Pages

Sunday, December 11, 2011

ဒီလို ဆွမ်းစားမျိုးတွေ မကြွပါရစေနဲ့တော့ .. ဆောင်းပါးရှင် ဘိက္ခုဇိနပုတ္တ(ရန်ကုန်)

ဒီလို ဆွမ်းစားမျိုးတွေ မကြွပါရစေနဲ့တော့
ဆောင်းပါးရှင် ဘိက္ခုဇိနပုတ္တ(ရန်ကုန်)

ခုတလော အင်တာနက်စာမျက်နှာတွေမှာ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ကြ ခိုက်ကြလို့ သေကြ ကြေကြ ထိခိုက် ဒဏ်ရာတွေ ရကြတဲ့ သတင်းတွေကို မကြာခဏ ဆိုသလို တွေ့နေရတာ အလွန်ကို စိတ်ထိခိုက်စရာ ကောင်းလှပါတယ်။ ဒီလိုမျိုး အင်တာနက်စာမျက်နှာပေါ်က ပြည်တွင်းစစ်သတင်းတွေ ဖတ်ပြီး စိတ်မကောင်း ဖြစ်နေတုန်းမှာဘဲ ဒကာမတစ်ဦးက သူ့သားတော်မောင် ဗိုလ်တစ်ယောက် ရှေ့တန်းမှာ တာဝန်ကျနေလို့ ဘေးကင်း ရန်ကင်း အန္တရာယ်ကင်းအောင် ဆွမ်းအုပ်လာပို့ပါတယ်။ သူ့သားအတွက် ဘေးအန္တရာယ် ကင်းရှင်းအောင် မေတ္တာပို့ပေးပါလို့လဲ လျှောက်သွားလေရဲ့။ ရင်မော လိုက်တာ။

ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က လာပင့်တဲ့ ဆွမ်းစားတစ်ခု ဆိုရင်ရင်မောရုံတင် မဟုတ်ဘူး။ နောက်ကို ဒီလို ဆွမ်းစားမျိုး ဘယ်တော့မှ လာမပင့်ပါစေနဲ့၊ ဒီလိုဆွမ်းစားမျိုးတွေကို ဘယ်သောအခါမှ မကြွပါရစေနဲ့တော့လို့တောင် စိတ်ထဲက ကျိတ်ပြီး ဆုတောင်းမိတဲ့ ဆွမ်းစားမျိုးပါ။ ဆွမ်းစားက ရက်လည် ဆွမ်းသွပ်တာပါ။ ကိုးဆယ်ခြောက်ဖြာ ကိုးဆယ်ရှစ်ဖြာ အနာရောဂါကြောင့် သေရတဲ့ ရက်လည် ဆွမ်းသွပ်မျိုးတော့ မဟုတ်ပါဘူး။ ကရင်ပြည်နယ်က တိုက်ပွဲတစ်ခုမှာ သားတော်မောင် ရဲဘော်တစ်ယောက် ကျဆုံးသွားလို့ မိဘနှစ်ပါးနဲ့ ညီအကိုမောင်နှစ်မတွေက မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ကပ်လှူကြတဲ့ ဆွမ်းပါ။ “ကျဆုံးသွားတဲ့ ရဲဘော်က အသက် ဘယ်နှစ်နှစ် ရှိပြီလဲ” လို့ မေးကြည့်တော့ “ဆယ့်ကိုးနှစ်ပဲ ရှိပါသေးတယ်”တဲ့။ “တပ်ထဲဝင်သွားတာ ဘယ်လောက် ကြာပြီလဲ” လို့ ဆက်မေးတော့ “လေးနှစ်လောက် ရှိပါပြီ”တဲ့။ ဒီလိုဆိုတော့ တပ်ထဲရောက်သွားတာ ကလေးစစ်သားအဖြစ်နဲ့ ရောက်သွားခဲ့တာပါလား။ ခုတော့ ကျဆုံးသွားရှာလေပြီ။ တကယ်ကို စိတ်မကောင်းစရာပါ။
တကယ်တော့ ရှေ့တန်းမှာ တိုက်နေခိုက်နေ၊ ပစ်နေခတ်နေကြတဲ့ မြန်မာစစ်တပ်က ရဲဘော်လေးတွေရော တိုင်းရင်းသား အဖွဲ့အစည်းများက ရဲဘော်လေးတွေရောဟာ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့တစ်ဦး ရန်ငြိုး ရန်စ အာဃာတတွေ ရှိဖို့ နေနေသာသာ၊ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့ တစ်ဦး တွေ့ဖူး မြင်ဖူး သိဖူးကြတာမျိုးတောင် ရှိမယ် မဟုတ်ပါဘူး။ သူတို့လေးတွေကို ပစ်ဟေ့၊ ခတ်ဟေ့လို့ အမိန့်တွေ ပေးနေကြလို့သာ ဘာရန်ငြိုး ရန်စ မှ မရှိတဲ့ သူတွေ အချင်းချင်း ပစ်နေကြ ခတ်နေကြရတာပါ။ ဒီလို ပစ်ကြ ခတ်ကြရတဲ့ အတွက် နှစ်ဖက်စလုံးက ရဲဘော်လေးတွေဟာ အမိန့်တွေအောက်မှာ မြေစာ ဖြစ်သွားရပြီး တိုင်းပြည်ရဲ့ သားကောင်း ရတနာလေးတွေ အလဟဿ ဆုံးရှုံးသွားရတာဟာ အလွန်ကို နှမြောစရာ ကောင်းလှပါတယ်။ ဒီလိုမျိုး တိုင်းပြည်ရဲ့ သားကောင်းရတနာလေးတွေ အလဟဿ ဆုံးရှုံး နေရတာမျိုးတွေကို ခုချိန်မှာ ရပ်တန်းက ရပ်သင့်နေပါပြီ။

