Pages

Sunday, January 15, 2012

ရင်ထဲခံစားမိသော ဓာတ်ပုံလေးတပုံ....

 ရင်ထဲခံစားမိသော ဓာတ်ပုံလေးတပုံ....

 ဒီဓာတ်ပုံလေးကတော့ ညီငယ်သတင်းထောက်တဦး မှတ်တမ်းတင်ထားတဲ့ ကျွန်တော်တို့ရဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် လွတ်မြောက်တဲ့နေ့ သရက်မြို့ပေါ်က ဓာတ်ပုံမှတ်တမ်းပါ..။ သရက်မြို့ခံ အဘွားအိုတဦးမှ ကိုမင်းကိုနိုင်ကို ဆိုက်ကားနဲ့ အမှီလိုက်ကာ လှိုက်လံနှုတ်ဆက်ပြီး၊ လက်ဆောင်ထုတ်ကလေး ပေးတဲ့ မျက်ရည်ဝဲဖွယ် မြင်ကွင်းလေးကို မှတ်တမ်းတင်ထားပါ...။ နှစ်ဦးစလုံးရဲ့ မျက်နှာပေါ်က မြင်ကွင်းတွေ အဓိပ္ပါယ်တွေ ရသတွေ အများကြီး ဖော်ဆောင်နေပါတယ်...။ အမေအိုရဲ့ ကိုမင်းကိုနိုင်အပေါ် ထားတဲ့ မေတ္တာနဲ့ ချစ်ခင်အားကိုးမှုတွေကို မျက်ဝန်းမှာ မြင်နိုင်ပါတယ်ဗျာ...။ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေကို ရင်ဆိုင်ဖြတ်သန်းနေရမယ် ဆိုတာကတော့ အမေ့အိုရဲ့ အသွင်အပြင်ကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်...။ သားရယ် အမေတို့ရဲ့ ဘဝအမောတွေကို ကယ်တင်ပေးပါလို့ ဆိုနေသလား၊ ငါ့သားလေးကို အားကိုးပါတယ်လို့ ဆိုလေမလား၊ အများအကျိုးအတွက် အနစ်နာခံ၊ စတေးခံ လုပ်ဆောင်ပေးတဲ့ ငါ့သားလေး ကျန်းမာ၊ ချမ်းသာပါစေလို့ ဆိုနေသလား...။ အမေတွေနဲ့ ဝေးနေရတဲ့ ကျွန်တော်တို့တွေအတွက် ခံစားချက်တွေနဲ့အတူ လားပေါင်းများစွာ မေးခွန်းတွေပေးနေတဲ့ ဓာတ်ပုံလေးပါ။ မုန့်ထုပ်လေးဟာ တန်ဘိုးမရှိလှပေမယ့် အမေအိုရဲ့ မေတ္တာမျက်ဝန်းကတော့ အင်မတန်မှ တန်ဘိုးကြီးမားလှပါတယ်..။ အမိမြန်မာပြည် အနှံအပြားက ဒီလိုအမေအိုတွေရဲ့ ဘဝအမောတွေ အေးချမ်းစေချင်ပါပြီ..။

ပြီးခဲ့တဲ့ ၁၃ရက်နေ့ သောကြာနေ့ဟာ မြန်မာပြည်သူတွေ ပျော်မဆုံးဖြစ်ခဲ့ရတဲ့ နတ်၊ လူသာဓုခေါ်မယ့် နေ့ဆိုလည်း မမှားပါဘူး...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးသိန်းစိန် အစိုးရကြား ညှိနှိုင်း ဆွေးနွေးမှုတွေက ရရှိထွက်ပေါ်လာတဲ့ ရလာဒ်တခုပါပဲ...။ ၁၉၈၈ခုနှစ်ကနေ ယနေ့အထိ ၂၄နှစ်တာ ကာလအတွင်း မမြင်မတွေ့နိုင်ခဲ့ရတဲ့ လက်ရှိမြန်မာပြည်ရဲ့ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခင်းအကျဉ်းတွေပါပဲ...။ ၂၄နှစ်တာ ကာလပတ်လုံး လူထုခေါင်းဆောင်နဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ တဦးနဲ့တဦး အဆက်အသွယ် ဖြတ်ထားခြင်းခံရပြီး အထဲဝင်၊ အပြင်ထွက် လွဲနေ၊ တမင်လွဲအောင် စံနစ်တကျ လုပ်ထား ခံခဲ့ရတာတွေဟာ ယခုတော့ အားလုံး အတူတကွ မြင်တွေ့ရတော့မှာပါ..။

