးတော့တဲ့ ကာလတစ်ခုအတွင်း အစတုန်းက ထမင်းရည်ပူစည်းလို့ ရဲရဲတောက် အတိုက်အခံတွေ ခံယူထားတဲ့ ရွေးကောက်ပွဲ စည်းကြောင်းထဲကို တစ်ဇွတ်ထိုး ပြေးဝင်တော့မှာ အသေအချာပါဘဲ။ ဒါပေမယ့် အာဏာရှင်ဆန်တာကို မနှစ်မြို့တဲ့ ဒေါ်စုအနေနဲ့ ဒီမိုကရေစီနည်းကျကျ ရွေးကောက်ပွဲဝင်ရပါသည် ဖြစ်အောင် NLD စုံညီညီလာခံတစ်ခု သဘောမျိုး ဆင့်ခေါ်ပြီး တိုင်းနှင့်ပြည်နယ်ခေါင်းဆောင်များ၊ အီးစီ စီအီးစီများရဲ့ သဘောထားကို ခံယူပြကာ ဒေါ်စုရဲ့ပါတီကို ရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင်တော့မယ်လို့ ယူဆရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ဘူး၊ ပါတီ မှတ်ပုံ ပြန်မတင်ဘူး လုပ်ခဲ့သလိုဘဲ အခုလည်း အများဆန္ဒကို ရယူပါလိမ့်မယ်။

ရေပန်းစားနေတဲ့ မြန်မာ့နိုင်ငံရေးအကျဉ်းသမားများ လွတ်မြောက်ရေးဟာလည်း ဒေါ်စုရဲ့ပါတီ မှတ်ပုံတင်အပြီး စာချုပ်စာတမ်းနဲ့အညီ NLD ဖြစ်ဖြစ်၊ တခြားနာမည်နဲ့ ဖြစ်ဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှာ တန်းဝင်ခန်းဝင်ဖြစ်လာတဲ့ အခြေအနေနဲ့ ညီမျှခြင်း ချထားပုံရပါတယ်။ ထောင်ထဲက ပုဂ္ဂိုလ်များ အပြင်ပြန်ထွက်လာရင် လမ်းမပေါ်တက် နိုင်ငံရေး တဖန် စန်းထလာမှာကို အာဏာရကြံ့ဖွံ့ အစိုးရအနေနဲ့ အမှန်တကယ်ဘဲ စိုးရိမ်ပါတယ်ဆိုတာ သူတို့ကိုယ်တိုင် ၀န်ခံထားပြီးပါပြီ။ ထောင်ထဲက ရဲဘော်တွေ အပြင်ထွက်လာချိန်မှာ ဒေါ်စုရဲ့ နိုင်ငံရေးပါတီဟာ အစိုးရဆီမှာ မှတ်ပုံတင်ပြီးသား ဖြစ်နေမှ အတိုက်အခံ နိုင်ငံရေးသမားတွေကို ရွေးကောက်ပွဲစည်းဝိုင်းထဲ ဆွဲသွင်းပြီး ဒီမိုကရေစီရရှိရေးကို လွှတ်တော်ထဲမှာ ထိုင်ပြီး လုပ်ခိုင်းမှာဖြစ်ပါတယ်။

“ဒေါ်စုကို ၀ိုင်းရံကြ” ကြွေးကြော်သံကို ထောင်ထဲကလူတွေ ဆက်လက်ကိုင်စွဲမယ်ဆိုရင်တော့ ”လွှတ်တော်ကို ၀ိုင်ရံကြ” ဆိုတဲ့ ဆိုင်းဘုတ်ကို ပြောင်းကိုင်ကြရပါတော့မယ်။ အစိုးရ ရည်မှန်းထားတဲ့ ဒီလို နိုင်ငံရေးအခင်းအကျင်းမျိုး သပိတ်ဝင်အိတ်ဝင်ဖြစ်လာဖို့ အလွန်နီးစပ်နေပါပြီ။ ဒေါ်စုတစ်ယောက် ရွေးကောက်ပွဲလမ်းကို လျှောက်ပြီဟေ့ဆိုရင် ဒေါ်စုနောက်ကို အရင်တုန်းကလို တရဟောလိုက်ပါကြဖို့ မရှိပါဘူး။ တချို့ ထောင်ထဲက အသံတွေအရ ဒေါ်စုဦးဆောင်တဲ့ ရွေးကောက်ပွဲနိုင်ငံရေးကို ရှောင်ထွက်ပြီး တခြား လူမှုဖွံ့ဖြိုးရေး အလုပ်တွေလုပ်ဖို့ ပြင်ဆင်ဆုံးဖြတ်ထားသူတွေ ရှိပါတယ်။ “ဒေါ်စုလည်း သူ့နည်းနဲ့သူလုပ်၊ ငါတို့လည်း ကိုယ်ကြိုက်တာ ကိုယ်လုပ်မယ်” လို့ပြောလာကြတဲ့ အသံတွေ များများလာတာကို လွန်ခဲ့တဲ့ (၂)ရက်က ရွှေဝါရောင် လေးနှစ်ပြည့် ၀တ်ပြုဆုတောင်းပွဲ ကိစ္စမှာ ထင်ထင်ရှားရှားကြီး တွေ့လိုက်ရပါတယ်။ ဒါဟာ ဒီမိုကရေစီပါဘဲ။

