Pages
Friday, November 18, 2011
ခြေစုံပစ်ထောက်ခံရမယ့် အချိန် (ဆောင်းပါးရှင် ဝေမော်)
ခြေစုံပစ်ထောက်ခံရမယ့် အချိန်
  (ဆောင်းပါးရှင် ဝေမော်)
by Wai Maw (Facebook) on Tuesday, November 15, 2011 at 8:26pm
ကိုဇာဂနာ လိုင်းကြောင်သွားပြီ။ ဒေါ်အောင်ဆန်းစုကြည် အသုံးချခံနေရပြီလို့ ရေးနေပြောနေတာတွေ မြင်ရကြားရတော့ တကယ့်ကို စိတ်မကောင်းဖြစ်စရာပါ..။ အညှာတာမဲ့ဆုံး အသုံးအနှုန်းကတော့ NLD ပါတီမှတ်ပုံတင်ရင် ဒေါ်အောင်ဆန်းစုကြည် နွားဖြစ်သွားမယ် ဆိုတဲ့ ဒေါက်တာခင်စိန်ရဲ့ ရေးသားချက်ပါပဲ။ သူတို့ဘာကြောင့်များ ဒီလောက်ပြင်းထန် နေကြတာလဲ။ ဒီထက်ပိုပြီး လက်တွေ့ကျတဲ့ နည်းလမ်းကို လက်ဆုပ် လက်ကိုင်ရှိနေကြပြီလား။
ကိုယ်ခံယူထားတာနဲ့ မကိုက်ညီလို့ ဆန့်ကျင်တာဆိုရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပေါ့လေ။ မြန်မာ့နိုင်ငံရေးမှာ အဆုံးအဖြတ်ပေးမယ့် အချိုးအကွေ့တစ်ခု ရောက်ပြီဆိုရင် ကွဲကြပြဲကြနဲ့ ဒိုင်စားခံရတာတွေလည်း များလှပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဇာဂနာ နှစ်ဦးစလုံးက ရိုးသားဖြူစင်တယ်။ ပြည်သူလူထုအတွက် စွန့်လွှတ် အနစ်နာခံမှုတွေကလည်း အများကြီး။ ဒီတော့ ပြည်သူလူထုကလည်း သူတို့နှစ်ဦးကို ယုံကြည်တယ်။ ထောက်ခံတယ်။ သူတို့ဘေးမှာ ၀န်းရံပေးဖို့လည်း အဆင်သင့်ပါပဲ။
အရှိန်သြဇာအရရော ဂုဏ်သိက္ခာအရပါ အားကြီးသူတွေဆိုတော့ ဆင်သွားရင် လမ်းဖြစ်တာပေါ့ဗျာ။ သူတို့ဘာပဲ လုပ်လုပ် လှုပ်ခတ်မှုကြီးမားမှာပဲ။ ဒေါ်စုနဲ့ အစိုးရခေါင်းဆောင်တွေ ဆွေးနွေးနေတယ်။ ဒေါ်စုကို ထောက်ခံ ၀န်းရံတယ်ဆိုတာနဲ့ အစိုးရကို ထောက်ခံတယ်ဆိုပြီး ကောက်ချက်ဆွဲလို့မရပါဘူး။ အစိုးရနဲ့ဒေါ်စု တွေ့ဆုံဆွေးနွေးရာမှာ ဒေါ်စုဘက်က ပြည်သူလူထုရှိတယ်။ အဲဒီပြည်သူလူထုက ပြောင်းလဲမှုကို ဦးတည်နေပါတယ်ဆိုတဲ့ ခြေလှမ်းတွေကို ထောက်ခံကြိုဆိုတာ။ နောက်ပြန်ဆုတ်သွားမှာကို မလိုလားဘူး။ အစိုးရဘက်က တိုးတက်မှု အရွေ့တစ်ခုကို ဖော်ဆောင် မပေးနိုင်ဘူးဆိုရင် အစိုးရကို တွန်းရွှေ့ပစ်ဖို့ ဒေါ်စုမှာ အားရှိတယ်ဆိုတာကို လက်တွေ့မြင်အောင် ပြထားဖို့ပါပဲ။