ညအမှောင်မိုက်ထဲက လငပုပ်ဖမ်းထားခံနေရတဲ့ အဖြစ်တွေကနေ ကနေ့မှာတော့ ကျွန်တော်တို့ တိုင်းပြည်မှာ လပြည့်ဝန်းကြီးနဲ့ ကြယ်တွေစုံပြီး တောက်ပ လင်းလက်တဲ့ အနာဂတ်  ကောင်းကင်ကို မြင်တွေ့ရတော့မယ့် ကြယ်တွေစုံတဲ့ညလို့ တင်စားပါရစေ...။ အနှစ်နှစ်အလလ ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်တွေ၊ ဘဝတွေ၊ အချိန်တွေကို စတေးခံခဲ့ရတဲ့ သူရဲကောင်းတွေပေါတဲ့ ကျွန်တော်တို့ တိုင်းပြည်ပါ...။

လာမယ့်အနာဂတ် နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ကျွန်တော်တို့အားလုံး လက်တွဲ လုပ်ဆောင် ကြရတော့မယ့် အချိန်ရောက်ရှိနေပါပြီ.။ တမြေတည်းနေ၊ တရေတည်းသောက် တိုင်းရင်းသားအချင်းချင်း အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံး နိုင်ငံသားကောင်းတွေ၊ ဘဏ္ဍာတွေ ဆုံးရှူံးနေရတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေ နေထိုင်ရာဒေသက စစ်ပွဲတွေကို အမြန်ဆုံးရပ်တန့်ဘို့ လိုအပ်နေပါပြီ။ အိမ်ကြက်ချင်း ခွပ်နေရတဲ့ အခြေအနေကို တာဝန်ရှိပြီး တာဝန်ယူ ဖြေရှင်းပေးနိုင်တဲ့ နိုင်ငံတော် အစိုးရမှ အမြန်ဆုံး ရပ်တန့်အောင် ဖော်ဆောင် ပေးစေလိုပါတယ်..။ အကျဉ်းထောင်တွင်းမှာ နိုင်ငံရဲ့လုပ်အားတွေ ဆုံးရှုံးနေရတဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက် လွှတ်ပေးစေလိုပါတယ်..။ ယခုလို ပြည်သူအများ မျှော်လင့်တောင့်တ နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အမိန့် ထုတ်ပြန်ပေးခဲ့တဲ့ သမ္မတကြီးဦးသိန်းစိန်အားလည်း ကျေးဇူးတင်ပါတယ်..။

အထက်က အမေအိုတို့လို ပြည်သူ၊ ပြည်သားတွေရဲ့ ဘဝအမောတွေ ဖြေဖျောက်ပေးနိုင်ဖို့ စိတ်ကောင်း၊ စေတနာကောင်းနဲ့ ပြည်သူ့အကျိုးအတွက် ဆက်လက် ဆောင်ရွက်ပေးပါလို့ သမ္မတကြီးအား မေတ္တာရပ်ခံ အပ်ပါတယ်..။ အိမ်နီးချင်းနိုင်ငံတွေကို အမှီလိုက်နိုင်ဖို့ ကျွန်တော်တို့ အားလုံး ကျရာကဏ္ဍကနေ အားသွန်ခွန်ဆိုက် ကြိုးစားကြ ရပါတော့မယ်..။ ကြယ်တွေစုံတော့မယ့် အနာဂတ် မိုးကောင်းကင်မှာ အားလုံး နိုင်ငံအကျိုးအတွက် ဝိုင်းဝန်း၊ ဆွေးနွေးတိုင်ပင် အဖြေရှာကြရအောင်ဗျာ..။ မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်း သာယာပါစေ..။

ဒီမိုဝေယံ
ဓာတ်ပုံ ပိုင်ရှင်ကတော့ ညီငယ်လေး Jpaingပါ...။

17 comments:

  1. I feel deeply for this post and scene. I absolutely agree the author's opinion.

    ReplyDelete
  2. ရင်ထဲမှာ နင့်နေအောင် ခံစားရတယ်ဗျာ
    အမေစုနဲ့ ကိုမင်းကိုနိုင်တို့ကဲ့သို့ ပြည်သူချစ်တဲ့ခေါင်းဆောင်တွေ အသက်ရာကျော်ရှည်ပါစေ။

    ReplyDelete
  3. This photo makes me so emotional and my tear well. No general in burma received this kind of heartly welcome from anyone, including their comrade. Happy long live big bro!!