မြန်မာ့နိုင်ငံရေးမှာ အသက်ကြီးပြီး သေဆုံးသွားတဲ့အထိ လူထုရဲ့ ကြည်ညိုလေးစားမှုကို အတိမ်းအစောင်း မခံဘဲရယူသွားနိုင်တဲ့ ပါတီနိုင်ငံရေးသမား မပေါ်ပေါက်ခဲ့ဖူးပါဘူး။ ပညာရေးနဲ့ အနုပညာနယ်ပယ်မှာတော့ ရှိပါတယ်။ ဗိုလ်ချုပ်တောင် မီးစာကုန်ဆီခမ်းသည်အထိ နေမသွားရလို့ပါ။ သိပ်ပြီး သံတမန်စကားတွေ ပြောလွန်းတာ၊ ပွင့်ပွင့်လင်းလင်းမရှိဘဲ လိုအပ်တာထက်ပို ထိန်းချုပ်လွန်းနေတာ၊ တချိန်တုန်းက ပိုးစိုးပက်စက် ဝေဖန်ခဲ့သူတွေနဲ့ ကာလတိုအတွင်း ကျီးဘုတ်မြှောက် ဘုတ်ကျီးမြှောက် လုပ်လွန်းတာတွေက ဒေါ်စုအတွက် ပြောစရာတွေ ဖြစ်လာပါတယ်။ တွေ့ဆုံဆွေးနွေးရေးလုပ်နေတယ်၊ ပြောင်းလဲမှုကို တွေ့ ရပြီ ဒါ့ကြောင့် အရေးကြီးပြီး ထိလွယ်ရှလွယ်တဲ့ အနေအထားမျိုးမှာ ကျွန်မလုပ်တာ စောင့်ကြည့်ပါ လုပ်လို့ မရပါဘူး။ လက်ပိုက် တရားမှတ်ပြီး စောင့်ကြည့်နေဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒေါ်နော်အုန်းလှ ပြောသလို အစ်မလည်း သူ့အလုပ် သူလုပ်တယ်၊ ကျွန်မတို့လည်း ကျွန်မတို့အလုပ် ကျွန်မလုပ်တယ် ဒီလိုဘဲ ဖြစ်ရမှာပါ။ နိုင်ငံရေးသမားဆိုတာ ကိုယ်ယုံကြည်တာလုပ်ပြီး ပြည်သူရဲ့ အဆုံးအဖြတ်ကို ရိုးစင်းစွာ ခံယူနေကြတာပါ။

အရေပြားဆိုတာ အယားဖြေဖို့ မဟုတ်။ ကျွန်တော်တို့  အခုလောက်လေး ရေးနိုင်၊ ပြောနိုင်ဖို့ တချို့ဟာ ထောင်ထဲမှာ လောင်ကျွမ်း ကုန်လွန်နေရတယ်။ ပြုပြင်ပြောင်းလဲမှုဆိုတာ အစိုးရဆီက လာတာထက် သူတို့ထံမှ မြစ်ဖျားခံပါတယ်။ အမှတ်တရတွေ၊ အခမ်းအနားတွေ၊ နှစ်ပတ်လည်တွေဆိုတာ လုပ်ကိုလုပ်ရပါမယ်။ ထောင်ထဲရောက် ဒီမိုကရေစီဘက်တော်သားတွေနဲ့ ဒီမိုကရေစီရေးမှာ ကျဆုံးသွားရှာတဲ့ လူမသိသူမသိ အာဇာနည်များအတွက် ကျွန်တော်တို့ တစ်စုံတစ်ခုကို လုပ်ပေးနေဖို့ တာဝန်ရှိပါတယ်။ ၀တ်ပြုဆုတောင်းပွဲတွေ၊ သတိတရ တွေ့ဆုံကြတာတွေကို သူတို့ မလွတ်မြောက်သေးသည် အထိ လုပ်သွားရပါဦးမယ်။ အေးအေးချမ်းချမ်း၊ သပ်သပ်ရပ်ရပ် အဆုံးသတ်သွားရင် အားလုံးအကျိုးရှိတာပါဘဲ။ အကျဉ်းကျခံရဲဘော်တွေ သိရင်လည်း သာဓု ခေါ်နိုင်ကြမှာပါ။

