Pages

Sunday, April 1, 2012

ပြည်သူကို ဘယ်လိုမြင်ပါသလဲ (ကဗျာရှင် နေရဲနီ)..


ပြည်သူကို ဘယ်လိုမြင်ပါသလဲ
(ကဗျာရှင် နေရဲနီ)

ဖန်ခွက်၂လုံးရှေ့မှာ ချထားသောကြောင့်
ကျွန်တော်တို့ သည်
အသောက်သမားများဖြစ်ကြသည်
ဝါကြန့်ကြန့်အရည်များသည်ကား
နေရာဒေသနှင့် ရာသီဥတု အနေအထားကိုကြည့်၍
ယမကာဟုဆိုအပ်သော
သူရာရည်မှလွဲ၍ တခြားမဖြစ်နိုင်။

တစ်ယောက်သောသူက
အက်ျီနှစ်ထပ် ရင်ဘက်ဟဗြဲ
အနီတထပ်အဖြူတစ်ထပ်
ဆန့်ကျင်ဘက်ဖြစ်သောကြောင့်
အမြင်မှာထင်ပေါ်သော်လည်း
ကြည့်ရသည်မှာ မတင့်တယ်လှ။

တစ်ယောက်သောသူကား
ကုလားထိုင်ကိုမှီထားသောကြောင့်
ဆူဖြိုးသောဝမ်းဗိုက်က
ရှေ့သို့ငေါထွက်နေပေရာ
ဝအစ်သောမျက်နှာနှင့်အင်မတန်မှလိုက်ဖက်လှ၏။

ခမ်းနားထည်ဝါခြင်းမရှိသော်လည်း
စားပွဲနှင့်ကုထားထိုင်တို့၏အနေအထားက
သပ်ရပ်မှုမရှိသည်ကိုတော့ငြင်းပယ်၍မရနိုင်
တစ်ယောက်နှင့်တစ်ယောက်မျက်နှာလွှဲထားကြသော်လည်း
ကြည်လင်ရွှင်ပျမှုကားမရှိကြ။
အဆီပြန်နေသော မျက်နှာများမှ
ဦးတည်ချက်မဲ့နေသော ဝေခွဲမရသည့်အကြည့်များသည်ကား
စာဖတ်သူအား မေးခွန်းပေါင်းများစွာကို
ပြန်မေးသကဲ့သို့ရှိချေ၏။
စိတ်ကိုဒွိဟပွားစေ၏။

မေးသောသူကား
ဘယ်လိုလုပ်ကြမှာလဲဟူသော
စိတ်ပျက်အားငယ်စွာ
ဝေခွဲမရသောအနေအထားတွင်ရှိပြီး။

ဖြေသောသူကား
တင်းမာခက်ထန်သော မျက်နှာထား၏နောက်ကွယ်မှ
စိတ်၏အတွေး အကြံပေါင်းများစွာကို
ထွင်းဖောက်၍ မြင်နေရသကဲ့သို့ ရှိချေ၏

ဖတ်ခဲ့ဘူးလေသော အင်တာဗျူးပေါင်းများစွာတွင်
စာဖတ်ပရိတ်သတ် ဖြစ်သောပြည်သူအား
ဤကဲ့သို့မထေမဲ့မြင်ပြုသော အနေအထားမျိုး
တစ်ခါမှမတွေ့ဘူးခဲ့။

မည်သို့ပင်ဆိုစေကာမူ ဟုဆိုအပ်သော
ချုံ့၍ချဲ့၍ရနိုင်သော တရားသူကြီး၏
လက်သုံးစကားနှင့်ဆိုရချေသော်...

အနှီဝန်မင်းဟောင်းနှင့်အယ်ချုပ်ကြီးတို့ခင်ဗျား
ခင်ဗျားတို့လည်းပြည်သူ
ကျုပ်တို့လည်းပြည်သူ
ဆင်းရဲသားလည်းပြည်သူ
သမ္မတကြီးလည်းပြည်သူ
သူတောင်းစားလည်းပြည်သူ
သူဌေးကြီးလည်းပြည်သူ
အားလုံးဟာ အတူတူနဲ့ အနူနူ
ပြည်သူတွေချည်းပါဘဲ
ဒါကြောင့်မို့
စာဖတ်ပရိတ်သတ်ဖြစ်သော
ပြည်သူအား
ဘယ်လိုမြင်ပါသလဲခင်ဗျား။
ဘယ်လိုထင်ပါသလဲခင်ဗျား။

နေရဲနီ

2 comments:

  1. တစ်သက်လုံးပြည်သူကို ဂရုမစိုက်၊ အာဏာအားကိုးနဲ့ မိုက်လာခဲ့တဲ့ အောင်သောင်း၊ သူကြီးသားလို သူကြီးအားကိုးနဲ့ ထင်တိုင်းကျဲနေခဲ့ကြတာကိုး.
    နေရဲ့နီက စုံထောက်ကြီး ဦးစံရှားလိုဘဲ လူကဲခတ်သိပ်တိကျလှပါတယ်.
    ကျုပတို့ ဒီပုံတွေကို မြင်ပေမဲ့ အဲလို သုံးသပ်မှု မပြုနိုင်ခဲ့ဘူး။ ခု သေချာ သတိထားကြည့်မှ နှစ်ယောက်လုံး မရွှင်ပျတဲ့မျက်နှာကို သတိထားမိတယ်။
    ရွေးကောက်ပွဲဆိုတာကြီးကလဲ သူတို့ အခြေအနေ မကောင်းနိုင်တော့ဘူးလေ။

    ReplyDelete
  2. အားလုံးသိကြတဲ့အတိုင်း စာနယ်ဇင်းက
    ဆိတ်လစိနဲ့ အမှတ်(၁)စက်မှု့သခိုးတို့
    သေပန်းပွင့်ဖို့ တိုင်ပင်နေကြလေရဲ့

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။