၂၀၁၂ သောက်/သုံးရေအလှူ
၂၀၁၀ ခုနှစ်နောက်ပိုင်းမှစ၍ နွေရာသီ၌ ထူးခြားလာသည်မှာ ရေရှားပါးခြင်းဖြစ်တော့သည်။ အထူးသဖြင့် သောက်ရေ ရှားပါးခြင်းဖြစ်သည်။ သောက်ရေမရှိတော့မှ လူ့ခန္ဓာကိုယ်ကြီး ဒုက္ခရောက်တော့မည်ဖြစ်သည်။ လူ့ခန္ဓာကိုယ်ကြီးထဲတွင် ရေဓါတ် ၇ဝ ရာခိုင်နှုန်းမျှ ပါဝင်သည်။ လူ့ခန္ဓာကိုယ်ကြီးအားရေနှင့် တည်ဆောက်ထားသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အသက်ရှင်သန်ခြင်းသည် ရေကြောင့်ဖြစ်သည်။
သောက်သုံးရေကန်များခန်းခြောက်ပြီးသောက်သုံးရေ ပြတ်လပ်မှုကို ရင်ဆိုင်နေကြရသည့် ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းတွင် သောက်သုံးရေများ လုံလောက်စွာရရှိရန်အတွက် ၄.၅.၂၀၁၂ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်၊ အလုပ်အမှုဆောင် ဦးတင်မောင်အေးတို့ဦးဆောင်၍ အသင်းသားများတို့သည် ရွှေပြည်သာမြို့နယ်ရှိ Tun Linn Group Construction Co.,Ltd. မြေသယ်ယာဉ်၊ ယန္တရားများနှင့် Tran sporter ငှါးရမ်းခြင်းလုပ်ငန်းမှ ရေဂါလံ (၂၄၀၀) ဆန့်မော်တော်ယာဉ်တစ်စီး (အခမဲ့) ကူညီပံ့ပိုးပေးမှုနှင့် အတူတွံတေး တံတားအဆင်း (ရန်ကုန်ပေါက်)ရှိ လူနေအိမ်များမှ အဝီစိရေတွင်း ရေလှူဒါန်းသည့်အတွက် ရေဂါလံ (၂၄၀၀) ဆန့်မော်တော်ယာဉ်ပေါ်သို့ ရေဖြည့်ကာ ကျန်စစ်သားရပ်ကွက်ရှိ ရေဒုက္ခသည်များထံသို့ နှစ်ခေါက်တိုင်တိုင် သယ်ယူပို့ဆောင်ခဲ့ရာ သောက်သုံးရေ (၄၈၀၀) ဂါလံအား အိမ်ထောင်စု (၁၂၀၀) ကျော်ခန့်အတွက် လှူဒါန်းခဲ့ကြသည်။
ကျန်စစ်သားရပ်ကွက်ရှိ သောက်သုံးရေလှောင်ကန် ဂါလံ (၄၈၀၀) ဆန့်အုတ်ကန်တွင်းသို့ ဖြည့်တင်းပေးပြီး ရပ်ကွက်တွင်းရှိ ရေဒုက္ခသည် အိမ်ထောင်စုများ (တစ်အိမ်မကျန်) သောက်ရေရရှိနိုင်ရန် တိုကင်စနစ်ဖြင့် ဒေသခံတို့မှ စီစဉ်ဆောင်ရွက်ကာ သောက်ရေများ ဝေငှလှူဒါန်းခဲ့ကြပြီး ယင်းနေ့ ည(၈း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
၅.၅.၂၀၁၂ ရက်နေ့(ကဆုန်လပြည့်)နေ့ နံနက် (၅း၃၀) နာရီအချိန်တွင် ဆက်လက်၍ ဒလမြို့နယ်တွင်းရှိ သောက်သုံးရေ လိုအပ်နေသည့် ကမာကသွယ်၊ တပင်ရွှေထီး၊ ကျောင်းစုအစရှိသည့် ကျေးရွာများသို့လည်းရေဂါလံ (၇၂၀၀)တို့အား သွားရောက်၍ ဝေငှလှူဒါန်းခဲ့ကြပြီး ည (၈း၀၀) နာရီအချိန်မှ နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။ ယင်းကဲ့သို့ သောက်သုံးရေများ အရေးပေါ် ဝေငှရာ၌ ဒေသခံ လူမှုရေးသမားများတို့မှ ဝိုင်းဝန်း၍ ပံ့ပိုးကူညီခဲ့ကြသည်။
ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ဇွဲတွန်ကျေးရွာရှိ အိမ်ခြေ (၁၁၈)၊ လူဦးရေ (၅၅၂) ဦးခန့် နေထိုင်လျက်ရှိပြီး သောက်သုံးရေကန်များ ခမ်းခြောက်နေသည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဒေသခံ လူမှုရေးသမားများနှင့် လက်တွဲကာ“အများပြည်သူအတွက် အများပြည်သူကောင်းမှု” ကဗျည်းရေးထိုး၍ ဇွဲတွန် ဘုန်းတော်ကြီး ကျောင်းအတွင်း၌ အဝီစိစက် ရေတွင်းတူးဖော်ခြင်းနှင့် အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းအား အကောင်အထည်ဖော် လှူဒါန်းပေးခဲ့သည်။ ထို့အပြင် ပဲခူးတိုင်း၊အနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်ရှိ ကြာနီကန်ကျေးရွာ၊ ပဲခူးတိုင်၊ ကဝမြို့နယ်၊ ကမာပုန်းကျေးရွာနှင့် အောင်သာ ကျေးရွာတို့တွင်လည်း အဝီစိစက် ရေတွင်းများအား အများပြည်သူအတွက် အများပြည်သူ ကောင်းမှုအဖြစ် ဆက်လက်၍ တူးဖော် လှူဒါန်းပေးလျှက်ရှိပေသည်။
အများပြည်သူအတွက် … အများပြည်သူ ကောင်းမှုတော်အတွက် သာဓုခေါ်ဆိုနိုင်ပါစေသတည်း။


အစိုးရကိုသာ အားကိုးနေလို့ကတော့ ရေဓါတ်ခန်းခြောက်ပြီး အသက်ပျောက်တော့မှာ သေချာတယ်။
ReplyDeleteလူမှုရေး အဖွဲ့အစည်းတွေက လူမှုရေး အသိစိတ်ဓါတ်နဲ့ ကူညီပေလို့သာ ပြည်သူတွေ အသက်ဆက်နိုင်တာ။
အာဏာရှင် လူယုတ်မာကြီး သန်းရွှေလက်ထက်ကတော့ ရွှေည၀ါဆရာတော်ရဲ့ ရေလှူသွားတဲ့ ယာဉ်တန်းကို တားဆီးခဲ့ဘူးတယ်။
ကျောင်းပြန်ရောက်တော့လဲ အာဏာပိုင်တွေနဲ့ သာသနာရေးအရာရှိဆိုသူတွေက လာပြီး ခြိမ်းချောက်သေး၏။
ထေရ၀ါဒဗုဒ္ဒဘာသာနိုင်ငံမှာ ရေလှူတာကို တားမြစ်တဲ့ အဖြစ်အပျက်မျိုး နအဖလက်ထက်မှာ ဖြစ်ပွါးခဲ့ဘူးပါတယ်၊
အစိုးရကဦးစီးလုပ်ကိုင်ပေးတယ်လို့မတွေ့ရတာဘာကြောင့်
ReplyDeleteပါလဲ.တာဝန်မဲ့လွန်းအားကြီးပါတယ်.
ဘာတွေလုပ်နေလဲ.ဘာအစိုးရလဲ.ဘာလွတ်တော်လဲ.
ဒို့မြန်မာတွေလူဖြစ်ရူံးနေပြီ။
ReplyDeleteကိုယ့်ကိုကိုယ် ယုံကြည်မူ ဇာတိသွေးဇာတိမာန်တွေ
အားလုံးပျက်သုံးကုန်ပြီ။
ပြည်သူတွေပင်ပန်းဆင်းရဲစွာ စားဝတ်နေရေး၊ပညာရေး၊စီးပွားရေး၊လူမူရေး၊ဘာသာရေး၊ အားလုံးဒုက္ခရောက်နေကြရတယ်။
မိုးနတ်မင်းကြီးရယ်ကြည့်ရက်မနေပါနဲ့တော့။
မကောင်းသူပယ်၊ကောင်းသူကယ်။
တစ်ခုခုကိုအမြန်ဆုံးလုပ်ပေးပါတော့။