လက်ရှိအာဏာရ အစိုးရပါတီအနေနဲ့ လည်း သူ့အလုပ် သူလုပ်နေရင်းနဲ့ ကျွဲကူးရေပါ ဆိုသလို နိုင်ငံရေး အကျဉ်းသားကိစ္စ၊ မြစ်ဆုံကိစ္စတွေကို ရှင်းထုတ်နေရတာပါ။ တကယ်တော့ နောက်ရွေးကောက်ပွဲမှာ အခုတစ်ကြိမ် အောင်ပွဲခံမှုမျိုးကို အနိမ့်ဆုံးအဆင့်ထားပြီး ဗျူဟာချမှတ် ဆောင်ရွက်နေတာ တစ်စိတ်တစ်ပိုင်း ပါပါတယ်။ ကြံ့ဖွံ့ပါတီရဲ့ ကြီးမားတဲ့ ဇောကပ်မှုဟာ နှစ်(၅၀) အာဏာချုပ်ကိုင်ထားရေးနဲ့ ကြံ့ဖွံ့ပါတီသည်သာ ရွေးကောက်ပွဲတိုင်း ပြတ်ပြတ်သားသား အသာစီးရရေး စီမံကိန်းပါဘဲ။ လွန်ခဲ့တဲ့ (၆)လထက် စာရင် အစိုးရအပေါ် လူကြိုက်များမှုဟာ တိုးတိုးလာနေတာကို တွေ့ရပါတယ်။ ကြံ့ဖွံ့ပါတီရဲ့ ရေတိုရေရှည် မဟာဗျူဟာချပြီး အကွက်ကျကျ လုပ်ဆောင်မှုတွေ ကြားထဲ ကျွန်တော်တို့ အတိုက်အခံတွေအနေနဲ့ ဆန်ကောထဲ ဆီးဖြူသီး ထည့်လှိမ့်ခံရသလို မြင်နေသူတွေ ရှိနေပါပြီ။ “ကြိုဆိုပါတယ်” နောက်ကွယ်မှာ ခပ်အုပ်အုပ် ရယ်မောသံတွေ ကြားနေရသလိုပါဘဲ။

“နိုင်ငံရေးအကျဉ်းသားဆိုတာ မင်းတို့ကသာ လွှတ်ပေးဘာပေး အော်နေကြတာ၊ တကယ်တော့ ဆင်းသွားတဲ့အစိုးရက ပြန်ပေးဆွဲ ထားတာကွ။ အလဲအထပ် လုပ်ဖို့.. မှတ်ထား” လို ဆိုတဲ့ အစ်ကိုကြီးတစ်ယောက် သုံးသပ်ချက်ကို မိမိရရ ပြန်ချေပဖို့လည်း သံခင်းတမန်ခင်းနိုင်ငံရေးကြားထဲမှာ စကားလုံး ရှာမရတော့တဲ့ အခြေအနေကို အားမလိုအားမရ ဖြစ်နေတာကဘဲ ဖတ်စာသစ်တစ်ခုရဲ့ အစလို့ဘဲ ခံယူလိုက်ပါတယ်။

အောင်မျိုးထွန်း
၂၈- ၉- ၂၀၁၁

10 comments:

  1. ဒေါ်စု နေအိမ်အကျယ်ချုပ်က လွတ်မလာသေးခင် နိုင်ငံရေး ပရောဟိတ် တစ်ယောက်က ကျွန်တော့်ကို “ဒေါ်စု ဒီတစ်ခါ ပြန်ထွက်လာရင် မထင်မှတ်လောက်အောင် ပြောင်းသွားလိမ့်မယ်၊ စောင့်ကြည့်နေ'
    ပြောင်းလဲသွားတာတော့အမှန်ဘဲဗျ။
    ပြောတဲ့စကားတွေကအစအရင်လိုထက်မြက်မှု့မရှိတော့ဘူး။
    တခါတလေများ၊ဒါဒေါ်စုပြောတဲ့စကားလားလို့တွေးမိတယ်။
    ဥပမာ၊ဂျပန်ရောက်မြန်မာပြည်သားတွေကိုဘာများပြောချင်ပါသလဲဆိုတဲ့စကားအပေါ်တုန့်ပြန်ပြောဆိုမှုတွေဟာပေါ့လွန်းတယ်။ဟိုတုန်းကဒေါ်စုရဲ့စကားတိုင်းမှာကြားရတဲ့သူအပေါ်ခွန်အား၊ဒါမှမဟုတ်တစုံတခုသောစိတ်ကြေနပ်မှုကိုဖြစ် စေတာအမှန်ဘဲ။
    CGIမှာပြောတဲ့စကားတွေဟာလည်းဝေ့လည်ကြောင်ပတ်နိုင်လွန်းတယ်။
    ဒီကြားထဲဘော်လုံးပွဲလည်းသွားလိုက်သေးတယ်။ဆိုလိုချင်တာကသူ့နေရာနဲ့သူဆိုတာရှိတယ်။အဲဒီနေရာကဒေါ်စုနဲ့မတန်ဘူး။
    လူတွေကဒေါ်စုကိုဝေဖန်ရင်မကြိုက်ချင်ကြဘူး။
    ဒါပေမဲ့ကျနော့်အမြင်ပြောရရင်တော့မြန်မာပြည်အရေးဆက်လက်ပြီးရေစုံမျောတော့မှာဘဲ။ထောက်ပြစရာတွေအများကြီးပါ။
    လေ့လာစောင့်ကြည့်ရင်သိသာပါတယ်။
    မြန်မာပြည်လွပ်လတ်ရေးက(လွတ်လပ်ရေးလို့ဘဲဆိုချင်တယ်)ကိုယ့်အရိပ်ကို
    ကိုယ်လိုက်နေရသလိုဖြစ်နေပြီ။

