Pages

Thursday, May 17, 2012

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် နှမစားရစ်ကျေးရွာမှ လယ်သမားများ၏ အခက်အခဲများအား ဖြေရှင်းပေးပါရန်... (ပေးစာ၊ တိုင်ကြားစာ)

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် နှမစားရစ်ကျေးရွာ၏ မြောက်ဘက်တွင် အရှေ့မှအနောက်သို့ စီးဆင်းလျက်ရှိသော တူးမြောင်းကြီးသည် ၁၉၇၃ခု ဧပြီလတွင် ဆည်မြောင်း ၀န်ကြီးဌာနမှ တာဝန်ရှိလူကြီးများ လမ်းဗိုလ် ဦးကံ၊ ကာဘိုးဝန်ထောက် ဦးလှမောင်နှင့် အရေးပိုင် ဦးခင်မောင်တို့ ဦးစီးသောအဖွဲ့မှ မှန်ချိန်ခြင်း လုပ်ငန်းများကို စတင် အကောင်အထည်ဖော်၍ ၁၉၇၄ခုနှစ်မှာ တူးဖော်ခဲ့ပါသည်။ ရွှေဘိုမြို့ မဟာနန္ဒာကန်မှ ပထမ(၁၁)ပေါက်ပြွန်နှင့် ဒုတိယ(၁၁)ပေါက် ပြွန်ရေများ လွှတ်လိုက်လျှင် ယင်းတူးမြောင်းကြီး တစ်လျှောက်မှ နတ်မူး(ခ)မူးမြစ် အတွင်းသို့ စီးဆင်းသွားခဲ့သည်မှာ နှစ်ပေါင်း (၃၆)နှစ်ကျော် ကြာခဲ့သည့် အတွက် တူးမြောင်းကြီးကို ပြုပြင်ရန် တောင်သူများမှ ကြိုးစားခဲ့ပါသည်။ ထို့ကြောင့် ၂၀၀၉-၂၀၁၀ခုနှစ်၊ နှစ်ပေါင်း(၃၆)နှစ် အကြာမှ ပြုပြင်နိုင်ခဲ့ပါသည်။ ထိုသို့ပြုပြင်ရာတွင် ၂၀၀၉-၂၀၁၀ခုနှစ်အတွင်း နိုင်ငံတော်မှ ဘက်ဖိုး မြေကော်စက်များချပေးပြီး နှမစားရစ်ကျေးရွာနေ ပြည်သူများမှ ကုန်ကျစားရိတ်ငွေ ကောက်ခံပြုပြင်ခဲ့ပါသည်။

