Pages

Sunday, February 19, 2012

စည်းလွတ်ဝါးလွတ် “မဟန”

အောက်မှာတော့ ရွှေညဝါဆရာတော်ကြီးအား တရာဟောခွင့် တနှစ်ထပ်မံပိတ်ပင်တဲ့ ရင့်ရင့်သီးသီး ရေးထားတဲ့စာကို ဆက်ဖတ်နိုင်ပါတယ်..။
ရွှေညဝါဆရာတော်ကြီးသည် ရှေ့တလှမ်းတိုးဖို့ နောက်တလှမ်း ဆုတ်သည်ဟု မြင်မိသည်။ အမှန်တရားသည် အမြင်အားဖြင့် ခေတ္တ အရှုံးပေးလိုက်ရသည်ဟု ထင်မှတ်ရသော်လည်း ပြည်သူများ၏ ချစ်ခြင်းမေတ္တာနှင့် လေးစားထောက်ခံမှုသည် အဓမ္မဝါဒီများအား အဖန်ဖန်အထပ်ထပ် အကြိမ်ကြိမ်အခါ အောင်နိုင်ခဲ့လေပြီ။

စည်းလွတ်ဝါးလွတ် “မဟန”
ရေးသားတင်ပြသူ။
-မြန်မာပြည်မျိုးဆက်သစ် သံဃာတော်များ။
အထက်ဖေါ်ပြသော (၈-၂-၂၀၁၂) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ ပဉ္စမအကြိမ် ဒုတိယ အထူးအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ရွှေညဝါဆရာတော် ဦးပညာသီဟအား (၆-၂-၂၀၁၂) နေ့တွင် အထက်၌ပါရှိသော မြန်မာနိုင်ငံ၏ “ငါးပါးမမှောက်ကြပါစေနဲ့” တရားတော် ဟောကြားမှုနှင့် စပ်လျဉ်း၍ ရွှေညဝါဆရာတော်အား (၁၁-၂-၂၀၁၁) မှ (၁၀-၂-၂၀၁၂)အထိ မြန်မာပြည်၌ တရားဟောကြားခွင့် တစ်နှစ်ပိတ်ပင်ခဲ့ပါသည်။

ထိုပိတ်ပင်မှုသည် (၁၀-၂-၂၀၁၂) နေ့တွင် တရားဟောကြားခွင့်ပိတ်ပင်တားဆီးမှု ပြည့်ခဲ့ပါသည်။ ထိုတစ်နှစ်တိတိပိတ်ပင်တားဆီးမှု ပြည့်မြောက်ပြီးဖြစ်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ဘုရားကြီးမှ “ယခု၁၁- ၂- ၂၀၁၂ နေ့မှစ၍ မြန်မာနိုင်ငံအတွင်းမည့်သည့်နေရာ၌မဆို ထေရဝါဒ ပါဠိအဋ္ဌကထာဋီကာများနှင့် အညီ ပြန်လည် ဟောပြောနိုင်ပြီ ဖြစ်ပါကြောင်း သက်ဆိုင်ရာဒါယကာများထံသို့ ထောက်ခံတင်ပြအပ်ပါသည်” ဟူ၍ အဆိုပါ ထောက်ခံချက်ကို သွားယူရာ၌ လိုက်ပါသော ရွှေညဝါဆရာတော်၏ တပည့်(၂)ပါးနှင့် ဆရားကြီးဦးမြင့်ဆွေ (မဟာဝိဇ္ဇာ-လန်ဒန်)တို့သည် သံဃနာယကဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ဘုရားကြီးအား “မလိမ့်တပတ်” ပြုလုပ်၍ တရားဟောခွင့် ထောက်ခံချက် လက်မှတ်ရယူခြင်း ဖြစ်သည်ဟု စွပ်စွဲချက်အား ပထမဆုံးအနေနဲ့ တင်ပြပါရစေ..