    ReplyDelete
  2. ဒေါ်စု နေအိမ်အကျယ်ချုပ်က လွတ်မလာသေးခင် နိုင်ငံရေး ပရောဟိတ် တစ်ယောက်က ကျွန်တော့်ကို “ဒေါ်စု ဒီတစ်ခါ ပြန်ထွက်လာရင် မထင်မှတ်လောက်အောင် ပြောင်းသွားလိမ့်မယ်၊ စောင့်ကြည့်နေ'
    ပြောင်းလဲသွားတာတော့အမှန်ဘဲဗျ။
    ပြောတဲ့စကားတွေကအစအရင်လိုထက်မြက်မှု့မရှိတော့ဘူး။
    တခါတလေများ၊ဒါဒေါ်စုပြောတဲ့စကားလားလို့တွေးမိတယ်။
    ဥပမာ၊ဂျပန်ရောက်မြန်မာပြည်သားတွေကိုဘာများပြောချင်ပါသလဲဆိုတဲ့စကားအပေါ်တုန့်ပြန်ပြောဆိုမှုတွေဟာပေါ့လွန်းတယ်။ဟိုတုန်းကဒေါ်စုရဲ့စကားတိုင်းမှာကြားရတဲ့သူအပေါ်ခွန်အား၊ဒါမှမဟုတ်တစုံတခုသောစိတ်ကြေနပ်မှုကိုဖြစ် စေတာအမှန်ဘဲ။
    CGIမှာပြောတဲ့စကားတွေဟာလည်းဝေ့လည်ကြောင်ပတ်နိုင်လွန်းတယ်။
    ဒီကြားထဲဘော်လုံးပွဲလည်းသွားလိုက်သေးတယ်။ဆိုလိုချင်တာကသူ့နေရာနဲ့သူဆိုတာရှိတယ်။အဲဒီနေရာကဒေါ်စုနဲ့မတန်ဘူး။
    လူတွေကဒေါ်စုကိုဝေဖန်ရင်မကြိုက်ချင်ကြဘူး။
    ဒါပေမဲ့ကျနော့်အမြင်ပြောရရင်တော့မြန်မာပြည်အရေးဆက်လက်ပြီးရေစုံမျောတော့မှာဘဲ။ထောက်ပြစရာတွေအများကြီးပါ။
    လေ့လာစောင့်ကြည့်ရင်သိသာပါတယ်။
    မြန်မာပြည်လွပ်လတ်ရေးက(လွတ်လပ်ရေးလို့ဘဲဆိုချင်တယ်)ကိုယ့်အရိပ်ကို
    ကိုယ်လိုက်နေရသလိုဖြစ်နေပြီ။

    ReplyDelete
  3. (ထောင်ထဲရောက် ဒီမိုကရေစီဘက်တော်သားတွေနဲ့ ဒီမိုကရေစီရေးမှာ ကျဆုံးသွားရှာတဲ့ လူမသိသူမသိ အာဇာနည်များအတွက် ကျွန်တော်တို့ တစ်စုံတစ်ခုကို လုပ်ပေးနေဖို့ တာဝန်ရှိပါတယ်။ )

    လူတိုင်းတာဝန်က နောက်ထပ်လူတွေ မကျဆုံးဖို့ နဲ့ ထောင်ထဲမရောက်အောင် လုပ်ပေးဖို့ ဘဲ

    ReplyDelete
  4. ခွန်နော်စိုင်း(မြစ်ကြီးနား)September 29, 2011 at 4:14 PM

    ကိုအောင်မျိုးထွန်း. ဘာဖြစ်စေချင်တာလဲ? ဘယ်လိုဖြစ်ရင်ပိုကောင်းမလဲ?
    ဘယ်လိုအခြေအနေမှာ. ဘာလုပ်ရင်ကောင်းအလဲ? ဒေါ်စုကိုထွက်လာ
    အောင်. ဘယ်သူလုပ်ပေးနိုင်ခဲ့သလဲ? ကိုမင်းကိုနိုင်တို့ထွက်လာအောင်.
    ဘယ်သူ ဘယ်လိုလုပ်ပေးနိုင်သလဲ? YMBAကနေGCBA. အဲဒီနောက်
    GCBA. နှစ်ခြမ်းကွဲ. ပြီးတော့. ဖဆပလ. နောက်. ဖဆပလနှစ်ခြမ်းကွဲ
    ကွန်မြူနစ်ပါတီကို. ဖဆပလထဲကထုတ်ပြီးတော့လဲ. အလံနီနဲ့အလံဖြူထပ်ကွဲ
    ဖဆပလထဲမှာလဲ. ဦး၊. ဗိုလ်၊. သခင်. တွေ. ထပ်ကွဲ. သန့်ရှင်းဖဆပလထဲမှာ
    ဆိုရှယ်လစ်တွေ. ကထပ်ခွဲ. အစိပ်စိပ်အမွှာမွှာဖြစ်. သင်္ခန်းစာယူပါတော့၊
    တရုတ်ကြီးက. ညီမလေးအိပ်ယာဘေးမှာ. ရေလဲမချိုးထမင်းလဲမစားဘဲ
    ခြင်တောင်ထောင်နေပြီလေ။. ။