ထိုသို့ ပြည်သူ့ငွေများနှင့် တူးဖော်ထားသည့် တူးမြောင်း ဆည်ဘောင်ကို ပုဂ္ဂလိက ငါးမွေးမြူရေး လုပ်ငန်းရှင်များမှ ကန်ဘောင်များအဖြစ် ကျူးကျော် သိမ်းပိုက်ထားခြင်း၊ ယင်းဆည်ဘောင်ပေါ်တွင် စည်းရိုးများ ကာရံထားခြင်း တို့ကြောင့် တူးမြောင်းရေလမ်းများ ကျဉ်းမြောင်းခြင်း၊ တူးမြောင်းဘောင်ပေါ်တွင် စည်းရိုးများ ခတ်ထားခြင်းတို့ကြောင့် တောင်သူများ သွားရေးလာရေး အခက်အခဲများ ကြုံတွေ့ နေရပါသည်။ ထိုသို့သွားလာခွင့် မရှိသည့်အတွက် ၁.၉.၂၀၁၁ ခုနှစ် နေ့လည်(၁၁)နာရီ အချိန်က တောင်သူဦးကြီး ဦးမောင်ကြီး၊ အမိဒေါ်မြင့်ကြည်မှ မွေးဖွားသော ငါးယောက်မြောက်သား မောင်ခေါင်းကြီး(ခေါ်) မောင်နေမင်းထွန်းသည် ယင်းတူးမြောင်းကြီး အတွင်း၌ ရေနစ် သေဆုံးခဲ့ရပါသည်။ ထို့ကြောင့် ၎င်းဆည်မြောင်းပိုင် တောင်သူငွေများနှင့် တူးဖော်ထားသော တူးမြောင်းဘောင်အား ငါးမွေးမြူရေး ကန်ဘောင်များအဖြစ် ကျူးကျော် အသုံးပြုနေခြင်းကို ဆည်မြောင်းဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
 နှစ်စဉ် ရေဘေးကြုံတွေ့ နေရတဲ့ ရိုးသားတဲ့ တောနေ ပြည်သူများ..
၎င်းအပြင် ယင်းတူးမြောင်း ဆည်ဘောင်အား ငါးမွေးမြူရေး ကန်ဘောင်များနှင့် တဆက်တည်း တူးဖော်ထားခြင်းတို့ကြောင့် ရေစီးဆင်းရာ လမ်းကြောင်းများ ပိတ်ဆို့ကာ နှစ်စဉ် မဖြစ်ပေါ်သင့်သည့် ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုရေကြီးခြင်း၏ အကျိုးဆက်အဖြစ် လယ်မြေများ နစ်မြုပ်ကာ နှစ်စဉ် စပါးတင်းရေ ထောင်နှင့်ချီပြီး ဆုံးရှုံးခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ပထမရေကြီးချိန်တွင် နှမစားရစ် ကျေးရွာတစ်ရွာထဲမှပင် မျိုးစပါးတင်းပေါင်း (၉၀၀)ကျော် ထောင်ထားသည့် ပျိုးခင်းများ ရေနစ် ပျက်စီးခဲ့ပါသည်။ ထို့ကြောင့် တောင်သူများမှ ရေကျသွားသောအခါ မျိုးစပါးများကို အလျင်အမြန်ရှာ၍ စိုက်ပျိုးခဲ့ပါသော်လည်း ဒုတိယအကြိမ် ရေကြီးခြင်းကြောင့် ထပ်မံပျက်စီးခဲ့ရပါသည်။ ထိုသို့ ပျက်စီးခဲ့သည့် လယ်မြေဧကမှာ နှမစားရစ်ကျေးရွာတွင် ဧက (၂၀၀)ကျော်၊ သီးလုံးကျေးရွာတွင် ဧက (၇၀)ကျော်၊ ပန်းရံကျေးရွာတွင် ဧက (၂၀၀)ကျော်နှင့် လိပ်ချင်းကျေးရွာတွင် ဧက(၈၀)ခန့်ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ထို့အပြင် ယင်းတူးမြောင်းအနီးရှိ ငါးမွေးမြူရေးကန်များသည် စပါးစိုက်ပျိုးဖြစ်ထွန်းသော ကာဘိုးဆည် ရေသောက်လယ်များကို တူးဖော်ထားခြင်းဖြစ်ပါသည်။

