Pages

Tuesday, March 5, 2013

ဝန်ကြီးနဲ့သမ္မတ ဘယ်သူက အထက်ကလဲ…?

ပညာရှိများဟာ စည်ကဲ့သို့နေရမယ်လို့ ရှေးလူကြီးသူမများ ပြောကြားခဲ့ဖူးပါတယ်။ စည်ဆိုတဲ့အမျိုးဟာ တီးမှသာမြည်တဲ့အမျိုးမဟုတ်ပါလား။ အချို့အချို့သောလူများဟာ မတီးခင်က အလိုလိုထထမြည်နေတတ်ကြပါ တယ်။ တစ်ချို့ဆို အတောမသတ်နိုင်အောင်ဘဲ မြည်လို့ကိုမဆုံးတော့ပါဘူး။ ဒါကြောင့် “ အသံကြောင့် ဖားသေ” “စကား၊ စကား ပြောပါများ စကားထဲကဇာတိပြ” ဆိုတဲ့စကားပုံတွေပေါ်ပေါက်လာရတယ်လို့ ထင်ပါတယ်။ မြန်မာစကားပုံတွေ လေ့လာလိုက်စားမှုအားနည်းလို့များ သတိလက်လွတ်ဖြစ်နေလေရော့သလားလို့ စကားကြော ရှည်လွန်းသူ ဝန်ကြီးတစ်ပါးကိုမေးခွန်းထုတ်လိုပါတယ်။

           နိုင်ငံတော်သမ္မတဟာ ဥရောပ(၅)နိုင်ငံခရီးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကစတင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နော်ဝေနိုင်ငံ အော်စလိုမြို့မှာ သမ္မတနဲ့အဖွဲ့က နော်ဝေရောက် မြန်မာ မိသားစုဝင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ သမ္မတက ငါးမိနစ်လောက်သာစကားပြောခဲ့တာဖြစ်ပြီး ဒီပွဲမှာ တော်တော်များများကို ပြောသွားတာကတော့ ဦးစိုးသိန်းပဲဖြစ်ပါတယ်။ ဒီပွဲအတွက် အချိန်တစ်နာရီသာ သတ်မှတ်ကြောင်း ဖိတ်စာမှာ အတိအလင်းသတ်မှတ်ထားသော်လည်း သူတစ်ယောက်တည်း မိနစ် ၂၀ လောက် မရပ်မနား ပြောသွားတဲ့အတွက် တက်ရောက်လာကြသူတွေနဲ့ မီဒီယာသမားတွေက အချိန်မလေးစားသူ၊ ထင်ရာမြင်ရာ ပြောတတ်သူအဖြစ် မှတ်ချက်ပြုကြကြောင်းကြားသိရပါတယ်။ “တက်ရောက်လာတဲ့ပရိသတ်ကို မေးခွင့်ပေးပါအုံးလို့” အခမ်းအနားမှူး လုပ်တဲ့ DVBသတင်းဌာန ဒုညွှန်မှူး ကိုခင်မောင်ဝင်းက ပြောယူရတဲ့အဆင့်ထိဖြစ်ခဲ့ရသလို“ဝန်ကြီးက သိပ်ပွားတာပဲ” လို့ ထပြီးဝေဖန် တာတွေလဲခံခဲ့ရပါတယ်။

အထက်ပါတွေ့ဆုံမှုမှာ ဦးစိုးသိန်းက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး “အင်ဒိုနီးရှား ပါလီမန်ထဲက စစ်သား ၂၅% ထွက်ဖို့အတွက် ပါလီမန်သက်တမ်း နှစ်ခါစောင့်ခဲ့ရပေမယ့် မြန်မာနိုင်ငံမှာ အဲဒီလောက်အထိစောင့်စရာ မလိုလောက်ပါဘူး” လို့ ပြောကြားခဲ့တာတွေ့ရပါတယ်။ ဒီပြောကြားမှုကြောင့် မီဒီယာတွေနဲ့ ပြည်သူတွေကြား ၂၀၁၅ မှာ တပ်မတော်သားကိုယ်စားလှယ်တွေ မပါတော့ဘူးလားဆိုတဲ့ မေးခွန်းမျိုး တွေ၊ အတွေးမျိုးတွေနဲ့ ဂယက်ရိုက်စေခဲ့ပါတယ်။

ဦးစိုးသိန်းရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီး စဉ်းစားစရာတွေများစွာရှိပါတယ်-
-       ဦးစိုးသိန်းဟာ သမ္မတရုံးဝန်ကြီးဖြစ်တဲ့အတွက် သမ္မတရဲ့သဘောထားတွေကို နောကြေအောင်သိနေလို့ ဒီလိုပြောခဲ့တာလား။