    ReplyDelete
  5. ကျနော့အမြင်ကတော့ ရှင်းပါတယ်။ အမေစုလောက် ခင်ဗျားတို့လုပ်နိုင်ရင် ဝင်လုပ်ကြပါ။ ခင်ဗျားတို့အခု အမေစုက ကိုယ်တတ်နိုင်တာ တဖက်တလမ်းက လုပ်ပေးဖို့ပြောထားတာတွေ ဘယ်လောက်လုပ်ပြီးပြီလဲ ကိုယ့်ဖာသာကိုယ် ပြန်မေးကြည့်ကြအုံး။ ကွန်ယက်တွေ ချိတ်ဆက်ပြီးပြီလား။ ဘယ်နှစ်ဖွဲ့နဲ့ ချိတ်ထားလဲ ဘယ်လောက် ပူးပေါင်းဆောင်ရွက်ထားလဲ။ ဘယ်လောက်တိုင်းပြည်အတွက်ပေးဆပ်ပြီးပြီလဲ။ အမေစုအသက် ၆၆ နှစ်၊ ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင် တို့ဆိုတာ တသက်လုံးတိုင်းပြည်အတွက်လုပ်လာတာ အခုထိလုပ်နေတုန်းပဲ။ ဒီလိုလူမျိုးတွေရဲ့ စေတနာ မေတ္တာဟာ ခင်ဗျားတို့ပြောနေသလောက်လွဲနေမယ် မထင်ဘူး။ ကိုယ့်ဖာသာကိုယ်မှန်ထဲပြန်ကြည့်ပြီးမှ ကိုယ့်ဖာသာကိုယ်အရင်ဝေဖန်လိုက်အုံး။ အမေစုကခင်ဗျားတို့တတပ်တအားလုပ်နေတာကို တခုမှ အပြစ်မမြင်ရှာဘူး၊ လူငယ်တွေကို ကြိုးစားဖို့ အားပေးတယ်။ ခင်ဗျားတို့ကတော့ ပြည်တွင်းမှာ ထောင်နှုတ်ခမ်းကြားကလုပ်နေရတဲ့သူတွေကိုတော့ ဟိုဟာမကောင်းဘူး ဒီဟာလေးကကောင်းတယ် သူလုပ်သမျှကို ကျနော်ထောက်ခံတာမဟုတ်ဘူး ဆိုတော့ ရှက်တတ်ရင်.....

    ReplyDelete
  6. ကိုအောင်မျိုးထွန်း အမြင်ကို ကန့်လန့်မတိုက်လိုပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နလပိန်းတုံး မဟုတ်သလို နဝတ နအဖ ကြံ့ဖွတ် အစိုးရ က ချော့ပေါင်းပြီး ညာစားသွားလို့ ရမဲ့သူမျိုး မဟုတ်ပါ။ သူမ စိတ်မှာ ဗမာပြည် ဒီမိုကရေစီ ရရှိရေး က အဓိက၊ ဒီ အတွက်ဆို ရသမျှ ပေါ်သမျှ အခွင့်အရေး ကိုသုံးပြီး နည်းမျိုးစုံနဲ့ တိုင်းပြည်အတွက် အကောင်းဆုံး သွေးမြေမကျမဲ့ နည်းကို ရွေးမယ် လို့ ယူဆပါတယ်။ နဲနဲ စောင့်ကြည့်ပါလို့ပြောပါရစေ။ လင်သေ မုဆိုးမ သား၂ ယောက်အမေ မိသားစု ကို ပစ်ပြီး ၁၅ နှစ်ကျော် အကျယ်ချုပ် ဘဝနဲ့ နေခဲ့ပြီးပြီ။ တော်ရုံ လူဆို ရူးသွားမဲ့ အနေအထားပါ။ နဝတ နအဖ က သူမ အပေါ်မှာ သတင်းစာက နေပြီး ဘယ်လို အောက်တန်းကျကျ စောက်တင်းချ ခဲ့သလဲ ဆိုတာ အားလုံး အသိ။ ကြံ့ဖွတ် တွေ က အုံနဲ့ကျင်းနဲ့ ဒီပဲရင်းမှာ အသေသတ်ဘို့ လုပ်ခဲ့ကြတာတွေ။ သန်းရွှေနဲ့ လက်ရှိ စစ်အုပ်စု အပေါ် ကလဲ့စားချေဘို့ စိတ်ဖက် မရောက်အောင် ဖျောင်းဖျ နားချ ပြီး အကောင်းဆုံးကို ဖြစ်ဘို့ အားထုတ်နေတယ်လို့ မြင်ပါတယ်။ အေး.....ဖြစ်မလာခဲ့ရင် ဘာလုပ်ကြမလဲ။ လူထု အုံကြွ တဲ့နည်းနဲ့ ပြန်ချကြမလား။ ၈၈၈၈ မှာ လူ ၁၀၀၀၀ သေခဲ့ပြီးပြီ။ ကိုယ့်ဘက်က ဘာမှ မရှိတော့ ပစ်သတ်သမျှ ခံခဲ့ရတယ်။ ကိုအောင်မျိုးထွန်း က ဘာကိုဖြစ်ချင်တာလဲ ဆိုတာ ပွင့်ပွင့်လင်းလင်း ရေးပြပါ။ ၈ လေးလုံးလို တိုင်းပြည်မှာ လူတွေ လမ်းပေါ် ထွက်ပြီး နောက်ထပ် ခောတ်ပြောင်းတော်လှန်ရေးကို ဆင်နွဲ ဘို့ စိတ်ကူးနေသလား။ ဗမာပြည်မှာ လစ်ဗျားလို လက်နက်ချင်း ရင်ဆိုင် မတိုက်ရ သမျှ ကာလပတ်လုံး ဒါတွေဟာ ဂျာအေးသူ့ အမေ ရိုက်နေ မှာပဲလို့ ကျွန်တော်ကတော့ ထင်တာပဲ။