ထို့ကြောင့် ယင်းလယ်များသည် ယနေ့အချိန်အခါတွင် နိုင်ငံတော်မှ သန်းပေါင်းမျာစွာ အကုန်အကျခံ တည်ဆောက်ထားသော သဖန်းဆိပ်ဆည် ရေသောက် လယ်များအဖြစ် တည်ရှိပါသည်။ ယနေ့ အချိန်အခါသည် လယ်ယာမြေ ဖော်ထုတ်ရေးကို အားသွန်ခွန်စိုက် ကြိုးစားနေချိန် ဖြစ်သော်လည်း ငါးမွေးမြူရေး လုပ်ငန်းရှင်များမှ နိုင်ငံတော် ဆည်မြောင်းဥပဒေကို ချိုးဖောက်၍ သဖန်းဆိပ် ဆည်ရေသောက် လယ်မြေများကို ငါးမွေးမြူရေး ကန်များအဖြစ် တူးဖော်နေခြင်းသည် နိုင်ငံတော်နှင့် လယ်ယာဆည်မြောင်း ၀န်ကြီးဌာနကို မထီမဲ့မြင်ပြုရာကျပါသည်။
(လူမျိုးခြား၊ ဘာသာခြားပိုင်) ငါးမွေးရေးလုပ်ငန်းရှင်များမှ လက်တလုံးခြား ငါးမွေးမြူရေးကန် အဖြစ် တူးဖော်နေပုံ..
 ၎င်းလယ်မြေများကို ပုဂ္ဂလိက ငါးမွေးမြူရေး လုပ်ငန်းရှင်များမှ ရေနက်တွင်းများအဖြစ် လိမ်လည်တင်ပြပြီး ကန်များ တူးဖော်လျက်ရှိရာ ၂၀၁၀-၂၀၁၁ခုနှစ်တွင် ကွင်းအမှတ် ၂၈/၇၅မှ သဖန်းဆိပ်ဆည် ရေသောက်လယ်မြေ ဧကပေါင်း (၃၂)ဧကကို စက်နံပါတ် ၁၄၅၄ ပါရှိသည့် ထယ်သွားနှင့် တွန်းခုံပါ အပြာရောင် ထွန်စက်ကြီး နှစ်စင်းနှင့် ၁၇-၂-၂၀၁၂ရက် နံနက်ပိုင်းတွင် တူးဖော်ခဲ့ပါသည်။ ထို့အပြင်ကွင်းအမှတ် ၂၈/၇၅မှ သဖန်းဆိပ်ဆည် ရေသောက်လယ်မြေဧကပေါင်း(၅၀)ခန့်ကိုလည်း လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်းက တူးဖော်ခဲ့ပါသည်။ ၂၀၁၂ခုနှစ်၌ပင် ၂၉/၀၂ကွင်းမှ သဖန်းဆိပ်ဆည် ရေသောက် လယ်မြေဧက (၁၅)ဧကကို စက်နံပါတ် (၁၄၅၄) ထယ်သွားနှင့် တွန်းခုံပါ အပြာရောင် ထွန်စက်နှစ်စင်းနှင့် တူးဖော်ခဲ့ပါသည်။ ထိုသို့ ဆက်လက် တူးဖော်နေမည်ဆိုလျှင် နှမစားရစ်ကျေးရွာ မြောက်ဘက်နှင့် အနောက်မြောက်ဘက်ရှိ လယ်မြေများသည် ဆယ်စုနှစ်အတွင်း ငါးမွေးမြူရေး ကန်များအဖြစ် မြင်တွေ့ရဖွယ်ရှိရာ နိုင်ငံတော်၏ လယ်ယာမြေများ ဆုံးရှုံးပြီး အလုပ်လက်မဲ့ဦးရေ တိုးပွားရန်သာ ရှိပါသည်။
 ရိုးသားတဲ့ တောနေ ပြည်သူတွေကတော့ နှစ်စဉ် ဒီလိုရေဘေး ဒုက္ခတွေ ခံစားနေရတာပါ..
ထို့ကြောင့် အထက်ဖော်ပြပါ အကြောင်းအရာများကို ပြည်သူ့အသံအား နားစွင့်လျက်ရှိသော နိုင်ငံတော် သမ္မတကြိးနှင့် သက်ဆိုင်ရာ လယ်ယာ ဆည်မြောင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် နှမစားရစ် ကျေးရွာနှင့် တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားထု အတွက် ဒီမိုကရေစီ နိုင်ငံတော်သစ်ရဲ့ စံပြလုပ်ငန်းအဖြစ် အရေးယူ ဆောင်ရွက်ပေးပါရန် ကျေးရွာလူထုကိုယ်စား လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

နှမစားရစ် ကျေးရွာသား

3 comments:

  1. တောင်သူလယ်သမားတွေဟာ မဆလခေတ်မှာ စစ်ဘိနပ်အောက်မှာ ပြားပြာဝပ်နေခဲ့ရသလို န၀တ နအဖခေတ်မှာတော့ နောက်ကျောပေါ်စစ်ဘိနပ်နဲ့နင်းယုံ မကတော့ဘူး လှံစွပ်နဲ့ပါ အထောက်ခံရသော ဘ၀ကို ကျရောက်ခဲ့ပါသည်။
    မဆလခေတ်မှာ ရသမျှ စပါး ပဲ နှမ်းကို ပါတီဝင်တွေက မတရားသိမ်းပိုက်ပါသည်။ နေပူမိုးရွာ မရှောင် နွားနဲ့ဖက်ပြီး ရုန်းကာ စိုက်ပျိုးထားသော သီးနှံများ ရိတ်သိမ်းပြီးသည်နှုင့် အစိုးရ အ၀ယ်ဒိုင်ကို မိမိလှည်းကို မိမိမောင်းပြီး ပို့ပေးရပါသည်။
    ဗိုလ်သန်းရွှေ စစ်အာဏာရှင် ဖက်ဆစ်စနစ်ဆိုးကြီးအောက်မှာတော့ မြေယာများကို စစ်တပ်ပိုင်၊ ရဲတပ်ဖွဲ့ပိုင်၊ အိမ်ယာ။ စက်မှုဇုန် စသောနာမည်အမျိုးမျိးတပ်ကာ
    အဓမ္မလက်နက်အားကိုး ဓမြဂိုဏ်းဆန်ဆန် တိုက်ခိုက် လုယူသိမ်းပိုက်ကြပါတော့သည်။
    လျော်ကြေးငွေ ရဘို့ဝေးစွ ပါးစပ်က မကျေနပ်ကြောင်းပြောမိလျှင်ပင် အစိုးရသတင်းပေး ကြံ့ခိုင်ရေး၊ စွမ်းအားရှင်တို့၏ တိုင်တန်းမှုကြောင့် ထောင်ကျခံရသော လယ်သမားများလည်း မနည်းလှပါ။
    လယ်သမားများထံမှ ဂုတ်သွေးစုတ်ပြီး တိုင်းပြည်ဘဏ္ဍာငွေများကို အသုံးချပြီး ဗိုလ်နေ၀င်းက မယားတစ်ယောက်ပြီး တစ်ယောက်ယူ၏။ ဥရောပနိုင်ငံများရှိ ဇိမ်ခံဟိုတယ်ကြီးများ၌ မိသားစုနဲ့ လနဲ့ချီကြာအောင် ပျော်ပွဲစား၏။
    ဗိုလ်သန်းရွှေနဲ့ လက်ပါးစေများကား နန်းတော်တမျှ ကြီးမားသော အိမ်ကြီးများဆောက်၏။သား သမီး မြေးများအတွက် နောက်ဆုံးပေါ်ကားများဝယ်ပေး၏။
    ပြည်ပသို့ ရှော့ပင်းထွက်ကြ၏။ ၀န်ကြီးမိသားစုတစ်စုလျှင် ကား ဆယ်စီးခန့်ရှိကြ၏။
    ကမ္ဘာအေးဗီလာကဲ့ ဥရောပမှာ ရဲတိုက်ကြီးများနဲ့ အပြိုင်ကြီးမားသောအိမ်ကြီးများ အပိုင်သိမ်းထားကြ၏။
    အဆောက်အဦးတွေများလွန်းသောကြောင့် သူတို့မနေနိုင်ကြပါ။ အစောင့်လောက်သာရှိပါသည်။
    ထို့ကြောင့် ချွေးတပ်ဆွဲရာ၌ နာမည်ကြီးလှသော ဗိုလ်ချုပ်ကြီး ရဲမြင့်အိမ်ကို မီးလောင်၏။
    လယ်သမား၊ အလုပ်သမားတို့၏ အဓိကရန်သူဖြစ်သော မဆလအမွေခံ တစညပါတီ၊ ဗိုလ်သန်ရွှေတည်ထောင်ခဲ့သော စစ်တပ်နောက်မြီးဆွဲ ကြံ့ဖွတ်ပါတီတို့ကို မဲပေးပါက လယ်သမား အလုပ်သမားတို့ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်ပါလိမ့်မည်။

    ReplyDelete
  2. လိမ်တဲ့သူတွေကလည်း လိမ်ခဲ့ကြတယ်

    ReplyDelete
  3. NLD နှင့် ဒီမိုဘက်တော်သား ပါတီများနှုင့် ကိုဖိုးဖြူကဲ့သို့သော တသီးပုဂ္ဂလ ဥပဒေဘက်တော်သားများ၏ လယ်သမားများဘက်မှ ရပ်တည်ဆောင်ရွက်ကူညီပေးနေကြတာကို လှိုက်လှဲစွာ ဂုဏ်ပြု ထောက်ခံ အားပေးကြပါ။
    တစ်နှစ်ပတ်လုံး ရွှံ့ဗွက်ထဲမှာ နွားနဲ့ရုန်းပြီး လုပ်ကိုင်နေရသော လယ်သမားများကို အနိုင်ထက်ကျင့် ကျွန်ပြုနေကြသော စစ်အာဏာရှင်ကြီးများနဲ့ လက်ပါးစေတို့၏ မတရားမှုများကို ဥပဒေကြောင်းအရ အရေးဆိုပေးကြပါ။
    ပြည်သူ့ဘက်တော်သား မီဒီယာများကလည်း မတရာမှုများကို မီးမောင်းထိုးပြခြင်းဖြင့် လယ်သမားဦးကြီးများကို ကာကွယ်ပေးကြပါ။
    သူကျွန်ဘ၀ ချစ်တီးကုလားထက် အဆများစွာ ဆိုးဝါးနေသော စစ်အာဏာပိုင် ချစ်တီးများကို တွန်းလှန်ကြပါ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။