မြန်မာနိုင်ငံသာသနာ့ဥသျှောင် (မဟနဆရာတော်များ)ကြီးကို နာစရာရှိလျှင် အလွမ်းနဲ့ပဲ ဖြေပါမယ်။

(၁) မြန်မာ့သံဃာဥသျှောင် (သံဃရာဇာ ဆရာတော်ကြီးတွေကို) ရှေးတုန်းက ဘယ်သူတွေ မလိမ့်တပတ် လုပ်ဖူးခဲ့သလဲ။

(၂) မြန်မာနိုင်ငံ၏ သံဃရာဇာ အဓိပတိတစ်ပါးကို တကယ်ဘဲ “ မလိမ့်တပတ်” လုပ်ရိုးထုံးစံရှိခဲ့လား။

(၃) (အခုစာမှာပါတဲ့) နိုင်ငံတော် သံဃမဟာနာယက တတိယအဖွဲ့ခွဲက မိစိတ်၊ ဖစိတ်၊ ဆရာစိတ် သမားစိတ်၊ သာသနာစိတ် တကယ်ရှိပါရဲ့လား။

(၄) “ဆရာဒကာ” ဆိုတဲ့ အဆိုအရ ဆရာဆိုတဲ့ မဟာနာယက ဆရာများကရှေ့က မနေရဘဲ ဒကာဆိုတဲ့ အာဏာရှင် (ကြံ့ဖွတ်) ခြေထောက်အောက် ရောက်နေကြပြီလား။

(၅) ကံကြီးငါးပါးတွင် သံဃာကွဲပြားအောင် “သံဃဘေဒက” ဆိုတဲ့ကံကြီး မဟာနာယက ဆရာတော်ကြီးများက စတင်၍ ကျူးလွန်နေပြီလား။

(၆) ဗုဒ္ဓသာသနာ အရှိန်ကို (၁) ဖြတ်တောက်ဖျက်ဆီးသူ သမိုင်းမော်ကွန်း ရေးထိုးသူအဖြစ် သာသနာ့ ရေစီးကြောင်းကို ပိတ်ဆို့သူများဟု ခံယူနေပြီလား။

(၇) ဓမ္မဘက်တော်သားများကို အမှန်တကယ် ရွံလျှာပြီး “အတ္တ မာန” အလံတံခွန် ထူစိုက်ပြီး ငါထင်ရာ ငါစိုင်းပြီး သာသနာ့ သမိုင်းကြောင်း ရိုင်းအောင် ပြုနေကြပြီလား။

(၈) သာသနာ စည်ပင်ပြန့်ပွါးအောင် သူများတကာ ကျားကုတ်ကျားခဲ တည်ဆောက်ထားတဲ့ ကျောင်းပရဝုဏ် အဆောက်ဦးတွေကို အာဏာစက်နှင့် (ကြွက်ပျင်းဥပမာလို) လုယူကာ အဘိဇ္ဈာ ဗျာပါဒ ထူပြောများပြားတဲ့ သံဃာ့အဖွဲ့ အစည်းကြီး ဖြစ်နေကြပြီလား။

(၉) ငယ်ရွယ်သူ သံဃာများအနေဖြင့် (သာသနာအတွက် တိုးတက်ရာ တိုးတက်ကြောင်း) ပရိယတ္တိ- ပဋိပတ္တိများ (တဖြေးဖြေးနဲ့ ယိုယွင်းပျက်စီး လာနေတဲ့ ပညာရေးကို) ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်အောင် တမင်တကာ ပြုနေကြပြီလား။

(၁၀) ထိုငယ်ရွယ်သူ ရဟန်းသံဃာတော်များ၏ အနာဂတ် စီမံကိန်းအနေဖြင့် လူထွက်/စီးပွါးရှာငွေရှာ/အိမ်ထောင်ပြု ရမှာလား။

(၁၁) ဘုရားသားတော် ရဟန်းတော်များ အချင်းချင်း ညီညွတ်ရေး လုံးဝမရှိပဲ ဖိနှိပ် ချုပ်ချယ်၊ အချင်းချင်း ရန်ဖြစ်နေခြင်းအတွက် ဘာသာခြားများ လက်ခမောင်းခတ် သြဘာပေးနေတာကို လုံးဝဂရုမစိုက်ပဲ နှစ်သက်နေကြပြီလား။ (ဆက်လက်တင်ပြပါမည်)