    ReplyDelete
  7. (((ဘယ်သူမှ ဆူဆူပူပူဖြစ်တာ မမြင်ချင်ဘူး၊ မြင်ချင်တာက အစိုးရ တာဝန်ရှိသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တစားပွဲထဲထိုင်ပြီး နိုင်ငံရေးအကြောင်းတွေ ပြောဆိုကြတာပါ။ အပြန်အလှန် ကူညီရိုင်းပင်းနေကြတာပါ။ ဒါဟာ မြန်မာပြည်သား အားလုံးရဲ့ဆန္ဒပါ။ NLDရဲ့ ဆန္ဒမဟုတ်ဘူး၊ KNUရဲ့ ဆန္ဒမဟုတ်ဘူး။ အမေရိကန်ရဲ့ဆန္ဒမဟုတ်ဘူး၊ ကုလသမဂ္ဂရဲ့ ဆန္ဒမဟုတ်ဘူး။ ပြည်ထောင်စုသားအားလုံးရဲ့ ဆန္ဒပါ။
    ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း (၂၀)ကျော် ရုန်းကန်၊ မျှော်လင့်တာတွေ မဖြစ်ခဲ့တာများပြီး အသက်အရွယ်
    အားဖြင့်လည်း ကြီးရင့်လာပြီဖြစ်တဲ့ ဒေါ်စုအတွက် ကမ္ဘာကျော်အတိုက်အခံဆိုတဲ့ ဂုဏ်ပုဒ်ကို နောက်ဆုံးထွက်သက် အထိ ဖက်တွယ်သွားပြီး ထောင်ထဲကို ပြန်ဝင်သွားဖို့လည်း ၀န်လေးနေမှာ မဟုတ်ပါဘူး။ ဒီလိုမျိုး အဆုံးသတ်မှုကိုပြည်သူတွေက မမြင်ရက်ပါဘူး။ မြန်မာ့သမိုင်းမှာဒီလိုမှတ်တမ်းမျိုး ရေးသားတော့မယ့်
    ခေတ်သစ်သမိုင်းဆရာတို့ရဲ့ လက်ညှိုးထိုးအပြစ်တင်မယ့် သမိုင်းတရားခံဘ၀ကို ကျွန်တော်တို့ အားလုံး အပို့မခံပါရစေနဲ့။
    ဒေါ်အောင်ဆန်းစုကြည် လုပ်ပေးနိုင်တာတွေ ရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးအနေနဲ့ဒေါ်စုနဲ့ စကားစမြည် ပြောကြည့်ပါ။ တစ်နိုင်ငံလုံး အပြုံးပန်းတွေဝေပြီး မေတ္တာတွေ လွှမ်းသွားပါစေ့မယ်။)))

    ၂၀၁၁ ခုနှစ် ဇူလိုင်လ (၁) ရက် နေ့ ဒီမိုဝေယံ ဘလော့တွင် ဖေါ်ပြခဲ့သော
    ဆောင်းပါးရှင် အာင်မျိုးထွန်း၏ “ချစ်သလား မုန်းသလား ပြောပါလား” ဆောင်းပါးမှ ကောက်နုတ်ချက်။

    ဘယ်လိုဖြစ်သွားရပြန်တာလဲ ကိုအောင်မျိုးထွန်းရယ်......