ကိုယ့်တိုင်းရင်းသား ညီအကို မောင်နှစ်မတွေ အချင်းချင်း ပစ်ဖို့ ခတ်ဖို့ သတ်ဖို့ ဖြတ်ဖို့  ပေးနေကြတဲ့အမိန့်တွေလဲ နှစ်ဖက်စလုံးက ချက်ချင်းကို ရပ်သင့်ပါပြီ။ ဒီလိုမျိုး အမိန့်တွေ ရပ်သွားမှဘဲ ဘုန်းဘုန်းတောင်းတဲ့ ဆုတောင်းက ပြည့်မှာပါ။ ဘုန်းဘုန်းတော့ ဘုန်းဘုန်းတောင်းတဲ့ ဆုတောင်းကို ခုချက်ချင်းကို ပြည့်ချင်နေပါပြီလေ။

ဘိက္ခုဇိနပုတ္တ(ရန်ကုန်)

5 comments:

  1. ကောင်းတယ် မှန်တယ် ဒိထက်ကြယ်ပျံ့ အောင် ရဟန်းသံဃာတွေကြားတည်းမယ် လည်း ဒီလိုမျိုး စာပေတွေ ဖျံ့သင့်တယ်။
    စက်တင်ဘာဦးနေမိန္ဒ( အမှန်တရားကိုဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete
  2. အောက်ခြေစစ်သည်တွေနဲ့ ပြည်သူတွေဘဲ မြေစာပင်ဖြစ်ရရှာတယ်.....လူကြိးတွေ ပြည်သူတွေကိုသနားရင် အမြန်ဆုံး အဖြေရှာသင့်ပါတယ်..

    ReplyDelete
  3. ပြည်တွင်းကနေ ဒီလိုလုပ်နေတဲ့ ဘုန်းဘုန်းတွေကို အာပေးတယ်။ ပြည်ပကနေ ဒေါ်လာယူပီ အော်အော်နေတဲ့ ဘုန်းဘုန်းတွေကိုတော့ ရွံတယ်။ နဲနဲထအော်လိုက် မဲဆောက်ပြေးပြီး ဂျာမဏီ ဖင်လန် စသည်ကိုခိုလုံခွင့်တောင်းလိုက်။ အများကြီးဘဲ မယုံဘူးလား ဆက်သွယ် ဘွဲ့နဲ့အတိအကျပြောပြမယ်။ ဟိုတလောက လာလာအော်နေတဲ့ သောပါက အကြောင်းပြောပြရမလား ဂျာမဏီမှာ ဘာတွေလုပ်နေတယ်ဆိုတာ။ သူနိုင်ငံေ၇းတ၇ားဟောတာကလဲ အတိုဘဲ ဘာလဲ အင်စိန်ထောင်ပို့မလား မကြောက်ဘူး သွားရဲတယ်တဲ့ ဒါဘဲပြောပြတတ်တယ်။

    ReplyDelete
  4. သာသနာကိုခုတုံးလုပ် သာသနာရေးမလုပ်ဘဲ သာရေး နာရေး ဒီမိုကရေစီရေး ပဲလုပ်ပြီး ၀ိနည်းအတိုင်းမနေ ကြာရင်သာ သနာကွယ်မှာ သေချာလှပါတယ် ဆရာတော်ကြီးများအနေနဲ့ စနစ်တကျ ထိန်းသိမ်းသင့်သော အချိန်ဖြစ်ပါတယ်။

    ဂျပန်နိုင်ငံ ငြိမ်းချမ်းရေးစေတီက မြန်မာသံဃာတော်တွေကို ဂျပန်ဂေါပက ဖယ်ရှားခိုင်းတယ်လို့  အာဖက်အေမှာ ကြားလိုက်ရပါတယ်။ ဆုံးရှုံးမှာက ၁၉၅၇ ခုနှစ်က ဝန်ကြီးချုပ်ဦးနုနဲ့ ဂျပန်ဘုန်းတော်ကြီးတွေ၊ ဂျပန် စစ်ပြန်ကြီးတွေ က တည်ထား ဆောက်လုပ် ခဲ့တဲ့ မြန်မာ ဘုန်းကြီးကျောင်း။ အဲဒီကျောင်းမှာ ဘုန်းကြီး(၃)ပါးရှိပါတယ်။ (၃)ပါးစလုံးကလဲ တစ်ပါးနဲ့ တစ်ပါး မတည့်ကြဖူးလို့  သိရတယ်။ အဓိက ကတော့ ၀ိနည်းအတိုင်း လိုက်နာသူ နဲ့ ၀ိနည်းအတိုင်း မလိုက်နာသူ ကစတယ်။

    ReplyDelete
  5. ဘုန်းကြီးကျောင်း ပိတ်သိမ်းဖို့  မဟုတ်။ အဲဒီ တစ်ပါးနဲ့ တစ်ပါး မတည့်တဲ့ ဘုန်းကြီးတွေကို မထားလိုကြောင်းသာ ဂျပန်အသိုင်းအ၀ိုင်းက ပြောနေကြတယ်။ ရှက်ဖို့ ကောင်းတယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။