Pages

Tuesday, May 15, 2012

ဒီလို မြင်ကွင်းမျိုးတွေ နောင်မဖြစ်ရလေအောင် သက်ဆိုင်ရာမှ တားမြစ်ထုတ်ပြန် ပေးစေလိုပါတယ်..

ရွှေလင်းပင်စေတီတော် ဆင်းတုရှေ့ပေါ်မှာ ဖိနပ်ချွတ်ရကောင်းမှန်း မသိပဲ ဓာတ်ပုံ ရိုက်ယူနေတဲ့ တရုတ် ရေနံပိုက်လိုင်း ဝန်ထမ်း လူငယ်တဦး..

 ဒီလို မြင်ကွင်းမျိုးတွေ နောင်မဖြစ်ရလေအောင် သက်ဆိုင်ရာမှ တားမြစ်ထုတ်ပြန် ပေးစေလိုပါတယ်..
 
ယနေ့ ဒီမိုဝေယံထံသို့ ရောက်ရှိလာတဲ့ ဓာတ်ပုံတွေထဲက တရုတ်မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းပုံတွေနဲ့ အတူ.. အဆိုပါ စီမံကိန်းမှ တရုတ်ဝန်ထမ်း လူငယ်တဦးရဲ့ ဓာတ်ပုံတပုံပါ ရောက်ရှိလာပါတယ်...။ ယခုပိုစ့်ကို မဖတ်ခင် စကားဦး သန်းလိုတာကတော့ ကျွန်တော်တို့ အနေနဲ့ မိမိနေထိုင်ရာ တိုင်းပြည်မှ တခြားနိုင်ငံတခုကို အလည်အပတ်ပဲ ဖြစ်ဖြစ် အလုပ်အကိုင်ပဲဖြစ်ဖြစ် မည်သို့သော အကြောင်းအရာနဲ့ပဲ ဖြစ်ဖြစ် သွားရောက်ကြသည်ပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အယူအဆမတူတဲ့ ဓလေ့ထုံးစံတွေကို လေ့လာမှတ်သားပြီး သွားရောက်သင့်တယ် ဆိုတဲ့အချက်ပါပဲ..။ ကျွန်တော်တို့ မြန်မာတွေ အတွက် သာမာန် အပြုအမှုတချို့ဟာ တခြားနိုင်ငံသားတွေအတွက် မနှစ်မြို့ဖွယ်ရာ ဖြစ်တတ်သလို  သူတို့လူမျိုးတွေ အတွက် သာမာန်လို့  ထင်ရတဲ့ အပြုအမူတချို့ဟာလည်း ကျွန်တော်တို့ မြန်မာတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်တတ်ပါတယ်..။ 