    ReplyDelete
  8. အောင်အောင်(ပျဉ်းမနား)September 29, 2011 at 11:36 PM

    ဆရာလောကပါလရဲ့. ဝေဖန်တင်ပြချက်ဟာ. ကြောင်းကျိုးဆီလျော်. ပါတယ်
    ခေါင်းဆောင်ကောင်းတွေဟာ. ရည်မှန်းချက်ပန်းတိုင်ကို. တွေဝေ
    မှုကင်းပြီး. မမှိတ်မသုန်သော. ဇွဲလုံ့လနဲ့ဆက်လက်ကြိုးစားနေမယ်
    ဆိုတာ. ယုံမှားသံသယမဖြစ်ပါနဲ့၊. နောက်လိုက်ကောင်းပီသစွာ
    ခေါင်းဆောင်ရဲ့မှာကြားတဲ့. သံတမန်စကားကို. အဓိပ္ပါယ်နားလည်အောင်
    ကြိုးစားဘို့လိုမယ်ထင်တယ်၊. မဟာဗျူဟာက. မပြောင်းလဲပါဘူး
    နည်းဗျူဟာကတော့. အခြေအနေအချိန်အခါ. ပြောင်းလဲနေပြီဖြစ်တဲ့အတွက်
    ပြောင်းကိုပြောင်းလဲ. ရပါလိမ္မယ်၊. တောင်အာဖရိက. က. မင်ဒဲလား
    ထောင်ဘယ်နှနှစ်ကျခဲ့လဲဆိုတာ. ကိုအောင်မျိုးထွန်းသိမှာပါ။. လစ်ဗျားလို
    သွေးမြေမကျစေချင်ပါဘူး၊. ကျွန်တော်တို့ပြောင်းလဲစေချင်တာ. စံနစ်ဆိုတာ
    မမေ့စေချင်ပါဘူး။. ။

