Pages

Thursday, February 23, 2012

တရားခံ ဘယ်သူလဲ (ကဗျာရှင် နေရဲနီ)

တရားခံ ဘယ်သူလဲ
(ကဗျာရှင် နေရဲနီ)

ပြည်တွင်းမှာ ဆက်နေရင်
ငတ်သေဖို့ရာ သေချာနေပြီမို့
မြန်မာလူမျိုးတွေ သန်းနဲ့ချီပြီး
ပြည်ပထွက် အလုပ်လုပ်ကြရတယ်။
၁၈-၂၀ အရွယ်ဝန်းကျင်ကနေ
၄၅-၅၀ အရွယ်ကောင်း အရွယ်မွန်တွေ
ဆရာမြို့မငြိမ်းရဲ့လူချွန်လူကောင်းသီချင်းထဲက
သန်ထွား ကျန်းမာ ကြံ့ခိုင် အားအင် ဆိုတဲ့အရွယ်တွေ။
အမျိုးသားတွေရော အမျိုးသမီးတွေပါ
တဖက်နိုင်ငံဖြစ်တဲ့
ယိုးဒယား မလေးရှား စင်္ကာပူ စသော
အခြားအခြားသော နိုင်ငံတွေမှာ
ရရာအလုပ်ကို မငြီးမငြူ
အောက်ကျခံပြီး လုပ်ကြရတယ်။

ကျောက်ဆစ်ရုပ် ခေါင်းငြိမ့်လောက်အောင်
အပြောကောင်းတဲ့ လူနဲ့တွေ့တော့
လူကိုလူချင်း ရောင်းစားခံကြရပြီး
ဘဝပျက်ကြရတဲ့ လူတွေ ဒုနဲ့ဒေး။

ပြည်ပမှာ ဇာတ်တူသား စားသလို
မြန်မာအမျိုးသမီးငယ်တွေဟာ
မြန်မာအချင်းချင်း လူကိုလူချင်း ယုံမိတဲ့အတွက်
အကျဉ်းထောင်နဲ့ မခြားတဲ့ ထိုင်းကအနှိပ်ခန်းတွေမှာ
ပြည့်တန်ဆာဘဝ ရောက်နေကြရတယ်။

သူတို့တွေဟာ အမျိုးကောင်းသမီးတွေဖြစ်ပေမဲ့
လူကိုလူချင်း ယုံမိလို့
လူလူချင်း ရောင်းစားတာခံကြရပြိး
ပြည့်တန်ဆာဘဝ ရောက်ကြရတယ်။

သူတို့တွေဟာ ပညာကောင်းကောင်း မတတ်ခဲ့ကြလို့
လူကိုလူချင်း ယုံခဲ့မိကြတယ်။

သူတို့တွေဟာ ဥစ္စာဓနမကြွယ်ဝခဲ့လို့
ပညာကောင်းကောင်း မတတ်ခဲ့ကြဘူး။

သူတို့တွေဟာ စီးပွားရေးမကောင်းလို့
ဥစ္စဓန မကြွယ်ဝခဲ့ကြဘူး။

သူတို့တွေဟာ အလုပ်အကိုင်မရှိလို့
စီးပွားရေး မကောင်းခဲ့ကြဘူး။

သူတို့တွေဟာ ဆင်းရဲတဲ့ တိုင်းပြည်ကဖြစ်လို့
အလုပ်အကိုင် မရှိခဲ့ကြဘူး။

သူတို့တွေဟာ ဆင်းရဲတဲ့ တိုင်းပြည်တစ်ခုဖြစ်တဲ့
ပြည်ထောင်စု မြန်မာနိုင်ငံကဖြစ်တယ်။

တချိန်တုန်းက အာရှတိုက်ရဲ့စပါးကျီ
ပထဝီ အနေအထား ကောင်းကောင်း
မြေပေါ်မြေအောက် သယံဇာတ ပေါကြွယ်ဝတဲ့မြန်မာပြည်ဟာ
ယနေ့အချိန်အခါမှာ ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်ဖြစ်နေတယ်။
ဒီလိုမျိုးမြန်မာပြည် ဆင်းရဲနေတာဘာကြောင့်လဲ။

မြန်မာနိုင်ငံသားတွေ ပြည်တွင်းမှာရောပြည်ပမှာပါ
ဆင်းရဲဒုက္ခအတိ ရောက်နေကြတယ်။
မြန်မာနိုင်ငံက အမျိုးကောင်းသားသမီးတွေ
ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုသလိုမျိုး
ပြည်ပမှာ မြန်မာကိုမြန်မာချင်း ရောင်းစားခံနေကြရပြီး
ပြည်တွင်းမှာလည်း မညှာမတာ
ဇာတ်တူသား အစားခံနေကြရတယ်။

ပထဝီ အနေအထားကောင်းပြီး
မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝတဲ့
မြန်မာနိုင်ငံက တို့မြန်မာလူမျိုးတွေ
ဒီလိုဘဝဆိုးတွေနဲ့ ကြုံတွေ့နေကြရတာ
ဘာကြောင့်လဲ ဘယ်သူ့ကြောင့်လဲ
အဓိကတရားခံ ဘယ်သူလဲ
အဓိကတရားခံ ဘယ်သူလဲ
အဓိကတရားခံ ဘယ်သူလဲ။

နေရဲနီ

1 comment:

  1.ွှအဲ့ဒီခွေးနဲ့ရတဲ့ခွေးရုပ်ကိုတင်မနေပါနဲ့ဗျာ.
    ရွှံလွန်းအားကြီးလို့..

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။