ရေအသက် တစ်မနက်
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူလူထုတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးအန္တရာယ် (ရေဘေး၊ မီးဘေး၊ လေဘေး) အရေးပေါ်ကူညီထောက်ပံ့ရေး လုပ်ငန်းရပ် များအား မိမိတို့ (အခမဲ့) ကူညီဆောင်ရွက်ပေးနေသလို အခါအားလျော်စွာဖြင့် အသိပညာ၊ အတတ်ပညာ ရှင်များတို့နှင့် ပူးပေါင်းလက်တွဲ၍ ဓါတ်ပုံသင်တန်း၊ စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း၊ ၀ိပဿနာသင်တန်း၊ အင်္ဂလိပ်စာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသင်တန်း၊ သဘာဝသီးနှံဖြင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း၊ လူမှုဆက်ဆံရေးနှင့် ခေါင်းဆောင်မှုစွမ်းရည်သင်တန်း၊ ပန်းချီသင်တန်း၊ ကွန်ပျူတာ သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ ဒီဇိုင်းပညာနှင့် စက်ချုပ်ပညာသင်တန်း အစရှိသည်တို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)၌ နေရာအခင်းအကျင်း ဆောင်ရွက်ပေးကာ သင်တန်းဆရာ/မများတို့မှ စေတနာထက်သန်စွာဖြင့် အချိန်ပေးသင်ကြားပို့ချပေးခဲ့ရာ စိတ်ပါဝင်စား၍ တက်ရောက်သင်ကြားကြသူ များသည် ငွေကြေးတစ်စုံ တစ်ရာမျှ ပေးသွင်းရန်မလိုအပ်ပဲ (အခမဲ့) လာရောက်သင်ကြားခဲ့ကြသည်။
ယခုလည်း Community Engineering Team (CET) လူထုအကျိုးပြု အင်ဂျင်နီယာအသင်းမှ ဦးသန်းနိုင် (အကြီးတန်း လိုင်စင်အင်ဂျင်နီယာ - ပြည်သူ့အကျိုးပြု အင်ဂျင်နီယာ)သည် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် တစ်နိုင်တစ်ပိုင် ရေသန့်သောက်ရေစစ်အိုး ပြုလုပ် နည်းများ၊ စာတွေ့လက်တွေ့ ဟောပြောချက်များကို ၁၉.၁.၂၀၁၂ (ကြာသပတေးနေ့) နံနက် (၉း၀၀) နာရီမှ (၁၂း၀၀) နာရီအထိ တစ်ရက်တာ သင်ကြားပို့ချမည် ဖြစ်ပါသည်။ ထို့ကြောင့် “ရေအသက် တစ်မနက်” ဟူသော စကားအတိုင်း ရေ၏အကျိုးကျေးဇူးများ၊ အသုံးဝင်ပုံများ၊ အသက်ရှင်ရပ်တည်ရေးအတွက် အဓိကကျမှုများကို အချိန်အားဖြင့် (၂ ~ ၃) နာရီအတွင်း လူသားအကျိုးပြုလုပ်ငန်းရပ်ကို သိရှိနားလည် သဘောပေါက်ကြကာ မိမိတို့ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာ၊ တိုင်း၊ ဒေသအသီးသီးတို့တွင် ပြန်လည်၍ အကျိုးပြုနိုင်ရန်အတွက် လာရောက် သင်တန်းတက်ကြပါရန် မြို့နယ်၊ တိုင်း၊ ဒေသအသီးသီးရှိ လူမှုရေး အသင်းအဖွဲ့များမှ စိတ်ပါဝင်စားသူများ၊ ပရဟိတ စိတ်ဓါတ်ရှိသူများအား ဖိတ်ခေါ်အပ်ပါသည်။







No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။