ဒီနေရာမှာ ကိုဇာဂနာလို ပြည်သူချစ်တဲ့ အနုပညာသမား တစ်ယောက် ပါဝင်အားဖြည့်လာတော့ အင်အားက အတိုင်းထက်အလွန် ဖြစ်သွားတာပေါ့ဗျာ..။ ကျနော်ကတော့ သူတို့နှစ်ယောက်လုံးကို အပြည့်အ၀ထောက်ခံပါတယ်။ ဖြစ်နိုင်ရင် သူတို့ကို ထောက်ခံတယ်ဆိုတဲ့ အသံက အစိုးရ ခေါင်းဆောင်တွေရဲ့ နားဝမှာ မိုးကြိုးပစ်သလို ဆောင့်ဝင်သွားအောင် လုပ်ပစ်ကြရမှာ။  ထောက်ခံတယ် ဆိုတာက အပေးအယူလုပ်ပြီး စေ့စပ်ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ မီးစိမ်းပြတဲ့ သဘောပဲရှိတာ။ အရှုံးပေးတာ နည်းနည်းလေးမှ မဟုတ်ဘူး။
ခုချိန်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ အင်အားစုကြီးတွေ၊ အဖွဲ့အစည်းကြီးတွေက မြန်မာပြည်အရေးကို အလေးထား အာရုံစိုက်နေချိန် ဖြစ်သလို အစိုးရဖက်ကလည်း ရှေ့ခရီးဆက်ဖို့ အခက်တွေ့နေချိန်။ သူတို့ကိုထွက် ပေါက်ပေးနိုင်မယ့် အင်အားကြီး မိတ်ဖက်ကို အမိဖမ်းဖို့ကြိုးစားနေချိန်၊ ဒီအချိန်မှာ အပြောင်းအလဲ တစ်ခုကို ရွေ့ဖို့လမ်းဆုံလမ်းခွကို ရောက်လာတဲ့အချိန်ဖြစ်နေတာပါ။ 
အကောင်းဘက်ကိုဦးတည်နိုင်မလား အဆိုးဘက်ကို ပြန်ကျမလား တွန်းအားပေါ်မှာ မူတည်ပါလိမ့်မယ်။ အာရပ်ကမ္ဘာနဲ့ အရှေ့အလယ်ပိုင်းပြဿနာတွေမှာ အမေရိကန်နဲ့တရုတ် ရေရှည်ဘယ်သူ့ကို အဓိက အားထား နိုင်သလဲ ဆိုတဲ့အဖြေ ရှင်းရှင်းကြီးပေါ်လွင်သွားပါပြီ။ မြန်မာပြည်အရေးမှာတော့ အာရပ်နွေဦးနဲ့ ကွဲပြားတဲ့ ကကွက်ဆန်းတစ်ခု.. အစိုးရနဲ့ အတိုက်အခံ ပူးတွဲချန်ပီယံ ဆွတ်ခူးနိုင်ဖို့ Super power တွေက ပြင်ဆင် ဆောင်ရွက်နေပါတယ်။ ကျနော်ယုံကြည်တာကတော့ အစိုးရနောက်မှာ စစ်တပ်ရှိတယ်ဆိုတာ မသေချာပါဘူး။ ဒါပေမယ့် ဒေါ်စု ခေါင်း ဆောင်မှုနောက်မှာ ပြည်သူလူထုရှိနေတာကတော့ အသေအချာပါပဲ။ ဒေါ်စုနဲ့ပြည်သူလူထု တစ်သားတည်း ရှိနေတဲ့အားက စစ်တန်းလျားကို လှုပ်နှိုးမှာလည်း အသေအချာပါပဲ။
ဒီပွဲမှာ အစိုးရဖက်က ကလီကမာလုပ် လာရင် စစ်တပ်ထဲမှာကို အဖြူအမဲ ကွဲပြားရတော့မယ့် အခြေအနေပါ။ သူနေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာတဲ့ ၁ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “ပျော့ပြောင်းတဲ့ နည်းလမ်းဆိုတာ ပျော့ညံ့မှု မဟုတ်ဘူး” လို့ပြောသွားတာ သတိပြုစရာပါ။ ပျော့ပြောင်းပေမယ့် ခိုင်မာတောင့်တင်းတဲ့ သံမဏိကြိုးလို စိတ်ဓာတ်ပိုင်ရှင်တွေအတွက် သမိုင်းစာမျက်နှာတွေ ဘယ်တော့မှ မကုန်နိုင်ပါ။ အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်လျှောက်လှမ်းနေတဲ့ ဒေါ်စုကို ယုံကြည်ပါတယ်။ မြန်မာပြည်ရဲ့ နယ်လ်ဆင် မင်ဒဲလား ဖြစ်စေချင်ပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည် အောင်မြင်ပါစေ….
