Pages

Thursday, February 14, 2013

ဖေဖော်ဝါရီ ဆယ့်သုံး ဗိုလ်ချုပ်ရဲ့မွေးနေ့ကို အမှတ်တရ အောက်မေ့ဂုဏ်ပြု ဦးညွှတ်အလေးပြုလိုက်ပါသည်...။

ဖေဖော်ဝါရီ ဆယ့်သုံး ဗိုလ်ချုပ်ရဲ့မွေးနေ့ကို အမှတ်တရ အောက်မေ့ဂုဏ်ပြု
ဦးညွှတ် အလေးပြုလိုက်ပါသည်...။


ဖေဖော်ဝါရီ ဆယ့်သုံး ဗိုလ်ချုပ်ရဲ့မွေးနေ့ အမှတ်တရ
By Heinn FiveStrings
နတ်မောက်...
မင်းဘာမှ ထပ်မလုပ်နဲ့
ထိန်လင်းကို ငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက် တာဝန်ကျေပြီ...။

ခင်ကြည်...
ညည်းယောကျာင်္းကိုသေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေး တစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူသား
နိုင်ငံခေါင်းဆောင် ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့...။

ဗိုလ်ထွန်းလှ...
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင် မျက်နှာ မထားတတ်အောင်ရှက်နေရှာဦးမယ်..။

ဆရာတော်ဦးသောဘိတ....
ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချ ဆိုတာ
ကျွန်တော်တို့အတွက်ပါဘုရား...။

ဦးဘ၀င်း..
ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ
စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ...။

ရဲဘော်ကျော်စိန်....
ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာ ကပ်ထား
ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး....။

ဟေ့လူ...ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..
သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့်
သွားမတားပါနဲ့...
ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့ သူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ....။

ဗိုလ်မှူးကြီးဆူဇူကီး....
တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင် တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို
အဲ့သတ္တိအဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ ပြောရဲတာ တစ်ကောင်မှမရှိဘူး...။

အမွိုင်....
မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက် ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား....။

ဦးစော...
ခင်ဗျားကို မေ့ထားပါ့မယ်... ခွင့်လွှတ်လို့တော့ မရသေးဘူး။
ဒါပေမဲ့..မပူပါနဲ့...
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေအများကြီးရယ်...

မစ္စတာနေရူး...
ခင်ဗျားသူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ...။

ပဲခူးဆောင်...
ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်း မထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အ၀တ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ...။

ညိုညိုစိန်....
ညည်းတစ်သက်လုံး မင်းသမီးလုပ်လာတာ အနယ်နယ်အရပ်ရပ်
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား... တွေ့ဖူးရဲ့လား..
"ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့..
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား....။

ဆြာ စတက်ဖို့ကရစ်ပ်....
သူ ခင်ဗျားအကျီအိတ်ကြီးပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့သြပါနဲ့...
၃၂နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း....။

ဦးဋ္ဌေးမြိုင်(သို့)ဒဂုန်တာရာ...
..
(ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
စစ်ချီစစ်တက်သီချင်းတွေပဲ သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ....
နှလုံးသားမရှိတာမဟုတ်ပါဘူး...
နှလုံးသားရှိလွန်းလို့ပါ....။

ဂျူဗလီဟော....
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက် လှည့်မထားပါနဲ့...
ခင်ဗျားကို မြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့...။

ရဲဘော်ကလေးတွေ......
စိတ်မကောင်းမဖြစ်နဲ့..
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား...
"ငွေသော်တာရောင်ခြည်" ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ....။

ပြည်ထဲရေးဝန်ကြီးဦးမြ...
ခင်ဗျား...မှားတယ်...
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ....
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့...။

ကိုကျော့မောင်....။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေထဲမှာ
အဲ့လို အပိုဆားဒါးတွေမပါဘူး...။

မေမြို့....
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့...
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ
ကျည်ဆံ ၁၃တောင့်စိုက်သွားပြီ
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ......။

By Heinn FiveStrings
ပေးပို့သူ... (ကောင်းဆုလင်း)....
မူလ စာရေးသူက တစ်ပိုဒ်စီ ရေးတင်ထားတာ ဖြစ်ပါတယ် ... တစ်ပိုဒ် စီ share
လို့ ရနိုင်ပေမယ့် တစ်စုတစ်စည်းတည်း ဖတ်စေချင်လို့ (ဖတ်ချင်လို့)
copy & paste လုပ်ပြီး credit ပေးပါတယ်...။ ဒီမှာ နောက်ဆုံးပိုဒ်ကို
မူလစာရေးသူက နောက်ဆုံးမှာ မထားပေမဲ့ ကျနော် နောက်ဆုံးကို
ရွှေ့ထားဖြစ်ပါတယ်...။ ကျနော်လေးစားတဲ့ ဗိုလ်ချူပ် (ဦးအောင်ဆန်း) ရဲ့
မွေးနေ့မှာ သူ့ကို အောက်မေ့တဲ့ အထိမ်းအမှတ်နဲ့ တင်ဖြစ်စေတဲ့
မူလစာရေးသူကို ကျေးဇူးတင်ပါတယ်....။
By Heinn FiveStrings FACEBOOK မှ ကူးယူဖော်ပြပါသည်။