    ReplyDelete
  9. ကို လောကပါလ အမြင်နဲ့ကျနော်အတော်နီးစပ်ပါတယ် ရယ်..။ ဘာတဲ့ အတိုက်အခံနိုင်ငံရေး ခေါင်ထိ အကုန်မဟုတ်သေး ဆိုပါလား ကိုအောင်မျိုးထွန်းရယ်။ ရိုးရိုးလေးပါ ခေါင်ကလက်ခံတောင် အကုန်လက်ခံမှာမဟုတ်ဘူးလို့ ဆိုလိုတာက NDF လမ်းကြောင်းလိုက်မယ်ဆိုတဲ့ အသွင်ဆောင်နေပါတယ်။အတိုက်အခံတွေဘက်ကို ပြည်ချစ် စစ်သည်တော်တွေ မလာဝံ့တဲ့ထဲမှာ ခေါင်းဆောင်ရဲ့ဆုံးဖြတ်မှုကို မလေးစားတာ၊ ကိုယ့်ခေါင်းဆောင်ကို မယုံကြည်တာ အများကြီးပါတယ်။ အမေစုအမြဲပြောပါတယ်။ သူတယောက်တည်းလုပ်လို့မရပါဘူး အားလုံးပါဝင်ဖို့လိုပါတယ် တတ်နိုင်တဲ့ဘက်က ဝိုင်းလုပ်ကြပါလို့ ကြက်တူရွေးနှုတ်တိုက်ရွတ်သလို အမြဲပြောနေတာ။ ပြည်ပအတိုက်အခံတွေ ဝေဖန်ဖို့လေကန်ဖို့မဟုတ်ပါဘူး။ ပြည်သူတွေအကျိုးဆိုပြီး ဝေဖန်မနေပါနဲ့ အမေစုနေရာ ခင်ဗျားတို့ ဘယ်သူမှ (အတိုက်အခံအားလုံး) မရောက်နိုင်သေးပါဘူး။ ရှင်းရှင်းလေး ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်ပါ။ ပြည်တွင်းမှာ ထင်ရှားတဲ့ တကယ့်ကို ပြည်သူတွေနဲ့ ထိတွေ့နေတဲ့ ကိုကျော်သူ မဖြူဖြူသင့်း နောက်ဆုံး ဝတ်ပြုဆုတောင်းတဲ့ ဒေါ်နော်အုံးလှ၊ အကျဉ်းထောင်တွေထဲက ၈၈ မျိုးဆက်တွေ၊ ၂၀၀၇ မျိုးဆက်တွေ၊ အားလုံးနီးပါး (တကယ်ဆို အားလုံးလို့ပြောချင်တာ) အမေစုရဲ့ လုပ်ဆောင်ချက်တွေကို သူတို့နည်း သူတို့ဟန်နဲ့ ထောက်ပံ့ကူညီနေတာ ဝန်းရံနေတာပဲရှိတယ် ဝေဖန်လေကန်နေဖို့ အချိန်မရှိဘူး။ သူတို့တွေထဲမှာ အမေစုနဲ့ အမြင်မတူတာရှိချင်ရှိမယ် ဒါပေမယ့် ကိုယ့်ခေါင်းဆောင်ကို အသက်နဲ့ထပ်တူ ပြတ်ပြတ်သားသား ယုံကြည်ကြတယ်။ ပြည်သူတွေရဲ့ နှလုံးသားထဲမှာလဲ အမေစုပဲရှိတယ်။ ခင်ဗျားတို့ တကယ်တိုင်းပြည်ကိုချစ်ရင် အမေစုမှားနေတယ် ထင်ရင်တောင် အခုလို ပွဲဆူအောင် ဖွတာတွေလုပ်မယ့်အစား နီးစပ်ရာတွေကတဆင့် NLD ကို အကြံပေးလို့ရပါတယ်။ ခင်ဗျားတို့အယူအဆနဲ့မတူရင်လဲ ကိုယ်ယုံကြည်သလို စစ်အာဏာရှင်ကို ဖြိုဖျက်လို့ရပါတယ်။ နောက်ဆုံးပန်းတိုင်ကတော့ အေးအေးချမ်းချမ်း ပြုပြင်ပြောင်းလဲရေးပါပဲ။ ဒါပေမယ့် ကိုယ့်ခေါင်းဆောင်ကို ကိုယ်မယုံတာဟာ ကိုယ့်ခေါင်းကိုယ်ဖြတ်တာနဲ့ အတူတူပဲ ဆိုတာနားလည်ပါ။ ကိုမိုးသီးဆိုရင် အမေစုနဲ့ အမြင်မတူတာ သေချာပါတယ်။ သူဟာ အမေစုကို ခင်ဗျားတို့လို ဝေဖန်မနေဘူး။ သူ့ဦးတည်ချက်ကပြတ်သားတယ် ရန်သူဟာ အာဏာရှင်၊ အမေစုမဟုတ်ဘူး။ ပန်းတိုင်က ဒီမိုကရေစီ ထွန်းကားဖို့။ အချင်းချင်း ရန်ဖြစ်ဖို့မဟုတ်ဘူး။ ဒီမိုကရေစီဟာ မတူညီတဲ့အမြင်တွေနဲ့ တူညီတဲ့ပန်းတိုင်ကိုရောက်ဖို့ အတူတကွ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။ မတူတာတွေကို အပြစ်ပြောနေဖို့မဟုတ်ပါဘူး။ ကိုယ့်နဲ့မတူ ကိုယ့်ရန်သူဆိုတာ အာဏာရှင် စနစ်ပါ။ အမေစု ခင်ဗျားတို့လုပ်တာ မှားတယ်လို့ တခါမှ မဝေဖန်ခဲ့ဖူးဘူး လက်နက်ကိုင်တွေကိုလဲ အပြစ်မဆိုဘူး ငြိမ်းချမ်းအောင် အတူတကွ ကြိုးစားကြဖို့ပဲပြောတာ။ နောက်ဆုံးအနေနဲ့ ပြည်ပ အတိုက်အခံတွေကိုလဲ ချစ်ခြင်းများစွာနဲ့ တိုက်တွန်းပါရစေ၊ ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင်၊ ဘဘ ဒဂုံတာရာ၊ ဘဘလူထုဦးစိန်ဝင်း စတဲ့ ပြည်သူတွေလေးစားတဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ နဲ့ တိုင်းရင်းသားပြည်သူအားလုံး (နိုင်ငံတကာကပါ) ယုံကြည်ကြတဲ့ အမေစုကို ခင်ဗျားတို့အမြင်နဲ့မတူညီရင်တောင် ကိုယ့်သိက္ခာကိုယ်လေးစားတဲ့အနေနဲ့ အခုလိုလိုက်ဝေဖန်နေတာထက် ကိုယ်တတ်နိုင်သလောက် ကိုယ်ကြိုးစားကြပါ။ အမေစုကို ဝန်းရံကြပါလို့ တောင်းဆိုတိုက်တွန်းပါရစေ။ အမှားပါရင်ခွင့်လွှတ်ပါ။ ကျနော့တို့ လူငယ်တွေအတွက်ကတော့ အမေစု မှတပါး အခြားမရှိဆိုတာ လို အမေစုသာ ပြည်ထောင်စုကြီးကို ညီညွတ်အောင်လုပ်နိုင်မယ့်သူလို့ ယုံကြည်နေပါတယ်။ ကိုအောင်မျိုးထွန်းရဲ့ တက်ကြွထိရောက်တဲ့ လုပ်ဆောင်မှုတွေကို မျှော်လင့်လျှက်...

    ReplyDelete
  10. ပြည်ပမှာ အေးအေးဆေးဆေးလေး နေပြီးလေကန်မနေဏဲ့။ပြည်တွင်းကဒုက္ခ ပြည်တွင်းကလူတွေဘဲပိုသိ့တယ်။ပြည်တွင်းကလူတွေလိုရင်းရဲလား။ရင်းရဲရင် ပြန်ဝင်လာခဲ့။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။