    ReplyDelete
  4. ....ရင်ထဲနင့်နေအောင် ခံစားရမဲ့ သမိုင်းဝင် ဓါတ်ပုံလေးဖြစ်ပါစေ..မျက်ရည်ဝဲစွာ ကျတော်ခံစားရပါတယ်..ကျတော်တို့ဒီလိုအဖြစ်မျိုးတွေ မဖြစ်စေတော့ဘဲ..တိုင်းပြည်တိုးတက်အောင် လုပ်နေကြသောသူများ ဖြစ်ရပါစေ..

    ReplyDelete
  5. အောင်မြင်January 16, 2012 at 12:57 AM

    အဲဒီမုန့်ထုပ်ကလေး ကုန်ပစ္စည်းဖလှယ်ရာမှာသုံးတဲ့ စက္ကူနဲ့ တန်ဖိုးမဖြတ်ပါနဲ့ခင်ဗျား။ အဲဒီမုန့်ထုပ်ကလေးထဲမှာ အခြေခံလူတန်းစား အားလုံးရဲ့ ယုံကြည်အားကိုးစားမှု၊ မျှော်လင့်ချက် နဲ့ ချစ်ခြင်းမေတ္တာတွေ ပါဝင်ပါတယ်။ တန်ဖိုးဖြတ်လို့မရပါဘူး။

    ReplyDelete
  6. ဒီမိုဝေယံJanuary 16, 2012 at 1:18 AM

    ဟုတ်ကဲ့ ကိုအောင်မြင်ရေ

    ရင်နဲ့နင့်နေရအောင် ခံစားပြီးရေးလိုက်တာပါ..
    အမေအိုရဲ့ မျက်ဝန်းတွေကို ဆက်ပြီးမကြည့်ရက်လောက်အောင်
    ခံစားရပါတယ်..။ ခိုင်းနှိုင်းချက်က တန်ဘိုးကို မရည်ရွယ်ပါ။
    မေတ္တာကို ရည်ရွယ်ပါတယ်ဗျာ...

    ReplyDelete
  7. ပြည်သူတွေ ကျနေတဲ့မျက်ရည်ကို သုတ်ပေးမယ့်သူပါ... ဒေါ်အောင်ဆန်းစုကြည် ပြီးရင်.... ကိုမင်းကိုနိုင် ကို ထောက်ခံမှုအပေးသင့်ဆုံးပါ...

    ReplyDelete
  8. ကိုအောင်မြင် ရေးတဲ့ ဒီ စာကြောင်းလေးကို သိပ်သဘောကြပါတယ် ....အဲဒီမုန့်ထုပ်ကလေးထဲမှာ အခြေခံလူတန်းစား အားလုံးရဲ့ ယုံကြည်အားကိုးစားမှု၊ မျှော်လင့်ချက် နဲ့ ချစ်ခြင်းမေတ္တာတွေ ပါဝင်ပါတယ်...

    ReplyDelete
  9. We deeply proud of you.

    You are the son of mothers in Burma.

    All are awaiting for your road of return with tears and heart pain.
    Finally, now your on the way back on track that you laid for the people.

    ReplyDelete
  10. ဒီမုန့်ထုတ်လေးကိုသိမ်းထားပြီးပြည်သူတွေဘယ်လောက်မင်းကိုနိုင်ကိုအားကိုးယုံကြည်သလဲဆိုတာသိလိုက်စမ်းပါတော့ဗျာ.ဒီပုံကိုရင့်နင့်စေတယ်ဗျာ.သိပ်ခံစားရလွန်းတယ်ဗျာ။

    ReplyDelete
  11. မျက်ရည်ကျတဲ့အထိကို ခံစားချက်ပေးနိုင်တဲ့ ပုံလေးတပုံပါ။ စာစီစာကုံးတပုဒ်ထက်ကို အဓိပ္ပါယ်အများကြီးဖော်ဆောင်နေတဲ့ပုံလေးပါ။ ပြည်သူကိုချစ်ပြီး ပြည်သူကလည်းချစ်တဲ့ ပြည့်သားကောင်းလေးပါ