6 comments:

  1. ဖေဖော်ဝါရီဆယ့်သုံးဗိုလ်ချုပ်ရဲ့မွေးနေ့ကိုအမှတ်တရအောက်မေ့ဂုဏ်ပြုဥိးညွတ်အလေးပြုလိုက်ပါသည်။

    ReplyDelete
  2. ေေေေေေေေေေ

    ReplyDelete
  3. မောင်မှန်February 20, 2013 at 4:52 PM

    ဦးမင်းရောင်...

    မင်းကြီးရွှေလရောင် နာမည်နဲ့ဗြိတိသျှကိုရဲရဲတောက် တော် လှန်ပြီး ဖမ်းမိတဲ့အချိန်မှာတောင် ရာထူးပေးစည်းရုံးတာ လက်မခံပဲ "ကုလားက္ဈန်ဖြစ်ရတာထက်၊သေရတာကမြတ် တယ်"…ဆိုပြီး ခေါင်းဖြတ်အသတ်ခံရဲတဲ့ ခင်ဗျားရဲ့ ရဲရဲနီတဲ့ မြန်မာ့သွေး၊ ခင်ဗျားမြေးကို လက်ဆင့်ကမ်းအမွေပေးခဲ့လို့ ကျေးဇူးတင်တယ်ဗျာ။

    ဦးဖာနဲ့ဒေါ်စု...

    နတ်မောက်လို ဖုန်ထူထူအညာမြို့ငယ်လေးကနေ မြန်မာ သာမက ကမ္ဘာကပါလေးစားရတဲ့ မွေးချင်းကိုးယောက်ထဲ က အငယ်ဆုံးစနေသားလေးကို မွေးဖွားပေးခဲ့တဲ့အတွက် ကျုပ်တို့အားလုံး ကျေးဇူးတင်နေကြတယ်။

    မစ္စတာဇေဗီယား...

    ဇလွန်မှာအစိုးရအကြည်ညိုပျက်အောင် တရားဟောလို့ဆို ပြီး ရာဇသတ်ပုဒ်မ ၁၂၄(က)နဲ့ သခင်အောင်ဆန်းကိုငါး ကျပ်တန် ဖမ်းဝရမ်းထုတ်လို့ ခင်ဗျားကို ကျုပ်ကျေးဇူးတင် တယ်။ ဘာပြုလို့လည်းသိလား..? ခင်ဗျားထုတ်လိုက်တဲ့ ဖမ်းဝရမ်းကြောင့်သာ သခင်အောင်ဆန်း မြေလျှိုးပြီး ဂျပန် စစ်ပညာသင် ရဲဘော်သုံးကျိပ်ကိစ္စ မြန်မြန်အထမြောက် လာတာ။ ခင်ဗျားဝရမ်းက ကျုပ်တို့မြန်မာပြည် လွတ်လပ် ရေးရဘို့ ကြိုးပမ်းမှုသမိုင်းမှာ တွန်းအားတစ်ခု ဖြစ်လာစေ ခဲ့တယ်လို့ ကျုပ်ယူဆတယ်။

    မာရီလှတော(ခ)ဒေါ်ခင်ခင်ဦး...

    ရာဇဝတ်ဝန်ထောက် ဦးလှတောကတော် ဖြစ်နေတာ တောင် ဝရမ်းပြေးသခင်အောင်ဆန်းကို ပုလိပ်တွေမျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ကြားက ယောင်္ကျားဖြစ်သူ အ လုပ်ပြုတ်သွားနိုင်တာတောင် ဂရုမစိုက်ပဲ သခင်အောင်ဆန်းနဲ့ သခင်တင်မောင်ကို မန်းဘခိုင်ရဲ့ ငှက် ပျောခြံထဲမှာ ဝှက်ပေး၊ မန်းဘခိုင်ရဲ့ငှက်ပျောလှေကြီးနဲ့ ပု ဇွန်တောင် ဆိပ်ကမ်းရောက်သည်အထိ ခိုးထုတ်ပေးရဲ့တဲ့ ခင်ဗျားရဲ့သတ္တိကို ချီးကျူးတယ်။ ခင်ဗျားဟာ သခင်အောင် ဆန်းအတွက်သာ မကဘူး။ ကျုပ်တို့အားလုံးအတွက်မဏိ မေခလာ နတ်သမီးပဲ။

    ဗိုလ်ချုပ်ကြီးလော့ဒ်မောင့်ဘက်တန်...