တလောက ဂျပန်တက္ကသိုလ် ကျောင်းသားတဦး မြန်မာပြည်ကို သွားလေ့လာချင်တယ်လို့ ဆိုပြီး ကျွန်တော့်ဆီကို ဆက်သွယ်လာပါတယ်..။ သူတို့ ဂျပန် လူမျိုးတွေရဲ့ သင်ကြား လေ့လာထားမှု တခုကတော့ နိုင်ငံတခုကို သွားရောက်လေ့လာ တော့မယ်ဆိုရင် သက်ဆိုင်ရာနိုင်ငံတွေရဲ့ ရေမြေသဘာဝ ဓလေ့ထုံးစံတွေကို ရှာဖွေ မှတ်သားပြီး ပြည့်ပြည့်စုံစုံ လေ့လာပြီးမှ သွားရောက်ကြတာပါပဲတဲ့။ အဆိုပါ ဂျပန်တက္ကသိုလ် ကျောင်းသားလေး ကျွန်တော်နဲ့ တွေ့ဆုံစဉ်မှာ ဗလာစာအုပ်နဲ့ အပြည့် သူမှတ်တမ်းတင်ထားတဲ့ မြန်မာပြည်အကြောင်း သတင်းစာနဲ့ အင်တာနက် သတင်းတွေပါပဲ...။ ထို့အတူ အဆိုပါ ဂျပန်ကျောင်းသားလေး ပြောလိုက်တဲ့ စကားတခုကတော့ မြန်မာလူမျိုးတွေ ခြေထောက်ကို သုံးပြီး ခိုင်းစေတာမျိုးတို့ လမ်းညွှန်တာမျိုးတို့ကို မကြိုက်တဲ့အကြောင်း သူမှတ်သားထားတဲ့ အချက် အလက်တွေထဲကနေ ပြောပြနေလေရဲ့...။ 
 တရုတ် ရေနံဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ အပေါ်ဆုံးမှ ဓာတ်ပုံရှင် တရုတ်ဝန်ထမ်း
ဂျပန်အပါအဝင် အနောက်နိုင်ငံတွေမှာ တခြားနိုင်ငံတခုခုကို သွားရောက် အလုပ်တာဝန် ထမ်းဆောင်မယ့် သက်ဆိုင်ရာ ကုမ္ပဏီတွေက  ဝန်ထမ်းတွေဟာ သွားရောက်မယ့် နိုင်ငံရဲ့ ဓလေ့ထုံးစံတွေကို ရက်သတ္တပတ် တပတ်တန်သည် နှစ်ပတ်တန်သည် လေ့လာ သင်ယူကြရပါတယ်...။ ဒါဟာ သူတို့နိုင်ငံတွေရဲ့ သက်ဆိုင်ရာ နိုင်ငံက ဒေသခံတွေ စိတ်အနှောက်အယှက် ဖြစ်စေမယ့် အပြုအမူ အလုပ်အကိုင်တွေကို မလုပ်မိ မကိုင်မိစေဖို့ ကြိုတင်ပြင်ဆင်တဲ့ ရည်ရွယ်ချက်နဲ့ သင်ယူရတဲ့ အင်မတန်မှ ကောင်းမွန်တဲ့ လုပ်ဆောင်ချက် ဖြစ်သလို အတုယူ သင်ခန်းစာ ယူသင့်တဲ့အချက်တွေပါ...။ စကားမစပ် တလောက မြန်မာပြည်မှာ အလုပ်လုပ်ကိုင် နေကြတဲ့ တရုတ်နိုင်ငံက ဝန်ထမ်းတွေတချို့ဟာ ကျွမ်းကျင်လုပ်သား မဟုတ်ပဲ အလည်အပတ် ဗီဇာနဲ့ ဝင်ရောက်လာပြီး စက်ယန္တယားတွေ တက်မောင်းလို့ သေဆုံးမှုတွေ ရှိခဲ့တယ် ဆိုတဲ့ ပြည်ထောင်စုဝန်ကြီး တဦးရဲ့ ဖြေကြားချက်ကို ကြားလိုက်ရသလို မီးလောင်မှု ဖြစ်တဲ့ တရုတ်ပိုင် စက်ရုံမှာလည်း ဗီဇာမဲ့ တရုတ်လူမျိုးတွေ စစ်ဆေးတွေ့ရှိတဲ့ သတင်းလည်း ကြားလိုက်ရမှာပါ..။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ လောက်ကလည်း တကောင်းတောင် နီကယ်စီမံကိန်းမှာလည်း မိုင်းမှားယွင်း ဖောက်ခွဲမိလို့ တရုတ်တဦးသေဆုံးပြီး မြန်မာ(၃)ဦး ဒဏ်ရာရခဲ့ပါတယ်..။

