Pages

Thursday, October 27, 2011

ယနေ့ အိုးအိမ်ဦးစီးဌာနရုံးရှေ့မှာ လယ်သမားများရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ.. ဓာတ်ပုံ၊ သတင်း

ယနေ့ ၂၇ရက်နေ့ မနက် ၈း၃၅ အချိန်၌ ရှေ့နေကိုဖိုးဖြူ ဦးဆောင်သော တောင်ဒဂုံဆိပ်ကမ်း၊ ခရမ်း၊ သုံးခွမြို့နယ်မှ တောင်သူလယ်သမား အယောက် ၃၀ ခန့်သည် ဗိုလ်ချုပ်လမ်း စိန်ပေါလ်ဘုရားရှိခိုးကျောင်း ရှေ့ရှိ အိုးအိမ်ဦးစီးဌာန ရှေ့သို့ လာရောက် ဆန္ဒပြခဲ့ကြပါသည်။ လယ်သမားများ၏ မြေယာများအား (လန/၃၉)အရ အိုးအိမ်ဦးစီးဌာနမှ မတရား သိမ်းယူခဲ့သောကြောင့် ယခုကဲ့သို့ လာရောက်တောင်းဆို ဆန္ဒပြရခြင်းဖြစ်ကြောင်း ခရမ်းမြို့နယ်မှ လယ်သမားဦးကြီးတစ်ဦးမှ ပြောဆိုသွားခဲ့ပါသည်။ 
ထို့နောက်မှာတော့ လုံထိန်းရဲများ ရောက်ရှိလာပြီး လူစူခွဲကာနေရပ်သို့ ပြန်ရန်ပြောဆိုခဲ့သည်ဟု သိရှိရပါသည်။ ယင်းတောင်းဆိုမှုကို ဦးဆောင်ခဲသော့ ရှေ့နေကိုဖိုးဖြူအား ထောက်လှမ်းရေးများမှ စစ်ဆေးမြန်းရန်ရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။
သတင်း၊ ဓာတ်ပုံ .. ဒီမိုဝေယံ၊ ဒီမိုကောင်းကင်
ဒီမိုဝေယံ ဘလော့ဂ်မှ သတင်း၊ ဓာတ်ပုံများ ကူးယူဖော်ပြနိုင်ပါသည်.. ကူးယူသည့်လင့်ခ်အား ပြန်လည် ဖော်ပြပေးပါရန်..

ပြဿနာဟောင်းဟာ အသစ်ဖြစ်နေသေးတယ်..
(ရေးသားသူ အောင်မျိုးထွန်း)

ဒီနေ့မနက်၊ မြို့ထဲဗိုလ်ချုပ်လမ်းက အိုးအိမ်ရုံးရှေ့မှာ လယ်သမားတွေ ဆန္ဒပြတာကို တာဝန်ရှိ ပြည်ထဲရေးဌာနရဲများက တားမြစ်လူစုခွဲတဲ့ဖြစ်စဉ်ဟာ နိုင်ငံရေးသတင်း ဖြစ်ပါတယ်။ မနက်ဖြန်ထုတ် ပြည်တွင်းဂျာနယ်တွေမှာ ဖော်ပြပေးဖို့ အယ်ဒီတာမင်းများအနေနဲ့ ကြိုးစားစေချင်ပါတယ်။ စာပေစီစစ်ရေးဘက်ကလည်း အထိုက်အလျောက် ခွင့်ပြုပေး ရပါလိမ့်မယ်။ ရွှေဝါရောင် (၄)နှစ်ပြည့်၊ ဆုတောင်းပွဲ အခမ်းအနား နိုင်ငံရေးသတင်းတွေကိုလည်း အဲဒီတုန်းက ဖော်ပြခွင့် မရခဲ့ပါဘူး။ ဒီတော့.. နိုင်ငံရေးသတင်းခွင့်ပြုမှုကို တိုင်းတာတဲ့ စံနှုန်းပေတံ ဆိုတာကို ကျွန်တော်တို့က သံသယရှိနေတာ သဘာဝကျပါတယ်။ 

ဒါနဲ့ တစ်ဆက်တည်း.. ဂျာနယ်များမှာ ရေးသား ဖတ်ရှုခွင့်ရလာခဲ့တဲ့ နိုင်ငံရေးသတင်းတွေက “နိုင်ငံရေး” ကိုပါ အမြင်တိမ်းလာနိုင်တာတွေ ရှိလာရပါတယ်။ ဒါ့ကြောင့်ဘဲ... ပြဿနာဟောင်းဟာ အသစ်ဖြစ်နေသေးတယ်လို့ ယူဆသူတွေ ရှိလာပြီး သူတို့ကို လွန်နေတယ် မှားနေတယ် သွားပြောရင် ရယ်စရာ သိပ်ကောင်းပါလိမ့်မယ်။
 အောင်မျိုးထွန်း..

3 comments:

  1. လယ်သမားတွေလဲ ဖွတ်ကျောပြာစု ဆိုသလို စစ်အာဏာရှင်တွေ အဆက်ဆက် ထင်သလို နှိပ်စက်လို့ ဆင်းရဲတွင်းနက်လာလို့ ခုလို ဆန္ဒပြကြတာပါ။လယ်သမားတွေကို ကူညီတဲ့ ကိုဖိုးဖြူကို အမြန်လွှတ်ပါ။

    ReplyDelete
  2. ကျေးဇူးရှိမှကျေးစွပ်သည့်စကားပုံအရ
    ထမင်းရှင်လယ်သမားများအားမစော်ကားသင့်ပါ
    ပြည်သူများကရွံမုံးသောအလုပ်ကိုပြည်သူ့ ရဲများက
    မလုပ်မိစေရန်စောင့်စည်းသင့်ပါသည်
    မတရားသဖြင့်သိမ်းယူထားသောလယ်ယာမြေများအား
    ပိုင်ရှင်လယ်သမားများထံပြန်လည်ရရှိရန်တောင်းဆိုပေးသော
    ရှေ့နေကိုဖိုးဖြူအားချွင်းချက်မရှိလွှတ်ပေးသင့်ပါသည်

    ReplyDelete
  3. ခေတ်သစ် တောင်သူလယ်သမား အရေးတော်ပေါ် မဖြစ်စေ ချင်ဘူး လယ်သမားတွေ ခုဒုက္ခကို ဖြေရှင်းပေးသင့် တယ် ...ဦးဆောင်တဲ့ သူကိုလည်း .ဖမ်းထားရင် ဒီမိုကရေစီ ဖော်ဆောင်ရေး ဆိုတာ အတုပဲ ....

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။