    ခင်ဗျားကမ်းလှမ်းတဲ့ ဗိုလ်မှူးချုပ်ရာထူးကို လက်မခံတဲ့အ တွက် ကျုပ်တို့ဗိုလ်ချုပ်ကို စိတ်မဆိုးပါနဲ့။ မြန်မာပြည်လွတ် လပ်ရေးရဘို့အတွက် ဖဆပလဥက္ကဌအဖြစ် တာဝန်ယူရ မယ့် သမိုင်းပေးတာဝန်ကြီးက သူ့အတွက်ပိုအရေးကြီးလို့ ပါ။

    ဆရာကြီးဒဂုန်တာရာ...

    ခင်ဗျားက တာရာမဂ္ဂဇင်းရဲ့ လူကိုရှုမြင်သုံးသပ်ခြင်းကဏ္ဍ မှာ "အောင်ဆန်း(သို့မဟုတ်) အရိုင်း"…လို့ သုံးသပ်ထား ပေမယ့်၊ အဲဒီအရိုင်းက မညစ်ပတ်ဘူး။မယုတ်မာဘူး။နိုင်ငံ ရေးကို သူ့အတွက် လုပ်စားမသွားဘူး။ မြန်မာပြည်လွတ် လပ်ရေး ရဘို့ကလွဲရင် ကျန်တာဘာကိုမှ ခေါင်းထဲထည့် မထားဘဲ အဲဒီလိုကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ အရိုင်းမျိုး ကျုပ်တို့နိုင်ငံမှာ ထပ်ပေါ်မလာတာတော့ အံ့သြစရာပဲ။

    အိုင်စီအက်စ်ဦးကျင်...

    ၁၆.၇.၁၉၄၇ နေ့မှာ "ကုန်ဈေးနှုန်းကျဆင်းရေးက အဓိက ကျလား၊ ငြိမ်ဝပ်ပိပြားမှုကအဓိက ကျလား"…ဆွေးနွေးကြ တော့ ဗိုလ်ချုပ်ကကုန်ဈေးနှုန်းကျဆင်းရေးဘက်က၊ ခင် ဗျားတို့ အလုပ်အမှုဆောင်အားလုံးက ငြိမ်ဝပ်ပိပြားမှုဘက် က။ အားလုံးထဲမှာ ခင်ဗျားကအပြင်းထန်ဆုံး။ ဗိုလ်ချုပ်က တော့ခင်ဗျားအသုံးအနှုန်းတွေ ပြင်းထန်တာ မတားမြစ်၊မ ဟိန်းဟောက်တဲ့အပြင် "ဟဲဟဲ..ဟဲဟဲ"…နဲ့သဘောကျချီး မွမ်းလိုက်သေး။ ဒေါသမကြီးပါနဲ့ ငါ့ဆရာရယ်။နောက်ဆုံး တော့လည်း "အူမတောင့်မှ သီလစောင့်နိုင်မယ်"…ဆိုတဲ့ဒီ နတ်မောက်သားရဲ့ ဒဿနကို ခင်ဗျားတို့အားလုံး ကျေကျေ နပ်နပ် လက်ခံသွားတာပဲ မဟုတ်လား။

    ဦးစော...

    ခင်ဗျား သိတ်ရက်စက်တယ်ဗျာ။ မရမ်းကုန်း ရှစ်မိုင်အေ ဝမ်းခြံမှာ ခင်ဗျားနဲ့ဗိုလ်ချုပ် တွေ့ဆုံဆွေးနွေးကြတော့"ဗမာ ပြည်လွတ်လပ်ရေးအတွက် ဘယ်လိုလုပ်သင့်တယ်။အင်္ဂ လိပ်ကို ဘယ်လိုအရေးဆိုသင့်တယ်။ဖဆပလအဖွဲ့ချုပ်မှာ နေရာပေးမှ လုပ်မယ်ဆိုရင်တောင် က္ဈန်တော်တာဝန်ယူ နေတဲ့ ဥက္ကဌနေရာ ကိုပါဖယ်ပေးပါ့မယ်။ ဝင်ဆောင်ရွက်ပါ" လို့ ပြောခဲ့တဲ့ ဒီလူငယ်ကို ဘယ်လိုနှလုံးသားမျိုးနဲ့ ခင်ဗျား သတ်ရက်ရတာလည်း...? ခင်ဗျားနုတ်ယူသွားတာ မြန်မာ ပြည်ရဲ့ နှလုံးသားဗျ။ အခုတော့...ခင်ဗျားကြောင့် ကျုပ်တို့ မြန်မာပြည် နှလုံးသားမရှိပဲ ခရီးဆက်နေရပြီ။

    ReplyDelete
    Replies
    1. ခင်ဗျားကြောင့်ကျုပ်တို့မြန်မာပြည်..နှလုံးသားမရှိဘဲခရီဆက်နေရပြီတဲ့လား.? သိတ်ကောင်းတဲ့စ ကားလုံးဘဲဗျာ

      Delete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။