နဖူးမှချွေး ခြေမသို့ကျသည်အထိ
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပခုက္ကူရေဘေး ကယ်ဆယ်ရေးအဖွဲ့သားများသည် ပေါက်မြို့မှ မင်းကိုင်း၊ ညောင်ပင်သာ၊ ချောင်းကူးရွာများနှင့် မင်းခေါင်း၊ သံပုရာအိုင်၊ ပိုးဖြူလုံးအိုင်များသို့ ၄.၁၁.၂၀၁၁ ရက်နေ့တွင် သွားရောက်၍ ဆန်၊ ဆီ၊ ဆား၊ အ၀တ်အထည်၊ ပန်းကန်ခွက်ယောက်များ၊ ဒယ်အိုး၊ ခေါက်ဆွဲ ထုတ်များ၊ ရေသန့်ဗူးများ၊ ခြုံစောင်များကို သွားရောက်၍ ကူညီဖေးမ လှူဒါန်းခဲ့ကြသည်။ လမ်းခရီးတွင် ဆိုင်ကယ်ဖြင့် လူများသွားရောက်ကာ ဝေငှလှူဒါန်းမည့်ပစ္စည်းများအား လော်လီကားကြီးများဖြင့် ထပ်မံ သယ်ဆောင်ခဲ့ကြသည်။ ယင်းသို့ သွားရောက်ရာတွင် ချောင်းများ၊ ရွံ့နွံများ၊ တောင်ကမ်းပါးရံများကို ဖြတ်ကျော်သွားခဲ့ရာတွင် ဆိုင်ကယ်များကို ရေစီးကြောင်းများမှ လွတ်ကင်းရန် လူများမှ ၀ါးလုံးထိုး၍ ဆိုင်ကယ်များကို ထမ်းပိုးကာ စက်လှေပေါ်သို့ တင်ဆောင်သွားရသည်။
ရွံ့နွံများ၊ သဲနွံများကို ဖြတ်သန်းရာတွင် ခြေလျင်ဖြင့်၎င်း၊ နွားလှည်းယာဉ်များဖြင့်၎င်း၊ ဆိုင်ကယ်များကို မချီထမ်းပိုး၍၄င်း၊ နွံနစ်သွားသော မော်တော်ယာဉ်ကြီးအား ရွံ့နွံများအား ကယ်ဆယ်ရေး အဖွဲ့သားများတို့မှ ဖယ်ရှား၍၄င်း၊ လမ်းခရီးတွင် ရုန်းထွက်၍မရနိုင်သော ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများ သယ်ဆောင်လာသော မော်တော်ယာဉ်ကြီးအား ဘူဒိုဆာကားကြီး၏ အကူအညီဖြင့် တွန်းထုတ် မတင်၍၄င်း ခက်ခဲပင်ပန်း ကြီးစွာဖြင့် ဖြတ်သန်း၍ ဒုက္ခသည်များ လက်ဝယ်ဆီသို့ သွားရောက်လှူဒါန်းမှုများကို ထမ်းဆောင်ပေးဆပ် ခဲ့ရသည်။ ယခု ပခုက္ကူရေဘေးကယ်ဆယ်ရေး လမ်းကြောင်းခရီးစဉ်တွင် အသင်းသားများဖြစ်ကြသော ကိုအောင်စိုး၊ ကိုမြတ်သူ၊ ကိုဇော်မင်း၊ ကိုတင်မင်းနိုင်၊ ကိုဇေယျာ၊ ကိုချာလီနှင့် ပေါက်မြို့ ကံစွယ် ကျောင်းတိုက် ဆရာတော်ကြီး ဦးကောသရ၊ ပေါက်မြို့နယ် အဝေရာ လူမှုကူညီရေးအသင်း (ပေါက်မြို့) အသင်းသားများတို့မှ ပူးပေါင်းကူညီ ဖေးမပေးခဲ့ပါသည်။
ပေါက်မြို့ ကံစွယ်ကျောင်းတိုက်၌ ၀န်ထမ်းပေါင်းစုံ စုပေါင်း မဟာဘုံကထိန်ပွဲနှင့် တိုက်ဆိုင်ခဲ့၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း အလှူငွေ (၅)သိန်း၊ ဆန်၊ ဆီ၊ ဆား၊ အိုးခွက်များကိုပါ ပါဝင်ဆင်နွဲ လှူဒါန်းခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသား/သူများအနေဖြင့် နာရေးကိစ္စများ၊ ဆေးကုသမှုများ၊ ပညာဒါနကိစ္စရပ်များကို (အခမဲ့) ပြုလုပ်ပေးနေသည်နှင့်အညီ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဖွဲ့စည်းပုံ ဥပဒေစာအုပ်အသစ်တွင် ပါဝင်သော သဘာဝဘေးအန္တရာယ် အရေးပေါ် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ လှူဒါန်းရေး ဟူသော လုပ်ငန်းရပ် ပါဝင်သည်နှင့်အညီ မိမိတို့၏ အသက်၊ သွေး၊ ချွေးတို့အား ဂရုမမှုပဲ ဒုက္ခသည်များရှိရာသို့ ခက်ခဲပင်ပန်းကြီးစွာဖြင့် သွားရောက်လှူဒါန်း ကူညီမှုများကို (၃၁) ဘုံ ကျင်လည်ကုန် သော ဝေနေယျသတ္တ၀ါအပေါင်း လူနတ်ဗြဟ္မာအပေါင်းတို့အား အမျှ … အမျှ … အမျှ ဟု ပေးဝေငှလိုက်ပါ သည်။









ဒီလိုမွန်မြတ်လွန်းတဲ့အလှူမျိုးကိုဝမ်းမြောက်ဝမ်းသာ အားပါးတရ ကို သာဓုခေါ်ပါတယ်ခင်ဗျား။ အမျိုး၊ဘာသာ အတွက် ဆတက်ထမ်းပိုးရွက်ဆောင်နိုင်စေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်ညီအစ်ကိုအပေါင်းတို့ခင်ဗျား။
ReplyDeleteစေတနာစွမ်းအားမြင့်မားတဲ့ လူမှုအကျိုးပြုလှုပ်ရှားဆောင်ရွက်မှုတွေ မြင်တွေ့ရတော့အတိုင်းမသိ
ReplyDeleteပီတိဖြစ်ရပါတယ် ပါဝင်တဲ့သူတွေနဲ့အတူ သာဓု..သာဓု..သာဓု..ပါဗျာ
IT IS THE REAL REAL BURMESES!!!!!!!!!!!!! I ADMIRE THEM!!!!!!!
ReplyDeleteဒီလို အလှူမျိုးမြင်ရတော့ သာဓု လှိုက်လှိုက်လှဲလှဲ ခေါမိပါတယ်.. တခြားအမြင်လေးလဲ ကျွန်တော် တွေးနေမိပါတယ်... nargis ဖြစ်တုန်းကလဲ ကျနော်တို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းကြပါတယ်.. လိုအပ်တဲ့ လူတွေဆီမရောက်မှာဆိုးလို့ပါ.. အဲလို တစ်ဦးချင်းဆီသွားလှူကြတော့ လှူတဲ့ အရာတွေ ထပ်ကုန်တာ သတိထားမိတယ် .. နောက်ဆို စိတ်ချရတဲ့ reliable ဖြစ်တဲ့ body တစ်ခုခု ကနေ control လုပ်ပေးနိုင်ရင် ပိုပြီးထိေ၇ာက်မယ် ထင်မိပါတယ်..
ReplyDelete