-       တစ်ဖက်ကစဉ်းစားပြန်ရင်လဲ ဦးစိုးသိန်းက သမ္မတရဲ့ယုံကြည်မှုကို အသုံးချပြီးအဖေ့ထက်သားတစ်လကြီး ဆိုသလို သမ္မတရဲ့သဘောထားမဟုတ်ဘဲ ကိုယ့်သဘောထားကိုယ်ပြောခဲ့တာလား။

-       ၀န်ကြီးတစ်ယောက်အနေနဲ့ လက်လွတ်စပယ်ပြောတာကို သမ္မတကထိန်းချုပ်နိုင်ဖို့ မတတ်နိုင်တဲ့ သဘောလား။ ၀န်ကြီးအပေါ် သမ္မတရဲ့အာဏာသက်ရောက်မှုများမရှိလေရော့သလား။ အားနာစရာ၊ မပြောရဲစရာ၊ ထောက်ထားစရာတွေများ ရှိနေပါသလား(ဦးစိုးသိန်းက MIC ဥက္ကဋ္ဌကြီးမဟုတ်ပါလား)။

-       ဦးစိုးသိန်းက သမ္မတကိုတောင် ဘေးဖယ်ထားပြီး ကိုယ်တိုင်ပဲသမ္မတရဲ့ဘိုးအေပုံစံမျိုး ဂိုက်ဖမ်းနေတာ ဆိုတော့ ၀န်ကြီးကသမ္မတအပေါ် ဘယ်လိုလွှမ်းမိုးမှုတွေများရှိနေပါသလဲ။ သမ္မတက ကျွန်တော်ပြီးရင် ပြီးတယ်။ ကျွန်တော်ဖြူဆိုဖြူ၊ ကျွန်တော်မဲဆိုမဲ၊ ကျွန်တော်ပြောတဲ့အတိုင်းဖြစ်တယ်ဆိုတာကို ဖော်ထုတ်ပြ(Show)ချင်တာလား။

 အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေ တွေ့ဆုံမေးမြန်းမှုတွေလုပ်တဲ့နေရာမှာ သတင်းမီဒီယာ တွေရဲ့ မေးမြန်းမှုတွေအပေါ် အကျိုးအကြောင်းဆီလျော်မှု၊ အထောက်အထားခိုင်လုံမှု၊ တည်ကြည်ပြတ်သားမှုတွေနဲ့ မှန်မှန်ကန်ကန်ဖြေကြားဖို့က အလွန်ပဲအရေးကြီးပါတယ်။ စကားတစ်ခွန်း အစွန်းသုံးဖက်ဆိုတာကို ဒီအသက်အရွယ် ရောက်နေမှဖြင့် စဉ်းစားတတ်ပြီလို့ ယူဆထားခဲ့တာ လုံးဝလွဲသွားခဲ့ပါတယ်။ အဓိကရှောင်ရှားရမှာက“ ငါ့စကားနွားရ” မဖြစ်စေဖို့ပါ။ သိပ်ပွား၊ သိပ်ဖားတဲ့ ၀န်ကြီးတစ်ပါးရဲ့ ဦးနှောက်ထဲကအကြံဉာဏ်တွေ၊ ၀န်ကြီးနဲ့သမ္မတတို့ ဘယ်သူက အထက်ကလဲဆိုတာတွေကိုဖြင့် နိုင်ငံတကာမီဒီယာများနဲ့ နိုင်ငံရေးသုတေသီများ ယနေ့မှစအထူးဂရုပြုလေ့လာ စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျား…။
           
ရေးသားပေးပို့သူအား ကျေးဇူးတင်ပါသည်..။

4 comments:

  1. ဦးစိုးသိန်းပြောသလိုဖြစ်မှာကြောက်ပြီး..အဆိုးမြင်နေတာပါ..ကောင်းတာလုပ်နေသူကိုကောင်းသလိုမြင်ပါ.. မင်းတို့သာဖားတတ်တာ.. ကိုယ်လဲဘာမှမလုပ်နိုင်တဲ့အပြင်.. သူများလုပ်နေတာအပြစ်မမြင်နဲ့.. သမတကတောင်ဘာမှမပြောဘဲနဲ့.. သူက..ဘာမဆိုင်ညာမဆိုင် ဦးစိုးသိန်းကိုစော်ကားနေသေးတယ်...

    ReplyDelete
  2. အပေါ်ကလူ နာမည်လေး လုပ်ပါအုံး

    ReplyDelete
  3. he is very talkative. very useless minister. he has no brain. he is very proud of himself.no standard. no qualify to be a minister.

    ReplyDelete
  4. ဒိလို ဝန်ကြိးလဲ ရှိမှ တိုင်းပြည် ကတိုးတက်မှာ မလုပ်မရှုပ်တွေတက်တော် ပါတယ်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။