ဝေမော်
၁၅ နိုဝင်ဘာ ၂၀၁၁
11 comments:
    (above is uising zawgyi,below is using myanmar3)
    ကျနော် ဒီလိုမျိုးရေးမယ့်လူမျိုးမျှော်နေတာကြာပြီ။ ကိုယ့်ခေါင်းဆောင် ဆိုပြီး အရင်ပြောခဲ့တဲ့လူတွေ ဒီလောက်တောင် ကိုယ့်ခေါင်းဆောင်ကို လွယ်လွယ်နဲ့ ပြောကြ တာတွေ ့ရတော့ စိတ်ထဲမကောင်းဘူးဗျာ။
    ReplyDelete
  2. ဒေါ်အောင်ဆန်းစုကြည်အနောက်မှာ ပြည်သူတွေရှိပါတယ်။
    ဒီလောက်ဘဲပြောချင်ပါတယ်။
    ReplyDelete
  3. ကျွန်တော် ကတော့ အစက တည်းက လက်တွဲ ပူးပေါင်းရေးမူကိုလက်ခံခဲ့တာပါ ... အခုလိုတရားဝင်ကြေငြာလိုက်တယ်ဆိုတော့ အတိုင်းမသိဝမ်းသာပါတယ်... အရင် က သူတို့လုပ်မသမျှကို အတိုက်အခံ နဲ့ အတင်းကြီးငြင်းနေတော့ ပြည်သူတွေအတွက် NLD က ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး.... အခု မှတ်ပုံတင်ပြီး အားသွန်ခွန်စိုက်ကြိုးပမ်းရင် ပြည်သူတွေအတွက် အဖိုးတန်တဲ့ ဆုံးဖြတ်မှုတွေ လွတ်တော်က ချမှတ်လာနိုင်မယ်.... အခြေခံဖွဲ့စည်းပုံ မူတိုင်းမှာ အားနည်းချက်တော့ အနည်းနဲ့အများရှိကြမှာပါဘဲ ... ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာလဲ လိုအပ်ချက်တွေ့ ဒုနဲ့ဒေးပါ... ကျွန်တော်တို့ အချိန်ယူပြီး ပြင်ဆင်သင့်တာတွေကိုပြင်ဆင်ရမှာပါ... အဲ့ဒီလိုပြင်ဆင်တဲ့နေရာမှာ အမေစုတို့လို ဦးဇာဂနာတို့လို တိုင်းပြည်နဲ့လူမျိုး အတွက်ကိုဘဲကြည့်တဲ့လူတွေ.. တိုင်းပြည်ကိုချစ်တဲ့သူတွေ ပါလာတာ ဟာ အနာဂတ်မြန်မာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်...တစ်ကယ်ကိုအထောက်အကူပြုနိုင်မယ်လို့ ထင်ပါတယ်.. ကျွန်တော် က တော့ elitism ၀ါဒကို လက်ခံ တယ်... မြန်မာနိုင်ငံကို တစ်ဖြေးဖြေး ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်... လူတော်လူကေါင်းတွေအများကြီးမွေးထုတ်မယ်ပေါ့.... တိုးတက်ပြောင်းလဲမှုဆိုတာ အချိန်ယူရမယ်လို့ထင်ပါတယ်၊ အခုရေတွင်းတူး အခု ရေကြည်သောက်လို့မရသလိုပေါ့.. ကျွန်တော်တို့ခေတ်မှာ ဒီမိုကရေစီ ဆိုတာ ကို အသက်သွင်းခဲ့တယ်... အနာဂတ် မျိုးဆက်သက်တွေ ဒီမိုကရေစီ ရဲ့ အနှစ်သာရတွေကို ခံစါးနိုင်မယ်.. စင်္ကပူဆိုရင်လဲ နှစ်ပေါင်း ၄၀ ကျော်ပြုပြင်ပြောင်းလဲရေးတွေလုပ်ခဲ့ရတာ ပါ၊ လီကွမ်ယု east coast ကမ်းခြေမှာတစ်ယောက်ထဲထိုင်ပြီးမျက်ရည်ကျခဲ့ရတဲ့ညပေါင်းတွေမနဲခဲ့ပါဘူး၊ ဒါတောင် စင်္ကာပူဟာ အခုထိ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်သေးပါဘူး.... ဒါတွေကိုကြည့်ရင် ကျွန်တော်တို့နိုင်ငံ တစ်ကယ့်တကယ့် ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ အပြင်းအထန်ကိုကြိုးစါးယူရမှာပါ... အခုအမေစုမှတ်ပုံတင်တဲ့ကိစ္စဟာ တစ်ကယ်ကို တိုင်းသူပြည်သားတွေရဲ့ အရေးမှာ ၀င်ရောက် ဆုံးဖြတ်ခွင့်ရမှာဖြစ်တဲ့အတွက်... အမေစုတို့ဆုံးဖြတ်ချက်ကို အတိုင်းမသိ အတိုင်းထက်အလွန်ကို ၀မ်းသာပီတိဖြစ်မိပါကြောင်း ......
    ReplyDelete
  4. စင်္ကပူဆိုရင်လဲ နှစ်ပေါင်း ၄၀ ကျော်ပြုပြင်ပြောင်းလဲရေးတွေလုပ်ခဲ့ရတာ ပါ၊ လီကွမ်ယု east coast ကမ်းခြေမှာတစ်ယောက်ထဲထိုင်ပြီးမျက်ရည်ကျခဲ့ရတဲ့ညပေါင်းတွေမနဲခဲ့ပါဘူး၊ ဒါတောင် စင်္ကာပူဟာ အခုထိ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်သေးပါဘူး.. There are so funny, who say he cry? He has rule and planning, but for Myanmar need to wait at least another two generation. In Myanmar history, there are no one king thinking for civilian. future also same...
    ReplyDelete
  5. ကြိုဆိုတယ်ဗျာ....NLD ရဲ့လုပ်ဆောင်ချက်တွေ..ဒါမျိုးဖြစ်သင့်ပါတယ်...ပြည်သူတွေအတွက်ကောင်းရာကောင်းကြောင်းလုပ်နေတာပဲ..လက်ခံရမှာပေါ့...လိုက်ဝေဖန်နေတဲ့သူတွေကိုမေးပါဦး..ဗမာပြည်ထဲမှာနေတာရောဟုတ်ရဲ့လား.နိုင်ငံခြားမှာနေပြီး လေလျှောက်ပစ်နေတာ..ဗမာပြည်ထဲကပြည်သူတွေကို ကြည့်ပါဦး..တော်တော်ဒုက္ခရောက်နေကြတာ..စုတ်ပြတ်သတ်နေတာပဲ...ငတ်မသေရုံပဲရှိတော့တယ်.ကိုယ်ချင်းစာကြပါ....ဝေဖန်တဲ့သူတွေကို ပြောပါရစေ..ပြည်သူတွေဘယ်လောက်ထိများ စောင့်နေရဦးမှာလဲ...အငတ်ဘေးဆိုက်ပြီးသေတဲ့အထိလား...အမေစုကိုဝေဖန်တဲ့သူတွေ..ခင်ဗျားတို့တော်တော်လေးကိုတော်နေရင် တတ်နေရင်..အမေစုနဲ့နေရာလဲပြီး...နိုဘယ်လ်ဆုယူထားလိုက်တော့...သိလား...လေဖန်ရေး ဝေဖန်ရေး သမားတွေရေ.....