    ReplyDelete
  12. ပန်းချီကား တချပ်ဟာ စကားလုံးတစ်ထောင် တန်တယ် ပြောကြပေမဲ့ ဒီဓါတ်ပုံလေး တပုံရဲ့ တန်ဘိုးကတော့ အဖိုးဖြတ်လို့ ရနိုင်မယ်မထင်ပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာမှု အပေါ် မှတ်တမ်းတင်သမျှ ထဲမှာ ဒီဓါတ်ပုံဟာ အသက်အဝင်ဆုံး အညှို့ငင်ဆုံး နဲ့ အကောင်းဆုံး "The Best Photo of New Year" ဖြစ်တယ်လို့ ရိုးသားစွာ ဆိုချင်ပါတယ်။

    ဂုဏ်ယူပါတယ် ကိုဒီမို နဲ့ ညီငယ် J Paing တို့ ခင်ဗျား။

    မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ ဆိုတဲ့ ကိုဒီမို့ ရင်တွင်းစကားသံနဲ့ စည်းချက်ညီညီ ထင်ဟပ်စရာ ကိုယ်ပိုင်စကားနဲ့ မလုံလောက်မှာ စိုးလို့ ဆရာကြီး မင်းသုဝဏ်ရဲ့ “သပြေညို” ကဗျာလေးကို မျှဝေရင်း ဂုဏ်ပြုပါရစေ။ အားလုံးသိပြီးဖြစ်ပေမဲ့ ဒီအချိန် ဒီကာလမှာ ပြန်ဖတ်ရတဲ့ အတွက် ခွန်အားသစ်တမျိုး ဖြစ်ပေါ်စေမယ်လဲ ယုံကြည်လို့ပါ။ ကဗျာအလွတ်မရ၊ စုပြီးဆောင်းပြီးလဲ မရှိတာမို့ Myanmarpoem website က ကျေးဇူးတင်စွာ ရယူခဲ့ပါတယ်။

    ရင်ထဲညွှတ်နူးသွားရ လောက်အောင် တိုက်ဆိုင်မှုတခုကို (ခုမှ) သတိထားမိတာက အဲသည်ကဗျာကို ဆရာကြီးရေးတဲ့ ရက်ဟာ မြန်မာပြည် လွပ်လပ်ရေးမရမီ ဆယ်နှစ်တိတိ (၁၉၃၈ ဇန္နဝါရီလ ၄ ရက် နေ့) ဆိုတဲ့ အချက်ပါဘဲ။

    "သပြေညို"

    သူ့ခေါင်းမှာတဲ့ သပြေညို၊
    ငါ့ခေါင်းမှာတဲ့ သပြေညို။

    တို့ပြေမှာ တို့မေကမ်းပါတဲ့
    သပြေညို ရွှေဘိုပန်းဟာက
    လန်းလျက်ပါကို။

    ဘာမလျှော့လေနဲ့
    လာတော့မကွဲ့ ရွှေပဟိုရ်
    လေချိုကအသွေး။

    လင်းကြက်အဆော်
    ကွင်းထက်မှာတူပျော်ပျော်နဲ့
    စည်တော်ကို ရည်မျှော်မှန်းကာပ
    ရောင်နီမှာ အောင်စည်ရွမ်းရအောင်
    သပြေညို ရွှေဘိုပန်းရယ်နဲ့
    လှမ်းကြစို့လေး။ ။

    (ဇန္နဝါရီ ၄ ၁၉၃၈)

    ရောင်နီမှာ အောင်စည်သံကြားနေရပါပြီ။

    ReplyDelete
  13. မျက်ရည်ဝဲအောင်ခံစားရပါတယ်
    ပြည်သူတွေရဲ့ အသံကို များများနားထောင်စေချင်ပါတယ်။

    ReplyDelete
  14. I love you, my brother.
    Please know that people are behind you.

    ReplyDelete
  15.ံဒီပုံမှာ ခံစားမှု။ လေစားချစ်ခင်မှုထက်ပိုသာတယ် ကြည်နုးစွာခံစားရတယ်။
    အမေသည် လောကရတနာအားလုံးထက် သာသော သားရတနာအား
    နောက်ထပ်ပြောက်ဆုံးမခံလိုပါ ဟုဖွင့်ပြောနေသလိုပဲ

    ReplyDelete
  16. People love you, big brother.
    Please take care of your health.



    I think he should do medical check up.
    He has been living in the prison for a very long time.
    There may be some effect for his health.
    I worry about him ( I worry for brother, U Htay kwew, too. It is obvious that he is not in good health).
    Please make them to check their health if there is anybody who can give them suggestion.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။