အထက်ပါ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းမှ ဝန်ထမ်းရိုက်ကူးထားတဲ့ ဓာတ်ပုံပါ စာအရ ရွှေလင်းပင်စေတီတော် ဆိုတာကိုတော့ သိခွင့်ရပြီး မည်သည့်အရပ် ဆိုတာကတော့ ဖော်ပြပါရှိခြင်း မရှိပါဘူး..။(သိတဲ့သူများ စေတီတော်ရဲ့ နေရာဋ္ဌာနကို ရေးသား ပေးစေလိုပါတယ်..) အဆိုပါ ဓာတ်ပုံဟာ တမင်ရည်ရွယ်ချက် ရှိရှိနဲ့ စော်ကားရိုက်ကူးထားတာ မဟုတ်ပေမယ့် ဒါဟာ မြန်မာလူမျိုးတွေရဲ့ ဘာသာတရားနဲ့ ယဉ်ကျေးမှုကို နှံနှံစပ်စပ် မသိမြင်တာကို ဖော်ပြနေပါတယ်..။ ကျွန်တော်တို့  အမြတ်တနိုး ကိုးကွယ်ရာ ဘုရားဆင်းတုတော် ပေါ်မှာ ဖိနပ်နဲ့ဓာတ်ပုံ ရိုက်ခံနေတာ အင်မတန် အကြည့်ရဆိုးပြီး ခံပျင်း ဒေါသထွက်စရာ လုပ်ရပ်ပေါ.့..။  ကျွန်တော် မြင်မိတာကတော့ ဒါဟာဘာကို ပြသနေလည်း ဆိုတော့  ပြည်တွင်းမှာ လာရောက် လုပ်ကိုင်နေတဲ့ သက်ဆိုင်ရာ တရုတ်ကုမ္ပဏီတွေဟာ မိမိဝန်ထမ်းတွေအပေါ် မြန်မာဓလေ့ထုံးစံ၊ ကိုးကွယ် ယုံကြည်မှု၊ ယဉ်ကျေးမှုတွေကို သင်ကြားပြသထားခြင်း မရှိဆိုတဲ့ အချက်ဟာ ကောင်းကောင်း ပေါ်လွင်နေပါတယ်..။ ဒီနေရာမှာ ကျွန်တော် အပြုသဘောနဲ့ အကြံပြုချင်တာကတော့ ဒီလို သက်ဆိုင်ရာ လုပ်ငန်းခွင်တွေမှာ သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနများနဲ့ ဒေသဆိုင်ရာ အာဏာပိုင်များမှ ပြည်ပမှ လာရောက် ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံတကာမှ ကုမ္ပဏီဝန်ထမ်းများအား ကိုယ့်လူမျိုးတွေ မျက်စိစကားမွှေးဆူးစရာ၊ စိတ်အနှောင့်အယှက် ဖြစ်စရာတွေနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန် လက်ကမ်းစားစောင်များ ထုတ်ဝေဖြန့်ချီ သတိပေးဖို့ အင်မတန်မှ လိုအပ်နေပါပြီ။
ကျွန်တော်တို့ နိုင်ငံမှာ ပြောင်းလဲလာတော့မယ့် နိုင်ငံရေး အခြေအနေတွေနဲ့ အတူ မကြာမှီသော ကာလမှာ ရင်းနှီးမြုပ်နှံမှုတွေ ယခုထက် ပိုပြီးဝင်ရောက် လာတော့မှာ ဖြစ်ပါတယ်..။ လေကောင်းလေသန့်ကို လိုချင်လို့ အိမ်တံခါးတွေ ဖွင့်ထားမယ် ဆိုရင်တော့ လေကောင်းလေသန့်နဲ့ အတူ ခြင်၊ ယင်တွေ ပါလာစမြဲပါ...။ ထို့အတွက် မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်ရလေအောင် ခြင်လုံဇကာနဲ့ တူတဲ့ နိုင်ငံခြားသားတွေ ဆောင်ရန် ရှောင်ရန် တားမြစ်ချက်တွေကို သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေနဲ့ အာဏာပိုင်တွေမှ ကျယ်ကျယ်ပြန့်ပြန့် တားမြစ် ထုတ်ပြန်ကြေငြာ ပေးစေလိုကြောင်း  ရေးသား တင်ပြလိုက်ရပါတယ်...။