    ReplyDelete
  6. ဦးစိန်၊ ဂျပန်။
    ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် က ပြောခဲ့တယ်၊ ”ကိုယ့်မှာ အင်အားရှိရင် ကိုယ်သွားချင်တဲ့ လမ်းကို သိကြားမင်းတောင် တားလို့မရပါဘူး”..တဲ့ စစ်အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD တို့ ပြည်သူ တို့ နဲ့ ခွဲခြားထားနှိုင်ခဲ့လို့ (အင်အား လျှော့အောင် လုပ်ထားနှိုင်ခဲ့လို့) အနှစ် ၂၀ ကျော် ယက်ကန်ယက်ကန်နဲ့ နစ်နာမှုများသာ များခဲ့ပါတယ်။ ဒီတော့ ဘာဘဲ လုပ်လုပ်” ဒီမိုကရေစီ အင်အားဒု အင်အား ခိုင်မာတောင့်တင်း” နေဘု့် ကိုယ့်ခေါင်းဆောင်ပိုင်းမှာ အင်အား ရှိနေဘို့ ငါတို့ အားလုံး ခေါင်းဆောင်ကောင်းရဲ့ အနောက်မှာ တစုတစည်းထဲ ထောက်ခံ ရပ်တည်နေဘို့ ဒီနေ့ အရေးကြီးဆုံး ကိစ္စ ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်တယ်။
    ဒေါ်အောင်ဆန်းစုကြည်မှာ ဥာဏ်ပညာနဲ့ အမှန်တရားရှိတယ် ဒါကြောင့် သူ့နောက်မှာ ပြည်သူရှိတယ်၊ နိုင်ငံတကာ ခေါင်းဆောင်တွေရှိတယ်၊ဒါဟာသေချာတယ်၊
    စစ်ခေါင်းဆောင်တွေရဲ့ အနောက်မှာ စစ်တပ်ရှိတာ ယ္ခင်ကလောက် မသေချာတော့ဘူး၊ တိုင်းပြည် ကာကွယ်ဘို့ အာဏာယူရတယ်လို့ အကြောင်းပြပြီး လက်တွေ့မှာ တရုပ်ကို တိုင်းပြည်ရောင်းစား ထားတာတွေ (ခေတ်မှီဆက်သွယ်ရေး Bolger တွေရဲ့ ကျေးဇူးကြောင့်) ဘူးပေါ်သလိုပေါ် သွားပြီးနောက်ပိုင်း ယ္ခင်ကပင် တရုပ်ကိုမုန်းရင်းစွဲ ရှိတဲ့ ဗမာ့တပ်မတော်ရဲ့ မျိုးချစ်စိတ်ရှိတဲ့ တပ်မတော်သားတွေဟာ ဒီစစ်ခေါင်းဆောင်သစ် တွေဘယ်လိုခြေ လှန်းပြင်နေလဲဆိုတာ ဂရုစိုက် စောင့် ကြည့်နေကြပြီ။ (Multi Media Bolger လူငယ်တချို့ ရဲ့ စွမ်းဆောင်ရည်ဟာ ရာထူးကြီးကြီး လစာနဲ့ အခွင့်အရေး ကြီးကြီး ရယူထားကြတဲ့ ဗိုလ်ချုပ်ကြီးတွေထက် တိုင်းပြည်ရဲ့ လိုအပ်တဲ့ သားကောင်းတွေ အဖြစ် ပိုထိုက်တန်ကြတယ်။)
    ဦးစိန်၊ ဂျပန်။
    ReplyDelete
  7. လွတ်လပ်ရေးဆိုတာ တိုက်ယူမှ ရတယ် ဆိုတဲ့ တစ်ယူသန်သမားတွေကြောင့် စစ်အာဏာရှင်တွေ နှစ်ပေါင်း ၅၀ ကျော် တိုင်းပြည်ကို ကျွန်ပြုခွင့် ရသွားခဲ့ကြပါတယ်။လက်တွေ့ကျကျ ဆုံးဖြတ်ရမှာပါ။တိုင်းပြည်ဒုက္ခရောက်မဲ့လမ်းကြောင်းကို မရွေးဘဲ ငြိမ်းချမ်းသောနည်းနဲ့ ပြောင်းလဲကြပါစို့.