ရေးသားတင်ပြသူ။
-မြန်မာပြည်မျိုးဆက်သစ် သံဃာတော်များ။
ဗန်းမော်ဆရာတော် ဘုရားကြီး လက်မှတ်နဲ့ ထုတ်ပြန်ချက်......
ရွှေညဝါဆရာတော်အား အသနားခံစာ ပယ်ချခဲ့တဲ့ တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလ
ရွှေညဝါဆရာတော် အသနားခံစာအား ပယ်ချခဲ့ပြီး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလသည်.. ၂၀၀၈ခုနှစ်မဟန(၄၇)ပါးစုံညီ အစည်းအဝေးမှ သတိပေးခြင်း ခံထားရသည့် ဆရာတော်တပါးဖြစ်ကြောင်း  ၂၂.၁၀.၂၀၀၈ခုနှစ် နိုင်ငံတော် သံဃမဟာနယက အစည်းအဝေး ဆုံးဖြတ်ချက်ပါ အစီရင်ခံစာကို ဖတ်ရှုနိုင်ပါတယ်..။

(စကားချပ် ပူးတွဲပါ ဓာတ်ပုံပါ.. အမိန့်စာကတော့ ရွှေညဝါဆရာတော်ကြီး၏ အသနားခံစာအား အမိန့်ထုတ်ပြန် ပယ်ချခဲ့သည့် တိုင်းသံဃနာယက အကျိုးတော်ဆောင်ချုပ် ဆရာတော်ဘဒ္ဒန္ဒကုဏ္ဍသည် ၂၀၀၈ခုနှစ် နိုဝင်ဘာလကမှ မဟနမှ အမိန့်စာထုတ် ပြီး အပြစ်ပေးခဲ့ဘူးပါတယ်..။ သို့ပါသော်လည်း ယခု ၂၀၁၂ခုနှစ်တိုင်အောင် ရာထိုးမှ ဖယ်ရှားခံရခြင်း၊ ကျောင်းတိုက်မှ နှင်ထုတ်ခံရခြင်း မရှိသည့်အပြင် ရွှေညဝါဆရာတော်အား လက်မှတ်ရေးထိုး ကျောင်းမှ ထွက်ခွာစေရန် ပြုမူသည့် ကိစ္စမှာတော့ အဓိကနေရာမှ ပါဝင်နေပါတယ်..) ဒီမိုဝေယံ 

2 comments:

  1. မဟန ဘုန်းကြီးနေတဲ့ကျောင်းကို.စအဖက၂၄နာရီ.စောင့်နေတယ်လို့
    သိရပါတယ်.ဘုန်းကြီးတွေအပြင်ထွက်မရပါဘူး..

    ReplyDelete
  2. ဦးဝရသာမိFebruary 19, 2012 at 12:17 PM

    မဟနဆရာတော်ကြီးများလည်း စစ်အာဏာရှင်တို့၏ အချိန်ပြည့်စောင့်ကြည့်ခြင်းကို ခံနေရသော အကျဉ်းသားများဖြစ်ကြပါသည်။ မဟန ဒု-ဥက္ကဌ ငွေကြာရံဆရာတော်ကြီးကိုပင် ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းက ကမ္ဘာအေးအခန်းတစ်ခုအတွင်း အကျယ်ချုပ်ချထားခြင်းကို ခံခဲ့ရပေသည်။မဟာမုနိဘုရား ဗိုက်ဖောက်ပြီး ရတနာပစ္စည်းများပင် ထုတ်ယူရဲသော စစ်ဘီလူးတို့ကား မလုပ်ရဲတာ လောကမှာ မရှိပါ.ဒါကို သိသော မဟနဆရာတော်ကြီးများလည်း ခပ်ကုတ်ကုတ် အမှန်တရားနဲ့ခပ်ဝေးဝေးမှာ နေရရှာပေသည်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။