ကျွန်တော်တို့ လူမျိုးရေးကို မကြည့်ပဲ ရုပ်ဝတ္ထုတွေ တိုးတက်နေပြီး လူ့အခွင့်အရေးတွေ လေးစားလိုက်နာခြင်း မရှိတဲ့ နိုင်ငံတခုရဲ့ မြန်မာပြည်တွင်း ရင်းနှီးမြုပ်နှံမှုမှာ ပါလာတဲ့ ခြင်၊ ယင်နဲ့တူတဲ့ အဖြစ်အပျက်တခုကို ရှုထောင့်တခုက  အပြုသဘောဆောင် ရေးသားလိုက်ပါတယ်..။
ဒီမိုဝေယံ

11 comments:

  1. ကိုဒီမိုဝေယံ ရေ ဒီပိုက်လိုင်းက မကြာခင်ဘဲ ပိုက်ဆက်ခြင်းလုပ်ငန်း ပြီးတော့မှာပါ မြစ်ဆုံကိစ္စ ရပ်ဆိုင်းပြီးကထဲက အမြန်ပြီးအောင်လုပ်လိုက်တာအခုဆို ပြီးလုနီးပါးဖြစ်နေပါပြီ။ ဒီပိုက်လိုင်းတာ တစ်စုံတစ်ခု ပေါက်ကွဲမှုဖြစ်ကြည့် ကျုပ်တို့ မြန်မာပြည်ခါးပိုင်းပြီးသားဘဲ ကားလမ်းကနေ ပြေးဖို့လည်း မကြံလေနဲ့ ထားဝယ်ကနေ နမ်ခမ်းထိ ကားလမ်းတွေအကုန်လုံးလည်း အပိုင်းပိုင်း အဖြတ်ဖြတ် ဖျက်စီးပြီးသားဘဲ

    ReplyDelete
  2. ယဉ်ကျေးမှု အဆင့်အတန်းမြင့်ပြီး လူ့အခွင့်အရေးလေးစားသော နိုင်ငံများနဲ့ မဆက်သွယ်ဘဲ လူမိုက်တရုတ်ကို လူဆိုးစစ်အာဏာရှင်တွေက အားကိုးတော့ ဒီလိုမနှစ်မြို့စရာတွေ ကြုံရတာပေါ့။ မြန်မာစစ်စအာဏာရှင်တွေကလဲ
    ငွေရလျှင်ပြီးရော လက်ခံနေတာကြောင့် ကုလားနဲ့ ဒေသခံတွေ ရန်ဖြစ်ကြ၊ တရုတ်တွေက ဗိုလ်ကျနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ ဟိုနိုင်ငံကြီးဖြစ်နေပါပြီ။

    ReplyDelete
  3. ဒါဟာ၊လူမျီူးနှင့်ဘာသာတရားကိုစော်ကားတာ
    ဒီလိုသာခဏ၊ခဏစော်ကားလာယင်ဗမာလူမျီုး
    တွေရဲ့၊တည်ရှိမှူ့ကိုစဉ်စားစရာပါပဲ

    ReplyDelete
  4. တယုတ်ဆိုတာ မြန်မာပြည်ကို ဘယ်တုန်းက
    ကောင်းကျိုးပေးခဲ့ဖူးလည်း။သမိုင်းကိုပြန်ကြည့်ပါ
    အာဏာရှင်တွေ နဲ့ပေါင်းပြီးပြည်သူဆီက ခိုးစား
    ကြတဲ့တယုတ်ပါ.မြန်မာပြည် အာဏာရှင်တွေ
    သက်ဆိုးရှည်ပြီးမြန်မာပြည်ဆင်းရဲ မွဲတေခဲ့တာ
    အဓိကတရားခံက တယုတ်ပါ..