    ဒေါ်စုကို ထောက်ခံကြပါစို့.
    ReplyDelete
  8. ထောက်ခံပါတယ်။ အောင်မြင်ပါစေ
    ReplyDelete
  9. ဒေါက်တာလွန်းဆွေ၏ SITE တွင်ဖေါ်ပြထားသောကာတွန်းလေးတချပ်ကို ကျွန်တော်အရမ်းကြိုက်နှစ်သက်မိပါတယ်၊အင်မတန်ကျယ်ပြန့် တဲ့နိုင်ငံရေးပြုင်ပြောင်းလဲးမှုကိုတိတိကျကျ ဖေါ်ထုတ်ထားတာတွေ့ ရပါတယ်။
    ကာတွန်းရေးတဲ့သူကိုလေးစားမိတယ်။
    တရုတ်နဂါးပါးစပ်ကို အိုဘားမားကခြေလက်နှင့်ဖြဲ အာဆီယံက နဂါးပါးစပ်ထဲးမြန်မာပြည်ကိုဆွဲထုတ်နေတဲ့ပုံလေးပါ။
    ReplyDelete
  10. Please remember without Daw Aung San Suu Kyi and NLD, nobody give a shit about Burma-Myanmar. So if you think that other ordinary person can raise the suppressing issues to the world, unite people inside and outside against the military dictatorship SLORC-SPDC, you are dreaming in technicolor. There were people well known like U Nu, Bo Lat Yar, Bo Mya and Khin Maung Win already tried and failed. DASSK and NLD leadership and members have suffered (jailed, black-listed, exiled, forced unemployment, barred from writing) through the years and even the jailed 88 generation group of student leaders supported DASSK and NLD action because politics is not win or lose but willingness to negotiate and compromise for the betterment of people and the country.
    When someone criticized DASSK and NLD for compromising with the government, I am not going to give a shit about criticism unless its coming from someone who suffered like DASSK, 88 generation student group and NLD leadership in Burma-Myanmar under the military boot of SLORC-SPDC. These heroes have sacrificed their lives, ambitions, personal believes and future during those dark years and now they believed that instead of criticizing from the sidelines, negotiating, compromising, participating are the way to shape a better Myanmar-Burma future in the years to come. The people have suffered more than 50 years since March 2, 1962 and enough is enough!!!
    ReplyDelete
  11. အာရုံဦး နော်ဝေး
    ပြောနေ ကြတာ ပြောနေ ကြတာ...... အပြစ် တွေကြီးပြောနေတာ ပြောနေတဲ့သူ အခု ဘာတွေလုပ်နေလဲမသိဘူးနော်သိချင်လိုက်တာ.... တကယ် တော. အန်တီစု က ယက်ကန်း သမ လေးပါ အထည် တစ်စ ရ ဖို့အဆင့်ဆင့် လုပ်ယူ ရတဲ့ သဘော ပါ ၊ ပြော နေ မဲ့ အစား ၀ိုင်ရံပေးကြည့်ပါလား ... မြန်မာပြည်ကြီးကောင်စေ ချင်ရင်ပေါ့
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။