Pages

Thursday, December 22, 2011

သာမန်လူ၏ သန်မာခြင်း (ကဗျာရှင် နေရဲနီ)

သာမန်လူ၏ သန်မာခြင်း
(ကဗျာရှင် နေရဲနီ)

၂၀၁၀ မှာ U N က ဘန်ကီမွန်း ကြီးလာတော့
သူမနဲ့တွေ့ပါရစေလို့ အခါခါပြောပေမဲ့
အာဏာကို ပိုင်စိုးရသူက
ခြံတံခါးစောင့် ဒရ၀မ်ကုလား အဘိုးကြီးစတိုင်လ်နဲ့
 ငါတံခါးဖွင့်ပေးမှ ဒီလူခြံထဲဝင်ရမှာပါဆိုတဲ့
နိမ့်ကျတဲ့ အတွေးစိတ်ကူးတွေက
 သူမဟာ အကျဉ်းကျခံနေရတဲ့
လူတစ်ယောက်ပါဆိုတဲ့ အကြောင်းပြချက်နဲ့
ကလိမ်စေ့ငြမ်းဆင်ပြီးအပြတ်ငြင်းထုတ်လိုက်တော့
ဘန်ကီမွန်းကြီးနောက်ပြန်လှည့်လို့
လက်လျှော့ပြန်ခဲ့ရတယ်။

၂၀၁၁မှာ ဂျွန်မက်ကိန်းဆိုတဲ့
 U S ကအထက်လွှတ်တော် အမတ်လာတော့
 နာမည် ၈ လုံးရှိတဲ့ ပုဂ္ဂိုလ်က
 သူမဟာသာမန်ပြည်သူတစ်ယောက်မို့
ဥပဒေနဲ့ အညီ နေထိုင်သွားမယ်ဆိုရင် ဘေးကင်းရန်ကွာပါတယ် တဲ့
ဒါပေမဲ့ ဂျွန်မက်ကိန်းကြီးက
သာမန်ပြည်သူ သူမကို တကူးတက သွားတွေ့တော့
 ဥသျှစ်တစ်တင်း နှမ်းတစ်တင်းလုပ်ပြီး
ဦး၈လုံးနဲ့သူမကို တန်းညှိသွားတာ
 ဘယ်သူမှသတိမထားမိလိုက်ဘူး။

အဖွဲ့အစည်း တစ်ရပ်ဆိုတာ
သိပ်သိသာတယ်..ဘာညာဘာညာနဲ့
အငိုတော်တဲ့ ကိုကိုကျော်က
တချိန်တုန်းက မှိုချိုးမျှစ်ချိုးပြောခဲ့ဘူးတယ်
 ဟီလာရီကလင်တန်ဆိုတဲ့ အမျိုးသမီး မြန်မာပြည်လာတော့
သမ္မတကြီးနဲ့တွေ့တဲ့အခါ
 နောက်လိုက်နောက်ပါ အဖွဲ့သားအားလုံး လက်နှစ်ဘက်ရှေ့ချ
ကိုယ့်ဟာလေးတွေကိုယ်အုပ်ပြီးလက်ဆွဲနှုတ်ဆက်
ဘေးကနေထိုင်ပြီး ပြောသမျှနားထောင်နေကြတာ
အလိုလိုနေရင်း တန်းနောက်ကို ရောက်သွားကြတယ်။
 ဂဏန်းဟင်းနဲ့ ဧည့်ခံတဲ့ဟော်တယ်က ညစာစားပွဲတောင်
  သတင်းထဲမှာမတွေ့လိုက်ရ
 ဦး ၈ လုံးပြောတဲ့ သာမန်လူ သူမကိုကျတော့
 အဲဒီကမ္ဘာကျော်အမျိုးသမီးက
အမွေဆိုင် အမှုဆိုင်နေရဆဲ အိမ်မှာ တကူးတကသွားတွေ့တာ
တွေ့တွေ့ချင်း ပြေးဖက်လိုက်ပုံများ သြချရလောက်တယ်။
ရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှုကင်းတဲ့ အပြုံးတွေနဲ့
ပကာသနကင်းတဲ့ ဧည့်ခံပွဲတွေက
 နာရီပိုင်း အတွင်းမှာ
အဲဒီသတင်း ကမ္ဘာတစ်ပတ် ပတ်မိသွားတယ်။
တရုပ်သံအမတ်ကြီးကလည်း
သူမက တွေ့ချင်ပါတယ်ဆိုလို့
ကျွန်တော်က သူမအိမ်မှာ သွားတွေ့တာပါ တဲ့။
ဘန်ကီမွန်းကြီးကလည်း
သူမနဲ့တွေ့ဖို့ မကျေပွဲ နောက်တစ်ကျော့ ပြန်လာဦးမယ်
အရှေ့ဘက်က ဒေါ်ရင်လတ်ကလည်း
 ဒီတစ်ခါလာရင် သူမနဲ့တွေ့ဦးမယ်
 ဗြိတိန်က ၀ီလျံဟိသ် ကလည်း သူမနဲ့လာတွေ့ဦးမယ်
 ဂျပန်ကလဲ လာဦးမယ်။ သူမနဲ့တွေ့ဦးမယ်
သူတို့ပြောတဲ့ သာမန်လူ သူမ ဆိုတာ

ကမ္ဘာကြီးအတွက်
ကမ္ဘာ့တွေးခေါ်ပညာရှင်
ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာ ပြည်သူလူထု အတွက်တော့ဒီမိုကရေစီမိခင်
 ပြည်သူက အလိုအလျောက်တင်မြှောက်ထားတဲ့
ပြည်သူလူထု ခေါင်းဆောင်
 ခုတော့ ပြည်သူ့အားတွေနဲ့ သန်မာနေပြီလေ။

 နေရဲနီ

ဓာတ်ပုံများ AP,Getty Image

3 comments:

  1. အငိုတော်တဲ့ ကိုကိုကျော် nice usage..nice poem

    ReplyDelete
  2. နေရဲနီ ရဲ့ ထိမိတဲ့ အတွေးနဲ့ သွက်လက်တဲ့ ရေးသားချက်တွေက
    စာဖတ်သူတွေရဲ့ ရင်ကို ကြည်နူးနှစ်သက်မှု အပြည့်အ၀ပေးနိုင်ပါတယ်။
    တိကျမှုလည်းရှိလှပါတယ်။

    အားပေးလျက်ပါ၊

    ReplyDelete
  3. ဆရာနေရဲနီကတော့တွေးတတ်ရေးတတ်ပါပေတယ်။ရှင်းရှင်းကလေးနဲ့
    နားလည်လွယ်ပြီးရင်ထဲမှာကျန်နေပါတယ်ဆရာ။ဆက်လက်ရေးသားပါ
    ဆရာ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။