    ReplyDelete
  5. AKon က ဘုရားရှေ့မှာ ကော့ကော်ကံကားလုပ်တာ တို့မြန်မာပြည်ထဲမှာ မဟုတ်ဘူး
    အခုက တို့ မြန်မာပြည်ထဲမှာလေ
    တော်တော်ဆိုးတယ်

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. ကိုယ့်တိုင်းပြည်ထဲလာပြီး ဘာသာသာသနာကို စော်ကားတဲ့အပြုအမူပါ
    ကိုးကွယ်ယုံကြည်မှု့ ဘာသာတရားဆုံးမမှု့မရှိတဲ့
    ဒီကောင်တွေနဲ့ ရှေ့ဆက်ပြီး ဆက်ဆံနေမယ်ဆိုရင်
    ရှေ့လျှောက်ဒီထက် ဆိုးဝါးတာတွေဖြစ်လာပါလိမ့်မယ်
    သာသနာရေးကလူတွေ လက်ပိုက်ကြည့်နေကြသလား
    ခင်ဗျားတို့အိမ်ကဘုရားစင်ပေါ် တက်ထိုင်မှ
    လုပ်ကြမှာလား

    ReplyDelete
  8. ဧရာဝတီအတွက် ကဗျာအသစ် တပုဒ်ပါ
    http://www.facebook.com/photo.php?fbid=10150820961308751&set=a.389136528750.166933.544533750&type=1&theater

    http://www.kslinn21.blogspot.com/2012/05/blog-post.html

    ReplyDelete
  9. ငါသူတို.စကားပြန်လုပ်ဖူးတယ် အိမ်နီးချင်းနိုင်ငံသာပြောတာ အရမ်းကွာတယ်ဟ ယဉ်းကျေးမျုမရှိဘူး သူတို.စီမံကိန်းက ၂ နှစ်ပါ ၂၀၁၁ ဧပြီမှစတာလေ ပြီးဖို.လိုသေးမယ်ထင်တယ် သူတို.ပိုက်လိုင်းကထားဝယ်ကနေမဟုတ်ဘူးထင်တယ် ရခိုင်ကျောက်ဖြူကနေစတာ မဟုတ်ဘူးလား
    မူဆယ်ထိလေ

    ReplyDelete
  10. ဆိုးပါတယ်ဗျာ..ကြာရင်တနိုင်ငံလုံးမှာပိုဆိုးလာဦးမယ်..

    ReplyDelete
  11. တစ်ခါမှကွန်မာန့်မရေးဖူးပါဘူး။ဒါပေမဲ့ကျနော်ကြားဖူးတာကတော့ခေါင်မိုးမလုံလို့မိုးယိုတာကိုအမိုးကိုပြင်ဖို့မစီစဉ်ဘဲမိုးရွာတာကိုအပြစ်တင်နေလို့မပြီးဘူးလို့ထင်တာဘဲ။နောက်ပြီးမြန်မာလူမျိုးမှန်ရင် ဘယ်နေရာ ဘာရာထူးကိုရယူထားတဲ့သူဖြစ်ဖြစ်တိုင်းပြည်နစ်နာမဲ့လုပ်ငန်းကိုလုပ်မှာမဟုတ်ဘူးလို့မြင်တယ်။နိုင်ငံရေးဆိုတာအရမ်းရှုပ်ထွေးပြီးနက်နဲပါတယ်။အားလုံးအားလုံးမျက်ကန်းမျိုးချစ်မဖြစ်မိဖို့လိုမယ်လို့ထင်ပါတယ်။ဘယ်လူမျိုးဘဲဖြစ်ဖြစ်ကောင်းခြင်းဆိုးခြင်းယုတ်ခြင်းမြတ်ခြင်းကိုယ်စီရှိကြပါတယ်။ကျနော်လူနည်းစုတိုင်းရင်းသားပါ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။